မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၆၂)

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၆၂)
ဒီဇင်ဘာ ၁၁၊ ၂၀၁၄

• နာမည်လွဲတဲ့ သီချင်း
သောတရှင်များ ကျန်းမာတော်မူကြပါစေရှင် …

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသားကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ မာအေးတော့ သီချင်းနာမည်တူတွေရှိတဲ့အကြောင်းကို ပြောပြချင်တယ်။ တဆက်ထဲမှာ မူလနာမည်တွေကို မသိကြလို့၊ အမှတ်တမဲ့- တခြားနာမည်ကောက်ပြင်ခဲ့လို့ ဘယ်သီချင်းမှန်းမသိတော့တာတွေလဲ ရှင်းပြသွားဘို့ စိတ်ကူးပါတယ်ရှင်။  ၁၉၅၀-၅၁ လောက်ကစပြီး ဂီတလောကကြီးထဲ ကျောက်ချင်စွဲသလိုနေလာတာကြောင့်မို့  ရှေ့မီနောက်မီဆိုတဲ့ သူတွေထဲမှာ ပါလာခဲ့တယ်ဆိုပါတော့ရှင်။ ခုအချိန်မှာ ကိုယ့်ရှေ့က ဂီတကြယ်တွေ တဖြုတ်ကုန်ကြပြီလေ။ ဒါကြောင့် သိတ်မကျန်တော့တဲ့ကာလထဲမှာ နှောင်းလူတို့ အငြင်းမပွားရ အောင်ရှင်းထားပေးဘို့ စိတ်ကူးရတာပါဘဲ။ ကိုယ်သိမီတာလောက်ပေါ့နော်။

ခုလတ်တလောမှာရှင်းပြချင်တာကတော့ ‘ငယ်ကျွမ်းဆွေ’ သီချင်းများကိစ္စပါ။ မာအေးတို့ အောက်ပြည်အောက်ရွာမှာ နာမည်ကြီးနေဆဲဖြစ်တဲ့ ‘ငယ်ကျွမ်းဆွေ’ အဲဒီသီချင်းက ‘ပန်းပိတောက်ရွှေဝါ အဖူးအပွင့်တွေနဲ့ အထူးတင့်ပါဘိ တန်ခူးချိန်ခါဝယ်’ လို့  အစမှာဆိုရတဲ့ တန်ခူးလနောက် ခံ ချစ်သူအပြန်ကို စောင့်နေတဲ့မိန်းခလေးကဆိုတာမျိုး အဓိပ္ပါယ်ဆောင်တဲ့သီချင်းပါ။ ဒီသီချင်းကို နာမည်ကျော်ဂီတစာဆို ‘ရန်နိုင်ဆွေ’ က ရေးသားပြီး၊ အဆိုတော်ကြီး ရွှေမြိုင်ကြည်ကသီဆိုအသံလွှင့်ခဲ့ရာက စပါတယ်။ ဒီသီချင်းကိုမှီးပြီး  ပြဇာတ်ဒါရိုက်တာကြီး ဒဂုံဆရာတင်က ‘ငယ်ကျွမ်းဆွေ’ ပြဇာတ်ကို စီစဉ်တင်ဆက်တယ်လို့ ကြားဖူးခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်က မေတ္တာဇာတ်လမ်းလေးတပုဒ်ဟာ- မှန်၏ မမှန်၏ ဝေဖန်မှုမရှိပါသော်လည်း လှပတဲ့ဇာတ်အိမ်အဖွဲ့ကောင်းမှုကြောင့် ဒီငယ်ကျွမ်းဆွေပြဇာတ်၊ ဘယ်နှစ်ခါကက- လူတိုင်းသဘောကျနှစ်ခြိုက် ခဲ့တာ ကိုယ်တွေ့လို့ ပြောချင်တာပါဘဲ။

မာအေးမကြည့်မီလိုက်တဲ့ ဝင်းဝင်းရုံခေတ်က ပြဇာတ်ကိုတော့ မသိပါဘူး၊ မာအေးကရန်ကုန်အင်ဗွိုင်းဟော (လ) မှာ ရုပ်ရှင်မင်းသားဝင်းဦးက အထူးရုပ်ရှင်မင်းသမီး ခင်သန်းနုက – အသက်၊ အတူးနဲ့ရတဲ့ မမမြင့်က- ရုပ်ရှင်မင်းသမီးကြီး မြင့်မြင့်ခင်၊ အသက်နဲ့ရတဲ့သူက ဖိုးပါကြီး၊ အတူးနဲ့ အသက်ရဲ့ သူငယ်ချင်းအဖြစ် ဟာသလူရွှင်တော် ဂျော်လီဆွေနဲ့ ဂီတကောင်စီဝင်တွေ ဝိုင်းဝန်းကပြကြတဲ့ ‘ငယ်ကျွမ်းဆွေ’ ပြဇာတ်ကမှစပြီး မှီပါတယ်။ ညီမတော်ခင်သန်းနုက ကိုယ်တိုင်ပြဇာတ်သီချင်းတွေကို စင်ပေါ်မှာမဆို နိုင်လို့၊ သူ့ကိုယ်စားတီးဝိုင်းထဲကနေ ကြည့်ဆိုပေးရတာကြောင့်ပါ။ ၁၉၆၈-၆၉ အတွင်းမှာလဲ မော်လမြိုင်မြို့မှာ သွားရောက်တင်ဆက်ခဲ့ကြဖူးပါတယ်၊ အမြဲတမ်းပရိဿတ် ရုံလျှံတဲ့ ပြဇာတ်ဖြစ်ပါတယ်။ နောင်တော့ ‘ငယ်ကျွမ်းဆွေ’ ဟာ ရုပ်ရှင်ကားပေးရောက်သွားပါတယ်။ ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူကိုယ်စားကိုလဲ မာအေးဘဲဆိုပေးနေကျဖြစ်တော့ ‘ငယ်ကျွမ်းဆွေ’ ရုပ်ရှင်မှာလည်း သူ့ကိုယ်စား ဆိုပေးရတာပါဘဲ။ ထွန်းထွန်းဝင်းအတွက် မောင်သိန်းဝင်းက ဆိုပေးခဲ့ပါတယ်။ သီချင်းအားလုံးကို ဘိုကလေးတင့်အောင်နဲ့ ဂီတလုင်မောင်ကိုကိုတို့ က ရေးဖွဲ့ပါတယ်။ ရုပ်ရှင်ကားနဲ့ ဘယ်လောက်များအံဝင်ခွင်ကျဖြစ်သလဲဆိုတာ ကြည့်ဖူးသူတိုင်း ခံစားနားလည်ကြပါတယ်။ ဒါကြောင့်လည်း လူတိုင်းစွဲမက် ဆက်ဆိုလုပ်နေကြတာပေါ့ရှင်။ သီချင်းနာမည်တွေတတ်လိုက်ရင် မှားသလားမမေးနဲ့၊ ဟိုး..အဆိုများတဲ့ သီချင်းလေး ‘ငယ်သူငယ်ချင်းရေ – ခုတော့ငယ်ကျွမ်းဆွေ’ ဖြစ် လိုက်နဲ့မို့၊ အမျိုးသားဇာတ်ရုံမှာ မာအေးအဆိုပွဲလုပ်တုန်းက အတူဆိုဖက်ဖြစ်တဲ့ မောင်သိန်းဝင်းနဲ့ ပြောပြဆိုပြခဲ့ကြပြီးပါပြီ၊ သီချင်းနာမည် ရင်းက “ပြန်လည်၍ တွေ့ကြရာဝယ်” ပါတဲ့၊ နားဆင်ကြည့်ကြပါနော်။

(စကားနှင့် သီချင်းရှေ့ပိုဒ်)
အေး။        ။ ငယ်သူငယ်ချင်းရေ- ခုတော့ငယ်ကျွမ်းဆွေ
ဝင်း။        ။ ငယ်သူငယ်ချင်းရေ- ခုတော့ငယ်ကျွမ်းဆွေ

အေး။        ။ ခုလိုပြန်လည်ဆုံတွေ့ရတာဝမ်းသာမဆုံးနိုင်ပေ၊
ဝင်း။        ။ ခုလိုဆုံတွေ့ရတာဝမ်းသာမဆုံးနိုင်ပေ
ပြိုင်။        ။ မီးပုံးလှလှလေးတွေ ရောင်စုံထွန်းကျွန်းနုမြေ၊ အလှအပတွေစုံကာနေ တို့ဘဝကို ပမာတူပေ..

အေး။        ။ ဒီတံတားလေးပေါ်မှာ ဆော့ပြေးကစားခဲ့တာတွေ
ဝင်း။        ။ မှတ်မိပါတယ် အသက်ရေ
အေး။        ။ မှတ်မိပါတယ် အတူးရေ
ပြိုင်။        ။ (ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းးဆွေ)၂
ဝင်း။        ။ ဒီလိုညများ တစ်ရာမကတွေ့ပါရစေ
အေး။        ။ ဒီလိုရက်ပေါင်း ထောင်သောင်းမကတွေ့ပါရစေ
ဝင်း။        ။ သိန်းသန်းကုဋေ ညစဉ်ရက်ဆက်- ဆက်လို့တွေ့ပါရစေ
အေး။        ။ သင်္ချေသင်္ချာညများ ချစ်စကားဆိုပါရစေ
ပြိုင်။        ။ (ငယ်ကချစ်တဲ့ ငယ်ချစ်ဆွေ တို့ငယ်ကျွမ်းဆွေ)၂….

သောတရှင်တို့ အခုကြားခဲ့ရတာကတော့ “ငယ်ကျွမ်းဆွေ” လို့ မှားမှားသိနေတဲ့ “ပြန်လည်၍ တွေ့ကြရာဝယ်” သီချင်းဖြစ်ပါတယ်ရှင်။ ဂီတစာဆို ရန်နိုင်ဆွေ ရေးသားပြီး အဆိုတော် ရွှေမြိုင်ကြည်အသံလွှင့်ခဲ့တဲ့ တကယ့် ‘ငယ်ကျွမ်းဆွေ’ အစစ်ကိုလည်း နောင်မမှားရအောင် နားထောင်ထားလိုက်ပါဦးရှင့်။

‘ငယ်ကျွမ်းဆွေ’
ဂီတစာဆို ရန်နိုင်ဆွေ + ရွှေမြိုင်ကြည်

ပန်းပိတောက်ရွှေဝါ၊ အဖူးအပွင့်တွေနဲ့ အထူးတင့်ပါဘိ တန်ခူးချိန်ခါဝယ်၊ ရာသီမိဿရယ် စိတြကြယ် ထွန်းလင်းတော့တယ်၊ စန်းငွေလရောင် လျှမ်းဝေပတယ်၊ ပင့်ကံ့ကော် ဝင်းဖန့်သင်းပျံ့လို့ ကြိုင်လှိုင်နေကြတယ်။

လေရူးငယ်ဆော်သွေး အော်ဆွေးဖွယ်ဖန်တယ်၊ ဖော်ဝေးခဲ့ပြန်တယ်၊ ခုချိန်ရောက်ရင် နောင်အစဉ်တုန်း ပြုံးရွှင်ကာရယ်၊ တာသင်္ကြန်ရေပွဲနွှဲ ခဲ့ကြ မောင်မယ်၊ အချိန်တွေကုန်ငြောင်း၊ အောင်းမေ့လို့ မျှော်နေသူမယ်၊

လတန်ခူးကြူးခဲ့ပါပေါ့ကွယ်၊ ကဆုန်ဆန်း မြန်းခဲ့ပါတော့တယ်၊ မောင်မရောက်လာတယ်၊ ဘယ်ဆီလမ်း မှန်းလို့မျှော်ရမယ်၊ ရော်ကာရမ်း လွမ်းစမပြေတော့တယ် ငယ်ကျွမ်းဆွေရယ် ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၆၂)
  1. ငယ်ကျွမ်းဆွေကိုဝင်းဝင်းရုံမှာကတော့အသက်ကတင်တင်မူပါ။ကျွန်တော်တို့ ကအဒေါ်တွေပွဲအပြန်ဝယ်လာတဲ့စာအုပ်ကို ပဲကြည့်ခွင့်ရခဲ့တာပါ။အဒေါ်တွေဆိုတာနဲ့ ငယ်ကျွမ်းဆွေသီချင်းကိုရနေတာပါ။အခုထိလဲအကြိုက်ဆုံးပါ။သင်္ကြန်နီးရင်ညီးမိ နေတဲ့သီချင်းလေးပေါ့ဗျာ။

Comments are closed.