လူ့ယဉ်ကျေးတွေ ထင်တိုင်းကျဲတဲ့ရာသီထဲမှာ
တချိန်က တောက်ပခဲ့တဲ့ပုံရိပ်တွေ လုံးပါးပါးခဲ့ရ
ဆူးခြုံထဲ ငြိသလို ငါတို့တွေ ငြိခဲ့ကြီ။
ဟိုလိုလို ဒီလိုလိုနဲ့
၂၀၁၄ ဟာ
မှိုင်းဝလို့ လွှတ်တင်ထားတဲ့ မီးပုံးပျံကြီးတလုံးဖြစ်တယ်။
ကြယ်တွေကြွေတာတောင်
မာန်မာနတွေ ခ၀ါမကျတဲ့အခါ
ဒဏ်ရာတွေက သွေးထွက်သံယိုမှုတွေ များမယ်။
ဆောင်းရေ
ဓားသွားပေါ်က ပျားရည်စက်လို
မချိုချင်စမ်းနဲ့ကွယ့်။
တကယ်တော့
၂၀၁၄ ဆိုတာ
ဓာတ်ပြားဟောင်းကြီး နာနာဖွင့်လို့
ယောကျာ်းအရင့်အမာကြီးတွေ ဇာတ်ခေါင်းကွဲတဲ့
ဖရိုဖရဲ ကပွဲတခုလည်းဖြစ်တယ်။
အချစ်စစ်စစ်က
စိုက်ကြည့်လို့ မမြင်နိုင်လောက်အောင်ကို မှုံဝါးလွန်းတဲ့ခရီးမှာ
အုံနဲ့ ကျင်းနဲ့ ဆင်နွှဲခဲ့တဲ့ မြို့ထဲက သန်းခေါင်ယံတိုက်ပွဲ
အခုတော့…
မဟာသန္တိသုခကျောင်းတော်ကြီးမှာ လူတွေကျဲလို့
လယ်တီသိမ်လိုပဲ စခမ်းသိမ်းတော့မယ်နဲ့ တူပါရဲ့။
ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်..
ခွေးမီးတောက် ကျည်ထောက်စွပ်..
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ …
ကျွဲပါးစောင်းတီး…
ငါတို့တွေ ညီးတွားခဲ့ရ
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပြီး
သေနတ်သံတွေက ပိုပိုကျယ်လာတယ်။
မငိုနဲ့တော့ မသန္တာ
ကြယ်တွေအစင်းစင်းကြွေတဲ့ လမိုက်ညထဲ
အမှောင်တွေကို ထွန်းညှိဖို့
နင့်ယောက်ျားဟာ ကိုယ့်အသက်ကို ဆီလိုဖြည့်လို့ လင်းစေခဲ့ပြီပဲ။
သွားနှင့်တော့ ပါကြီးရေ
တကယ့်တော့ ၂၀၁၄ ဆိုတာ
ယုံကြည်ချက်အတွက် အသက်ထွက်ခဲ့တဲ့ ပြက္ခဒိန်တခုလည်းဖြစ်တယ်။
ကျနော်တို့ ဖောင်စီးရင်း ရေငတ်နေကြပြီလား။
၂၀၁၄ ရေ…
မင်းဟာ တကယ်တော့
ချစ်တယ် ချစ်တယ် လို့ ကုန်းအော်ရင်း
တို့ညီအစ်ကိုချင်းတွေ အမုန်းပွါးစေခဲ့တဲ့
ဖရိုဖရဲ သက္ကရာဇ်တခုလည်းဖြစ်ရဲ့။
တွေ့လား
ဟော.. ဟိုမှာ
အတ္တအခိုးတွေ တလူလူထွက်နေတဲ့ ခေါင်းတိုင်ကြီးတခု
ပြဒါးမရှိတဲ့ မှန်ချပ်တွေ
မပြီးဆုံးသေးတဲ့ ဆွဲလက်စ၀ှက်ဖဲတွေကြား
လယ်သမားတွေ လယ်နဲ့ဝေးသွားတယ်။
ယုံကြည်ရာခြေလှမ်းတိုင်းမှာ သံခြေကျင်းတွေခတ်လို့
ပုံနှိပ် မီဒီယာ အလုပ်သမား လယ်သမား ကျောင်းသား မှုံဝါးဝါးရှုမျှော်ခင်းတွေထဲ
၂၀၁၄ ဟာ
ဆန္ဒပြပွဲတွေကို ဖောဖော်သီသီရောဖျော်ထားတဲ့
ကော်ဖီခါးခါးတခွက်လည်းဖြစ်တယ်။