သူတို့အာဘော်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – သမာရိုးကျအတွေးအခေါ်ကို စွန့်လွှတ်လိုက်ပါ

 

အရှင်စန္ဒိမာ (မွန်စိန်တောရ) – သမာရိုးကျအတွေးအခေါ်ကို စွန့်လွှတ်လိုက်ပါ

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က  အယ်လ်ကိုင်းဒါးအကြမ်းဖက်သမားတွေဟာ  ခရီးသည်တင်လေယာဉ် ၄ စီးကို အပိုင်စီးပြန်ပေးဆွဲကာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအမွှာညီနောင်အဆောက်အအုံကြီးနဲ့ ဝါရှင်တန်ဒီစီမြို့တော်က ပင်တဂွန်စစ်ဌါနချုပ်ကို လေယာဉ်တွေနဲ့ အသေခံဝင်တိုက်ခဲ့တာကြောင့် လူပေါင်း ၃၀၀၀ နီးပါး အသက်ဆုံးခဲ့ရပါတယ်။ ထို့နောက် အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ကြပြီး စစ်ကြောတဲ့အခါမှာ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ဟာ နှိပ်စက်ညှင်းပန်းတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပါတယ်။ 

 

ထိုအကြမ်းဖက်မှုဖြစ်ပွားအပြီး ၁၃ နှစ်အကြာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က အမေရိကန်ဆီးနိတ်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အစီရင်ခံစာထုတ်ပြန်ကာ CIA ရဲ့ နှိပ်စက်ညှင်းပန်းတဲ့ စစ်ကြောရေးနည်းစနစ်ကို လူသိရှင်ကြား ကြေငြာလိုက်ပါတယ်။  

ထိုအစီရင်ခံစာဟာ အကြမ်းဖက်သမားတွေရဲ့ ဒေါသကို နှိုးဆွသလို ဖြစ်သွားစေနိုင်ပြီး အကြမ်းဖက်လက်တုံ့ပြန်လာနိုင်တဲ့ အန္တရာယ်ကို တွက်ဆကာ အစီရင်ခံစာကို ထုတ်ပြန်လိုက်တဲ့ တချိန်တည်းမှာ နိုင်ငံတကာမှာရှိကြတဲ့ အမေရိကန်သံရုံးတွေနဲ့ အမေရိကန်စစ်ဖက်ဆိုင်ရာ အချက်အချာနေရာတွေမှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ကြပါတယ်။

သမ္မတအိုဘားမားက နှိပ်စက်ညှင်းပန်းတဲ့ နည်းလမ်းဟာ အမေရိကန်ရဲ့ စံတန်ဘိုးနဲ့ မကိုက်ညီရုံမျှမက နိုင်ငံတကာမှာရှိကြတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွါးကို ထိခိုက်စေပြီး အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေး အားထုတ်မှုတွေကိုလည်း အထောက်အကူ မဖြစ်စေဘူးလို့ ဆိုပါတယ်။ အစီရင်ခံစာဟာ အတိတ်ကအမှားကို အတိတ်မှာ ထားခဲ့ဖို့ ကူညီရာရောက်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ 

အစီရင်ခံစာထုတ်ပြန်မှုကို ဆန့်ကျင်ကြတဲ့ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ CIA ထိပ်တန်းအရာရှိဟောင်းတွေကတော့ ထိုစစ်ကြောရေးနည်းလမ်းကို အသုံးပြုခဲ့တာကြောင့် အကြမ်းဖက်သမားများစွာကို ဖမ်းဆီးနိုင်ခဲ့ပြီး အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေကို ဟန့်တားနိုင်ခဲ့ကာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်ဆိုပြီး အဆိုပါ ညှင်းပန်းနှိပ်စက်တဲ့ စစ်ကြောရေးနည်းစနစ်ဘက်မှ ကာကွယ်ပြောဆိုကြပါတယ်။ 

ဒီနေရာမှာ မြန်မာအစိုးရသာ ဆိုရင်တော့ အစီရင်ခံစာထုတ်ပြန်ဖို့ နေနေသာသာ ဘူးခံငြင်းမှာ အသေအချာပါ။ ၈၈ နောက်ပိုင်း စစ်ကြောရေးစခန်းတွေမှာ အသတ်ဆုံးခဲ့ကြရ၊ စစ်ကြောရေးမှ ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ နောက်ပိုင်းအသတ်ဆုံးခဲ့ကြရတဲ့ နိုင်ငံရေးသမားကျောင်းသားရဟန်းရှင်တွေ များစွာရှိခဲ့ပေမယ့် စစ်အစိုးရက ဘယ်တုန်းကမှ ဝန်မခံခဲ့ပါဘူး။ အရပ်ဝတ်ပြောင်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လူမသိသူမသိတွေရော လူအများသိသွားခဲ့တဲ့ ညှင်းပန်းနှိပ်စက်မှုတွေရော ရှိနေဆဲပါ။ စစ်တပ်က ကိုပါကြီးကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့တာကတော့ ကမ္ဘာသိဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်နဲ့ အစိုးရက ဒါကို အမှန်အတိုင်း ဝန်မခံခဲ့ပါဘူး။ အစိုးရက ဖွဲ့ပေးထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကလည်း စစ်တပ်နဲ့ အစိုးရကိုယ်စား ဗြောင်ငြင်းဆိုလိမ်ညာပေးခဲ့ပါတယ်။ ”ကိုပါကြီးကို အထူးတလည်စစ်ကြောတယ်ဆိုတာမျိုးကို အရိပ်အရောင်တောင် မတွေ့ခဲ့ရပါဘူး”လို့ RFA ရဲ့ ဆက်သွယ်မေးမြန်းချက်တခုမှာ လူ့အခွင့်အရေးကော်မရှင်ဒုဥက္ကဌ ဦးစစ်မြိုင်က ဖြေဆိုသွားခဲ့ပါတယ်။ ဦးစစ်မြိုင်ရဲ့ပြောဆိုချက်ဟာ ကိုပါကြီးအလောင်းမှာ အညိုအမဲဒဏ်ရာဒဏ်ချက်တွေကို တွေ့မြင်ခဲ့ရသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ကွဲလွဲနေပါတယ်။ 

ယခု ထုတ်ပြန်လိုက်တဲ့ အမေရိကန်ဆီးနိတ်လွှတ်တော် ထောက်လှမ်းရေးကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေအကြားမှာရော အမေရိကန်နိုင်ငံရေးသမားများအကြားမှာပါ အမြင်မတူမှုတွေ ရှိနေပေမယ့် သူတို့ရဲ့ ဦးတည်စဉ်းစားလုပ်ဆောင်ချက်တွေဟာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွါးအတွက်ဆိုတဲ့ ရည်ရွယ်ချက်စိတ်ဓါတ်ကတော့ ကွဲပြားမှု မရှိပါဘူး။ အထူးသဖြင့် ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက်ပါတီကြီှးနှစ်ခုအကြား နိုင်ငံရေးအရ အမြင်မတူမှုတွေ ငြင်းခုံမှုတွေဟာ ပုဂ္ဂိုလ်တဦးဦး အဖွဲ့အစည်းတခုခုရဲ့ ကိုယ်ကျိုးစီးပွါးကို ကာကွယ်မှုအပေါ်မှာ အခြေခံထားတာမဟုတ်ဘဲ တိုင်းပြည်အကျိုးစီးပွါးဆိုတဲ့ ဦးတည်ချက်လမ်းကြောင်းပေါ်မှာ အမြင်မတူမှုနဲ့ ငြင်းခုံနေကြခြင်းသာ ဖြစ်ပါတယ်။ 

ထိုအခြေအနေမျိုးဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာတော့ ဒဏ္ဍာရီပုံပြင်လို ဖြစ်နေတာပါ။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော် အစဉ်အဆက် အာဏာကို ချုပ်ကိုင်လာခဲ့တဲ့ ထိပ်တန်းစစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွါးကာကွယ်မှုကို အမျိုးသားနိုင်ငံရေး တိုင်းပြည်တည်ငြိမ်ရေးဆိုတဲ့ သကာဖုံးထားတဲ့ ဟန်ဆောင်စကားလုံးတွေနဲ့ ဝါဒဖြန့်မှုတွေအောက်မှာ လူထုဘဝတခုလုံး ပြားပြားဝပ် နစ်မွန်းခဲ့ရတဲ့ အခြေအနေဆိုးမှ မလွတ်မြောက်နိုင်သေးပါဘူး။ 

လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတစိတ်တပိုင်းအနေနဲ့ ပွင့်လင်းစွာ ထုတ်ဖေါ်ပြောဆိုရေးသားခွင့် ရလာနေတဲ့ အခြေအနေကောင်းတချို့ ရှိလာသော်လည်း ပြည်သူအများစုရဲ့ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေက ဆိုးဝါးလျှက်ပါ။ လုပ်ပိုင်ခွင့်ရှိကြတဲ့ အုပ်ချုပ်သူအဆင့်ဆင့်ရဲ့ အနိုင်ကျင့်မှုတွေ မတရားမှုတွေကို အခံရဆုံးက တောင်သူလယ်သမား အလုပ်သမား အောက်ခြေလူတန်းစားပြည်သူတွေပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ စစ်တပ်က စေတနာမှန်မယ်ဆိုရင်တော့ ဒီအခြေအနဆိုးကို မြန်မြန်ဆန်ဆန် ကျော်လွှားလွန်မြောက်နိုင်ပါလိမ့်မယ်။ 

ဒါပေမယ့် ပြည်သူတွေ မျှော်လင့်နေကြတဲ့ အစိုးရနဲ့ စစ်တပ်ရဲ့ စေတနာမှန်မှုဆိုတာ စိတ်ကူးယဉ်အိပ်မက်ပမာသာ ဖြစ်နေတာပါ။ အဲဒီအစား စစ်တပ်ခေါင်းဆောင်တွေရဲ့ ဘယ်သူ့ကိုမှ ပမာမခန့်တဲ့ ပြောဆိုမှုတွေ သိသာမြင်သာတဲ့ တင်းမာတဲ့ သဘောထားတွေကိုသာ တွေ့မြင်နေရပါတယ်။ တချိန်တည်းမှာ စစ်တပ်ကျောထောက်နောက်ခံပါတီက လွှမ်းမိုးထားတဲ့ အစိုးရနဲ့ လွှတ်တော်တွေမှာ ရိုးရှင်းဖြောင့်တန်းစစ်မှန်တဲ့ ခြေလှမ်းတွေကို မတွေ့မြင်ရသေးပါ။ အခြေအနေကို ရှုပ်ထွေးဝေဝါးအောင် တမင်လုပ်နေတာလားလို့တောင် အများက သံသယဝင်လာကြပါတယ်။ ဆိုလိုတာက လက်တလောနိုင်ငံရေးအခင်းအကျင်းမှာ လက်ရှိစစ်တပ်အကြီးအကဲတွေနဲ့ အစိုးရနဲ့ လွှတ်တော်မှ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လက်ဝါးချင်းရိုက်ထားကြသလားဆိုတဲ့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ 

ဒီမိုကရေစီသန္ဓေတည်စ မြန်မာနိုင်ငံကို အမေရိကန်လို ဒီမိုကရေစီဘိုးအေကြီးနဲ့ နှိုင်းယှဉ်၍ မရမှန်းလည်း သိပါတယ်။ အမေရိကန်လို နိုင်ငံကြီးနိုင်ငံတနိုင်ငံကို အရာရာကောင်းပါတယ်လို့ မျက်စိစုံမှိတ် အထင်ကြီးနေတာလည်း မဟုတ်ပါ။ ဒါပေမယ့် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတနိုင်ငံမှ ယူစရာတွေ တပုံတပင်ရှိနေတာကို ယူတတ်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တာ အမှန်ပါ။ 

ဗုဒ္ဓ္ဓ္ဒ္ဒဘာသာယဉ်ကျေးမှုနဲ့ အနည်းနဲ့အများ ယဉ်ပါးပြီးသား မြန်မာ့မြေ မြန်မာ့ရေမှာ ဘိုးဘွားအစဉ်အဆက် ရှင်သန်ကြီးပြင်းလာခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးဟာ ယဉ်ကျေးသိမ်မွေ့မှုနဲ့ စဉ်းစားတွေးခေါ်မှု ဉာဏ်ပညာပိုင်းမှာ ပင်ကိုယ်အားဖြင့် နိမ့်ပါးကြသူတွေ မဟုတ်ကြပါဘူး။ စနစ်ဆိုးရဲ့ ဒဏ်ချက်တွေကြောင့်သာ အစစအရာရာ ချွတ်ခြုံကျသွားခဲ့ရပေမယ့် ပြန်လည်ရုန်းထဖို့ စိတ်ဓါတ်နဲ့ အားမာန်တွေက ကျန်းမာသန်စွမ်းလျှက်ပါ။  

လက်ရှိစစ်တပ်ခေါင်းဆောင်တွေ အစိုးရနဲ့ လွှတ်တော်မှ စစ်တပ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံကို ပုံတူကူးချဖို့ ဆိုလိုနေတာမဟုတ်ဘဲ အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သူတို့နိင်ငံနဲ့ သူတို့လူမျိုးအပေါ်ထားတဲ့ စိတ်ဓါတ်ကို နမူနာယူ စဉ်းစားကြဖို့ သင့်ကြောင်းကိုသာ တင်ပြလိုရင်း ဖြစ်ပါတယ်။ လက်နက်အားကိုးချင်တဲ့ သမာရိုးကျအတွေးအခေါ်ကို စွန့်လွှတ်ရတော့မယ့် အချိန်ပါ။ စိတ်ရှည်ရမယ်၊ အချိန်ယူရမယ်၊ ယခုရေတွင်းတူး ယခုရေကြည်သောက်လို့ မရဘူး၊ အခက်အခဲတွေ ရှိတယ်၊ စိန်ခေါ်မှုတွေရှိတယ် စတဲ့ ယေဘုယျဆန်တဲ့ သမားရိုးကျ ဆင်ခြေဆင်လက်တွေကို စွန့်လွှတ်ရတော့မယ့်အချိန် ရောက်နေပါပြီ။     

 

အရှင်စန္ဒိမာ (မွန်စိန်တောရ)     


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts