ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး

ဗမာ့ဂီတလောက နောက်ခံ မှ တမလွန်ခရီးသည်ကြီး ရဲ့ မပိုင်ဆိုင်ခဲ့ရသော အိပ်မက်များ

(ဟယ်ရီလင်း ကွယ်လွန်ခြင်း (၁) နှစ် ပြည့် အမှတ်တရ)
ငြိမ်းချမ်းအေး
ဖေဖေါ်ဝါရီ ၀၄၊ ၂၀၁၄
ဟယ်ရီလင်း (၁၉၆၂-၂၀၁၃)
Photo: Artist Soe Thaw Dar

ကိုဃ နှစ်လည် က ရောက်လာခဲ့ပြီ..။  တနှစ် ဆိုတဲ့ အချိန်ကာလ ဘာ မှ မကြာလိုက်သလိုပဲ။  “ကျွန်ုပ်၏ဆံပင်သည် ကျွန်ုပ်၏ အမှတ်သင်္ကတ အလံတော် ဖြစ်သည်” ဆိုတဲ့ ဆောင်းပါးကလေး ရေးခဲ့တာ မနေ့ တနေ့ကလိုပဲ။

 

မနှစ် နှစ်ဦးပိုင်းမှာ ငယ်စဉ်ဘဝ ကိုယ့်ရဲ့ ဂီတရသ ချင်ခြင်းတွေကို ဖြည့်စွက်ပေးခဲ့သူ ကိုဃ ဆုံးတယ်။  ဒီနှစ် နှစ်စ ပိုင်းမှာ ဘယ်လိုမှ ထင်မှတ်မထားဘဲ ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) တယောက် ကို ဆုံးရှုံးခဲ့ရပြန်တယ်။  ၂၀၁၂ နှစ်ကုန်းပိုင်းတုန်းက ခင်မောင်တိုး..။  သူ့ မတိုင်ခင် က ကိုဂျယ်ရီ (Shells)..။

 

ကိုယ့်ရဲ့ ရင်ဘတ် နှလုံးသား အာဟာရ ခံစစ်စည်း အတွက် ခံတပ်ကြီးတွေ တခုပြီး တခု ပြိုလဲခဲ့တာကို ထိုင်ကြည့်နေရတယ်။  ကိုယ့်ဘက်က အဆုံးအရှုံးတွေက ကြီးလှတယ်။

 

သင်္ခါရ တရားပါပဲ၊ ဘယ်သူမှ၊ ဘယ်အရာမှ မမြဲပါဘူး ဆိုတာက ထုံးစံမို့၊ ပြောရိုးပြောစဉ် မို့ ပြောနိုင်ပေမယ့် တကယ်တော့ ဒီ ပုဂ္ဂိုလ်တွေ မမြဲဘဲ ထွက်သွားခြင်း က စောလွန်းလှတယ်။  တရားနဲ့လည်း မဖြေနိုင်ဘူး..။  သူတို့တွေမှာ လုပ်စရာ အလုပ်တွေ၊ အိပ်မက်တွေ အများကြီး ရှိခဲ့တယ်။

 

ကိုဃ တနှစ်ပြည့် အတွက် ဘာရေးမလဲ စဉ်းစားတော့ ကဗျာဆရာ သော်ဒီဝေ (တေးရေးဆရာ/ဒီဇိုင်းဆရာ ဝေချစ်ကို) လှည်းတန်း ဆက်စပ် အက်ဆေး စုစည်းမှု စာအုပ်မှာ ရေးခဲ့တဲ့ Deep Purple အဖွဲ့ရဲ့ Smoke On The Water လောက် မကြီးကျယ် မခမ်းနားလှပေမယ့် ဗမာပြည် အတွက် အရေးပါတဲ့ ဗမာ ရော့ခ် ဒိုင်ယာရီ တပုဒ် အကြောင်းကို ပြန်တူးဆွမလား..။  ဒိုင်ယာရီပါ သော်ဒီဝေ က ဟယ်ရီလင်း အတွက် အခွေ ထုတ် ပေးမယ် ဆိုပြီး ရန်ကုန် လှည်းတန်း မှာ အခြေစိုက်ခဲ့တဲ့ နေ့ရက်တွေ..ကို ပြန် လွမ်းမလား..။  သူတို့ တတွေ အုပ်စု မှာ အောင်မြင်နေဆဲ လေးဖြူ၊ ကွယ်လွန် သွားတာကြာခဲ့ပြီ ဖြစ်တဲ့ ပီလွန်..၊  အလွမ်းအမောတွေ၊ လူ့ ဘဝ ရဲ့ အချိုးအကွေ့တွေ၊ အပြောင်းအလဲတွေ၊ အလှည့်အပြောင်းတွေ အကြောင်း..၊ သံဝေဂ ယူစရာတွေ အကြောင်း..။

 

 

ဟယ်ရီလင်း ၏ မထွက်ဖြစ်ခဲ့သည့် တကိုယ်တော် ပထမ တေးစု (၁၉၈၆)

Photo: Mandalay ICON Magazine

 

သမိုင်းတွေ ပြန်တူးဖေါ်ရတာ လွမ်းစရာ ကောင်းတယ်။  အနာဂတ် ကို မျှော်ကြည့်ရတာ က ကြေကွဲစရာ ဖြစ်စေတယ်။  ကိုဃ ရဲ့ သမိုင်း ထဲက မပိုင်ဆိုင်လိုက်ခဲ့ရတဲ့ အိပ်မက်တွေ အကြောင်းကို ယူပြီး အနာဂတ် ကို စိတ်ကူးယဉ်ကြည့်ရတာက ကြေကွဲဖို့ အကောင်းဆုံး ဖြစ်မယ်ထင်တယ်။

ကိုဃ အကြောင်း ကို ပြောရင် မထုတ်ဖြစ်တဲ့ အခွေ တွေ အကြောင်း ကလည်း အဓိက ဖြစ်မယ်။  ဒီလို အပြင်မှာ တကယ် မထုတ်ဖြစ်ခဲ့တဲ့ အခွေ တွေ အများကြီး ရှိသလို ကျနော့် စိတ်ကူးထဲမှာ ကိုဃ အတွက် စိတ်ကူး စီစဉ်ထားတဲ့ မထုတ်လိုက်ရတဲ့ အခွေ တွေ အများကြီး ရှိတယ်။

 

အချိန်၊ နေရာ၊ အကြောင်းအရာ၊ ငွေကြေး အားလုံး တိုက်ဆိုင်လာတဲ့ တနေ့ နေ့ ပေါ့ ဆိုတဲ့ စိတ်ကူးတွေ..။

 

အခုတော့ တမလွန်ခရီးသည်ကြီး ဖြစ်သွားပြီ ဖြစ်တဲ့ ကိုဃ မသိလိုက်တဲ့ သူ့ အတွက် မက်တဲ့ ကျနော့် ရဲ့ အိပ်မက်တွေပေါ့..။  သူလည်း မက်ခဲ့တဲ့ အိပ်မက်တွေလည်း ဖြစ်မှာပါ..။

 

၁၉၉၀ ခုနှစ် အလယ်များမှာ ဗမာပြည်ရဲ့ နိုင်ငံခြားသံစဉ်မှီး နာမည်ကျော် ရော့ခ်ဘုရင် အများအပြား ကိုယ်ပိုင်သံစဉ် ဖန်တီးမှုတွေဘက် လှည့်လာခဲ့ကြတယ်။  ကိုယ်ပိုင်သံစဉ် တကိုယ်တော်တွေ၊ အုပ်စုခွေ တွေ အများကြီး ထွက်လာခဲ့ကြတယ်။  ဥပမာ ဆို ကိုဃ လည်း ပါခဲ့တဲ့ ထစ်ချုန်းမိုး တေးစု (၁၉၉၅)..။

 

အဲ့ဒီလို နှစ်ပိုင်းမှာ ကိုဃ ဆို သီချင်းတပုဒ်ကို နားထောင်ခဲ့ရတယ်။  ဆဋ္ဌကမ္ဘာ  (၁၉၉၆) တေးစု ပါ “စက်တင်ဘာနှင်း”..။  တေးစု ကာဗာ တေးရေး စာရင်း မှာ ကိုရဲလွင် (မဇ္စ္ဈိမလှိုင်း) ပါလို့ အတွဲထူးတော့ ဘယ်သူ ဆိုတဲ့ ဘယ်သီချင်းလဲ ဆိုပြီး စ စိတ်ဝင်စားမိခဲ့တယ်။  နောက် သီချင်းစာအုပ်မှာ ကိုဃ ဆိုတဲ့ “စက်တင်ဘာနှင်း” သီချင်းမှန်း သိခဲ့ရတယ်။  နောက် အချိန်တော်တော်ကြာတော့မှ “စက်တင်ဘာနှင်း” က ကိုရဲလွင် တေးဖွဲ့တဲ့ ကိုအောင်ဝင်း (ဝေးခဲ့ပြီပန်းခရမ်းပြာ) ရဲ့ ကဗျာ စာသား တွေ ဖြစ်မှန်း သိခဲ့တယ်။

 

သီချင်းကို နားထောင်ဖူး စ မှာပဲ ကိုဃ နဲ့ ကိုရဲလွင် တို့ အုပ်စု ပေါင်းပြီး လူငယ်များ အတွက် ခပ်ပြင်းပြင်း သီချင်းတွေ ဖန်တီးခွင့်ရရင် ဗမာပြည် ကိုယ်ပိုင်သံစဉ် ရော့ခ်ဂီတ အတွက် သိပ် အကျိုးရှိမှာပဲ၊ သီချင်းတွေလည်း အောင်မြင်၊ လူကြိုက်များမှာပဲလို့ တွေးမိခဲ့တယ်။

 

အဲ့ဒီ အချိန် နောက်ပိုင်းကတည်းက အထူးသဖြင့် ကိုဃ အခွေ တွေ ထွက်တာကြဲလာတဲ့အချိန်မှာ သူ့ အတွက် ကိုယ်ပိုင်သံစဉ် တခွေ လောက် ထုတ်ပေးချင်တဲ့ ဆန္ဒ စိတ်မှာ အမြဲ ဖြစ်ပေါ်ခဲ့ရတယ်။  ကိုဃ မထွက်ဖြစ်ခဲ့တဲ့ ပထမဆုံး တကိုယ်တော် နိုင်ငံခြားသံစဉ်မှီး အခွေ (သော်ဒီဝေ ငွေကြေးစိုက်ထုတ်ခဲ့တဲ့ အခွေ) ကိုလည်း ပြန်ထုတ်ပေးမယ့်သူ တချိန်ချိန်တော့ ပေါ်လာမှာပဲ လို့ အမြဲ မျှော်လင့်မိခဲ့တယ်။  ဆန္ဒ နဲ့ မျှော်လင့်ချက် နှစ်ခု စလုံး လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။

 

စက်တင်ဘာမှာနှင်း၊ သံစဉ် – ကိုရဲလွင် (မဇ္စျိမလှိုင်း)၊ စာသား – ကိုအောင်ဝင်း၊ တေးဆို – ဟယ်ရီလင်း (၁၉၉၆)

Guitars – စိုင်းဝင်းဦး၊ ဝေဖုန်း | Drums – မင်းနောင် | Bass – ညီလတ် | Keyboards – လ၀မ်

ကိုရဲလွင် တို့လို ဂီတ ဖန်တီးနိုင်စွမ်းသူ Musicians ဂီတ သံစဉ် မှော်ဆရာ တွေ နဲ့ သုခမိန်လှိုင်၊ မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ သော်ဒီဝေ၊ ကေအေတီ အစရှိသလို စကားလုံး ဝိဇ္ဖာ ကဗျာဆရာ တွေ ကို များများ အချိန်ပေး၊ များများတွေ့ပေး၊ ထိုက်တန်တဲ့ ပံ့ပိုးမှုတွေ ပေး ရင်း သီချင်း ပူးပေါင်း ဖန်တီးဖို့ စီစဉ် ပေးနိုင်ရင် ဗမာပြည် အတွက် ကိုယ်ပိုင်သံစဉ် သီချင်းကောင်းတွေ အများကြီး ရနိုင်တယ်။

 

ကိုရဲလွင် + မောင်သစ်မင်း၊ ကိုရဲလွင် + ကေမြိုး၊ ကိုရဲလွင် + ကိုအောင်ဝင်း၊ နိုင်မင်း + မောင်စိန်ဝင်း (ပုတီးကုန်း) အစရှိသလို ဂီတသမား နဲ့ ကဗျာသမား ပေါင်းစပ်မှု အနုပညာ ပစ္စည်း သီချင်းတွေ ကျနော်တို့ စားသုံးခဲ့ဖူးတယ်။  ဒါပေမယ့် ကျယ်ပြန့်တဲ့ ဈေးကွက် အတိုင်းအတာ သဘော အထိတော့ မဟုတ်ခဲ့၊ မဖြစ်ခဲ့ဘူး။

 

လွယ်လွယ်ကူကူ နဲ့ သီချင်းတွေ လှိမ့်ထုတ်နိုင်မှ မိသားစု ဝမ်းဝ၊ ခါးလှ မယ့် တိုင်းပြည် အနေအထား မှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို အချိန်ပေး စီစဉ် ဖန်တီးဖို့ ထုတ်လုပ်သူ က လည်း မစီစဉ်ရဲဘူး၊ အဆိုတော် က လည်း စိတ်ကူး နဲ့သာ တတ်နိုင်ဖြစ်ရတယ်။

 

လူအများစု ရေပန်းစား ဈေးကွက်မှာတော့ ဆူလွယ်နပ်လွယ်တွေပဲ ကြီးစိုးနေ၊ ကြီးစိုးခဲ့ ရတယ်။  ငါးပွက်ရာ ကိုပဲ ငါးစာ ချ ခဲ့၊ ချနေကြတယ်။  ဖောက်ပြန်လှတဲ့ နိုင်ငံစနစ်နောက်ခံပြု ပါးလျ ချို့တဲ့ လူမှု-စီးပွား အခြေအနေက ဗမာ့ ဂီတရပ်ဝန်းကို အကြီးအကျယ် သက်ရောက် ထိခိုက်စေတယ်။

 

အနောက်နိုင်ငံကြီးတွေ အသာ ထားဦး၊ ဒေသတွင်း နိုင်ငံတွေ ရဲ့ ဂီတ ဈေးကွက် အနေအထား က ကို တိုင်းပြည် ရဲ့ လူမှု-စီးပွား-နိုင်ငံရေး နောက်ခံ အနေအထား ချင်း ကွာတော့ ဗမာ့ ဂီတရပ်ဝန်း နဲ့ ယှဉ်ရင် သူတို့ အင်မတန် တိုးတက် ကြီးပွားလှတယ်။  ဒါကြောင့် ဒေသတွင်းက ဂီတသမားတွေ၊ ဂီတဝိုင်းတွေ ကိုယ်ပိုင်ဖန်တီးမှုအပြည့် နဲ့ နိုင်ငံတကာ ကို အထိုက်အလျောက် ထိုးဖောက်နေနိုင်တယ်။

 

ဗမာ့ဂီတသမားများတွက်တော့ ဒါမျိုးက စိတ်ကူးယဉ်သက်သက် သာ ဖြစ်ခဲ့ရ၊ ဖြစ်နေရတယ်။  တိုင်းပြည်ရဲ့ အခြေခံ နိုင်ငံရေး စနစ် ပုံစံမပြောင်းလဲသေးတော့ ဗမာ့ဂီတ အနာဂတ်မှာလည်း ထူးမခြားနား သဘော လာ လတ္တံ့ ပါပဲ။

 

ဒီလိုနဲ့ ဂီတ နဲ့ ပေါ်ပင် စီးပွားမရှာတတ်တဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော ကိုဃ တယောက်လည်း ဂီတဝမ်းစာတွေ ထပ်မရှာနိုင်၊ အနုပညာဝမ်းစာတွေ ထပ်မဖြည့်နိုင်၊ ဂီတ အလုပ်တွေ ဇောင်းပေးဖို့ အခွင့်ရေး မရ ဖြစ်ခဲ့ရတယ်။  နောက်ပိုင်းမှာ မိသားစု ဝမ်းစာ အလို့ငှာ အငှားယာဉ် တောင် မောင်းခဲ့ရတယ် ဆိုတယ်။  တခြား ဈေးကွက် မအောင်မြင်တဲ့ ကိုယ်ပိုင်သံစဉ် ရော့ခ်သမား တချို့လည်း ကြော်ငြာသီချင်းရေးစားခဲ့ရတယ်။ ဂီတလောက မှာ ပျောက်ကွယ်ခဲ့ရတယ်။

 

အဲ့ဒီလို အချိန်တွေ၊ အဲ့ဒီလို ခေတ်တွေ၊ အဲ့ဒီလို အနေအထားတွေ ဗမာ့ဂီတရပ်ဝန်း ဖြတ်သန်းနေချိန်မှာ ထိုင်းက ရော့ခ် ဘုရင်တွေ ဖြစ်တဲ့ Carabao အဖွဲ့က သူတို့ နိုင်ငံရဲ့ နိုင်ငံရေး စနစ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ သီချင်းတွေ ဟစ်နိုင်၊ သူတို့ လူ့အဝန်းအဝိုင်း အတွက် လူမှု တရားမျှတမှု ရရှိစေဖို့ ရော့ခ် ဂီတ နဲ့ ပုံဖော်နိုင်ရုံမက ဒေသတွင်း အရေး၊ နိုင်ငံတကာ အရေး၊ လူသားအားလုံး အကျိုး အတွက် လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေး၊ တရားမျှတမှု ပြယုဂ် ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြု အင်္ဂလိပ်လို သီချင်းတွေ စပ်နိုင်၊ ဆိုနိုင် ကမ္ဘာ ကို ထုတ်ပြနိုင်ခဲ့တယ်။  Carabao က ထိုင်း နိုင်ငံရဲ့ U2 အဖြစ် နိုင်ငံတကာ က အသိအမှတ်ပြုရတယ်။

 

ကျနော် တို့ ဗမာပြည် ရဲ့ U2 တွေ ဘယ်မှာပါလဲ…။

 

ဂီတ နဲ့ တိုင်းပြည် အကျိုး မျှော် ခေတ်ဝန်ကို ထမ်း လို့ ခေတ်လမ်းကို လျှောက်ခဲ့ကြရာမှာ ဗမာ့ ဂီတ သမားတွေ လည်း ဗမာပြည် အတိုင်းအတာအတွက်တော့ ကြီးစွာသော အကျိုးပြုခဲ့ပါတယ်။  ရှမ်းဂီတစာဆို စိုင်းခမ်းလိတ် ရဲ့ လူငယ်ခြေကျ က စ၊ ကိုနေဝင်း ရဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ အလယ်၊ ကိုရဲလွင် ရဲ့ ပန်းရဲ့လမ်း အဆုံးပါပဲ။  မွန်းအောင် ရဲ့ သွေးမုန်တိုင်း (မင်းကိုနိုင် ကဗျာ ကို အခြေခံပြီး ရဲနည် တေးဖွဲ့) ဆိုရင် U2 အပါအဝင် ကမ္ဘာ့ ဂီတပညာရှင်များ နဲ့ အတူ သီချင်းအယ်လ်ဘမ် တချပ်တည်း ထုတ်ခွင့်ရခဲ့ပါတယ်။

 

ဒါပေမယ့် နိုင်ငံတကာ ဈေးကွက် ကို ဗမာ့ ဂီတ ထိုးဖောက် အင်္ဂလိပ် လိုဆို သီချင်းတွေ ဖြန့်ဖို့ ကိစ္စကတော့ ခေတ်အဆက်ဆက် မှာ ရှေ့တန်း မတင်နိုင်ခဲ့သလို မျက်မှောက်တိုင်လည်း စ လုံးရေ စ အဆင့် မှာပဲ ဝမ်းနည်းဖွယ် ရှိနေပါသေးတယ်။

 

ဒါတွေထက် ပို ဝမ်းနည်းဖို့ ကောင်းတာက ဗမာပြည် ရဲ့ U2 တွေ ဖြစ်ရမယ့် ရော့ခ်သမား တချို့က လူမှုတရားမျှတမှု ကို မအော်နိုင်၊ နိုင်ငံရေး စနစ်အကြောင်း မတို့ မထိနိုင် ရုံမက စနစ်အဖွဲ့အစည်းရဲ့ လမ်းကြောင်းမှု ကို ခံ၊ စနစ် ဖျက်ဆီးတဲ့ ရေစီးကြောင်း အမှိုက်သရိုက်တော မှာ မျော ရင်း စနစ်ဆိုး အလိုကျ ဂီတ ဖန်တီးမှုတွေတောင် ဝမ်းနည်းဖွယ် လုပ်ခဲ့ရတာကိုပါ။  ထိုင်းက Carabao လို ဒေသတွင်း အရေး၊ နိုင်ငံတကာ အရေး၊ တနည်းအားဖြင့် သူများနိုင်ငံအရေး၊ တနည်းအားဖြင့် ဗမာနိုင်ငံ လွတ်မြောက်ရေး မဆောင်ရွက်နိုင်ရုံမက.. ဆန့်ကျင်ဖက် အဖြစ်တွေ  တချို့.. တချို့တွေ.. လုပ်ခဲ့ရတယ်..။

 

ဒီအကြောင်းတွေ တွေးရင်၊ ရေးရင် လွှမ်းမိုး သီချင်းလို “ကျူပ်လူမျိုးအတွက် ကျူပ်မှ ငိုရတယ်” ဖြစ်ရတယ်။  ထိုင်း နဲ့ နှိုင်းယှဉ် အခု ရေးပြတော့ လူအများလည်း ငိုချင်မယ် ထင်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် ရပ်တည်ချက် အမှားတွေ မှာ ကျနော် ချစ်ရတဲ့ ကိုဃ တယောက် မပါခဲ့တာကိုပဲ ကျေးဇူးတင်နေရတယ်။  “ငါတို့ က တလွဲဆံပင်ကောင်းခဲ့တာကိုးကွ..” ဆိုခဲ့သူကြီးကို ဒီ့အတွက်ပဲ စိတ်ထဲက အလေးပြုနေရတယ်။

 

ဒီလို ဒီလို ဆိုခဲ့တဲ့ ဗမာ့ဂီတ နဲ့ ဈေးကွက် နောက်ခံအခြေအနေမှာ ပေါ်ပင် လည်း မလုပ်တဲ့၊ အမှန်အကန်တွေလည်း လုပ်ဖို့ စိတ်တိုင်းကျ အခွင့်အရေး မရခဲ့တဲ့ ကိုဃ တယောက် လည်း နောက်ပိုင်းမှာ သီချင်းအခွေတွေ အများကြီး မထွက်နိုင်၊ မကွယ်လွန်ခင် အချိန်အထိ ဗမာ့ဂီတ လောကမှာ ငုပ်ကောင်ကြီး ဖြစ်ခဲ့ရတယ်။  တပါတည်း ကိုယ်ပိုင်သံစဉ်တွေဘက်လည်း အများကြီး မလှည့်နိုင်ဖြစ်ခဲ့ရတယ်။

 

တောင်မင်း၊ မြောက်မင်း မကယ်နိုင် အနေအထားမို့ ကျနော့်ရဲ့ ကိုဃ အတွက် ကိုယ်ပိုင်သံစဉ် ထုတ်ပေးမယ် ဆိုတဲ့ စိတ်ကူးဟာလည်း ကလေးအတွေး သက်သက် ဖြစ်ခဲ့ရတယ်။

 

ဗမာ့ဂီတလောက နောက်ခံ မှ တမလွန်ခရီးသည်ကြီး ကိုဃ ရဲ့ မပိုင်ဆိုင်ခဲ့ရသော အိပ်မက်များ၊ ကိုဃ အတွက် မက်ခဲ့တဲ့ အိပ်မက်များ က တပွေ့တပိုက်ကြီး ဖြစ်တယ်။

 

ကိုဃ ကွယ်လွန်ပြီးချိန်မှာလည်း မသာတခု အရင်း ပြုတတ်တဲ့ ဂီတစီးပွားသမားများ ဘယ်လိုကြံစည်နေကြသလဲဆိုတာ အလှမ်းမမီလို့ မသိပါ။  တကယ် အမှတ်တရပြုချင်၊ ဂုဏ်ပြုချင်တယ်ဆိုရင်တော့ ကိုဃ သီဆိုခဲ့တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို မူရင်း ကိုဃ အသံ၊ သီဆိုမှု အတိုင်း ပြန်လည်စုစည်းတာမျိုး၊ အသံသွင်းထားပြီး မထွက်ရသေးတဲ့ အခွေကြမ်းတွေက ကိုယ်ပိုင်သံစဉ် သီချင်းတွေကို စုစည်း ထုတ်တာမျိုး စီစဉ် လုပ်စေချင်တယ်။

 

ကျနော့် အနေနဲ့တော့ အခုလို ကိုဃ တနှစ်ပြည့် အချိန်မှာ ကိုယ်ပိုင် တနိုင် လောလောဆယ် လုပ်နိုင်တာကတော့ ဒီ စာလေး တပုဒ် ရေးခြင်း နဲ့ သူ့ သီချင်း တွေ ပြန်လည် ဖော်ထုတ်ခြင်းပါပဲ..။

 

ကိုဃရေ.. မတန်လိုက်လေခြင်းဗျာ..။  သူများတွေ အတွက်တော့ လူ့ ဘဝက သိပ်ချိုမြိန်.. လှချည်းလာ ဗျာ..။  အဆိပ်ငွေကြေးတွေလည်း ပေါသဗျာ..။

 

သာမန်တော့ သာမန်လူပါပဲ..

သို့ပေမယ့်..

ထစ်ခနဲ ချင်ခြင်းတပ်မှုတွေ..

အလျှံငြီးငြီးနဲ့ အာသာမပြေမှုတွေကြားမှာ..

ဟောဒီ အတ္တတွေ ထွက်.. ထွက်နေတဲ့..

အပေါက်ကြီးကို.. ဟစိ.. ဟစိ.. နဲ့ နေရသူပါ..

 

ဆိုခဲ့တဲ့..

 

အတ္တနည်းနည်းလေး ကြီး မိတဲ့.. သူ.. လို့ ဆိုခဲ့တဲ့ ကိုဃ အတ္တတွေ အများကြီး ကြီးခဲ့စမ်းပါ့လား ဗျာ လို့ပဲ ဆိုရတော့မလား..။

 

ခုတော့ တနှစ်ပြည့်ခဲ့ပြီပေါ့..။  နှစ်ပေါင်းများစွာ ကျနော့် ရင်ထဲ ကိုဃ ရှိနေဦးမှာပါ..။

 

တမလွန်ခရီးကို အချိန်မတိုင်မီ တက်သုတ်နှင်သွားခဲ့တဲ့ ကိုဃ ကို ဒီ စာလေး နဲ့ လွမ်းလိုက်ပါတယ်။  တမလွန်ခရီးသည်ကြီး ရဲ့ မပိုင်ဆိုင်ခဲ့ရသော အိပ်မက်များ အကြောင်းကိုလည်း အနည်းအကျဉ်း ထုဆစ်ရင်းပေါ့..။

 

တမလွန်ခရီးသည်ကြီး ခရီးမထွက်ခင် ခပ်စောစောကတည်းက ကြိုတင် ဖွင့်ဟ သီဆို သွားတဲ့ တမလွန်ခရီးသည် သီချင်းလေးလည်း ပြန်လည် ဖော်ထုတ်လိုက်ပါတယ်..။

 

♫ ♪ ♫ ♪…

လူတွေတိုင်းဟာ.. မွေးလာချိန်က..

သေဒဏ်.. အပေးခံပြီး.. တရားခံများ..

ဘယ်ပုံ.. ကွယ်လွန်မယ်သာ.. မသိပါ..

 

ရွှေ.. ငွေ.. စည်းစိမ်.. သုံးမကုန်သူလည်း..

တမလွန်သွားရင် လိုက်မလာနဲ့ပဲ..

 

ပိုင်ဆိုင်သူဟာ.. သင်္ချိုင်းကြီးပါ..

♫ ♪ ♫ ♪…

 

တမလွန်ခရီးသည်၊ စာသား – မင်းချစ်သူ၊ သံစဉ် – ညီထွဋ် + ဟယ်ရီလင်း၊ တေးဆို – ဟယ်ရီလင်း (၁၉၉၇)

၀၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃ ခုနှစ် တွင် ကွယ်လွန်သွားရှာခဲ့သည့် အဆိုတော် ဟယ်ရီလင်း (ခေါ်) ဃ (ဂကြီး) အတွက် တနှစ်ပြည့် အလွမ်းစာစု…။  တမလွန်ခရီးသည်ကြီး ကောင်းရာ၊ မွန်ရာ ဘုံဘဝမှာ ဂီတ နှင့် ပျော်မွေ့နိုင်ပါစေ။

 

ငြိမ်းချမ်းအေး

ဖေဖေါ်ဝါရီ ၀၄၊ ၂၀၁၄

 

ဆက်စပ် ဆောင်းပါး ဖတ်ရန် –

“ကျွန်ုပ်၏ဆံပင်သည် ကျွန်ုပ်၏ အမှတ်သင်္ကတ အလံတော် ဖြစ်သည်..” ဟု ခံယူခဲ့သူ တဦးအကြောင်း

Read @ http://moemaka.com/archives/31950

http://www.moemaka.blogspot.com.au/2013/02/nyein-chan-aye-my-hair-is-my-flag-my.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

One thought on “ဗမာ့ဂီတလောက နောက်ခံ မှ တမလွန်ခရီးသည်ကြီး ရဲ့ မပိုင်ဆိုင်ခဲ့ရသော အိပ်မက်များ
  1. ကိုယ့်ရဲ့ ရင်ဘတ် နှလုံးသား အာဟာရ ခံစစ်စည်း အတွက် ခံတပ်ကြီးတွေ တခုပြီး တခု ပြိုလဲခဲ့တာကို ထိုင်ကြည့်နေရတယ်။ ကိုယ့်ဘက်က အဆုံးအရှုံးတွေက ကြီးလှတယ်….

Comments are closed.