တူမောင်ညို ရသဆောင်းပါးစုံ

စိတ်ကူးထဲက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်

တူမောင်ညို
ဇွန် ၁၃၊ ၂၀၁၂

ရန်ကုန်မြို့။
၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်။

တဖွဲဖွဲရွာသွန်းနေသော မိုးရေစက်များကို တရှိန်ထိုးဖောက်ထွင်းမောင်းနှင်နေသော စစ်ဂျစ်ကားတစီး။
ဗြိတိသျှ အမှတ် (၁၂) တံဆိပ်တပ်ဆင်းထားသည့် စစ်ယူနီဖောင်းဝတ် ဂျစ်ကားမောင်းသူ၏ တင်းမာခက်ထန်လှသော မျက်နှာပေး၊ “အစိမ်း တိုက်ခံထားရသူ” ပမာ အေးစက်စက်မာကျောကျော မျက်လုံးအစုံနှင့်သူ၏လက်သည် စတီရာရင်ဘီးကို ကျင်လည်စွာရွေ့လျားနေလျက်။

ဂျစ်ကားမောင်းသူ၏ နံဘေးထိုင်ခုံတွင်လိုက်ပါလာသူ စစ်ယူနီဖောင်းဝတ်၏ပခုံးပေါ်နှင့် လက်မောင်းပေါ်မှာ ရာထူး အဆင့် တံဆိပ်များ၊ ထိုမှ တဆင့် ထိုသူ၏ ရက်စက်မှုပုန်းခိုနေသောမျက်လုံးများ၊ ထိုသူ၏လက်ထဲတွင်းကိုင်ဆောင်ထားသော အသစ်စက်စက် တော်မီဂန်း စက်သေ နတ်၏ ပြာလဲ့အေးစက်နေသည့်သံမဏိရောင်နှင့် ခလုပ်ကွင်းပေါ်တွင် ကန့်လန်ဖြတ်လျှက် ပစ်ခတ်ရန်အသင့်တင်ထားသည့်လက်ညှိုး။

ထို့နောက် ကားနောက်ခန်းတွင်လိုက်ပါလာသူ ဗြိတိသျှ အမှတ် (၁၂) ယူနီဖောင်းဝတ်များ၏ လက်မောင်းပေါ်မှ ခြင်္သေ့အမှတ်တံဆိပ်၊ သူတို့ ၏ အကြမ်းဖက်မျက်လုံးများ၊ သူတို့လက်ထဲတွင် အသင့်ကိုင်ထားသည့် အသစ်စက်စက် တော်မီဂန်းစက်သေနတ်များ။

တဖန် တဖွဲဖွဲရွာသွန်းနေသော မိုးမှုန်များကြားမှ မြင်ရသည့် ကားရှေ့မြင်ကွင်း၊ ဘယ်ညာယိမ်းထိုးရွေ့လျားနေသော ရေသုတ်တံကြောင့် မှုန် သွားလိုက် လင်းသွားလိုက်ဖြစ်နေသည့် တဖျပ်ဖျပ်မြင်ကွင်းများ၊ တရိပ်ရိပ်ဖြန်သန်းခဲ့သော သစ်ပင်ရိပ်များ၊ လမ်းဘေးဝဲယာမြင်ကွင်းများ၊ လင်းတလှည့် မှိန်တလှည့် တရိပ်ရိပ်ဖြတ်သန်းလျှက်။

နောက်ဆုံးတွင် အတွင်းဝန်များရုံးထဲသို့ ဒရကြမ်းချိုးကွေးဝင်ရောက်သွားကာ လှေကားထစ်များပေါ်သို့ အပြေးတက်သွားကြသည့် ယူနီ ဖောင်းဝတ်များ၏ ခြေထောက်များ၊ ခြေသံများ။

တံခါးတွန်းဖွင့်သံနှင့်တပြိုင်နက် ပေါ်ထွက်လာသော ဆက်တိုက်ပစ်ခတ်လိုက်သည့် ကြောက်မက်ဖွယ်ရာ စက်သေနတ် ပစ်ခတ်သံများ၊ ပြို လဲသံများ၊ အော်ဟစ်ငြီးတွားသံများ၊ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ယမ်းခိုး၊ ယမ်းငွေ့များ။

ပျယ်လွင့်သွားသည့် ယမ်းခိုးယမ်းငွေ့များကြားမှ တွေ့မြင်ရသည့် သွေးအလိန်းလိန်းစွန်းပေလျှက်၊ အတုံးအရုန်းပြိုလဲနေသူများ၊ ပြိုလဲနေ သော ကုလားထိုင်များ၊ တစစီပြန့်ကျဲနေသော စာရွက်စာတမ်းများ၊ သွေးစွန်းနေသာ စာရွက်များ၊ သွေးစက်များ၊ သွေးကွက်များ၊ နီးစပ်ရာသွေး စက်များ သွေးကွက်များသည် အလိုအလျောက် ပေါင်းစပ်စုစည်းသွားပြီးနောက် တရွေ့ရွေ့စီးဆင်းလာနေသောသွေးစီးကြောင်းကြီး။

ထို့နောက် ငွေရောင်ပိတ်ကားမြင်ကွင်းတစ်ခုလုံးကို ရဲရဲနီနေသည့် သွေးများဖုံးလွှမ်းသွားတော့သည်။

ဤသည်မှာ ကျနော့်စိတ်ကူး “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ၏ အဖွင့်ပြကွက်ပင်ဖြစ်ပါသည်။

ဘယ်နေရာကပဲ တာထွက်ပါစေ လက်တွေ့ထက် စိတ်ကူးသည်ရှေ့ကရောက်စမြဲ၊ သို့သော်လည်း စိတ်ကူးကို လက်တွေ့ အကောင်အထည် ပေါ်လာအောင် ဆောင်ရွက်ရသည်ကား စိတ်ကူးရသည်ထက်အဆများစွာခက်ခဲပါသည်။

သို့သော်လည်း ကျနော်တို့သည် စူးစမ်းမှုများ၊ စမ်းသပ်မှုများ၊ ပြုမှုလုပ်ဆောင်ချက်များဖြင့် အတွေးစိတ်ကူးများ၊ ဆန္ဒများကို အခိုင်အမာပုံ ဖော်ခဲ့ကြပြီ။ ပုံဖော်နေကြဆဲဖြစ်သည်။ ဆက်လက်၍လည်း ပုံဖော်နေကြလိမ့်ဦးမည်။ ကုန်ထုတ်လုပ်မှုများ၊ သိပ္ပံပညာ စမ်းသပ်မှုများ၊ တော် လှန်ရေးများ ဖြင့် လူသားသမိုင်းသည် နိမ့်ရာမှ မြင့်ရာသို့၊ မရှိရာမှ ရှိရာသို့ တခေတ်ပြီးတခေတ် ချီတက်နေသည် မဟုတ်ပါလော။

“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ရိုက်ကူးမည်ဟုဆိုသောအခါ ကျနော့်စိတ်ကူးထဲတွင် ပထမဦးဆုံးပေါ်ထွက်လာသည့်မေးခွန်းမှာ ဘယ်လို ဇာတ်ညွန်းကို ဘယ်ဒါရိုက်တာ (များ) က ရိုက်ကူးထုတ်လုပ်မှာလဲဆိုသည့် မေးခွန်းဖြစ်ပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” တွင် ဇာတ်ညွန်းသည် အခရာအကျဆုံး အဓိကအကျဆုံးဟု ကျနော်ယူဆပါသည်။ သရုပ်ဆောင်များရွေးချယ်ခြင်းနှင့် သရုပ်ပေါ်ရေးသည် ဒုတိယကိစ္စ၊ လက်အောက်ခံကိစ္စမျှသာဖြစ်သည်ဟု ကျနော်ယူဆပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” သည် သာမန် ဇာတ်လမ်းရုပ်ရှင်မျိုးမဟုတ်ပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အထ္ထုပ္ပတ္တိ မှတ်တမ်းကားထက် လည်း ပိုပါလိမ့်မည်။ “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” သည် ၁၉၁၅ မှ ၁၉၄၇ အထိ (၃၂) နှစ်တာကာလအတွင်း ဖြတ်သန်းသွားသော ဗိုလ် ချုပ်၏ ပုဂ္ဂလိကဘဝသက်သက်ကိုသာကွက်၍ ရိုက်ကူးဖော်ပြမည့် ကျဉ်းကျဉ်းမြောင်းမြောင်းကိစ္စမျိုးလည်း မဖြစ်သင့်ပါ။ မဖြစ်ထိုက်ပါ။

သို့အတွက် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ရိုက်ကူးရေးရည်ရွယ်ချက်သည် ဇာတ်ညွန်းနှင့် တစ်ထပ်တည်းကျနေရမှာဖြစ်ပြီး ခွဲခွာ၍မရစ ကောင်းသောကိစ္စလည်း ဖြစ်ပါသည်။

“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ဇာတ်ညွန်းဆိုတာ ဘယ်လိုလဲ။
“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ဇာတ်ညွန်းတွင် တာဝန် (၂) ရပ်ပါရှိပါလိမ့်မည်။

ယင်းတို့မှာ တဖက်တွင် ရာစုနှစ်ဝက်နီးပါးခန့် နည်းလမ်းမျိုးစုံဖြင့် ဖုံးကွယ်၊ ဖျောက်ဖျက်ထားခြင်းခံရသော သမိုင်းဖြစ်ရပ်မှန် ကိုဖော်ထုတ်ရမည့်တာဝန်လည်းပါရှိနေပြီး အခြားတစ်ဖက်တွင် ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းစဉ်ကြီးတွင် အရေးပါလှသည့် ဖြစ်စဉ် ဖြစ်ရပ်များ ပေါ် ပေါက်ခဲ့သည့်ကာလပိုင်းဖြစ်သော ၁၉၃၀ နှင့် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့အထိ နှစ်ပေါင်း ၂၀ နီးပါးကာလကို အဓိကအသားပေးရိုက်ကူး ဖေါ်ပြကာ ယနေ့သမိုင်းခေတ်ကာလနှင့်ဆက်စပ်ပေးရမည့် တာဝန် ၂ ရပ်ပင်ဖြစ်ပါသည်။

ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဗိုလ်ချုပ်သည် သူ့ထက်အသက်ကြီးသူ၊ သူနှင့်ရွယ်တူ၊ သူထက်ငယ်သူ စသည့် သူနှင့်ခေတ်ပြိုင် ကျောင်းနေဖက်သူငယ်ချင်းမှ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဘဝသို့ ပြောင်းလည်းလာခဲ့သည့် ရဲဘော်များ၊ မိတ်ဆွေများစသည့် သူ့လို ထူးချွန် ထက်မြက်သူများ၊ သူ့လို အဆင်းရဲအပင်ပန်းခံသူများ၊ ကိုယ်ကျိုးစွန့်သူများနဲ့အတူ ရှေ့တန်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ရိုးသားတိကျစွာပြောဆိုရလျှင် ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုသည် ဗိုလ်ချုပ်တစ်ဦးတည်း၏ လူစွမ်းကောင်း စွမ်းဆောင်ချက်မျိုး မဟုတ် ပါ။ ဗိုလ်ချုပ်သည် “စူပါမင်း” မဟုတ်ပါ။ အကြည်ညိုသဒ္ဓါတွေ ပိုမိုလွန်ကဲပြီး ရိုက်ကူးမည်ဆိုလျှင် ပကာသနမဖက်၊ ရိုးရိုးရှင်းရှင်းနေထိုင်ပြုမူပြောဆိုလုပ်ကိုင်တတ်သည့် ဗိုလ်ချုပ်၏ ပင်ကို ဗီဇ၊ စရိုက်၊ ကာရိုက်တာများနှင့် ကင်းကွာနေပါလိမ့်မည်။

ယင်းသို့ ရိုက်ကူးဖော်ပြသည်ကို ဗိုလ်ချုပ်အသက်ထင်ရှားရှိနေလျှင်လည်း နှစ်သက်လက်ခံလိမ့်မည်မဟုတ်ဟု ထင်မြင်ယူဆမိပါသည်။ ထို့အပြင် ယင်းသို့ဖေါ်ပြခြင်းသည် သမိုင်းကိုလည်းကောင်း၊ ဗိုလ်ချုပ်၏ ပင်ကိုဗီဇစရိုက်ကိုလည်းကောင်း တလွဲတချော်ဖေါ်ပြခြင်းဖြစ်သဖြင့် ယင်းသည်လည်း သမိုင်းဖြစ်ရပ်မှန်ကို ဖုံးကွယ်မှုတစ်မျိုး၊ တလွဲတချော်လုပ်မှုတမျိုးပင်ဖြစ်နေပါသည်။

၁၉၃၀ နှင့် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့အထိ နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်းပေါ်ပေါက်ခဲ့သည် သမိုင်းဖြစ်စဉ်ဖြစ်ရပ်များအနက် ကျနော့်အတွေးစိတ်ကူးဇာတ်ညွန်းတွင် ဖျတ်ကနဲပေါ်လာသည်များမှာ …
– ဒို့ဗမာအစည်းအရုံး၊ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနှင့် ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ
– အယ်ဒီတာကိုအောင်ဆန်း၊ “ငရဲခွေးကြီးလွတ်နေပြီ” နှင့် ၁၉၃၆ တက္ကသိုလ်ကျောင်းသားသပိတ်
– “မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်” ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံ
– ၁၉၃၉ ကွန်မြူနစ်ပါတီတည်ထောင်ခြင်းနှင့်ပထမဆုံးအတွင်းရေးမှူး ရဲဘော်အောင်ဆန်း
– “အင်္ဂလိပ်အခက် ဗမာ့အချက်” ဒုတိယကမ္ဘာစစ်ရိပ်စစ်ငွေ့များယှက်သန်းလာခြင်းနှင့် ဗမာ့ထွက်ရပ်ဂိုဏ်း
– ဝရမ်းထုတ်ခံရခြင်း၊ မြေရှိုးသွားရသောကာလနှင့် တရုတ်အကူအညီရရေး“အမွိုင်ခရီးစဉ်” (၁၉၄၀)
– ဂျပန်ရောက်သွားခြင်းနှင့် ရဲဘော်သုံးကျိပ် (၁၉၄၁)
– ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ဖွဲ့စည်းခြင်းနှင့် ဗိုလ်တေဇ
– အဓိပတိဒေါက်တာဘမောင်အစိုးရလက်ထက် စစ်ဝန်ကြီး
– ရန်ကုန်ဆေးရုံကြီးပေါ်က ငွေသော်တာရောင်ခြည် သို့မဟုတ် သူနာပြုဆရာမ မခင်ကြည်
– မင်္ဂလာဆောင်ပြီ (၁၉၄၂ စက်တင်ဘာ ၆ )
– ဂျပန်တော်လှန်ရေးအတွက် ပဲခူးစံပြတပ်ရင်းမှာ ပြင်ဆင်ကြပုံ (ဖတပလ ဖွဲ့စည်းခြင်း) (၁၉၄၄ သြဂုတ်လ ၄)
– ဖက်ဆစ်ဂျပန်တော်လှန်ရေး
– နေသူရိန်ညီလာခံ သို့မဟုတ် ဆန်းနှင့်သန်း (၁၉၄၅ သြဂုတ် ၁၉)
– ဖီးမာရှယ်စလင်းနဲ့တွေ့ဆုံခြင်း(၁၉၄၅ စက်တင်ဘာ) (ကန္ဒီစာချုပ် )
– ရွှေတိဂုံအလယ်ပစ္စရံ (၁၉၄၆ ဇန်နဝါရီ)
– ဘုရင့်ခံကောင်စီအစိုးရ
– ဖဆပလမှ ကွန်မြူနစ်ပါတီ ကိုထုတ်ပယ်လိုက်ကြခြင်း (၁၉၄၆ အောက်တိုဘာ)
– လမ်းလျှောက်၍လိုက်ပို့သော ဂျာနယ်ကျော်သခင်ချစ်မောင်၏နောက်ဆုံးခရီး (၁၉၄၆ ဧပြီ ၃)
– ကွယ်လွန်သူ ရဲဘော်ဗဟိန်း နံဘေးမှာ ငူငူကြီးရပ်နေသူ (၁၉၄၆ နိုဝင်ဘာ)
– တစ်နှစ်အတွင်းလွတ်လပ်ရေး (အောင်ဆန်း – အက်တလီစာချုပ် ၊ မြ- ကရွန်ဘီစာချုပ်၊ လက်ျာ- ဖရီးမင်းစာချုပ်)
– ၁၉၄၇ ပင်လုံညီလာခံ

ဤသည်တို့မှာ ဖြစ်ရပ်ဖြစ်စဉ်များသာရှိပါသေးသည်။ ထို့အပြင် ချက်ချင်းလက်ငင်းပေါ်လာသော သမိုင်းဆိုင်ရာလူပုဂ္ဂိုလ်များအမည်ကို ပြောရမည်ဆိုလျှင် ….

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ (မြင့်)၊ ဗိုလ် လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဦးရာဇတ်၊ လူထုဦးလှ၊ သခင်ချစ်မောင် (ဂျာနယ်ကျော်)၊ ဒဂုန်တာရာ၊ ဦးဘဆွေ၊ ဦး ကျော်ငြိမ်း၊ ဒေါက်တာဘမော်၊သခင်ထွန်းအုပ်၊ ဦးဘဖေ၊ သခင်ဘစိန်၊ ဂဠုန်ဦးစော၊ ဆာဟူးဘတ်ရန်စ်၊ ဆာဒေါ်မန်စမစ်၊ ဖီးမာရှင် စလင်း၊ ကလီမင့် အက်တလီ၊ ဂျဝါဟာလာနေရူး၊ ဗိုလ်မိုးကြိုး၊ စသဖြင့် များပြားလှပါသည်။

သို့အတွက် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ဇာတ်ညွန်းသည် ကြီးမားကျယ်ဝန်းသောတာဝန်တစ်ရပ်ကို ထမ်းရမည့်ကိစ္စဖြစ်နေပါသည်။ ထို့အ ပြင် တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့်ဆောင်ရွက်၍မရနိုင်ဘဲ။ အားလုံးအားထုတ်ဝိုင်းဝန်းကြရမည့်ကိစ္စကြီးလည်း ဖြစ်ပါသည်။

အထူးသဖြင့် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ဇာတ်ညွန်းရေးသားခြင်းကိစ္စကို တပြည်လုံးက စိတ်ဝင်စားပြီးပါဝင်လာကြစေရန် “ဗိုလ်ချုပ်အောင် ဆန်းရုပ်ရှင်” ဇာတ်ညွန်းရေးသားမှုပြိုင်ပွဲပင် ပြုလုပ်ရမည်ဟုယူဆပါသည်။

ဤပြိုင်ပွဲသည် ဗိုလ်ချုပ်နှင့်ဆင်တူသည့် ဇာတ်ဆောင် ရွေးချယ်ရေးထက် ပိုအရေးကြီးပါသည်။

ပြိုင်ပွဲဝင် ဇာတ်ညွန်းများအနက်မှ လက်ရွေးစင်ဇာတ်ညွန်း ၃ ခုကို ဇကာတင်ရွေးချယ်ပြီး ယင်း ဇာတ်ညွန်း ၃ ခုအနက်မှာ အကောင်းဆုံးတစ်ခုကို ရွေးချယ်ပြီးနောက် ရိုက်ကူးစေသင့်ပါသည်။

ဤသို့ဆိုလျှင် အထက်တွင်ကျနော်စိတ်ကူးဖေါ်ပြခဲ့သော သမိုင်းဖြစ်စဉ်ဖြစ်ရပ်များ၊ သမိုင်းဆိုင်ရာပုဂ္ဂိုလ်များကြားထဲတွင် ဖြတ်သန်းသွားခဲ့ သည့် ဗိုလ်ချုပ်၏ အတွေးအမြင်များနှင့်ပုဂ္ဂလိကဘဝကို “စပေါ့လိုက်” ထိုးပြရမည့်၊ “ဖိုးကပ်စ်” လုပ်ပြရမည့်ကိစ္စများမှာ “ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်” ၏ မပါလျှင်မပြီးသည့်လုပ်ငန်းများပင်ဖြစ်ပါလိမ့်မည်။

သို့ပါ၍ ဗိုလ်ချုပ်၏ ပုဂ္ဂလိကဘဝကို အဆိုပါသမိုင်းဖြစ်စဉ်ဖြစ်ရပ်များ၊ သမိုင်းဆိုင်ရာပုဂ္ဂိုလ်များနှင့် သီးခြားခွဲထုတ်ကြည့်မြင်ခြင်းမှာ မဖြစ်နိုင် သကဲ့သို့ သမိုင်းဖြစ်စဉ်ဖြစ်ရပ်များ၊ သမိုင်းဆိုင်ရာပုဂ္ဂိုလ်များမပါဝင်ဘဲ ဗိုလ်ချုပ်၏ပုဂ္ဂလိကဘဝကို ဖေါ်ပြခြင်းမှာလည်း မဖြစ်သင့်မဖြစ်ထိုက်သောကိစ္စပင်ဖြစ်ပါသည်။

ထို့အပြင် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” က တင်ပြမည့်သမိုင်းဇာတ်ညွန်းကို ယနေ့ခေတ်ကာလနှင့် ဆက်စပ်ပေးမှသာ ပြည့်စုံနိုင်လိမ့်မည် မဟုတ်ပါလား။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် အရယူခဲ့ကြသော အမျိုးသားသွေးစည်းညီညွတ်ရေးသည် ဗြိတိသျှကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး လုံးဝ လွတ်လပ်ရေးစခန်းဆင့်တွင် ဝါးအစီးပြေသလို အစီးပြေခဲ့ကြရပြီးနောက် ရရှိခဲ့သည့် ရလဒ်မှာ ဗြိတိသျှကိုလိုနီနယ်ချဲ့သမား လက်ချက် ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရေတိမ်နစ်ခဲ့ရခြင်းပင်ဖြစ်ပါသည်။

ထို့နောက် ဆက်တိုက်အကျိုး ဆက်များကား လွတ်လပ်ရေးသက်တမ်း ရက်ပေါင်းတစ်ရာမပြည့်မီကာလမှာပင် ပြည်တွင်းစစ် မီးတောက်လောင်ခဲ့ရခြင်းဖြစ်ဖြစ်ပါသည်။

နောက်ဆုံးတွင် ဗိုလ်နေဝင်းဦးစီးသည့် စစ်အုပ်စု၏ စစ်အာဏာရှင်စနစ် သည် နိုင်ငံရေးဇာတ်ခုံပေါ်သို့ တက်ရောက်ခဲ့ခြင်းပင်ဖြစ်ပါသည်။ ယနေ့ ဦးသိန်းစိန်အစိုးရသည်လည်း စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြင့် စိုးမိုးချယ်လှယ် နေသည့် စစ်တပိုင်းအာဏာရှင်စနစ်ပင်ဖြစ်သည် မဟုတ်ပါလော။

ထို့အပြင် ပြည်တွင်းစစ်မီးသည်ယနေ့ထိတောက်လောက်နေဆဲဖြစ်ပါသည်။

“ပဏာမသဘောတူညီချက်“ ဆိုသည်များမှာ ပြာဖုံးနေသော မီးခဲများသာဖြစ်ပြီး၊ နာကျင်ခါးသီးဖွယ် ပြည်တွင်းစစ်ဇာတ်ကားကြီး၏ “ခေတ္တ အားလပ်ချိန်” (interval) မျှသာဖြစ်ပါသည်။ သေနတ်သံများသည် မနောမြေတွင်လည်းကောင်း၊ ရှမ်းရိုးမပေါ်၌လည်းကောင်း၊ မဲနယ် တောင်တန်းပေါ်၌လည်းကောင်း ပေါ်ထွက်နေဆဲဖြစ်ပါသည်။ ပြည်တွင်းစစ်ကိုအပြီးတိုင်နှင့် အကြွင်းမဲ့ရပ်ဆိုင်းရပါမည်။

သို့ဖြင့် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်”ကိုကြည့်ရသော သို့တည်းမဟုတ် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” ဇတ်ညွန်းပြိုင်ပွဲဝင် လက်ရွေးစင် ဇာတ်ညွန်း ၃ ခုကို လေ့လာဖတ်ရှုရသော အသက် ၄၅ နှစ်နှင့် အောက်မျိုးဆက်သစ် လူရွယ်လူငယ်များသည် သမိုင်းအရလည်းကောင်း၊ သူတို့လက်တွေ့ဖြတ်သန်းနေရသောခေတ်ကာလအရလည်းကောင်း ဝေဖန်ဆန်းစစ်နိုင်ကြကာ ယနေ့ခေတ်၏သမိုင်းပေးတာဝန်ဖြစ်သော ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သောဒီမိုကရေစီရေး၊ စစ်မှန်သောပြည်ထောင်စု တည်ဆောက်ရေးတာဝန်များကို သိရှိနားလည်သဘောပေါက်ပြီး လက်တွေ့ပါဝင်ထမ်းဆောင်ခြင်းပြုနိုင်ပါလိမ့်မည်။

ဤသို့သော ရည်ရွယ်ချက်စခန်းသို့အရောက်ပို့ဆောင်နိုင်ခြင်းသည်ပင်လျှင် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်”၏ ရည်မှန်းချက်နှင့် တာဝန်ဖြစ်နေ ပါသည်။

သို့ဖြင့် ပဓါနကျသော၊ အရေးကြီးဆုံးဖြစ်သော ဇာတ်ညွန်းရေးသားခြင်းကိစ္စပြီးစီးသွားတဲ့နောက် အရေးကြီးဆုံးဖြစ်လာမည့်ကိစ္စမှာ အဆိုပါ ဇာတ်ညွန်းကိုကိုင်ပြီး ရုပ်ရှင်ဖြစ်လာအောင် ရိုက်ကူးထုတ်လုပ်ရမည့်ကိစ္စဖြစ်ပါသည်။ ဤကိစ္စကို ဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာအဖွဲ့နှင့် သရုပ်ဆောင်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်သူပညာရှင်များ၏ ကိစ္စဖြစ်ပါလာသည်။

ဤအပိုင်းတွင်လည်း ကျနော်သည် “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” လက်တွေ့ ရိုက်ကူးထုတ်လုပ်ရေးကိစ္စများကို ကိုလံဘီယာ ရုပ်ရှင်မှဖြန့်ချီခဲ့ သော “ဂန္ဒီ” နှင့် “နောက်ဆုံးဧကရာဇ် (ပုယီ)” စသဖြင့် (biopic) ဇာတ်ကားများရိုက်ကူးထုတ်လုပ်ခဲ့ကြပုံနှင့် ယှဉ်တွဲစဉ်းစားကြည့်မိပါသည်။ ကျနော်စဉ်းစားနေသည်မှာ ကြီးကျယ်သောအကြောင်းအရာကို ကြီးကျယ်ခမ်းနားစွာ ရိုက်ကူးထုတ်လုပ်ရမည်ဟူသည့် ရိုးရိုးစဉ်းစားချက်မျှသာဖြစ်ပါသည်။

နောက်ဆုံးနိဂုံးချုပ်ရမည့်အချက်မှာ ကျနော်တို့ရေးသား ရိုက်ကူးလိုသောဇာတ်ညွန်းနှင့်ရုပ်ရှင်ကို ယနေ့ဦးသိန်းစိန်အစိုးရ၏ ရုပ်ရှင်ဆင် ဆာအဖွဲ့က ဆင်ဆာခွင့်ပြုချက်ပေးနိုင်ပါ့မည်လောဆိုသည့်အချက်ပင်ဖြစ်ပါသည်။ “အဲဒီအခန်းဖြတ်” “အဲဒီအခန်းဖြတ်“ဟုဆိုကာ အပိုင်း ပိုင်းဖြတ်တောက်ပစ်ခဲ့ပါလျှင် ပီပြင်သားနားသော “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်”သည် ငွေရောင်ပိတ်ကားပေါ်တွင် မည်သို့မျှပေါ် ထွက်လာနိုင် စရာ အကြောင်းမရှိနိုင်တော့ချေ။

“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်” နှင့် ပတ်သက်ပြီး ကျနော်လောဘကြီးလွန်းနေသလား မပြောတတ်ပါ။

ကျနော်သည် ကျနော့်အတွေးစိတ်ကူးများဖြင့်ရင်ခုန်လျက်၊ ရင်မောလျက်။

— ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသူများ — သက်ဆိုင်ရာကဏ္ဍအသီးသီး အလိုက်ပါဝင်ခဲ့ကြသည့် အတတ်ပညာ ရှင်အသိပညာရှင်များ — စက်မှုဘက်ဆိုင်ရာကျွမ်းကျင်သူများ — ဒါရိုက်တာနှင့်ဒါရိုက်တာများ — ထုတ်လုပ်သူများ၏ အမည်စာရင်း စာတမ်းများသည် “ဗိုလ်ချုပ်အောင်ဆန်းသီချင်း” မှ သံပြိုင်အပိုဒ်ဖြစ်သော “ — ရာဇဝင် အထ္ထုပ္ပတ္တိလည်းရှိရမယ် — မော်ကွန်းလည်း ထိုးလောက်တယ် — မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်—” အပိုဒ်ကို “မန္တလေးမြို့မ” သြခက်စထြာ (orchestra) သံစုံတီးဝိုင်းကြီးက မြူး ကွန့်ဝေဆာအောင် ဆန်းသစ်တီထွင်တီးမှုတ်ထားသည့် သံစဉ်များနောက်ခံဖြင့် ကျနော့်စိတ်ကူးငွေရောင်ပိတ်ကားပေါ်တွင် “ဗိုလ်ချုပ်အောင် ဆန်းရုပ်ရှင်”၏ နောက်ဆုံးပိုင်း (Ending) သည် — တငြိမ့်ငြိမ့် တရွေ့ရွေ့တက်လာနေလျှက်။

မှတ်ချက် ။ ။ မက်ဇင်ဂျာ ဂျာနယ်တွင်ဖော်ပြခဲ့သည့်ပုံအား ပြန်လည်ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “စိတ်ကူးထဲက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်
  1. For a biographical movie, the actor acting for the real person shouldn’t need to be look-a-like. We can refer to George C. Scott’s role in “Patton” in which the actor won the Oscar in 1971 even though he refused to accept the award.

    1. Very respectfully Mr
      Respectfully mgmg2u

      I STRONGLY agreed what you have mentioned , description in the above. i feel a great of your point of view .
      I wish the people who love true will accept the people who they are.

Comments are closed.