ကဗျာ

စာကြည့်တိုက် မလိုပါ

နိုင်ဦးညို (ဖိုးဇီးရိုး)
ဇွန် ၁၃၊ ၂၀၁၂

ကျုပ်တို့ဆီမှာဗျာ
ဘာရယ် … စာကြည့်တိုက် ရှိစရာလိုလို့လား ၊
ကျုပ်ဘကြီးလည်း အသက်ကိုးဆယ်
တစ်ခါမှ စာသွားဖတ်တယ် မကြာဘူးပေါင်
ကျုပ်ဂျီးဒေါ်ကြီးလည်း ရှစ်ဆယ့်ငါး
ဒီလိုနဲ့ အချိန်ကုန်သွားခဲ့တာဘဲ …။

ကြည့်စရာတွေ မှိုလိုများတယ်မဟုတ်လား
သုံးကားပေါင်း မိုးအလင်းကြည့်မလား
လမ်းဘေးမျက်လှည့်ကြည့်မလား
ခွေးနှစ်ကောင်ကိုက်တာကြည့်မလား
ဗေဒင်လက္ခဏာကြည့်မလား
မန်ချက်စတာနဲ့ ဘာဆီလိုနားကြည့်မလား
စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည်ကြည့်မလား
ကြော်ငြာနဲ့ ကိုရီးယားကားကြည့်မလား
ကြည့်စရာတွေများမှများ
ဒါတောင် …. ရုပ်ရှင်ရုံတွေ ဂိုဒေါင်ဖြစ်သွားလို့
ဘုရားပွဲကွင်းပြင်တွေ ဆိုင်ခန်းဆောက်လိုက်လို့ …။

ခင်ဗျားတို့ကို
ကျုပ်ဆက်မပြောချင်ဘူး
ကျုပ်ပြောရင် ကျုပ်အလွန်ဖြစ်မယ်

ပုဂံဘုရားတွေ မှန်စီရွှေချတော့လည်း
ကျုပ်တို့အလွန် …။

မန္တလေးသားတွေ စံပြမြို့သစ်ပြောင်းတော့လည်း
ကျုပ်တို့အလွန် …။

မြစ်ဆုံပိတ် ရေကာတာဆောက်တော့လည်း
ကျုပ်တို့အလွန် …။

ဓာတ်ငွေ့တွေထုတ် နိုင်ငံခြားပို့တော့လည်း
ကျုပ်တို့အလွန် …။

ဝန်ကြီးများရုံး ဟိုတယ်လုပ်တော့လည်း
ကျုပ်တို့အလွန် …။

ရွေးကောက်ပွဲလုပ် အုပ်ချုပ်တော့လည်း
ကျုပ်တို့အလွန် …။
(အင်းစိန်ထောင်ရှင်း တိုင်းရင်းသားကျေးရွာလုပ် ကျုပ်တို့အလွန်လို့ ပြောချင်သေးလား)

ဒါနဲ့ဗျာ စာကြည့်တိုက်လေး
ရှစ်ခါလောက်ရွှေ့တာများ
ကျုပ်တို့အလွန်လား … ….။

ဝန်ခံချက် ။ ။ ဆရာမောင်စွမ်းရည်၏ စာကြည့်တိုက်မရှိတော့တဲ့ရန်ကုန်ဖတ်ပြီး ပြောင်းပြန်ခံစားကြည့်ခြင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “စာကြည့်တိုက် မလိုပါ

Comments are closed.