အရှင်ပညာနန္ဒ

အညတရ အကျဉ်းသားရဟန်းတော်များ – (၂၀) အရှင်ရာဇဓမ္မ

အရှင်ပညာနန္ဒ
ဇွန် ၁၂၊ ၂၀၁၂
(၁)

စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ ဘာသာရေးစာပေ ရေးသားဖြန့်ဝေမှု၊ တရားဓမ္မဟောပြောမှုတွေကို တင်းတင်းကြပ်ကြပ်ပိတ်ပင်တား ဆီးခဲ့ပြီး စစ်အစိုးရကိုဆန့်ကျင်တယ်လို့ သူတို့ယူဆတဲ့ ရဟန်းတော်များကို ကြီးလေးတဲ့ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

၁၉၈၈ အရေးအခင်းကာလကတုန်းက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးစတဲ့တောင်ဆိုချက်တွေကို တောင်းဆိုဆန္ဒပြခဲ့တဲ့ ရဟန်းရှင် လူ ကျောင်းသားကျောင်းသူများနဲ့ အပြစ်မဲ့ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် အများအပြားသေကြေဒဏ် ရာရခဲ့ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်တော်မူတဲ့ သီတဂူဆရာတော်အရှင်ဉာဏိဿရဟာ အရေး အခင်းကာလတုန်းက တိုင်းပြည်ခေါင်းဆောင်တွေ မင်းကျင့်တရားဆယ်ပါးနဲ့အညီအုပ်ချုပ်ဖို့ရာ ဇောဝါဒသုတ္တန်ကို ဟောကြားခဲ့တဲ့အတွက်စစ်အာဏာရှင်တွေရဲ့ အငြိုအငြင်ခံခဲ့ရပြီး အဖမ်းဆီးခံရမလို ဖြစ်ခဲ့ပါတယ်။

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မင်းကွန်းတိပိဋကဆရာတော်ကြီးရဲ့ ကြားဝင်ဖြန်ဖြေမှုကြောင့် တိုင်းပြည်မှထွက်ခွာခဲ့ရပြီး အင်္ဂလန်သို့ကြွရောက် သီတင်းသုံးခဲ့ရကြောင်းသိရပါတယ်။ ယနေ့ အရပ်သားအစိုးရအမည်ခံ သမတဦးသိန်းစိန်လက်ထက်အထိ ဘာသာရေးလွတ်လပ်ခွင့်မရှိ သေးဘဲထင်ရှားတဲ့ တရားဟောဓမ္မကထိကဆရာတော်တွေရဲ့ တရားပွဲတွေပိတ်ပင်တားဆီးခံနေရဆဲဖြစ်ပါတယ်။ အဲဒီလိုအာဏာရှင်တွေက ဘာသာရေးအခွင့်အရေးတွေ ပိတ်ပင်တားဆီးနေတဲ့ကြားထဲက တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေ မင်းကျင့်တရားဆယ်ပါးနှင့်အညီအုပ်ချုပ် ဖို့ ၂၀၀၃ ခုနှစ်က စာပေရေးသားဖြန့်ဝေတဲ့ ဦးဇင်းလေး ဦးရာဇဓမ္မကို ပုံနှိပ်ဥပဒေ ၁၇၊ အရေးပေါ်စီမံချက် အက်ဥပဒေ ၅ (ည) အမှုနဲ့ဖမ်းဆီးပြီး စစ်အာဏာရှင်တွေက ထောင်ဒဏ် ၁၉ နှစ် အပြစ်ပေးခဲ့ပါတယ်။

၈ နှစ်ကျော်အကျဉ်းကျခံရပြီးတဲ့နောက် ဇန်န၀ါရီ ၁၃ ရက်၂၀၁၂ နေ့က တတိယအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦးလွတ်ပေးရာမှာ သာ ယာဝတီ အကျဉ်းထောင်ကနေလွတ်မြောက်လာပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက် သူ့ရဲ့ဖြတ်သန်းမှုနဲ့ ထောင်တွင်းအတွေ့အကြုံ တွေကို သူပြန်လည်ပြောတဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်။

(၂)

ဦးဇင်းက ၁၉၇၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ စစ်ကိုင်းမှာမွေးတယ်။ ကိုးနှစ်သားကစပြီး သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ဓမ္မာစရိယစာမေးပွဲပြီးတယ်။ ပြီးတဲ့နေ့မှာပဲ ဒီအမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ထောင်ထဲမှာအစာငတ်ခံဆန္ဒပြတဲ့အထဲပါပြီး သာယာဝတီ ထောင်ကို ရောက်ခဲ့တယ်။

ဦးဇင်းကို ဘာ့ကြောင့်အဖမ်းခံရတာလည်းဆိုတော့ ဦးဇင်းက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေကို မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်ဖို့ဆိုပြီးတော့ စာပေရေးသားဖြန့်ဝေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးဇင်းကို ပုံနှိပ် ၁၇၊ ၅ (ည) ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၉ နှစ် အချခံရ တယ်။ အခု ၈ နှစ်နဲ့ ၃ လောက်နေပြီးတော့ ပြန်လွတ်လာတာ။

ဦးဇင်းကို ပထမဆုံးဖမ်းတာက ထောက်လှမ်းရေးက ဖမ်းတာ။ ထောက်လှမ်းရေးဌာနချုပ်ရောက်တော့ ဦးဇင်းကို ပထမဆုံး သိက္ခာချဖို့လုပ် တယ်။ ဦးဇင်းကသိက္ခာအချမခံတော့ သင်္ကန်းကို အတင်းချွတ်ပြီး သူတို့ဆီမှာရှိတဲ့ ပုဆိုးပိုင်းတစ်ခုကို ပတ်ပေးတယ်။ သိက္ခာချတယ်ဆိုတာ ဦးဇင်းရဲ့ ဆန္ဒမပါဘဲ လုပ်လို့မရဘူး။ သိက္ခာချတဲ့နေရာမှာ အင်္ဂါခြောက်ပါးစုံဖို့ လိုတယ်။ အဲဒီခြောက်ပါးမစုံဘဲနဲ့ ဘယ်သူကမှ သိက္ခာချလို့ မရဘူး။ သိကြားမင်းလာလုပ်တောင် မရဘူး။ ဘုရားဟောမှာကိုက အဲဒီလိုရှိတယ်။ ထောင်ထဲမှာလည်း ဦးဇင်းက ရဟန်းတစ်ပါးလိုပဲ သီလ ဆောက်တည်ပြီး နေခဲ့တယ်။

ဦးဇင်းကို ရဟန်းသိက္ခသိက္ခာချဖို့ အတွက်သူတို့အပိုင်ဖြစ်တဲ့ သံဃာ့နာယကက ဦးဇင်းတွေခေါ်ပြီး သိက္ခာချခိုင်းတာပါ။ အဲဒီဘုန်းကြီး တွေ ကိုလည်း ဦးဇင်းက စာပေအကြောင်း ပြောပြတယ်။ အဲဒီဘုန်းကြီးတွေကလည်း လက်ခံလိုက်ရတယ်။ သူတို့လည်း ဘုရားဟောကို ကျော်လို့ မရဘူးလေ။ သင်္ကန်းကို သူတို့က အတင်းဆွဲချွတ်ပေမယ့် ကိုယ်က ဒီသာသနာမှာ စိတ်ကိုနှစ်ထားတဲ့အတွက် ရဟန်းအဖြစ်ပဲရှိသေးတယ်။ သင်္ကန်းချွတ်တဲ့နေရာမှာတော့ အတင်းကာရောလုပ်တာ မဟုတ်ပေမယ့် မချွတ်ရင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ခြိမ်းခြောက်ပြောဆိုတယ်။

ထောင်ထဲမှာနှိပ်စက်ခံခဲ့ရတာရှိတာပေါ့။ နှိပ်စက်တယ်ဆိုတာ ရိုက်နှက်မှမဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုမျိုးတွေ၊ အ စားအသောက်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ ရှိတယ်။ထမင်းကျွေးတယ်ပဲ ထားဦး၊ ပဲဟင်းထဲမှာ ခဲတွေလည်းထည့်၊ သဲတွေလည်း ထည့်တယ်။ ထမင်းဆိုလည်း တစ်လုံးချင်းကိုင်ပြီး ပစ်လို့ရတဲ့အနေအထားမျိုးပေါ့၊ မာတယ်။ အဲလိုမျိုးတွေပေါ့။ ၂၀၀၃ ခုနှစ်ကအနေအထားက တော် တော်လေးကို ဆိုးဆိုးဝါးဝါး အနေအထားပဲ။ အဲလိုမျိုး ကြုံခဲ့ရတယ်။သမတဦးသိန်းစိန်အစိုးရလက်ထက်မှာဖွဲ့ထားတဲ့ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြတို့ သူတို့တွေ အင်းစိန်ထောင်ထဲ သွားကြည့်တာမျိုးရှိတယ်။ ဒါပေမယ့် ဒါတွေက ၀င်တုန်းခဏနဲ့ ရုပ်ပြအနေနဲ့ပဲ လုပ်တာများတယ်။ သူတို့လာတုန်း ထမင်းအဖြူလေးတွေကျွေးပြတာ ရှိတယ်။

အရင်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက် အကျဉ်းထောင်ထဲမှာ ဘာတွေပြောင်းလဲမှုရှိလည်းဆိုတော့ စစ်အစိုးရလက်ထက်မှာ ကိုယ့်ရှင်သန်မှုအတွက် မနည်းရုန်းကန်ပြီ်း နေခဲ့ရတယ်။ အစိုးရသစ်တက်ပြီး နောက်ပိုင်း အပေါ်ထပ် အဆောက်အအုံအရ အတိုင်းအတာ တစ်ခုအထိ ပြုပြင်ပြောင်းလဲတယ်လို့ပြောပေမယ့် အောက်မှာတော့ ပြုပြင်စရာလိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။ အနေအထား ပြောင်းလဲမှုဆိုတဲ့နေရာမှာ သူတို့က ဦးဇင်းတို့ကို ၀ါဒဖြန့်ချိရေးအနေအထားအရ အခြေခံအဆောက်အအုံတွေကို လုပ်ပေးတယ်။ နောက် တစ်ခုက ဦးဝင်းမြတို့ သူတို့တွေ အင်းစိန်ထောင်ထဲ သွားကြည့်တာမျိုးရှိတယ်။ ဒါပေမယ့် ဒါတွေက ၀င်တုန်းခဏနဲ့ ရုပ်ပြအနေနဲ့ပဲ လုပ်တာ များတယ်။ သူတို့လာတုန်း ထမင်းအဖြူလေးတွေ ကျွေးပြတာရှိမယ်။ တကယ်တမ်းသူတို့ပြန်တဲ့အနေအထားမှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ် သွားတာပဲ။ အခုလည်း အဲဒီလို ကြုံတွေ့ခဲ့ရတာပဲ။

ထောင်ထဲမှာ သောက်ရေကတော့ သန့်တယ်။ ချိုးရေကတော့ ဖြစ်သလိုပဲ။ တစ်ခါတစ်လေ ရေက လာချင်မှတောင်လာတယ်။ အဲဒါမျိုးကြုံ ရတယ်။ သောက်ရေသန့်တယ်ဆိုတာ ရေသန့်စက်ရှိတယ်။

အကျဥ်းသားတွေ စိတ်ဓာတ်သိမ်မွေ့လာအောင် ထောင်ထဲမှာတရားစခန်းတွေ ဖွင့်ပေးတယ်။ အဓိကကတော့ အကျဉ်းသားတွေ ပြုပြင် ပြောင်းလဲဖို့ထက်စာရင် သူတို့ ထောင်မှာအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေ ထောင်အရာရှိပိုင်းဆိုင်ရာတွေရဲ့စိတ်ဓာတ်ကို ပြောင်းလဲအောင် လုပ်သင့် တယ်။ ထောင်ထဲမှာ သဘောထားခံယူချက်ရေးတော့လည်း ဒါတွေပဲရေးခဲ့တယ်။ သူတို့စနစ်ပြောင်းတယ်ဆိုရင် အဲဒီစနစ်နဲ့ လျော်ညီတဲ့ စိတ်ထားလေးတွေ ထားသင့်တယ်။ အုပ်ချုပ်သင့်တယ်။

ထောင်ထဲမှာ အဂတိလိုက်စားမှုတွေရှိတယ်။ ကော်ဖီတစ်ထုပ်နှစ်ထုပ်ကစပြီးတော့ ပိုက်ဆံသိန်းချီပြီး တောင်းနေကြတယ်။ ဒီလိုသွားနေကြ တာ။ ပုံသဏ္ဍာန်မျိုးစုံနဲ့ သွားနေတာရှိတယ်။ ထောင်ထဲက ထမင်းဘုတ်ကိုင် နေရာမျိုးတွေ၊ တန်းကြီးချုပ်လိုနေရာမျိုးတွေ အဲဒီလို သက်သာ တဲ့ နေရာတွေရဖို့ သိန်းချီပေးရတယ်။ ရဲဘက်မလိုက်ချင်ရင် ဘယ်လောက်ပေးရမယ်ဆိုတာမျိုး၊ ဘယ်စခန်းသွားချင်ရင် ဘယ်လောက်ပေး ရမယ်ဆိုတာမျိုး အင်းစိန်အကျဉ်းထောင်မှာတုန်းက ကြုံဖူးတယ်။

မိလ္လာစနစ်သန့်ရှင်းမှု ကတော့ ပိတ်ချိန်ဖွင့်ချိန်ရှိတယ်။ ပိတ်ချိန်မှာ ဂန်ဖလားနဲ့ သုံးတယ်။ ဖွဲပြာနဲ့ သုံးတယ်။ ညဆိုလည်း အဲဒီလိုပဲ သုံးရတယ်။ ဒါပေမယ့် ဖွင့်ပေးတဲ့အချိန်မှာ အိမ်သာရှိတယ်။ သိပ်အကောင်းကြီးတော့ မဟုတ်ဘူး၊ ရေလောင်းအိမ်သာတော့ ရေလောင်းအိမ်သာပဲ။ ဒါ ပေမယ့် သန့်ရှင်းမှုပိုင်းဆိုင်ရာ အားနည်းတယ်။ မိလ္လာစနစ်က မသန့်ရှင်းဘူး။

(၃)

အစိုးရကိုအကြံပေးချင်တာကတော့ တိုင်းပြည်အပြောင်းအလည်းလုပ်တဲ့အခါမှာအစိုးရအနေနဲ့ ရိုးသားဖို့လိုတယ်။ ပွင့်လင်းဖို့ လိုတယ်။ အ ပြောင်းအလဲကို ရဲရဲတင်းတင်းဖော်ဆောင်ဖို့ လိုတယ်။

(၄)
အခုလွတ်မြောက်လာပြီးဆိုတော့ ဦးဇင်းသင်္ကန်းပြန်ဝတ်မယ်။ သာသနာ့အကျိုးနဲ့ တိုင်းပြည်အကျိုးကို ကိုယ်တတ်နိုင်သလောက် ဆောင် ရွက်ပေးမယ်။ ထောင်ကလွတ်မြောက်လာတာနဲ့ပတ်သက်ပြီး ဦးဇင်းခံစားချက်အနေနဲ့ကတော့ ဦးဇင်းကတော့လွတ်လာပြီလေ။ အတတ်နိုင် ဆုံးသူတို့နဲ့အတူ ထွက်ချင်တာပေါ့။ ခုတော့ သူတို့အားလုံးပါမလာတဲ့အတွက် သူတို့ကိုလည်း အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်။ ကိုယ် လွတ်မြောက်လာမှုအပေါ်မှာတော့ ၀မ်းမြောက်ဝမ်းသာရှိတယ်။ ထပ်ပြီးတိုက်တွန်းချင်တာကတော့ ကျန်နေသေးတဲ့သူတွေကိုလည်း အမြန် ဆုံးလွှတ်စေချင်တာပါဘဲ။

ရင်းမြစ်
Yangon Press International
Burma VJ Media


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts