ကိုသန်းလွင် ရေခြားမြေခြား မြန်မာများ

ကိုသန်းလွင် – ချန်ဂီလေဆိပ်

 

ကိုသန်းလွင် – ချန်ဂီလေဆိပ်

(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄

 

(၁)

 

အဲယားပို့ ဗိုလီဘတ် အတွင်းသို့ ကားမောင်းဝင်လိုက်ပြီဆိုသည်နှင့် ကျယ်ပြန့်သော ခြောက်လမ်းသွားလမ်းမကြီး ကိုမြင်ရသည်၊ လမ်းဘေးဝဲယာမှာလေယဉ်လိုင်းနာမည်တွေနှင့်အတူ ဘယ် တာမီနယ် ကိုသွားရမည်ဆိုသည့် ဆိုင်းဘုတ်တွေရှိသည်၊ ကားပါတ်တွေမှာ နေရာအလွတ် ဘယ်လောက်ရှိပါသည့်ဆိုသည့် နီယွန်စာလုံးအမှတ် အသားတွေကို ထိန်ထိန်ငြီးနေသည့် မီးပွင့်တွေနှင့်အတူမြင်ရမည်၊ စင်္ကာပူ ချန်ဂီလေဆိပ်သို့ရောက်ရတိုင်း ကြီးမား ကျယ်ပြန့်သောနေရာ၊ သန့်ရှင်းသတ်ရပ်သော အခင်းအကျင်းကို အထင်အရှားတွေ့ကြရပါသည်၊

 

ချန်ဂီလေဆိပ်သည် ၁၉၈၁ ခုနှစ် အမှတ်တစ် တာမီနယ် ကိုစတင်ဖွင့်လှစ်ချိန်မှစပြီးရေတွက်သော် ဆုတံဆိပ် ပေါင်း ၄ရ၀ကျော် ရရှိပြီး ပြီဟုဆိုသည်၊ ကမ္ဘာအကြီးဆုံးလေဆိပ်များစာရင်းတွင် နံပါတ် ၅ ချိတ်သည်၊  သန့်ရှင်း သတ်ရပ်မှု နှင့် လုပ်ငန်းအဆင်ပြေ ချောမွေ့မှု တို့ကို ကြည့်လျင် ထိတ်တန်းမှာရှိမည်ထင်သည်၊ ချန်ဂီလေဆိပ် နာမည်ကြီးရခြင်းမှာ အဆောက်အဦးကြီး ကြီးမားသောကြောင့်မဟုတ်၊ နေရာကျယ် ပြန့်ပြောခြင်းကြောင့်လည်း မဟုတ်၊ ခရီးသည်များကိုအကောင်းဆုံး ၀န်ဆောင်မှု (Service) ပေးနိုင်ကြသောကြောင့် သာဖြစ်သည်၊

 

Service ၀န်ဆောင်မှုဟုဆိုသည်မှာ တစုံတဦးအတွက် တန်ဘိုးရှိသောအရာတွေဖြစ်အောင် ဖန်တီးပေးခြင်းပင် ဖြစ်သည်၊ ၄င်းသည် ဌာနကြီးတခု၏ အဆိုး၊ အကောင်းကို ဆုံးဖြတ်ပေးသော အရာဖြစ်သည်၊ လေဆိပ်ဟုဆိုရာ တွင် လေယာဉ်တို့ ဘေးရန်ကင်းစွာ ဆင်းနိုင်၊ တက်နိုင်ကြရမည်၊ ခရီးသွားသူတို့ စိတ်အေး ချမ်းသာ လိုရာခရီး ကို အနှောင့်အယှက်ကင်းစွာ သွားလာနိုင်ကြရမည်၊ ခရီးသည်တယောက် လေယာဉ်ပေါ်မှ ဆင်းလာပြီ ဆိုလျင် လူဝင်မှုကြီးကြပ်ရေး ဌာနမှ အမြန်ဆုံး Clearance လုပ်ပေးနိုင်ရမည်၊ ထို့နောက်သူသည် သူ့ ခရီးဆောင်အိပ်ကို အမြန်ဆုံးရွေးယူနိုင်ရမည်၊ ထို့နောက် သူသည်  တက်စီ စီးရန်ဖြစ်စေ၊ ကိုယ်ပိုင်ကားနှင့် သွားရန်ဖြစ်စေ၊ ရထား နှင့်သွားရန်ဖြစ်စေ အမြန်ဆုံးလေဆိပ်မှထွက်ခွာသွားနိုင်ရမည်၊

ပြင်ပသို့ ခရီးသွားမည့်သူအတွက်လည်း ထိုနည်းတူစွာ Check In လုပ်ပြီး မိမိစီးရမည့် လေယဉ်ပေါ်သို့ တက်ခါ သက်သက်သာသာ ခရီးသွားလာနိုင်ရမည်၊ ထိုအချက်အလက်များကို စီမံထားပုံမှာ အသေးစိတ်တိကျလှပေရာ ဟာပေါက် ယိုပေါက် မရှိသလောက်နည်းပါသည်၊ ကျွန်တော့်အတွေ့အကြုံကို ပြောရလျင် လေဆိပ်ဝန်ထမ်းများ ဘက်မှချို့ယွင်းမှုကြောင့် လေယဉ်အော်ပရေးရှင်းနှောင့်နှေးရတာတွေ မရှိသလောက်နည်းပါးပါသည်၊ ကျွန်တော် တို့မြင်ဘူးကြသော လေဆိပ်ဝန်ထမ်းတွေ၏ အလုပ်မှာ ခရီးသည်၏ Boarding Pass ကို စိစစ် ၍ ၀င်ခွင့်ပေးရ ခြင်း၊ လုံခြုံရေးဝန်ထမ်းက ခရီးသည်နှင့်သူယူဆောင်လာသော ပစ္စည်းတွေကို စီစစ်ရခြင်းတို့ဖြစ်ရာ သူ့တို့တာဝန် ကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ကြတာကို အမြဲတွေ့ကြရသည်၊ လူမရှိ၍ ဂိတ်မဖွင့်ရတာ၊ အချင်းချင်း စကားကျယ်လောင်ပြောဆိုနေတာတွေကို မတွေ့ရဘူးချေ၊ ခရီးသည်ကို မချေမငံ ဆက်ဆံနေတာ မျိုးလည်း မကြားရဘူးပေ၊

 

(၂)

 

ရန်ကုန်လေဆိပ်တွင် လေယဉ်ပေါ်ကဆင်းလာသောခရီးသည် သည် လူအုပ်ကြားတွင်တိုးခါဝှေ့ခါ မိမိကားကို စောင့်ကြရသည်၊ ပလက်ဖေါင်းက ကျင်းရသည့်အထဲတွင် ကားတွေကို ရပ်ပါ ရွှေ့ပါ စံနစ်တကျ ညွှန်ကြားနေသူ မရှိ၊ လူအုပ်ကမိမိ လိုသလို ကားကို ရပ်လိုရပ် တင်လိုတင်လုပ်နေကြသည်၊ ကားမောင်းသူမရှိဘဲရပ်ထားသော ကားတွေက ရှေ့မှာ ပိတ်ထားလျင်စောင့်ပေရော့၊ ကားဟွန်းတီးသံ တညံညံ ကြားကြရသည်၊ ဤပြသနာဖြစ်နေ သည်မှာ ကြာလှပါပြီ၊ ကြည့်တတ်လျင်မြင်သူတို့ ရှိပါလိမ့်မည်၊ သို့သော်လည်းအဖြေထုတ်ပေးမည့်သူမရှိ၊

 

တကြိမ်တွင်ကျွန်တော်သည် စင်္ကာပူ၌ဧည့်သည်ကြိုရင်း ပါစင်ဂျာတင်သည့်နေရာ (Arrival Pickup) တွင်ကား ကိုရပ်ထားမိသည်၊ ခဏကြာသော်လေဆိပ်ဝန်ထမ်းက ဒီနေရာမှာ ၅ မိနစ်ထက်ပို၍ကားမရပ်ရဘူးဆိုကာ ကားကို ရွှေ့မောင်း ခိုင်းပါသည်၊ အမှန်က ဧည့်သည်ကြိုလျင် ကားပါတ်မှာသာ ကားကိုရပ်စေချင်ကြသည်၊ 

 

လေဆိပ်သည်မြို့နှင့်ဝေးသောကြောင့် တက်စီမောင်းသူများသည် ပါစင်ဂျာမပါဘဲ လေဆိပ်သို့ မလာလိုကြပေ၊ ဤပြသနာကိုဖြေရှင်းရန် ခရီးသည်က လေဆိပ်မှ တက်စီ စီးလျင် ၅ ဒေါ်လာ အပိုဆောင်းပေးရသည်၊ လေဆိပ် မှာ တက်စီ ကားပြတ်သွားသည်ဟုမရှိပါ၊ စောင့်ရလျင် ၅ မိနစ်ထက် ပိုမကြာတတ်၊ လူတန်းရှည်နေလျင်သာ ကိုယ့်အလှည့်ရောက်အောင်ခေတ္တစောင့်ကြရသည်၊ တခြားနိုင်ငံလေဆိပ်တွေမှာ တွေ့ရသော တက်စီဆရာနှင့် ဈေးမေးဈေးဆစ်စရာမလိုပေ၊ မီတာနှုံးအတိုင်းသာ တက်စီခ ကိုပေးကြရသည်၊ မိမိပစ္စည်းက တနိုင်ဆိုလျင် MRT- Mass Rapid Transport ရထားနှင့် တမြို့လုံးအနှံ့ ဘယ်နေရာမဆို အရောက်သွားနိုင်ကြသည်၊

 

ချန်ဂီလေဆိပ်၏လုပ်ငန်းဆောင်တာအ၀၀ ကို CAG ခေါ် Changi Airport Group ကုမ္ပဏီက စီမံခန့်ခွဲသည်၊ ကားပါတ်တွေကို ဘယ်လိုထားရမည်၊ ဘယ်လိုဆိုင်တွေကို ဘယ်နေရာမှာဖွင့်ရမည်၊ ဘယ်လေကြောင်းလိုင်း တွေကလေဆိပ်မှာ ဘယ်လိုနေရာယူကြရမည်၊ မီးသတ်၊ ရဲ၊ သန့်ရှင်းရေးကိစ္စ၊ လေကြောင်းတွေ၏ လိုအပ်ချက် တွေကိုဖြည့်ဆည်းရန်ကိစ္စအ၀၀ ကို တာဝန်ယူသည်၊ 

 

ကုမ္ပဏီ၏ဖွဲ့စည်းပုံကိုအတိအကျမသိရသော်လည်း သူတို့အလုပ်လုပ်ပုံမှာ အချိန်မှန်ရထားကြီးခုတ်မောင်းနေသလို အချိန်မှန်တိကျလှသည်၊

ချန်ဂီလေဆိပ်ကို လေယာဉ်လိုင်းပေါင်း၁၀၀ ကျော်အသုံးပြုနေကြပြီးတပါတ်လျင်လေယာဉ်ခရီးစဉ်ပေါင်း ၆၄၀၀ ကျော်မျှရှိသည်၊ နိုင်ငံပေါင်း ၆၀ ကျော်မှ မြို့ပေါင်း ၂၅၀ သို့ချိတ်ဆက်ပျံသန်းသည်၊ လေဆိပ်ဝန်ထမ်းပေါင်း ၂၈၀၀၀ ကျော်ရှိပြီး အဖွဲ့အစည်း ၂၀၀ ကျော်က မိမိဆိုင်ရာအလုပ်တွေကိုလုပ်နေကြသည်၊လေဆိပ်ကို ဒီဇိုင်း ဆွဲရာတွင် တနှစ်လျင် ခရီးသည် ၆၆ သန်းဖြတ်သန်းသွားလာနိုင်ရန်ရည်ရွယ်ကြသည်၊ ယနေ့ ပျမ်းမျှခရီးသည် အရေအတွက်မှာ တနှစ်လျင် ၄၄ သန်းကျော်ရှိသည်၊

 

လေယာဉ်ဆိုက်ရောက်ပြီဆိုလျင် တာမီနယ် ၃ ခုစလုံးရှိ ကွန်ပျူတာ Screen များနှင့် Website တို့တွင် ကျေညာပြီးဖြစ်သည်၊ ခန့်မှန်းလေယာဉ်ဆိုက်မည့် အခြေအနေများကို လည်း ထိုနည်းတူ ကျေညာသင်ပုန်း နှင့် ၀က်(ဖ)ဆိုက်များတွင် အမြဲကြည့်နိုင်ကြသည်၊ ခရီးသည်လာကြိုသူသည် လေယာဉ်ခရီးစဉ် နံပါတ်နှင့်တွဲပြီး ထားသည့် ခရီးဆောင်အိပ်များ ရွေးချယ်ယူရာ Belt တွင်မိမိ ဧည့်သည်ကိုစောင့်ကြည့်နိုင်ကြသည်၊ လေယာဉ် ဆိုက်ပြီးသည်နှင့် မိမိ၏ ခရီးဆောင်အိပ် Belt ပေါ်သို့ရောက်ရှိချိန်မှာ မိနစ် အနည်းငယ်သာကြာသည်၊ ကမ္ဘာ့ လေဆိပ်များ၏ Efficiency ကို ဤသို့ Belt ပေါ်သို့ ခရီးသည်၏ အိပ်ရောက်ချိန် ကြာမကြာကို ကြည့်ခါ ဆုံးဖြတ်ကြရပါသည်၊ မိမိလေယာဉ် ပေါ်မှမဆင်းမီ လေယဉ်မယ်တို့ က Belt နံပါတ် ဘယ်လောက်မှာ မိမိတို့ အိပ်ကို ရွေးယူကြရမည် ဟုကျေညာ ပေးလေ့ရှိသည်၊

 

ချန်ဂီလေဆိပ် တာမီနယ် အမှတ်၁ ကို ၁၉၈၁ခုနှစ်တွင်စတင်ဖွင့်လှစ်သည်၊ ထိုအချိန်က ဒေသတွင်းတွင် အကောင်းဆုံး လေဆိပ်မှာ တိုင်ဝမ်ရှိ ချန်ကေရှိတ် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်သည်ဟုဆိုသည်၊ ချန်ကေရှိတ်လေဆိပ်မှာ နောက်တွင် တိုယွမ်အင်တာနေရှင်နယ်လေဆိပ်ဖြစ်လာပါသည်၊ ၁၉၇၉ခုနှစ်တွင် စင်္ကာပူ နိုင်ငံက လေ့လာရေးအဖွဲ့ တဖွဲ့ကို တိုင်ဝမ်သို့စေလွှတ်ပြီးလေဆိပ် ဖွဲ့စည်းပုံ အော်ပရေးရှင်းလုပ် နေပုံ တို့ကို လေ့လာစေခဲ့ကြသည်၊ တာမီနယ် အမှတ် ၁မှာ တိုင်ဝမ်လေဆိပ်ပုံစံကို အတုယူရသည်ဟုဆိုသည် ပြေးလမ်းနှင့် တာမီနယ်အဆောက်အဦးပုံစံမှာ တိုင်ဝမ်လေဆိပ်နှင့် ဆင်ဆင်တူသည်ဟုဆိုကြသည်၊ 

 

အမှတ် ၂ တာမီနယ်ကို ၁၉၉၀ ခုနှစ်တွင်ဖွင့်လှစ်သည်၊ ဘတ်ဂျက်တာမီနယ်ကို ၂၀၀၆ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ရာ တာမီနယ် ၄ ဆောက်လုပ်ရန်အတွက် ၂၀၁၂ တွင်ပြန်လည် ဖျက်သိမ်းခဲ့သည်၊ တာမီနယ် အမှတ် ၃ ကို၂၀၀၈ တွင်ဖွင့်လှစ်ခဲ့ရာ လိပ်ပြာဥယျာဉ် နှင့် ၃ ထပ်အမြင့် ရေလွှာလျောစီးတွေ၊ ရုပ်ရှင်ရုံတွေပါ ပါဝင်ခဲ့သည်၊ လိပ်ပြာ ဥယျာဉ်ကို ဘယ်လို ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည်ကို မသိရပေ၊ ဧည့်သည်တွေ ၀င်သွားလျင် လိပ်ပြာ ငယ်လေးတွေက ကိုယ်ပေါ် ပုခုံးပေါ်တွေမှာ နားကြသည်ဟုကြားရဖူးသည်၊

 

တာမီနယ် အမှတ် ၄ ကို ၂၀၁ရ တွင်ဖွင့်လှစ်ရန်ရာထားသည်၊

Viewing Mall ခေါ်လေယာဉ်အတက်အဆင်းကြည့်ရှုနိုင်သည့် နေရာကို တာမီနယ်တိုင်းတွင်လုပ်ပေးထားရာ အဝေးကိုမျှော်ကြည့်နိုင်သည့်နေရာတွေဖြစ်၏၊ ထိုနေရာတွေမှာ စာမေးပွဲနီးပြီဆိုလျင် ခမ်းလုံးပြည့် ကလေးတွေ စာဖတ်ကြ စာဆွေးနွေးကြသည်ကိုတွေ့ကြရသည်၊

အင်တာနက်သုံးနိုင်သည့်ကွန်ပျူတာများမှာ နေရာအနှံ့ရှိသည်၊ မြို့တွင်းသို့ အခမဲ့ပြောနိုင်သော တယ်လီဖုံး တွေလည်း အလျံပယ်ထားရှိသည်၊ တလောက မိမိဓါတ်ပုံကို ရိုက်ကူးခါ email ဖြင့်အခမဲ့ ပို့နိုင်သော station တခုကိုတွေ့လိုက်ရသည်၊

 

ဤနည်းဖြင့် ချန်ဂီလေဆိပ်ကို Transit ခရီးသွားသူတွေက နှစ်သက်ကြသည်၊ တာမီနယ်တိုင်းတွင် တည်းခိုနိုင် သော ဟော်တယ်တွေရှိသည်၊ ခရီးသွားမည့်လူတွေက လည်းအချိန်စောပြီးလေဆိပ်သို့သွားရန် ၀န်မလေး တတ်ကြ၊ ကြည့်ရှုစရာဆိုင်တွေက များလှသည်၊ အစားအသောက်ကလည်းစုံစုံလင်လင် ၀ယ်၍ ရနိုင်ကြသည်၊ အကြောင်းတစုံတရာကြောင့် မိမိ လေယာဉ်ခရီးစဉ်နှောင့်နှေးနေလျင် ဆိုင်တွေမှာ ၀င်ပြီးစားနိုင်သော လက်မှတ် ကို အခမဲ့ထုတ်ပေးတတ်သည်၊

 

ချန်ဂီလေဆိပ်၏ထူးခြားချက်တခုမှာ ရေအိမ်သာတွေ သန့်ရှင်းခြင်းပင်ဖြစ်သည်၊ အိမ်သာတိုင်းမှာ သန့်ရှင်းရေး အစောင့်ရှိသည်၊ အမှိုက်တမျှင်မျှမရှိသည့်အပြင် ရေဘုံဘိုင်ခေါင်း တွေပြောင်လက်နေသလို ရေဆွဲ အော်တော် မစ်တစ် ခလုပ်တွေမှာ အားလုံးအလုပ်လုပ်သည်၊ တစ်ရှုးပေပါ၊ လက်သုတ်ရန်ပေပါ၊ လက်ရေချောက်ရန် မှုတ်စက် အစုံရှိသည်၊ သန့်ရှင်းရေးအစောင့်၏ ဓါတ်ပုံပါသော ကွန်ပျူတာ Screen တွင် အိမ်သာအခြေအနေကို အကဲခတ် အမှတ်ပေးရန် ညံ့၊ကောင်း အလွန်ကောင်းစသည်ဖြင့် လက်ဖြင့်နှိပ်ခါ အမှတ်ပေးခဲ့နိုင်သည်၊ ထို ရီကော့တွေကို အမြဲ မော်နီတာလုပ်ပြီး အစောင့်နှင့် အမြဲ ဆွေးနွေးနေကြဟန်တူသည်၊ ထိုမှန်သားပြင် Screen တွင် နံနက်၊ ညနေခင်းစသည်ဖြင့် အချိန်နှင့်လိုက်အောင် နှုတ်ဆက် စာလေးတွေ ရေးထားတတ်သည်၊

အကောင်းစား ဂရက်နိုက်တွေဖြင့် ပြောင်လက်နေသော ကြမ်းခင်းမှာ အမြဲတိုက်ချွတ်ထားဟန်တူသည်၊ အမျိုးသမီးအိမ်သာများတွင် ကိုယ်လုံးပေါ် မှန်ကြီးများနှင့် အလှပြင်ရန် အပမ်းဖြေ နားနားနေနေ ထိုင်နိုင်ရန် စီစဉ်ပေးသည်၊ အနံ့ အသက်ကောင်းနေစေရန် စီစဉ်ထားသည့်နည်းတူ တေးဂီတ နားဆင်ရန်ကလည်း Music ကိုအမြဲဖွင့်ထားပေးသည်၊

 

မိမိအိပ်ကိုတင်ပြီးတွန်းနိုင်ရန်တွန်းလှည်းမှာ နေရာတိုင်း၊ တာမီနယ်တိုင်းမှာရှိသည်၊ ချန်ဂီလေဆိပ်ကဲ့သို့ တွန်းလှည်း ကို အလကားသုံးရသော လေဆိပ်မှာများများစားစားမရှိပါ၊ စာအုပ်ဆိုင်၊ အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင် အီလက်ထရောနစ် ပစ္စည်းဆိုင်၊ မျိုးစုံနေအောင်ရှိသည်၊ ဂျူတီဖရီးဆိုင်မှာ ရေမွှေး။အရက်၊ စီးကရက် တို့ကို မြို့ထဲက အကောက်ခွန်ပေးရသည့်ဆိုင်တွေထက် ဈေးချိုချိုဖြင့် ရနိုင်သည်ဟုဆိုကြသည်၊

 

လေယာဉ်ပေါင်းမြောက်များစွာအတွက်ဆီဖြည့်၊ ကြံ့ခိုင်ရေးလုပ်ငန်းတွေ လုပ်နိုင်ရေး၊ လေယဉ်ဆိုက်ရောက်လျင် ထပ်မံပျံသန်းရန်အတွက် လေယဉ်သန့်ရှင်းရေးလုပ်ငန်း၊ အစားအသောက်ဖြည့်ဆည်းပေးခြင်း၊ ခရီးဆောင်အိပ် တွေကိုလိုအပ်သလိုေ၇ွှ့ပြောင်းပေးရခြင်း (Luggage Handling) တို့မှာအလွန်အသေးစိတ်ပြီး အမှားမခံသော ကိစ္စတွေဖြစ်ပါသည်၊

ကျွန်တော်တို့သိလိုကြသည်မှာ ထိုကိစ္စရပ်တွေကို အမှားအနည်းဆုံး ဖြစ်အောင် ချန်ဂီလေဆိပ် ၀န်ဆောင်မှု အဖွဲ့က ဘယ်လို စီမံဆောင်ရွက်နေသလဲဆိုသော အချက်ဖြစ်ပါသည်၊ 

 

သက္ကရာဇ် ၂၀၀၀ ခုနှစ်ကတိုင်ဝမ် လေဆိပ် အတက်မှာ မှားယွင်းသောပြေးလမ်းတွင် အတားအဆီးများကို လေယဉ်ပိုင်းလော့က မသိမမြင်သဖြင့် စင်္ကာပူလေကြောင်း လိုင်းမှ လေယာဉ်တစီးပျက်စီးဆုံးရှုံးရဘူးသည်၊ လေယာဉ် Control Tower မှာလေယာဉ် အတက် အဆင်းကို ညွှန်ကြားနေကြသော Controller တွေရှိသည်၊ မှားပြီ၊ ပျက်ပြီ ဆိုသည်နှင့် လူပေါင်း မြောက်များစွာအသက်ဆုံးရှုံးကြရပါသည်၊

ကျွန်တော်တို့မြင်ရသော စင်္ကာပူလေဆိပ်၏ထူးခြာချက်များစွာတို့မှာ ထို အော်ပရေးရှင်းဆိုင်ရာ စီစဉ်ခန့်ခွဲမှု ကောင်းပုံတွေကို မဖေါ်ပြဘဲ အပြည့်စုံနိုင်ပါ၊ သို့ပါသော်လည်းကျွန်တော်သည် အတတ် ပညာရှင်မဟုတ်သဖြင့် Technical ကိစ္စတွေကို  အကောင်းအဆိုး မဖေါ်ပြတတ်ပါ၊ ကျွန်တော်တို့ ပြောပြနိုင်သည်မှာ လူသိရှင်ကြား ကြီးမားသော အမှားတွေ ချန်ဂီလေဆိပ်မှာ မဖြစ်ခဲ့ခြင်းကိုသာပြောနိုင်ကြပါသည်၊လေဆိပ်၏ Safety Record မှာ နိုင်ငံတကာ လေဆိပ်များစွာ ကအားကျကြမည်ထင်ပါသည်၊

 

အမေရိကန်လေဆိပ်များတွင် ပြည်ပသို့သွားမည့်ခရီးသည်အတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာကို မထား ရှိပေ၊ ထိုသို့လူဝင်မှုကြီးကြပ်ရေးကောင်တာကိုစင်္ကာပူလေဆိပ်မှာလည်း ဖြတ်စရာမလိုတော့ဘူး ဆိုလျင် ချန်ဂီ သည်ပို၍လှပသွားမည်ထင်သည်၊ ချန်ဂီလေဆိပ်က လူဝင်မှုကြီးကြပ်ရေး အဖွဲ့မှာ ခန့်မှန်းရခက် သောအဖွဲ့ဖြစ် သည်၊ မူဝါဒတွေပြောင်းနေသလို သူတို့က ထိုမူဝါဒများနှင့်ပါတ်သက်ပြီး ဖြေရှင်း ရန်မလိုသဖြင့် ပို၍ခက်သည်၊ ကျွန်တော်တို့ မြန်မာနိုင်ငံသားမြောက်များစွာမှာလေဆိပ်မှအ၀င်မခံ သဖြင့် ပြန်သွားကြရဘူးသည်၊ တချိန်က စင်္ကာပူနိုင်ငံသို့ ၀င်ရန် ဗီဇာမလိုခဲ့ပေ၊ သူတို့ဝင်ခွင့် မပေးချင်သူကို လေဆိပ်ထဲမှာ တညဥ့်သိပ်ပြီး နောက်နေ့ လေယာဉ်နှင့် ပြန်ပို့လေ့ရှိသည်၊ သူတို့က ၀င်ခွင့် ပြုသောကြောင့် အလုပ်တွေရပြီး အခြေချ နေထိုင် ကြသူတွေ ရှိသည်မှာလည်းအမျာသိဖြစ်ပါသည်၊

ထိုအချိန်က အစိုးရကလည်းအားမကိုးရ၊ သံရုံးကလည်းဘာမှအကူအညီမပေးနိုင် မြန်မာနိုင်ငံမှစွန့်စားထွက်ခွါ လာသူအများအပြား ဒုက္ခရောက်ကြရသည်၊ အခုတော့ဗီဇာနှင့် မှ ၀င်ရသော စံနစ်ကြောင့် ထိုအဖြစ်မျိုးမရှိတော့ ဟုသာ ယူဆရသည်၊ ချန်ဂီလေဆိပ်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိများကို ခရီးသည်များနှင့် အလာပ၊ သလာပ နှုတ်ဆက်စကား ပြောကြရမည်ဟု ညွှန်ကြားထားဟန်ရှိသည်၊ ခရီးသည်များစွာတို့မှာ အင်္ဂလိပ်စကား မပြော တတ်ကြသောကြောင့် အခက်တွေ့နေကြသည်၊ အခုတော့ သူတို့ရှေ့တွင် ချိုချင်ခွက်လေးတွေချပေးပြီး ချိုချင် စားပါဟု နှုတ်ဆက်ကြသည်ဟုဆိုသည်၊

 

စင်္ကာပူ နိုင်ငံသားနှင့် ပီအာတွေမှာ ပါတ်(စ)ပို့ ကို Scan လုပ်ပြီး လက်ဗွေကို ကွန်ပျူတာပေါ်မှာတင်ပေးလျင် တံခါးဖွင့်ပေးသည်၊ လူဝင်မှု ကြီးကြပ်ရေး ကောင်တာသို့သွားရန်မလိုတော့ပေ၊ လေယာဉ်ပေါ်တွင်ထိုင်ခုံနေရာ ကို မိမိအိမ်မှရွေးနိုင်နေကြပြီ။ မကြာမှိမိမိဖါသာ Check In လုပ်နိုင်ရန်စီစဉ်နေကြပြီဟုလည်းကြားရသည်၊

ခရီးသွားသူအဖို့ မိမိ၏ Check In အိပ်မှာ ကောင်တာတွင်ပေးပြီးသည်နှင့် စစ်ဆေးရေးကိစ္စပြီးတော့သည်၊ မိမိခရီးလမ်းဆုံး ရောက်မှသာ ခါးပါတ်ပေါ်တွင်လည်နေတာကိုတွေ့ရတော့မည်၊ ရှန်ဟိုင်းလေဆိပ်တွင်မူ အိပ်စရေးစက်တွင် ဖြတ်ပြီး ကျေနပ်ပါမှ Boardibf Pass ကို ထုတ်ပေးသည်၊ ခရီးသည်မှာ စစ်ဆေးနေတာ မပြီးမချင်းစောင့်ကြ ရသည်၊

 

ချန်ဂီလေဆိပ်ထူးခြားရခြင်းမှာ ၄င်း၏Service attitude ၀န်ဆောင်မှုအမြင်ကောင်းခြင်းကြောင့်ဟု ဆိုခဲ့ပါပြီ၊ ပြည်ပမှရောက်လာသော ပစ္စည်းထုပ်တခုသည် လေယာဉ်ဆိုက်ပြီး ပိုင်ရှင်မှ ၄-၅ နာရီအတွင်း မိမိကားနှင့် မောင်းထုတ်သွားနိုင်ရမည်ဟုညွှန်ကြားထားချက်တခုရှိပါသည်၊ ကျွန်တော့်ထံသို့ အိန္ဒိယနိုင်ငံမှ ပစ္စည်းတထုပ် ပို့လိုက်ဖူးသည်၊ သက်ဆိုင်ရာဝန်ထမ်းက ပစ္စည်းရောက်ပြီး ၂၄ နာရီအတွင်း ကျွန်တော့်ထံသို့ ဖုံးဆက်ပါသည်၊ ကျွန်တော် ကိုယ်တိုင် လာမည်ဆိုလျင်လည်းသူတို့ ကူညီနိုင်ပါသည်၊ အကယ်၍ ကိုယ်စားလှယ်ငှားမည် ဆိုလျင် လည်း ဤဖုံးကိုဆက်ပါဟုပြောသည်၊ ကျွန်တော်က အေးဂျင့်ကို ဆက်သွယ်ရာ နောက်တနေ့ ကျွန်တော့်ထံသို့ ထိုပစ္စည်းထုပ် ရောက်လာပါသည်၊ ကျွန်တော်က အစိုးရကကောက်ခံသော အခွန်နှင့်အတူသူ့ကိုဝန်ဆောင်ခ ဒေါ်လာ ၃၀ ပေးလိုက်ရပါသည်၊

(၃)

 

ကျွန်တော်သည်ကျောင်းသားဘ၀နှင့်၎င်း၊ အစိုးရ၀န်ထမ်းအနေဖြင့်၎င်း၊ မြို့တော်ရန်ကုန်တွင် ကာလကြာရှည် နေခဲ့ဘူးသူ ဖြစ်ပါသည်၊ ကျွန်တော်နေဘူးသော ရန်ကုန်မြို့ကြီးမှာ ရှုတ်ပွနေသော နောက်ဖေးလမ်းကြားများ၊ သိမ်းကောက် မည့်သူမရှိသော အမှိုက်ပုံကြီးများ၊ ရေလျံနေသောအိမ်သာ၊ ညစ်ပါတ်နံစော်နေသော အိမ်သာ တွေမှာမြင်တွေ့နေကျ ဖြစ်ပါသည်၊ ရန်ကုန်မြိုလည်တွင်အများသုံးအိမ်သာမရှိသဖြင့် ဂျွတ်ဂျွတ်အိပ်ဖြင့်ကိစ္စ ပြီး ကြရသောအဖြစ်တွေလည်းကြုံခဲ့ဘူးပါသည်၊ စီမံခန့်ခွဲသူလည်းမရှိ၊ ၀န်ဆောင်မှုသဘောကို ၀န်ထမ်းတွေက နားမလည်ကြသော အခါ မြို့ကြီးမှာအလွန်အရုပ်ဆိုးပါသည်၊

 

ချန်ဂီလေဆိပ်တွင်တွေ့ရသော စီမံခန့်ခွဲမှု ၀န်ဆောင်မှုလုပ်ငန်း (Service) ကောင်းမွန်ခြင်းမှာ အလွန်အားကျ ဘွယ်ကောင်းသည်၊ ထိုဝန်ဆောင်မှုအတတ်ပညာနှင့်၊ လုံလောက်သော ဘတ်ဂျက်တွေပေါင်းစပ်ခါ အတွေ့ အကြုံရှိသူတွေကို ခေါ်ယူစုဆောင်းပြီး အလုပ်လုပ်ကြပါလျင် နှစ်အနည်းငယ်အတွင်း ရန်ကုန်သည် ကမ္ဘာ့ အဆင့်မှီ မြို့တော် ကြီးဖြစ်လာနိုင်ပါသည်၊

 

 

ကျွန်တော်တို့နိုင်ငံတွင် သုဝဏ္ဏဘုမ္မိ လေဆိပ်အသစ်ကြီးဆောက်တော့မည်ဟုလည်း သတင်းကြားရသည်၊ အဆောက်အဦး ပုံစံဒီဇိုင်းကို ကြိုက်သလိုဆောက်ပါ၊ ၀န်ဆောင်မှုလုပ်ငန်းအတွက် ဘယ်လိုလူတွေက ဘယ်လို စီမံခန့်ခွဲ နေကြသည်ကိုသိရန်မူ စင်္ကာပူလေဆိပ်သို့ လေ့လာရေးအဖွဲ့လွှတ်ဖြစ်အောင် လွှတ်ပါဟုတိုက်တွန်း လိုပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုသန်းလွင် – ချန်ဂီလေဆိပ်
  1. ကျေးဇူးတင်ပါတယ်. . ကိုသန်းလွင်။ ကြီးကျယ်ခမ်းနားလှတာတွေ.. စနစ်ကျတာတွေ … သိရတာ ကမ္ဘာ့အကောင်းဆုံးလေဆိပ်တစ်ခုအကြောင်း။ အဲ.. တိုကြို၊ နယူးယောက် လေဆိပ်တွေက ဒါလောက်မခန်နားပါဘူး… မြန်မာလေဆိပ်လဲ တိုးတက်လာပါပြီ။ ၁၅မိနစ်ဆို လပ်ဂိတ် အိတ်တွေရောက်လာတယ်ဗျ… ဝိုင်ဖိုင်၊ ရေ၊ စားသောက်ဆိုင်လဲ ရှိပါတယ်။ အိတ်ပျောက်တယ်လဲ မကြားဖူးသေးပါဘူး။ အိတ်ဆွဲပေးတဲ့ ကလေးတွေ.. အိတ်မပြီး ထွက်မပြေးကြပါဘူး။ ကျပ်၅၀၀၊ ၁၀၀၀ ပေးလိုက်ရင် တက်ကစီထိ လိုက်ပို့တင်ပေးပါတယ်။ ကျပ်၅၀၀၀ ရက်ရောစွာပေးတဲ့ အကျင့်ဖျက် နိုင်ငံခြားရောက် ဗမာတွေလဲ တွေ့ပါရတယ်။ လေဆိပ် immigration ဝန်ထမ်းကို ပတ်စပို့ကြား ဒေါ်လာတဆယ် ညှပ်ပေးတဲ့ အကျင့်ပျက် ဗမာတွေ ရှိတုံးပါပဲ ဗျာ..။ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် လေဆိပ်များကို ကြည့်ပါ… အဲဒီအတိုင်းဖြစ်လာမှာပါ။ ထိုင်း ဒွန်မောင်းလေဆိပ်ကို ဂျပန်တွေ နှစ်၃၀ ဘီအိုတီနဲ့ဆောက်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က နှစ်စေ့သွားလို့ ထိုင်းနိုင်ငံကရန်ကုန်နဲ့သိပ်မထူးခြားပါဘူး။ . မင်္ဂလာဒုံလေဆိပ် ..အုပ်ချုပ်သူဝန်ထမ်းလစာက ကျပ်၂သိန်း (ဒေါ်လာ၃၀၀)၊ တစ်လဓါတ်ဆီ ၃၀ဂါလံက (ကျပ် ၁သိန်းခွဲ) ပဲရတော့ လာပ်စားဦးမျာပါပဲ..။ လေဆိပ် Immigration/Custom ဝန်ထမ်းလစာက ကျပ်၈သောင် ဆိုတော့၊ လူကြီးခွဲပေးတဲ့ ဝေစုလေးကို ဝန်ထမ်းငယ်လေးတွေ မျှော်နေရဦးမှာပါပဲ….

  2. “သုဝဏ္ဏဘုမ္မိ” လေဆိပ်အသစ်ကဘန်ကောက်မှာပါ။ မြန်မာပြည်မှာဆောက်မှာက “ဟံသာဝတီ” လေဆိပ်အသစ်ပါ။

Comments are closed.