ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်

ကိုသန်းလွင် ● ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်
(မိုးမခ) မေ ၁၅၊ ၂၀၁၇

(၁)
လွန်ခဲ့သော ၂၀၁၆ခု နိုဝင်ဘာက ကျူနီးရှားနိုင်ငံတွင်အစိုးရမဟုတ်သောပြည်သူအများ စုပေါင်း၍ အမှန်တရားနှင့် ဂုဏ်သိက္ခာ (Truth and Dignity Commission) ဆိုသည့်ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ အာဏာရှင်ဘင်အလီ (Zine el-Abidine Ben Ali) လက်ထက်က ဖြစ်ပွားခဲ့သောအစိုးရ၏ ရက်စက်ကြမ်း ကြုတ်စွာဖိနှိပ် ချုပ်ချယ်မှု လုပ်ရပ်များကိုကြားနာစစ်ဆေးပေးမည့် ကော်မရှင်တစ်ခုဖြစ်ပါသည်။ မတရားညှဉ်းပမ်း နှိပ်စက်ခံရသူ ထောင်သွင်းအကျဉ်းကျခံရသူ၊ သေဆုံး ခဲ့ရသူတို့၏ ဆွေမျိုးသက်သေများဖိတ်ခေါ်၍သူတို့ အတွေ့အကြုံများကို ကြားနာကြခြင်းဖြစ်ပါသည်။ အာဏာပိုင်များဘက် မှလည်း မည်သူမဆိုလာရောက် ထွက်ဆိုနိုင်ကြောင်းကိုလည်း ဖိတ်ခေါ်ထားပါသည်။

(၂)
၂၀၁၁ခု လွန်ခဲ့သော ၆နှစ်က ကျူနီးရှားနိုင်ငံတွင် သစ်သီးရောင်းသူတဦး စီးပွားရေးဒဏ် ဖိစီးပြီး ဆန္ဒပြသည့် အနေဖြင့် မိမိဘာသာ သတ်သေခဲ့ရာမှ အာရပ်နွေဦး (Arab Spring) ဟုခေါ်သော လူထုလှုပ်ရှားမှုတရပ် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုသည် အီဂျစ်၊ ယီမင်၊ လစ်ဗျားနှင့်ဆီးရီးယားနိုင်ငံများသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါသည်။

ယခု၂၀၁၇ ခုနှစ်ရောက်သောအခါ အီဂျစ်နိုင်ငံတွင် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရမှာ ဖြုတ်ချခံခဲ့ရပြီးစစ်အာဏာရှင်အစိုးရ ရှိနေပါသည်။ ယီမင်၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့တွင် ဆိုးရွားသော ပြည်တွင်းစစ်များဖြစ်နေကြ ရပါသည်။ ကျူနီးရှားနိုင်ငံတနိုင်ငံတွင်သာ ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရက အုပ်ချုပ်လျက် ရှိပါသည်။

အာရပ်နွေဦးလှုပ်ရှားမှုကြောင့် တိုင်းပြည်နိုင်ငံအများပြားတွင် အာဏာရှင်ကြီးများ  ပြုတ်ကျသွားကြသော်လည်း လူအများမျှော်လင့်သလို ဒီမိုကရေစီလူ့ဘောင်သစ်ကိုမထူထောင်နိုင်ခဲ့ကြပါ၊ အာဏာရှင်များ လက်ထက်က အတိုက်အခံအဖွဲ့ အစည်းများအပေါ် ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့ခြင်းများကြောင့် ၀န်ထမ်းအဖွဲ့အစည်း (သို့မဟုတ်) လူမှုအဖွဲ့အစည်းဟူ၍ အခိုင်အမာ မကျန်ရစ်တော့ပါ၊ အာဏာရှင်များမရှိတော့ချိန်တွင် နိုင်ငံတွင် လိုအပ်သည့် ဗျူရိုကရေစီ ယန္တယားကို ဆက်လက် မလည်ပတ်စေနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြပါသည်။

ကျူနီးရှားနိုင်ငံတွင်မူ ပြည်သူများဘက်က အစဉ်ရပ်တည်ခဲ့သော အဖွဲ့အစည်းတခုရှိခဲ့ပါသည်။ နိုင်ငံတွင် အကြီးဆုံး အလုပ်သမား သမဂ္ဂ (Trade Union) က ဦးဆောင်၍ ၂၀၁၃ ခုနှစ်တွင် ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ စုပေါင်း၍ (National Dialogue Quartet) ခေါ် အဖွဲ့အစည်းကို ထူထောင်ခဲ့ကြပါသည်။ သူတို့သည် မတူညီသော အဖွဲ့အစည်းများအကြား၊ ကြားဝင်စေ့စပ်ပေးနိုင်မှုကြောင့် ပဋိပက္ခများကို သက်သာစေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ကြပြီး လွတ်လပ်သော ရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ကြသည်။ ဒီမိုကရေစီ အစိုးရတက်လာသောအခါ ထိုအဖွဲ့ကြီးကို နိုဘယ်လ်ကော်မတီက ၂၀၁၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချီးမြှင့်ခဲ့ပါသည်။

(၂)
ကျွန်တော်တို့သည် တောင်အာဖရိကနိုင်ငံ၏ လူဖြူအစိုးရ ချုပ်ငြိမ်းသွားအပြီးတွင် အာဏာရပါတီနှင့် အစိုးရ ကဦးဆောင် ဖွဲ့စည်းခဲ့သော (Truth and Reconciliation Commission) အကြောင်းကို ကြားဖူးကြပါသည်။ အသားအရောင်ခွဲခြားမှုစနစ်အောက်မှ လွတ်မြောက်လာသော အာဖရိကအစိုးရသစ်က ပြည်သူတို့၏ နစ်နာချက်များကို စုံစမ်း၊ စစ်ဆေး၊ ပြုပြင် ထိမ်းသိမ်းသင့်သည်တို့ကို လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

ကျူးနီးရှားနိုင်ငံကလည်းဖြစ်ပြီးသမျှအကြောင်းတို့ကို မေ့ပျောက်ပြစ်ခြင်းထက် ၄င်းတို့ကိုစနစ်တကျ မှတ်တမ်း တင်ထားလို ဟန်ရှိပါသည်။ ထောင်ပေါင်များစွာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက ဘာရလိမ့်မည်ဟူ သောမျှော်လင့်ချက် ဘာမှမရှိဘဲ ကော်မရှင်သို့ လာရောက်ထွက်ချက်ပေးကြပါသည်။ ထိုထွက်ဆိုသူများအား စာဖြင့်လည်းကောင်း၊ မက်ဆေ့ခ်ျ များဖြင့်လည်းကောင်း၊ တယ်လီဖုံးတို့မှလည်းကောင်း၊ အားပေးစာ၊ အကြံပြုစာ၊ ထောက်ခံချက်ပေးစာ စသည်တို့ဖြင့် အမျိုးမျိုး ထောက်ခံမှုများ ရရှိနေကြပါသည်။

ငါးလအတွင်း ကြားနာမှု ရှစ်ကြိမ်လုပ်နိုင်ခဲ့ကြပါသည်။ မည်သို့ပင် စိတ်ထိခိုက်ကြေကွဲရပါသည် ဆိုစေ၊ မိမိတို့၏ အတိတ်ဖြစ်ရပ်များနှင့်ခံစားချက်အသီးသီးကို ရင်ဖွင့်နေကြပါသည်။ အာဏာရှင်ဟောင်း ဘင်အလီ ကိုယ်တိုင်မှာ ဆော်ဒီအာရေးဗီးရားနိုင်ငံတွင် နေထိုင်နေရာမှ ထိုတီဗွီအစီအစဉ်များကို အမြဲကြည့်ရှု့ နားထောင် နေသည်ဟု သူ့ရှေ့နေလုပ်သူက ပြောပြပါသည်။

ထိုကော်မရှင် အလုပ်လုပ်ပုံများမှာ ပြည်တွင်းစစ်နှင့်အခြားပဋိပက္ခများဖြင့် ပြည့်နေသော အရှေ့အလယ်ပိုင်း ဒေသအတွင်း၌ တောက်ပသောအလင်းရောင်တခု သဘွယ် ဖြစ်နေသည်ဟု သတင်းစာများက ရေးကြပါသည်။

ကျူနီးရှားနိုင်ငံတွင်း၌ ပြဿနာများပြီးဆုံးသွားပြီဟုဆိုလိုခြင်းမဟုတ်ပါ၊ လူငယ်လူရွယ်ထောင်ပေါင်းများစွာတို့ မှာ အကြမ်းဖက်သမား (ISIS) အဖွဲ့နှင့်သွားရောက်ပူးပေါင်းနေကြပြီး အချို့မှာလည်း နိုင်ငံသို့ ပြန်လာနေကြပြီ ဖြစ်သည်။ အလုပ်လက်မဲ့ပြဿနာ၊ အကျင့်ပျက်ခြစားနေခြင်းများ၊ အကြမ်းဖက် သောင်းကြမ်းသူတို့၏ တိုက်ခိုက်မှုများကြောင့်နိုင်ငံရေးအခြေအနေမှာ ရှုတ်ထွေးနေဆဲဖြစ်သည်ဟုလည်းဆိုနိုင်ပါသည်။

ကော်မရှင်၏ ဦးတည်ချက်ဖြစ်သည့် ပြီးခဲ့သော အဖြစ်အပျက်များမှ သင်ခန်းစာရယူရန်၊ အပြစ်ရှိသူများကို ထိုက်သင့်သော ပြစ်ဒဏ်ကိုပေးနိုင်ရန်၊ တဖက်ကလည်း ရန်သူတော်များအကြား ကြေအေးပြေလည်ပြီး အတူ တကွနေထိုင် အလုပ်လုပ်နိုင်ရန်ကိစ္စများမှာ အနှောင့်အယှက်နှင့် အခက်အခဲများစွာ တွေ့ကြုံကြရပါသည်။ ကော်မရှင်၏ လုပ်ရပ်များကို ရှုတ်ချသူများလည်းရှိနေကြပါသည်။

မည်သို့ဆိုစေ ပြည်သူသန်းပေါင်းများစွာတို့က သက်သေထွက်ချက်များကိုရင်သတ်ရှု့မောကြည့်ရှုအားပေး နေကြပါသည်။ အမှန်တရားကိုပြောကြားခြင်းဖြင့် ပြန်လည်ပေါင်းစည်းသင့်မြတ်ရေး၏ လမ်းစတခုဖြစ်သည် ဟုလည်း သဘောပေါက်လာကြပါသည်။ ဘာမှမဖြစ်စေဦး တပြည်လုံးက ပါဝင်ဆွေနွေး (National Debate) နေကြသည်ကိုမြင်ရသည်မှာ အားတက်ဖွယ်ပင်ဖြစ်ပါသည်။

ပဌမဆုံးအကြိမ် အခမ်းအနားကို ပြည်သူများ၏ ၃ပုံ၁ပုံ (၁.၈ သန်း) ကတီဗွီများမှကြည့်ခဲ့ကြပြီးလူဦးရေနှစ်သန်း ခန့်က အင်တာနက်မှကြည့်ရှုခဲ့ကြပါသည်။ တီဗွီကုမ္ဗဏီကြီး ၄ခုက တပြိုင်နက်တည်းထုတ်လွှင့်ပေးခဲ့ကြပါသည်။ အနှစ် ၆၀ကြာအောင် အုပ်ချုပ်သွားသောအာဏာရှင်အစိုးရလက်ထက် လူသတ်မှုများ၊ ပျောက်ဆုံးသွားသူများ၊ အကြမ်းဖက်နှိပ်စက်မှုများ အကြောင်းကို ညဉ့်နက်သန်းခေါင်တိုင်သည်အထိ သက်သေများက ဆက်တိုက် ထွက်ဆိုခဲ့ကြပါသည်။ ၂၀၁၀-၁၁ ခုနှစ်အထိ အစိုးရက ဖုံးကွယ်ရန်ကြိုးစားမှုများ၊ လိမ်လည်ပြောဆိုချက်များမှာ တစတစနှင့် ရုပ်လုံးပေါ်လာကြပါသည်။

သူအဖမ်းခံရစဉ်က အသက် ၂၀ သာရှိသေးသော Mr Bramin ဆိုသူမှာ သူ့အဖြစ်အပျက်များကို ဖွဲ့နွဲ့ပြောပြရင်း၊ နေချင်းညဉ့်ချင်း နိုင်ငံကျော်သူဖြစ်သွားပါသည်။ အစ္စလာမ် စစ်သွေးကြွသူများနှင့် ပူးပေါင်းသည်ဟူသော စွက်စွဲချက်ဖြင့် သူ အဖမ်းခံခဲ့ရခြင်းဖြစ်ရာ သူ၏ မျှော်လင့်ချက်များပျောက်ဆုံးသွားရပုံ၊ သူ၏မိသားစုဝင်များကို အစိုးရအရာရှိများကနှိပ်ကွတ်ကြပုံများကို စီကာပတ်ကုံးပြောပြခဲ့ပါသည်။

သူက သူတို့၏အခြေအနေမှာ အီရတ်နိုင်ငံ (Abu Ghrab Prison) ထောင်ထက် အခြေအနေပိုဆိုးကြောင်း၊ သူက ထိုစဉ်က ထောင်ပိုင်ဖြစ်သူ၏နာမည်ကို ထုတ်ဖေါ်ပြောခဲ့ရာ ထိုတောင်ပိုင်က ညှင်းပန်းနှိပ်စက်မှုများနှင့် ပါတ်သက်၍ ငြင်းဆိုခြင်းမပြုခဲ့ပါဟုဆိုသည်။ ထိုစဉ်က ထောင်ဝန်ထမ်းနှစ်ဦး ကလည်း ကော်မရှင်သို့လာပြီး အစစ်ခံခဲ့ရာ သူ့ထွက်ဆိုချက်များမှာ မှန်ကန်သည်ဟုထောက်ခံခဲ့ကြပါသည်။ “ကျွန်တော်က သူတို့ကိုအပြစ် မတင်ပါဘူး စနစ်ကြီးမှာဘဲအပြစ်ရှိပါတယ်” ဟု သူကပြောသည်။ ညှင်းပမ်းနှိပ်စက်ခံရသူတစ်ဦး၏ ခွင့်လွှတ် သောအပြောအဆိုကို တိုင်းပြည်က ရင်သတ်ရှုမောကြည့်ရှုအားပေးခဲ့ကြပါသည်။

ယခုအချိန်အထိ ကြားနာပြီးသမျှ အမှုပေါင်း ၆၅၀၀၀ ကျော်မျှရှိပြီးဖြစ်ရာ အမှု ၁၀၀ ခန့်ကို ဆက်လက်အရေး ယူနိုင်ရန် တင်ပြမည်ဟု ကော်မရှင်ထုတ်ပြန်ချက်များက ဆိုသည်။

ယခုကဲ့သို့ပြီးခဲ့သော ပြစ်မှုများအား ပြန်လည်သုံးသပ်ရသော အတွေ့အကြုံများကို တောင်အာဖရိက၊ လက်တင် အမေရိက ပိုလန်နှင့်အခြားနိုင်ငံအချို့တွင် ကြုံခဲ့ကြဖူးသည်။ ထိုနိုင်ငံများ၏ အတွေ့အကြုံများမှ သင်ခန်းစာယူ၍ နှိပ်စက်သူနှင့် ခံရသူကို မျက်နှာခြင်းဆိုင်ရအောင် မပြုလုပ်ပါဟု ကော်မရှင်ကဆိုသည်။ ထိုသို့ မျက်နှာခြင်းဆိုင် ပေးလျင် မလိုလားအပ်သောခံစားချက်ပေါက်ကွဲမှုများကြုံကြရသည်။ ကော်မရှင်က လာမည့်အစီအစဉ်များတွင် အာဏာပိုင်များဘက်မှ သက်သေ ထွက်သူများကို အဓိကထားဖိတ်ခေါ်ထားပြီး သူ့တို့က ထုတ်ဖေါ်ပြောဆိုကြမှ သာအာဏာရှင်တို့၏သဘော သဘာဝကို ပိုမိုနားလည်နိုင်မည်ဟုယူဆကြသည်။

(၃)
ကျူနီးရှားနိုင်ငံ လက်ရှိသမ္မတကြီးဖြစ်သူ မစ္စတာအက်စ်ဘာစီ (Beji Caid Essebsi) သော်လည်းကောင်း သူ၏အစိုးရ အရာရှိကြီးများသော်လည်းကောင်း ကော်မရှင်၏ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ကြပါ၊ သမ္မတကြီး မှာယခင်အာ ဏာရှင် လက်ထက်က အစိုးရအဖွဲ့ဝင်တဦးလည်းဖြစ်ပါသည်။ တချို့ကလည်း ကော်မရှင်မှာ တဖက်သက်ကျလွန်းသည်။ နစ်နာသူများဘက်က ပါလွန်းသည်ဟု ဝေဖန်ကြပါသည်။

ကျူနီးရှားနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံးအုံကြွတော်လှန်ပြီး လူအများသေဆုံးကြရသော အဖြစ်အပျက်များက အစိုးရ ကို မိမိတို့၏ပေါ်လစီနှင့် တိုင်းပြည်အခြေအနေတို့ကို ပြန်လည်သုံးသပ်ရန်အခွင့်အရေးများပေးခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ် တွင်လည်း အတိတ်ကာလကဘာတွေမှားပြီး ဘယ်သို့လမ်းမှားရောက်ကြရခြင်းအကြောင်းကို ပေါ်လစီရေး ဆွဲသူ အာဏာ ပိုင်များက သိရှိနားလည်သဘောပေါက်ကြရန်လိုသည်။

ပြစ်မှုကျူးလွန်သူများကို ဖေါ်ထုတ်အပြစ်ပေးရန်ထက် ဘာ့ကြောင့်မှားခဲ့ရသည်ဆိုခြင်းကို သိနားလည်ကြရပါ မည်၊ သို့မှသာ အနာဂါတ်နိုင်ငံတော်တွင် မလိုလားအပ်သော ပေါ်လစီအမှားများချမှတ်ခြင်းကို ရှောင်ရှားနိုင်ကြ မည်ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Tunisia’s Truth- Telling Renews a Revolution’s Promise, Painfully, Carlotta Gall, New York Time, April 22 2017.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts