သူတို့အာဘော်

ဇင်လင်း – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး နဲ့ “ငို့ဘ” လွှတ်တော် အမတ်များအရေး


 
ဇင်လင်း – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး နဲ့ “ငို့ဘ” လွှတ်တော် အမတ်များအရေး
(ဒီလှိုင်း ဂျာနယ်) နိုဝင်ဘာ ၁၀၊ ၂၀၁၄

ယနေ့မြန်မာ့နိုင်ငံရေး ဘယ်လဲ၊ ဘာလဲလို့ မေးရမယ့် အခြေအနေတွေ ပေါ်လာနေပြန်ပါပြီ။ လက်ငင်းဖြစ်ရပ် အလုံးစုံ ကို ခြုံငုံ လေ့လာကြည့်တဲ့အခါ၊ ပြဿနာခပ်သိမ်းရဲ့ မြစ်ဖျားခံရာဟာ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတာ ထင်ထင် ရှားရှားတွေ့နေရပြီဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သာမန် လွှတ်တော်ထဲမှာ ပြင်ဆင်ကြရုံနဲ့ မဖြစ်လောက်တော့ဘူး ဆိုတာလည်း ထင်ရှားလာပါတယ်။ ဘာကြောင့်လည်း ဆိုရင် လက်ရှိလွှတ်တော် ကိုယ်၌ က ဒီမိုကရေစီဆန့်ကျင်ရေး ဖွဲ့စည်းပုံကို သစ္စာခံနေကြလို့ပါပဲ။ ပိုဆိုးတာက အောက်တိုဘာ(၂၂) ရက်ကပြုလုပ်တဲ့  ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ် မြောက် ပုံမှန်အစည်းအဝေးမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးကဏ္ဍဆွေးနွေးကြတဲ့အခါ၊ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)နှင့် ပုဒ်မ ၄၃၆(ခ) တို့ကို တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေက မပြင်ဆင်လိုကြောင်း ဆွေးနွေးဖို့ အကြံပြုသွားတဲ့ ကိစ္စကြောင့်ပါပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ” က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ စုစုပေါင်း (၄၅၇) ခုအနက်၊ ပုဒ်မပေါင်း (၂၁ဝ) ခုကို ပြင်ဆင်ဖို့ လွှတ်တော်သို့ အောက်တိုဘာ ၂၂ ရက်က အစီရင်ခံစာတင်ပြခဲ့တဲ့ အကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရပါ တယ်။  ပုဒ်မ ၄၃၆ (က)နှင့် ၄၃၆(ခ) ကိုလည်း ပြင်ဆင်ဖို့ စဉ်းစား သင့်တယ်လို့ ကော်မတီက အကြံပြုခဲ့တာ တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး၊ “၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုးလှုပ်ရှားမှု” ကို ဒီနှစ် မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြတာတွေ့ရပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုး ဆန္ဒပြုခဲ့သူ ပြည်သူ့လက်မှတ် (၅) သန်း ခန့် ရှိခဲ့တယ်လို့သတင်းတွေအရ သိရပါတယ်။
ဒီကနေ့ နိုင်ငံရဲ့မျက်နှာစာမှာ တပ်မတော်အပါအ၀င် လူထုလူတန်းစား ပါတီအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ အနေနဲ့  တိုင်းပြည်အတွင်း လက်ငင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီး လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းသွားအောင် မလုပ် ဆောင်နိုင်သေး တာကလည်း၊ အရင်းစစ်ရင် ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ပါပဲ။
 အောက်တိုဘာ ၂၆ ရက်နေ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ရဲ့ ပါတီ (၂၆) နှစ်ပြည့် ကြေညာချက်ထုတ်ပြန်ရာမှာ “ငြိမ်းချမ်းသာယာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဖြစ် အဓွန့်ရှည်တည်တံ့နိုင်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲခြင်းကို ပြည်သူလူထုတစ်ရပ်လုံးပါဝင်၍ မလွဲမသွေဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း SNLD က တိုက်တွန်းသွားတဲ့ အချက်ဟာလည်း အလေးထားစဉ်းစားရမယ့် ကိစ္စ့ဖြစ်ပါတယ်။ ဒါကြောင့်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဒီဖွဲ့စည်းပုံနဲ့ ဆက်လုပ်ကြမယ် ဆိုရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အစဉ်တစိုက် ဝေဖန်ပြောဆို နေတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ခေတ္တနားချိန် ပုဇွန်တောင်၊ ပခုက္ကူနှင့် ပြင်ဦးလွင်စတဲ့ မြို့နယ်တွေကNLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားကလည်း သတိထားမှတ်သားစရာပါပဲ။
“ကျွန်မတို့ပြည်သူတွေဟာ နိုင်ငံရေးစိတ်ဓာတ်ရှိရမယ်။ နိုင်ငံရေးစိတ်ဓာတ်က မှန်ကန်တဲ့လမ်းပေါ်ကိုရောက်သွားဖို့ အများကြီးပဲ အရေးကြီးတယ်။ အခုချိန်မှဆိုရင် တကယ့်အရေးကြီးတဲ့ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲစနစ်။ ဒီဟာတွေကနေပြီး တော့ အာရုံလွှဲတဲ့ကိစ္စတွေကို သတိထားကြပါ။ ပြည်သူတွေကိုလည်း ဒါတွေကိုသတိထားခိုင်းပါ။ ဒီကိစ္စတွေမှာ ပြည်သူတွေက နေပြီးတော့ စိတ်မ၀င်စားအောင်လို့ ပြည်သူတွေက တခြားဘက်ကို အာရုံရောက်သွားအောင်လို့ လုပ်တဲ့လှုပ်ရှားမှုတွေကရှိလာမှာပဲ။ ဒါတွေကို သတိထားပါ။ နောက်ပြီးတော့ အများပြည်သူနားလည်အောင်လို့ ရှင်းပြပါ။ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်မှာ အခြေခံတယ်။ နောက်ပြီးတော့ ဒီမိုကရေစီစစ်မှန်ဖို့ဆိုတာ ရွေးကောက်ပွဲစနစ်က စစ်မှန်မှဖြစ်မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတဲ့ အကြောင်း အလဲဗင်းမီဒီယာ သတင်းမှာတွေ့ရပါတယ်။
 လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုက ဘာကြောင့် လက်မခံနိုင်တာလဲ။ ဘာကြောင့် ပြန်ပြင်ချင် ကြတာလဲ။ ဒီမေးခွန်းနဲ့ ပတ်သက်လို့  သက်ဆိုင်သူတို့ ကိုယ်တိုင်မလိမ်တမ်း၊ မညာတမ်း ဖြေကြည့်ကြမယ်ဆိုရင် တိုင်းပြည်ရှေ့ရေးအတွက် အလွန် ကောင်မယ်ထင်ပါတယ်။ သမိုင်းဆိုတာ ဖုံးဖိထိန်ချန်ထားလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။
 ၁၉၈၈ လူထုရဲ့ ဆန္ဒ အစစ် အမှန်က “ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့ လွတ်လပ်ရေး” ပါပဲ။ ဒါကို ၁၉၉၀ ရွေးကောက်ပွဲမှာ လူထုက သူတို့ရဲ့ မဲဆန္ဒ စစ်စစ်မှန်မှန်နဲ့ ဖေါ်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်။
ဒါကို စစ်အာဏာရှင်လူတစုက မိုက်မိုက်မည်းမည်း လူထုဆန္ဒကို ဖီဆန်ပြီး အမျိုးသားညီလာခံ အတုတခု ဇွတ် ဖန်တီးခဲ့တယ်။ ပြည်တွင်းပြည်ပ ဆန့်ကျင်နေတဲ့ကြားက အဲဒီ ညီလာခံကို (၁၄)နှစ်ကြာ ပြုလုပ်ခဲ့တယ်။ စစ်အာဏာရှင်တွေ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမူကြမ်းဆိုတာကို အဲဒီညီလာခံက ဇွတ်ချပေးခဲ့တယ်။ ၂၀၀၈ မေလဆန်းမှာ နာဂစ်မုန်တိုင်းကြောင့် နိုင်သူနိုင်ငံသားတွေ သိန်းနဲ့ချီ သေကြ ကျေကြတာကိုမှ မထောက်ထားပဲ၊ အဲဒီမေလမှာ လူထုဆန္ဒခံယူပွဲ အတု တခုကို ဇွတ်လုပ်ပြန်တယ်။ မဲလိမ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လူထု ၉၀ ရာနှုန်းကျော်ထောက်ခံတယ်လို့ ဇွတ်လိမ်ခဲ့ကြပြန်တယ်။ ဒါ လူထုရင်ထဲမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းဖြစ်ပါတယ်။ အာဏာရှင်ရေးတဲ့ သမိုင်းနဲ့တော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေပါလိမ့်မယ်။“၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာ မဟုတ် ဘူး။ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်၊ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ်မဲထည့်ရင် မဲထည့်နိုင်လိမ်မယ်။ ဒါပေမယ့် အစက တည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘယ်လိုမှမျှတနိုင်မှာ မဟုတ်ဘူး။ အဲဒီ မမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်”  လို့ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားခဲ့ဖူးပါတယ်။

ဒါ့ပြင် အမျိုးသားရင်ကြားစေ့ရေး (တနည်း) ပြည်တွင်းစစ် ရပ်စဲရေးအတွက် တပ်မတော်နဲ့ အရပ်သား နိုင်ငံရေးအဖွဲ့အစည်းတွေ အကြား ထိတွေ့ ဆက်ဆံမှု ရှိဖို့ လိုအပ်ပြီး၊တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် “၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” ကို ပြင်ဆင်ရေးဟာ ပဓါနကျတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးတာ မှတ်မိကြမယ် ထင်ပါတယ်။

ဦးသိန်းစိန်အစိုးရ သက်တမ်း တနှစ်သာသာမျှသာ ကျန်တော့ပေမယ့်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပိုင်းမှာ ကျေနပ်လောက်တဲ့ ရလဒ် မတွေ့ရတာကလည်း နိုင်ငံ့ရှေ့ရေး စိတ်မအေးစရာ ဖြစ်နေပြန်ပါတယ်။ နိုင်ငံရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မနားမနေ ဆောင်ရွက်နေရချိန်မျိုး၊ အရေးကြီးနေတဲ့ အချိန်မျိုးမှာ PR စနစ်ကို တင်သွင်းလာခြင်း၊ ရွေးကောက်ပွဲ စနစ်တစ်ခုပြောင်းလဲရန် ကြိုးစားအားထုတ်ခြင်းသည် အခြေအနေကို ရှုပ်ထွေးအောင် လုပ်သလိုဖြစ်နေပြန်ပါတယ်။ လူထုကို အာရုံ ထွေပြားအောင် လုပ်နေတဲ့ ပုံပါပဲ။ PR စနစ်ကို ဘယ်သူတွေက ဘာကြောင့် ပြောင်းလဲကျင့်သုံးချင်ရတာလဲ လို့ မေးစရာ ဖြစ်လာပါ တယ်။ လူထုထောက်ခံမှု အားနည်းတဲ့ ပါတီတွေရဲ့ အာဏာခွဲတမ်းတောင်းဆိုမှုကနေ ပေါ်ထွက်လာတဲ့ စဉ်းစားချက်ပါပဲ။ တကယ် တော့ ဒါဟာလူထုရဲ့ နိုင်ငံရေး ရေချိန်ကို လျှော့တွက်တာလည်း ဖြစ်ပါတယ်။
ဒီကနေ့ လူထုဟာ၊ နိုင်ငံရေးနိုးကြားမှု ရေချိန်မြင့်တဲ့ လူထုဖြစ်ပါတယ်။ မဲခိုးမှုကို ၀ိုင်းဖမ်း၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ကမ္ဘာက စောင့်ကြည့်ပေးရင်၊ လူထုက သူတို့ဘယ်သူ့ကို ရွေးရမယ်ဆိုတာ သိကြပါတယ်။ လူထုကို လျှော့မတွက်ပါနဲ့။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ အနေနဲ့ လူထုမဲဆန္ဒကို လိုချင်ရင်၊ လူထုထောက်ခံမှု ရချင်ရင်၊ လူထု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ လူထုကို လိမ်ဖို့ မကြိုးစားဘဲ၊ ရိုးသားမယ်ဆိုရင်“ငို့ဘ”နိုင်ငံရေးသမား မဟုတ်ရင် လူထု မဲဆန္ဒကို ရနိုင်ပါတယ်။
မဲအများဆုံး ရရှိသူကို အနိုင်ပေးတဲ့ ရွေးကောက်ပွဲ စနစ် (First Past The Post – FPTP System) မှာ အားနည်းချက် တွေ မကင်းတာ မှန်ပေမယ့် လူထု ထောက်ခံမှုမရှိတဲ့၊ “ငို့ဘ” ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ မရောက်နိုင်ပါ။ လူထုအဆုံးအဖြတ်ကို ပဓါနထား ခြင်းဟာ FPTP စနစ်ရဲ့ အားကောင်းချက်ပါပဲ။ ဒါကြောင့် လူထုရဲ့တိုက်ရိုက်အဆုံးအဖြတ်ကို ခံယူဖို့ ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားမှန်ရင် FPTP စနစ်ကို ကြောက်စရာ မလိုပါ။ (Proportional Representation-PR System)အချိုးကျကိုယ်စားပြု စနစ်ကတော့ လူထုက တိုက်ရိုက် ရွေးတာမဟုတ်ဘဲ၊ ပါတီက အချိုးကျရရှိတဲ့ ခွဲတမ်းစနစ်အရ လူထုက တိုက်ရိုက် ဆန္ဒပြုခြင်း မခံရသူတွေ လွှတ်တော်ထဲ ရောက်လာနိုင်ပါတယ်။ PR စနစ်ရဲ့ အဓိကအားနည်းချက်က ဒီမိုကရေစီ အသားမကျ မရင့်ကျက်သေးတဲ့ နိုင်ငံမျိုးမှာ ပါတီချင်း ပဋိပက္ခ၊ တိုင်းရင်းသားချင်း ပဋိပက္ခ၊ လူတန်းစာချင်း ပဋိပက္ခတွေ ထိန်းသိမ်းလို့ မလွယ် ဖြစ်လာနိုင်ပါတယ်။ ထိန်းမရ သိမ်းမရ ဖြစ်လာခဲ့ရင် နောက်ကြောင်းပြန်လှည့် သွားနိုင်ပါတယ်။ ဒီ အခြေအနေတွေကြောင့် ပြည်သူတွေ အာရုံေ၀၀ါးအောင် အာဏာရပါတီအ၀န်းအ၀ိုင်းက မကြိုးစားသင့်ပါ။
ဆောင်းပါးကို အလဲဗင်းမီဒီယာမှာ ဖေါ်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားနဲ့ နိဂုံးချပ်လိုပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်က —
“ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးကြီးသလို ရွေးကောက်ပွဲစနစ် မှန်ကန်ဖို့ကလည်း အရေးကြီးတယ်။ ရွေးကောက်ပွဲစနစ်ရွေးချယ်တဲ့နေရာမှာ ပြည်သူက အဓိကပါဝင်ရမယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံမူပဲ။ ပြည်သူရဲ့ဆုံးဖြတ်မှုမပါဘဲနဲ့ ပြည်သူ့ဆန္ဒ ရှင်းရှင်းလင်းလင်းမပါဘဲနဲ့ ကျွန်မတို့ဟာ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ ဒါလည်း ပြည်သူ့နားလည်သင့်တယ်။ အရင်တုန်းက နှစ်ပေါင်းများစွာလက်ခံခဲ့တဲ့စနစ်ကို ပြည်သူ့တွေက ဘာ မကျေနပ်လို့လဲ။ ပြည်သူတွေက ဘာမသင့်တော်ဘူးလို့ထင်လို့လဲ။ ဘာမှလဲ ကျွန်မတို့မကြားရဘဲနဲ့။ လွှတ်တော်ကပဲ ဆုံးဖြတ်တယ် ဆိုတာဟာ ဒါဟာပြောင်းပြန်ဖြစ်နေတယ်။ ပြည်သူရဲ့ဆန္ဒကို လွှတ်တော်ကနေ ရောင်ပြန်ဟပ်ရမှာ လွှတ်တော်ရဲ့ဆန္ဒကို ပြည်သူက နေ ရောင်ပြန်ဟပ်ရမှာမဟုတ်ဘူး။ ဒီဟာကိုတော့ အားလုံးကနေပြီးတော့ အလေးထားပြီးတော့ ဂရုစိုက်ပြီးတော့ အာရုံပြုကြပါ။ ကျွန်မတို့ရဲ့ပြည်သူလူထုအတွက် ဒါအရေးကြီးတယ်ဆိုတာ နားလည်အောင်လို့ အဖွဲ့ချုပ်က လူတွေကနေပြီးတော့ ပြည်သူတွေကို ရှင်းပြရမယ်”  လို့ မှာကြားလိုက်တဲ့ အချက်ကို ယနေ့ ဒီမိုကရေစီ ဘက်တော်သားတိုင်း အလေးဂရုပြုသင့်ကြောင်းပါ။

 

((နိုဝင်ဘာလ (၁၀) ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇင်လင်း – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး နဲ့ “ငို့ဘ” လွှတ်တော် အမတ်များအရေး
  1. Dear Saya Zin Lin… thanks
    All happening in Burma. All happened in Burma. All going to happen in future is our people’s will. Our people attitudes. Why we Burmese are hungry of power. Dont want to give up our char to next generation?. Age is older and kyee-mike leaders. Talk more, assist more to good attitude MPs.

Comments are closed.