သူတို့အာဘော်

သားဝင့်ကျော် – ဘာတွေဝယ်လို့ ဘာတွေရောင်းမှာလဲ Stock exchange


သားဝင့်ကျော် – ဘာတွေဝယ်လို့ ဘာတွေရောင်းမှာလဲ Stock exchange

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅

Stock exvhange စတော့ဈေးကွက်မှာ ဝယ်ကြ ရောင်းကြမယ် ဆိုတော့ ဘယ်လိုလဲ ဘာတွေလဲပေါ့။ တကယ်တော့ ငွေပိုငွေလျှံကို ရင်းနှီးမြှုပ်နှံကြတာပါပဲ။ စီးပွားရေးဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ကွက်များစွာ ရှိပါသည်။

အများနှင့်သက်ဆိုင်သော၊ ပေးရန်တာဝန် ကန့်သတ်ထားသော ကုမ္ပဏီများ၏ အစုရှယ်ယာများ(shares) ၊

ရှယ်ယာစုများ(Stock) ကို ရောင်းဝယ်ဖလှယ်နိုင်သော (Stock exchange)

ငွေချေးစာချုပ်များကို ရောင်းဝယ်ဖလှယ်နိုင်သော (Bond market)

ကုန်ပစ္စည်းများကို ကြိုရောင်းကြိုဝယ်စာချုပ်များ ဖလှယ်ရောင်းဝယ်နိုင်သော (Future market)

ဆို၍များစွာရှိပါသည်။

ယင်းတို့အနက်မှ ကျနော်တို့နိုင်ငံမှာ စတင်နေတဲ့ စတော့ဈေးကွက် (Stock exchange) အကြောင်း သိသ၍ဖေါက်သည်ချကြည့်ပါမည်။

စတော့ဈေးကွက်တွင် ရောင်းချသောကုန်စည်မှာ အများနှင့်သက်ဆိုင်သော၊ ပေးရန်တာဝန်ကန့်သတ်ထားသော ကုမ္ပဏီများ၏ အစုရှယ်ယာများ ၊ ရှယ်ယာစုများဖြစ်သည်။

အစုရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံထားသူသည် ထိုအစုရှယ်ယာများကို ဝယ်ယူကိုင်ဆောင်ထားချိန်တွင် ကုမ္ပဏီမှခွဲဝေပေးသော အမြတ်ဝေစုကို နှစ်စဉ်ခံစားနိုင်ပြီး အကယ်၍ ယင်းကုမ္ပဏီ၏ အမြတ်ရရှိနိုင်စွမ်းအခြေအနေ ငွေဖြစ်လွယ်မှု့အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ခြင်းကြောင့်  ယင်းကုမ္ပဏီ၏အစုရှယ်ယာများသည် စတော့ဈေးကွက်တွင် ဈေးတက်လာပါက လက်ဝယ်ကိုင်ဆောင်ထားသူက မိမိဝယ်ယူထားသော အစုရှယ်ယာများကို စတော့ဈေးကွက်တွင် ပြန်လည်ရောင်းချခြင်းဖြင့် အမြတ်ရရှိနိုင်ပါသည်။

သို့ရာတွင် အမြတ်ရလိမ့်မည်ဟု ကျိန်းသေပေါက် တွက်ဆ၍ မရနိုင်ပါ။ အကယ်၍ မိမိကုမ္ပဏီ၏ ဦးဆောင်သူများ စီမံခန့်ခွဲမှု့ ညံဖျင်း၍ လုပ်ငန်းကျဆင်းပါက ရှယ်ယာဈေးလည်း ကျဆင်းကာ အရှုံးပေါ်တတ်ပါသည်။ တခါတရံ ကုမ္ပဏီက ဒေဝါလီခံရလောက်အောင် အခြေအနေဆိုးလျှင် မိမိရင်းနှီးထားသောငွေများ အားလုံး ဆုံးရှုံးရတတ်ပါသည်။

ထို့ကြောင့် အစုရှယ်ယာဝယ်လျှင် ယင်းအစုရှယ်ယာများကို ထုတ်ဝေသော မူရင်းကုမ္ပဏီ၏ အခြေအနေ  အလားအလာကို သေချာစွာ လေ့လာပြီးမှ ဆုံးဖြတိသင့်ပါသည်။

ယင်းသို့အကဲဖြတ်လေ့လာရာတွင် အချက်များစွာရှိပါသော်လည်း ယေဘူယျအားဖြင့်ဆိုလျှင် ပြင်ပစီးပွားရေးလောက တိုးတက်ထွန်းကားမှု့ကြောင့် ယင်းအရှိန် နှင့် အကြောင်းအားလျော်စွာ အမြတ်ရရှိနေသော ကုမ္ပဏီမျိုးကို ရင်းနှီးမြှုပ်နှံထိုက်သော ကုမ္ပဏီဟု တစ်ထစ်ချမယူဆနိုင်ပါ။
ပြင်ပစီးပွားရေးလောကတွင် စီးပွားရေးတိုးတက်မှု့ နှေးကွေးကျဆင်းချိန်တွင် တခြားလုပ်ငန်းများ အရှုံးပေါ်ဖျက်သိမ်းနေရချိန်တွင် လုပ်ငန်းကို မရပ်သွားအောင် ထိန်းသိမ်းနိုင်သောကုမ္ပဏီမျိုးကို ရင်းနှီးမြှုပ်နှံထိုက်သော ကုမ္ပဏီဟု မှတ်ယူနိုင်ပါသည်။

ယင်းသို့ရင်းနှီးမြှုပ်နှံရာတွင် အဆိုပါကုမ္ပဏီမှ ထုတ်ဝေသော ရှယ်ယာ အမျိုးအစား နှစ်မျိုးနှင့် ကြွေးစာချုပ် တစ်မျိုး ပါဝင်ပါသည်။

ပထမရှယ်ယာ အမျိုးအစားမှာ ဦးစားရှယ်ယာ(Preferred share or Preferrence share) ဖြစ်ပါသည်။

ကုမ္ပဏီကအမြတ်ရရှိလျှင် ဦးစားရှယ်ယာရှင်များကို ရှေးဦးစွာ ဦးစားပေးခွဲဝေပေးရန် သဘောတူ တရားဝင်ကြေညာထားသော ရှယ်ယာမျိုးဖြစ်ပါသည်။ ယင်းရှယ်ယာရှင်များသည် ပုံသေသတ် မှတ်ထားသော အမြတ်ဝေစုနှုန်းထားအတိုင်း မိမိထည့်ဝင်ထားသော ရှယ်ယာရင်းနှီးငွေပေါ်တွင် အမြတ်ဝေစု ရနိုင်ပါသည်။ သို့သော် ဦးစားရှယ်ယာရှင်များသည် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များအတွက် မဲပေးဆုံးဖြတ် ရွေးချယ်ခွင့် မရရှိပါချေ။

ဒုတိယအမျိုးအစားဖြစ်သော သာမန်ရှယ်ယာရှင် (Ordinary Share)များမှာမူ ဦးစားရှယ်ယာရှင်များကို အမြတ်ဝေစုပေးပြီးနောက် ကျန်သောအမြတ် အနည်းအများပေါ် ခွဲဝေခံစားနိုင်ခွင့်ရှိသည်။ အမြတ်မကျန်လျှင်လည်း မရပါ။

ထို့ကြောင့် သာမန်ရှယ်ယာရှင်များသည် ကုမ္ပဏီနှင့်ကောင်းတူဆိုးဖက် သဘောရှိ၍ သာမန်ရှယ်ယာရှင်များသည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှု့ဆိုင်ရာ အကြောင်းအချင်းရာများအတွက် မဲပေး ဆုံးဖြတ်ရွေးချယ်ခွင့်ရှိသည်။

တတိယအမျိုးအစားဖြစ်သော ကြွေးစာချုပ် (Debenture)  မှာ ကုမ္ပဏီက အများပြည်သူထံမှ ငွေချေးယူခြင်းသဘောဖြစ်သည်။ အတိုးပုံသေရသည်။ကြွေးစာချုပ်တွင် ကုမ္ပဏီ၏ အာမခံအပေါင်ပစ္စည်း ဖေါ်ပြထားမှု့ကြောင့် ကြွေးစာချုပ်ပိုင်ရှင်များအတွက် ဆုံးရှုံးနိုင်ခြေ မရှိသလောက်ဖြစ်ပါသည်။

ဘာတွေဝယ်မလဲ ဘာတွေရောင်းမလဲ Stock exchange …?


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts