မိုးမခကို ပေးတဲ့စာ

သွန်းခ – တကယ်ချစ်လို့လား

သွန်းခ – တကယ်ချစ်လို့လား 

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅

ရွေးကောက်ပွဲလွန်ကာလ၊ တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်ပန်း ဆင်နိုင်ခဲ့တဲ့ကာလ နောက်ပိုင်းမယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စု၊ အမေစု၊ အန်တီစု နဲ့ တစုတည်း စုနေလိုက်ကြတာအမှိုက် ကောက်လို့လဲဆိုရော မျက်နှာလေးတွေက ပျက်ချင်ချင်။ မညာနဲ့၊ မညာနဲ့။ စိတ်ထဲရှိတဲ့အတိုင်း ဝန်ခံလိုက်ကြ။ ချစ်ပါတယ်ဆိုတဲ့ အပြောတွေနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်တွေ့ကျကျ အလုပ်လုပ်ပြပုံတွေက ထိရောက်မှု အားပြင်း လွန်းတယ်နော်။ ပြောင်ပဲ ရေးပါ့မယ်။ (ပြောင်ပြောင်တင်းတင်း ရေးမယ် ပြောတာနော်။ ဟို ပြောင်ကို ပြောတာ မဟုတ်ဖူး)။  ပြီးခဲ့တဲ့၊ ပြီးလုလု အစိုးရလို ဟီးဟီးဟားဟား နဲ့ လုပ်သွားမယ့် အစိုးရသစ်တစ်ရပ်တော့ မဟုတ်ပေဘူး ဆိုတာတော့ သေချာတယ်ခင်ဗျ။

သွန်းခ တိုက်ရိုက်ဖြန့်လုပ်ငန်း တစ်ခု မှာ လေ့လာသူအဖြစ် နေခဲ့ဖူးပါရဲ့။ အဲဒီလုပ်ငန်းကို ဦးဆောင်သူ အမျိုးသမီးဆရာဝန်ကြီး ဟာ စိတ်ရင်းစေတနာနဲ့ အလှူအတန်း တော်တော် လုပ်တတ်သလို သူတတ်ထားတဲ့လုပ်ငန်း အမွေကိုလည်း လုပ်ငန်းထဲ ပါဝင်ကြသူတွေအတွက် တကယ့်ကို အိတ်သွန်ဖာမှောက် လက်ဆင့်ကမ်းပေးလေ့ရှိသူပါ။ လုပ်ငန်းဆိုတော့လည်း စနစ် ဆိုတာရှိလာပြီလေ။ အဲဒီစနစ်ကို မှန်မှန်ကန်ကန် လုပ်တတ်၊ အသုံးချ တတ်အောင် လေ့ကျင့်ပေးတဲ့နေရာမယ် ဆရာဝန်မကြီးဟာ သူ့လုပ်ငန်းကိုတကယ် လုပ်ကိုင်နေကြတဲ့၊ တနည်းပြောရတော့ အတွင်းလူ၊ အမာခံတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်လေ့ရှိတာပါ။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့ထားပြီး စည်းကမ်းဖောက်လို့ကတော့ ထိထိရောက်ရောက် အရေးယူလေ့ရှိပါရဲ့။ အဲဒီလုပ်ငန်းဟာ အခုထက်ထိ မြန်မာနိုင်ငံမှာ အောင်မြင်နေပါတယ်၊ တိုးတက်သည်ထက် တိုးတက်နေပါတယ်။ လက်တွေ့ကျကျ လုပ်ကိုင် နေကြသူတွေ စီးပွားရေးအပိုင်းမှာ ပြေလည်လွန်းလို့ အလှူအတန်းတွေ လုပ်နိုင်နေကြပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းကို လူတိုင်း မလုပ်နိုင်ကြပါဘူး။ စနစ်က ရိုးရှင်းတယ်၊ သိပ်လွယ်ပါတယ်။ စိတ်ထားနဲ့ အခြေခံပြီးလုပ်ကြရတဲ့ လုပ်ငန်းဆိုတော့ကာ စိတ်တွေ မပြင်နိုင်ကြသူတွေ၊ ကိုယ့်ကိုယ်ကျိုး အရင်ကြည့်တတ်ကြသူတွေ ပြုတ်ကျ ကျန်ရစ်ခဲ့ပါတယ်။ ပရဟိတအဖွဲ့လည်း ဖွဲ့ထားပြီး လူမသိ၊ သူမသိနဲ့ကို လုပ် နေကြတာပါ။ ပြောချင်တာက လုပ်ငန်းအောင်မြင်ဖို့ လေ့ကျင့်တဲ့နေရာမယ် စိတ်ဓါတ်တွေကို ဆရာမကြီးက ပြင်ပေးတတ်ပါတယ်။ Polishing ဆိုတဲ့ အစီအစဉ်တစ်ခု အမြဲလုပ်ပေးပြီး ခပ်ကြမ်းကြမ်း အချောကိုင်တတ် တာပါ။ အဲဒီ အချောကိုင်တာကို မခံနိုင်တဲ့သူတွေ ထွက်ကုန်ကြတာပါပဲ။ လုပ်ငန်းဟာ ပါဝင် လုပ်ကိုင်နေတဲ့သူတွေ အားလုံးနဲ့ ပတ်သက် တယ်၊ ပိုင်ကြတယ်၊ ကိုယ့်မိတ်ဆွေတွေကို အောင်မြင်အောင် အရင် လုပ်ပေးရတယ်။ လေ့ကျင့်ပေးကြရတယ်၊ သူတို့ တတွေ အောင်မြင်မှ ကိုယ်က အောင်မြင်လာမယ်။ အဲဒီစနစ်။ သွန်းခ မတန်မရာ မဝေဖန်ရဲပါဘူး။

ဒါပေမယ့် မြင်တာတွေတော့ ရေးမှာပါပဲ။ မြန်မာပြည်မှာ ဟန်ပြလုပ်ခဲ့ကြသူတွေ သိပ်ကို များခဲ့ပါပြီ။ တော်တဲ့သူတွေလည်း ကြာတော့ ရွာပြင် အထုတ်ခံခဲ့ကြရတာကြောင့် တိုင်းပြည်ဟာ တိုးတက်မလာခဲ့တာ အားလုံးအသိ။ လူတစ်စုချင်းစီပဲ လှိမ့်ဝါးခဲ့ကြတာကိုး။ လက်တွေ့နိုင်ငံရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည် စကားပြောခဲ့တုန်းကလည်း ပြောခဲ့လို့။ ဘာဖြစ်ပြန်ပြီ၊ ညာဖြစ်ပြန်ပြီ။ ဟော……….တလောက မပြောပဲ အသာငြိမ်နေပြန်တော့ ဘာသံမှ မကြား ရပြန်ဘူး ဆိုပဲ။ ကဲ့ရဲ့ခြင်း မလွတ်တဲ့ လောကကြီးပေကိုး။ ကဲ … ဒေါ်အောင်ဆန်းစုကြည် ပြောပြီ။

“မလိုလားအပ်တဲ့ ဝန်ကြီးဌာနတွေ ပေါင်းပစ်မယ်။ တချို့ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေ ဖောင်းပွနေတယ်။ ဝန်ထမ်းများ စိတ်အေးလက်အေးနဲ့ နေပါ။ ဖြုတ် ထုတ် သတ်တာ ကျွန်မတို့ မူဝါဒထဲမှာ မပါဘူး”

နောက်တစ်ခွန်း …

“ရေဘူးပေါက်တာမလိုချင်ဘူး – ရပါတာပဲ လိုချင်တယ်” ဆိုတာကို

လုံးဝမလိုချင်ဘူး။  အခွင့်အရေးနဲ့ တာဝန်ဟာ ခေါင်းနဲ့ ပန်းလိုပဲ။ အခွင့်အရေးယူရင် တာဝန်ယူရမယ်။ တပ်မတော်ကပဲ လာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ လာလာ ဝန်ထမ်းက ဝန်ထမ်းပဲ။ ကျောသားရင်သား ခွဲခြားမှာ မဟုတ်ဘူး။ အတိတ်တွေကို ထားပစ်ခဲ့မယ်။ အတိတ်တွေကို မထားခဲ့နိုင်ရင် အတိတ်ရဲ့ အကျဉ်းသားတွေပဲဖြစ်မယ်” ဆက်ပြောသွားသေးတာ …

“အတိတ်ကို မေ့ပစ်မယ်ဆိုပေမယ့် နှစ်သီးစား ကိစ္စတွေကိုလည်း စဉ်းစားဖို့လိုတယ်။အဲဒီ ကိစ္စတွေကို ဖြေရှင်းဖို့လည်းလိုတယ်။ ဒီအတိုင်းသွားမယ်ဆိုရင် ညီမျှမှု မရှိသလိုဖြစ်နေတယ်”

စကားမပြောဘူး ၊ဒေါ်အောင်ဆန်းစုကြည် ငြိမ်နေပါတယ်ဆို။ ပြောပြီလေ ၊ပြောတဲ့အတိုင်း လုပ်တော့မှာနော်။ ဒါတောင် ကျိတ်ပြီးလေလည် လိုက်တဲ့ဝန်ထမ်းတွေက ရှိသေးတာ။ “ဘယ်လွယ်လွယ်နဲ့ ဖြုတ်လို့ရမလဲ” ဆိုတာပါ။ မခက်ဘူးလား၊အဲဒီဟာကြီးတွေကြောင့် ခက်ပါတယ်ဆို။

သွန်းခ ဝန်ထမ်းဘဝ ကနေ ၁၉၉၆ မှာ ထွက်ခဲ့ပါတယ်။ ခိုးမှ၊ တောင်းမှ စားရလို့၊ ရှက်လို့။ ကိုယ်လုပ်ရင် လုပ်သလောက် အသိအမှတ်အပြုခံချင်လို့ အခု ပြည်တွင်းအစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း မှာ ဝင်လုပ်နေပါရဲ့။လွတ်လပ်လို့၊ ကြိုးစားပြခွင့်ရလို့။ လွတ်လပ်လို့ ဘဘဦးဝင်းတင် ရဲ့ နောက်ဆုံးနေ့တွေ ရောက်ခါနီးမှာ အနီးကပ်ညပိုင်း ပြုစုခွင့်တောင် ရလိုက်သေး။ ဘဘ ခါးသီးခြင်းတွေနဲ့အတူ မချိမဆန့် ခံစားနေခဲ့ရတာတွေကို သက်သာလိုသက်သာငြား ပြုစုခွင့်ရလိုက်ပါသေး။ လူသိမခံပါဘူး။ ညပိုင်းချည်း ကုသိုလ်ပြု ဖြစ်ခဲ့တာပါ။အဲဒီ အချိန်မှာ သွန်းခ နိုင်ငံ့ ဝန်ထမ်းဖြစ်နေရင်တောင် တောပြော၊ တောင်ပြော အပြောခံရဦး မှာ။

ဒေါ်အောင်ဆန်းစုကြည်စကား ဆက်ဖတ်ပေးကြပါဦး။

“အများပြည်သူ ဆင်းရဲနေချိန်မှာ ကိုယ်ချမ်းသာနေတာ ဂုဏ်ယူစရာ မဟုတ်ဘူး။ အစိုးရကိုပဲ အားကိုးနေခြင်းသည်လည်း ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ဘူး။ ဝန်ထမ်းတွေက ကျွန်မတို့ကို ကြောက်ဖို့မလိုဘူး။ လူတွေကိုပဲ ကြောက်ရမယ်။ ဒါမှ အစိုးရလုပ်မယ့်သူတွေ အပိုးကျိုးမှာ။ ဝန်ထမ်းတွေ ကြောက်နေဖို့ မလိုဘူး ။နိုင်ငံကို တိုးတက်အောင် လုပ်နေတဲ့အချိန်မှာ ပြည်သူတွေအတွက်လုပ်တာလို့ စိတ်ထဲမှာ ထားရမယ်” ။

သွန်းခ ရေးမိခဲ့တဲ့အပေါ်က Polishing၊ ပွတ်တိုက်ခြင်း စလာပြီလို့မှတ်ယူပါတယ်။ စကားစုတွေရဲ့နောက်ဆက်တွဲဟာ လူတွေပေါ်မှာ အခြေခံလိမ့်မယ်လို့လည်း ထင်ပါတယ်။ အမျိုးသမီးကြီး၊ လူထုခေါင်းဆောင်ကြီး ၊နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ကြီး၊ သူမ ကြောင့် ၂ဝ၁၅ မှာ ကမ္ဘာကျော်အပတ်စဉ်ထုတ် The Economist ဂျာနယ်ကအသိ အမှတ်ပြုခံထိုက်ဆုံး နိုင်ငံအဖြစ် ပူပူနွေးနွေးအရွေးခံခဲ့ရ၊ ဆုပေါင်းများစွာ ရထားသူကြီး ဦးဆောင်လို့ ဖွဲ့စည်းတော့မယ့် အစိုးရသစ်တစ်ရပ် လက်ထက်မှာ မတန်မရာ ပင်စင် စားချင်ပါတယ်ဆိုတဲ့ ယောက်ျားရင့်မ ကြီးတို့ခင်ဗျား။ စဉ်းစဉ်းစားစားတောင်းဆိုကြပါဦး။ ဘာတွေများ လုပ်ပေးခဲ့နိုင်လို့  ၅ နှစ်တာကာလ အတွက် ပင်စင် လိုချင်တော်မူ ကြရပြန်တာတဲ့တုန်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်သူ့လူတွေကို ဘယ်လိုကိုင်မယ်ဆိုတာ ကြားမိ၊ ဖတ်မိပါ လေစ။ မဟုတ်တာလုပ်ရင် ထောင်ထဲပို့မယ်၊ ထောင်ဝင်စာတော့ လူကြုံနဲ့ လွှတ်ပေးမယ်နဲ့ စခဲ့တာခင်ဗျ။ ကိုယ်စားလှယ်တွေကိုရော၊ ပြည်သူတွေကိုပါ ပျိုးနေပြီဖြစ်တဲ့ စကားတွေ လေထဲပျောက်သွားမှာ မဟုတ်လို့ အမှန် တကယ်ပဲ နီုင်ငံ့အပြောင်းအလဲအတွက် လူထုခေါင်းဆောင် ခပ်ကြမ်းကြမ်း ပွတ်မယ့် ပေါလစ် ဒဏ် ခံနိုင်ကြမှာတဲ့ လား ။ဒေါ်အောင်ဆန်းစုကြည်ကိုချည်း ချစ်လို့ပြီးသွားမှာ မဟုတ်ပဲ ကိုယ်နိုင်ငံကိုယ့်လူမျိုးအတွက် တကယ်ချစ်ကြတဲ့စိတ်တွေတော့လိုမယ် ထင်ပါတယ်လို့ သွန်းခ တစ်ယောက် မပြည့်မမီ ဦးဏှောက်ကလေးနဲ့ စဉ်းစားမိတာပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts