သရော်စာ

မောင်ဥက္ကလာ – ရာဇဝင်ထဲမှာ ထားရစ်ခဲ့တော့

မောင်ဥက္ကလာ  – ရာဇဝင်ထဲမှာ ထားရစ်ခဲ့တော့

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅

တချိန်တခါက မြန်မာ့ဓါတ်ရှင်လောကမှာ စုန်ကဝေ၊ သရဲတစေ ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီး ဒေါ်မြလေး လေသံနဲ့ ပြောရရင်တော့ “ပြောကို မပြောချင်တော့ဘူး”။ အခုကြည့်လေ နိုင်ငံတကာ ကြားလို့မှ ကောင်းသေးရဲ့ လား။ အနှစ်နှစ်အလလ နှစ်ပေါင်း (၅၀) ကျော် ပွက်လောရိုက် ဆူညံနေခဲ့တဲ့ ရောင်စုံ တိုင်းရင်းသားလူမျိုးစု (၁၀၀) ကျော်ကို မဟာဗမာလူမျိုးကြီးဝါဒနဲ့ အတင်းအဓမ္မအုပ်ချုပ်၊ စစ်ဖိနပ်အောက်မှာ ငြိမ်ဝပ်ဖိပြားထားခဲ့ပြီး၊ ကိုယ့်အမျိုးတွေအတွက် စားမကုန် ကြီးပွားချမ်းသာအောင် အစွမ်းကုန်ကြိုးစား စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့ ရွှေပြည်ကြီးရဲ့  မဟာကျေးဇူးရှင် အဘအပေါင်းကို ပစ်ပယ်ပြီး၊ တိုင်းတပါးက ရောက်လာတဲ့ ဒွေးတော်ကို အမေခေါ်ပြီး တကောက်ကောက် လိုက်သွားကြတဲ့ ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်ဘဝ ရောက်နေခဲ့ကြတဲ့ လူထုကြီးပေါ့။

အဘတို့ ကျေးဇူးကို အလွယ်မေ့ဖျောက်ပစ်တဲ့ ရွှေပြည်သားတွေရဲ့  လုပ်ရပ်က အဘတို့အဖို့ ပြန်တွေးကြည့်လေ ရင်ဝကို သံဖနောင့်နဲ့ ဆောင့်ကန်ခံရ၊ ငယ်ထိပ်ကို မိုးကြိုးပစ်ခံရတာထက် နာပြီး၊ ဝမ်းပုပ်ချဆေးကို ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ခွေးတောက်ရွက်တွေနဲ့ ရောကျိတ်ပြီး တိုက်ကျွေးသလို ခါးသီးလှတယ်။

အခုရက်အတွင်း အဘအပေါင်း ကိန်အောင်းနေတဲ့ နေပူတော်မှာတော့ သောင်ပြိုကမ်းပြို မရှူနိုင်မကယ်နိုင် ခွက်ခွက်လန် ရှုံးခဲ့ကြတဲ့ “အဘ” အမတ်မင်းတွေ လားပင်စင်တောင်းယူပြီး ရင်ဘတ်စည်တီး ပြောင်ရွှေ့ ထွက်ခွါတော်မှုဖို့ ပြင်ဆင်နေချိန်မှာ မောင်ဥက္ကလာတို့ ချက်မြုပ်မြေ မဟာဥက္ကလာရဲ့  မြို့ ကြက်သရေဆောင်၊ မြို့ သူမြို့ သားတွေ သည်းသည်းလှုပ် အရှက်မရှိ သရက်စေ့ ကိုယ့်ဘာသာကိုယ် တင်ထားတဲ့ “မရှိမဖြစ် အဘ”၊ မြို့ သူမြို့ သားတွေကတော့ ချစ်စနိုးနဲ့ “လမ်းတခြမ်းခင်း” စတဲ့ ဘွဲ့ဂုဏ်ထူးတွေ ပိုင်ဆိုင်သူ အဘလည်း အခြေအနေမကောင်း၊ နေ့လားညလား မသိ။

နှစ်ပေါင်းများစွာ အိမ်ထဲချုပ်ထား၊ တားဆီးပိတ်ပင်၊ အသက်ရန်ရှာ၊ ခြိမ်းခြောက်ခဲ့တဲ့ကြားက ထောင်လွှာနိုင်သေးတဲ့ မယ်တော်ကြီးကို အဘတို့ ဒီတကြိမ်တော့ လုံးဝမလှန်နိုင်တော့ (တခြား မဟုတ်မဟတ်တွေ တွေးမနေနဲ့၊ မယ်တော်ကြီးရဲ့  ဘုန်းတန်းခိုးကို ပြောတာ)။ ဗြောက်အိုးတောင် မဖောက်တတ်တဲ့ မယ်တော်ကြီးရဲ့  ဘုန်းသြဇာ ကြီးမားပုံကလည်း သေနတ်တကားကား၊ ပါးရိုက်မယ် နားရိုက်မယ် ကြမ်းရမ်းနေခဲ့တဲ့ အဘတို့ကို သွေးပျက်စေတာ အမှန် (တွေ့တဲ့ကြားတဲ့အတိုင်း ဦးနှောက်သွေးကြောပေါက် ဂန့်သွားတာတွေ)။ ကြည့်ပါအုံး … ရွေးကောက်ပွဲကာလတလျှောက် တဝုန်းဝုန်း၊ တဒုန်းဒုန်းနဲ့ “မေမေနိုင်မှ ဖြစ်မှာပါ” ဆိုပြီး မြို့ လုံးကျွတ် ရွာလုံးကျွတ် အော်ဟစ်ဆူညံ့ခဲ့သူတွေ အခုတော့ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွားတာ အပ်ကျသံ ကြားရလောက်အောင် ပြောင်းလဲခဲ့တာ ချောက်ချားစရာ။

အဲ့ဂလို ပြောင်းလဲချိန်မှာ “မရှိမဖြစ်” အဘရဲ့  စံအိမ်ကြီးလည်း နေချင်းညချင်း ကျွမ်းထိုးမှောက်ခုံဖြစ် သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားတော့တယ်။ အဘ နဲ့ သူ့ ဖတ်လေဒီ တို့မှာ စကားမပြောနိုင် မဆိုနိုင် မိဘတွေ အတင်းအဓမ္မပေးစားလို့ ယူလိုက်ရတဲ့ ကြင်စဦး လင်မယားရဲ့  မင်္ဂလာဦးညလို့ သက်မဲ့လှတယ်။ အဆိုးဆုံးက ခွက်ခွက်လန် ရှုံးခဲ့တဲ့ ရွေးကောက်ပွဲနေ့ ညနေပိုင်းကတည်းက ဒီနေ့အထိ မစားနိုင်၊ မအိပ်နိုင်၊ ဆီးချုပ်ဝမ်းချုပ်ဖြစ်ကာ ကြက်တုပ်ကွေး မိထားတဲ့ ကြက်နာကြီးလို သက်ပြင်းပူကြီးတွေ အခါခါချ၊ ပုတ်သင်ညိုလို ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ဘယ်ဂလို ပယောဂ အနှောင့်အယှက်တွေကြောင့် ဖြစ်ရသလဲလို့ အလုပ်မလုပ်တဲ့ ဦးနှောက်ကို အဖြေထုတ်ခိုင်းနေတော့တယ်။

ဟုတ်ပါတယ် … အရင်လုပ်ခဲ့ပြုခဲ့သလို အမျိုးစုံ ကြိုးခုန် ဆရာ့ဆရာကြီးတွေကို ပင့်ဖိတ် – မဘသ၊ စပဖ (စီးပွားဖြစ်) မျိုးချစ်ဘုန်းဘုန်းတွေ၊ ပယောဂ၊ စုန်းကဝေ၊ နတ်ဗေဒင် အထက်လမ်း အောက်လမ်း နေပူတော်လမ်းတွေနဲ့ ယတြာ အင်အိုင် black magic တွေနဲ့ ဖုတ်ပူမီးတိုက် (ဘယ်ဂလို ဗမာစကားလဲ မသိဝူး) အပုပ်နံ့တွေ ပျောက်အောင် ကျောက်ဖရုံသီးတွေ ချိတ်ဆွဲခဲ့၊ စုကွဲအောင် စုဘူးတွေ ရိုက်ခွဲခဲ့၊ နေပူတော်မှာ ကြာကြာနေရအောင် ကြာရိုးကြာပန်းကို ကိုက်ပြီး နေပူထဲမှာ တနေကုန်ထိုင်ခဲ့၊ အစိမ်းရောင် လွှမ်ခြုံအောင် မြက်စိမ်းတွေစားခဲ့ အစရှိတာတွေ အဘတို့ လုပ်ခဲ့ပေမယ့် ဒီတကြိမ်တော့ ခံရပေါင်းများခဲ့တဲ့ လူထုကြီးက အဘတို့ ပေးသမျှ အကုန်ယူ၊ ကျွေးသမျှ အကုန်စားပြီး “ဒီရထားကြီး ထွက်ချိန်မမှီဘူးဆို နောင်အနာဂတ်တော့ သိပ်မသေချာ … ဒါ နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေးပါ” ဆိုတာကို နားယောင်ပြီး အဘတို့ကို နားလှည့် ဦးအုန်းမြင့်လုပ်ပြီး ဟိုဟာကို ဖနောင့်နဲ့ပေါက် စွန့်ပစ်သွားကြတော့တယ်။

သို့ဖြစ်စေကာမူ အသည်းနှလုံးနုတဲ့ မောင်ဥက္ကလာအဖို့ အဲ့ဂလို မျောက်သစ်ကိုင်းလွတ် လင်းတမှိုင် မှိုင်နေတဲ့ ဘဲသရေမရှိတဲ့ အဘ မျက်နှာအိုကြီးကို မကြည်ရက်။ အဘ ပြောလဲပြောစရာ … ရွေးကောက်ပွဲကာလ ဒံပေါက်ကျွေး၊ ပန်းကုံးစွပ်ဖိုးပေး၊ တီရှပ်၊ ဦးထုပ်တွေ အလကားပေး၊ မြူဆွယ်ခြိမ်ခြောက်ထားတဲ့ကြားက အဘကိုကျော် ဒွေးတော်လွမ်းကြတာ။ တချိန်တခါက ဒီနယ်ဒီမြေမှာ “မရှိမဖြစ် အဘ” ဆိုပြီး မြို့ ရဲ့  လမ်းစုံလမ်းခွ လူစည်းကားရာနေရာတွေမှာ ဗီနိုင်းဓါတ်ပုံတွေချိတ် ဖောသွပ်အဆီပြန်နေတဲ့ မျက်နှာပေးနဲ့ ဂိုက်ကြမ်းခဲ့တဲ့ အဘ (ဆဒမ်ဟူစိန်လို ကျောက်ရုပ်ထူဖို့လည်း စဉ်းစားခဲ့)။ အခုတော့ ဟီရိသြတ္တပ္ပ မရှိကင်းမဲ့တဲ့ ဒီမျက်နှာကြီးကို ဘယ်သွားထားရမလဲတဲ့။

အတွင်းသတင်း ဖောက်သည်ချချင်တဲ့ အလွန်ဝမ်းသာ … အဲ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ မကြာခင် စွန့်ခွါပြေးတော့မယ့် အဘ အပါးတော်မြဲ ဖိတ်ခေါ်လို့ မကုန်သေးတဲ့ ဒံပေါက်တွေကို သွားစားရင်၊ အဘကို ညာတာပါတေး မျက်နှာပြောင်တိုက် အားပေးစကားဆိုဖို့ ရောက်သွားတဲ့ မောင်ဥက္ကလာ ကို … “မောင်ရင် စားနိုင်သလောက် စာသွား။ စားမကုန်ရင် လမ်းထိပ်က အမှိုက်ပုံမှာရှိတဲ့ အောင်နက်တို့တသိုက်ကို သွားကျွေးလိုက်။ (ပြင်ပလောက အခြေအနေကို မသိမကြားတော့မှန်း သိသာတယ်။ အခုဆိုရင် ရန်ကုန်မြို့ ကြီးနဲ့ နိုင်ငံတဝှမ်း အမှိုက်ရှင်းသူတွေကြောင့် အမှိုက်ပြောင်၊ အောင်နက်တို့ ဘုံပျောက်နေတာကို မသိရှာ။) မင်းလည်း နောက် မလာတော့နဲ့။ မင်းတို့အားလုံး ဘာမှ ထူးမခြားနား၊ တကျိတ်တည်း တဥာဏ်တည်း တို့ပေးတာယူ၊ တို့ကျွေးတာ စားပြီး မင်းတို့ကြီးဒေါ်ကို မဲပေးခဲ့ကြတဲ့ကောင်တွေ အနုပ်စုတ်ကုပ်စုတ်တွေ (စကားထဲက ဇာတိပြလာ)။”

ဒေါသအလိပ်လိုက်ထွက်ကာ အဆီတစိမ့်စိမ့် ထွက်နေတဲ့ မျက်နှာကြီးကို ပွတ်သပ်၊ သက်ပြင်းပူရှည်ကြီးချကာ ဆက်ပြောတာက “တို့တွေ ဒီတကြိမ် လည်မျိုအနင်းခံလိုက်ရတာက သိသလိုတတ်သလို မလည်ရှုပ်လုပ်ခဲ့တဲ့ ကော်မရှင်ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ကောင်က စာရင်းမှားနဲ့ အပိုင်ချုပ်ထားတယ်ဆိုပြီး ရွှီးခဲ့လို့။ အောက်လမ်းအထက်လမ်း ပိုင်တယ်ဆိုတဲ့ ဘနဖူး သိုက်တူးသမားက သာကူးလုပ်ချင်သူကို အချိန်မီဖယ်ရှားပြီး အားလုံး ပသတင်မြှောက်ထားပြီးပြီ ပြောတာကို ယုံခဲ့လို့။ ဟို ပုဇွန်ဦးနှောက်နဲ့ လူတတ်လုပ်ကာ ဖေ့ဘုတ်ကနေ ပြောချင်ရာ ကရားရေလွှတ် အာချောင်အာဖျံကွီး လုပ်နေတာကို ဆိုက်ဝါ (Psywar) ဆိုပြီး မစိုးရိမ်ဖို့ ဘပြောင် က ပြောခဲ့တာတွေ ငါ ယုံခဲ့လို့ အခုလို ဖြစ်ရတာ။ လမ်းခင်းပန်းခြံဆောက် လုပ်ပေးခဲ့တဲ့ ငါ့ကို ဒီမြို့ သားတွေ စွန့်ပစ်မှာ မဟုတ်ဘူး။ လက်မခံနိုင်ဘူး။ အိပ်မက်ဆိုးတွေ မက်နေတာ ဖြစ်မယ်” လို့ ကယောင်ကတမ်း ပြောဆိုတော့တယ်။

အဲ့ဂလို …  ကမူးရှူးထိုး ပြောနေတဲ့ အဘကို မျက်စိမျက်နှာပျက်နဲ့ “ကိုကြီးရယ် … စိတ်လျှော့လိုက်ပါတော့” လို့ ဆွေဆွေမြည့်မြည့် မျက်ရည်တစမ်းစမ်း ငိုရှိုက်သံနဲ့ ဖတ်လေဒီ က နှစ်သက်စကား ဆိုရှာတယ်။ အခုမှ သတိထားကြည့်မိတယ်။ ပြတင်းပေါက်သံတိုင်းတွေကို ငေးငေးမှိုင်မှိုင် ဆုပ်ကိုင်ပြီး ထောင်ဝင်စာ စောင့်နေသူလို မရေရာ၊ မသေချာ၊ မမြင်ရတဲ့ ဟိုအဝေးတနေရာကို မျှော်ကြည့်နေတာလား။ အတိတ်ကာလ စံစားခဲ့တာတွေကို ပြန်တမ်းတနေတာလား။ ဘာတွေတွေး လွမ်းဆွတ်နေလဲ မသိ။ တကယ့် အကယ်ဒမီရှော့ သနားစရာ။

“ကဲကွယ် … မင်းတို့လဲ ပြန်ကြပါတော့။ သွားကြပါတော့။ မီးစာကုန်ဆီခန်း၊ ပြန်လမ်းမရှိတော့တဲ့ အဘတို့ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့တော့။ တို့ဘဝနဲ့ တို့ရှိပါစေ။ နေရဖို့ ကျန်သေးတဲ့အချိန်မှာ ဝဋ်နာကံနာ ပေးဆပ်ဖို့ ကံ စီမံရာအတိုင်းပေါ့ကွယ်။” ငိုကြီးချက်မ ပင့်သတ်ချ ပြောဆိုကာ ဒယိမ်းဒယိုင် အဘကို တွဲခေါ်ပြီး အမှောင်ချထားတဲ့ အိပ်ခန်းထဲဝင်ရောက် ပျောက်ကွယ်သွားကြတယ်။

ဒါနဲ့ အချိန်ရှိခိုက် လုံလစိုက်၊ အရိပ်ပြ ဂေါ်ဇီလာမြင်တဲ့ မောင်ဥက္ကလာ က အခန်းထောင့်မှာ အထုပ်အပိုးတွေ ထုပ်ပိုးနေတဲ့ ငူတူတူ ကြောင်တောင်တောင် အဘ အပါးတော်မြဲကို နှုတ်ဆက်ပြီး။ စံအိမ်အပြင် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်၊ မေ့ဖျောက်ဖို့ခက်လှတဲ့ အဘကို ရာဇဝင်ထဲမှာ စွန့်ပစ်ခဲ့ပြီး မနက်ဖြန် အမှိုက်ကောက်ဖို့ ပြင်ဆင်နေတဲ့ မယ်တော်ကြီးရဲ့  အနိုင်ရပါတီရုံးဆီ စာရင်းပေးဖို့ ခြေလှမ်းကျဲကျဲ ခပ်သွက်သွက်လေး လစ်ခဲ့တော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ဥက္ကလာ – ရာဇဝင်ထဲမှာ ထားရစ်ခဲ့တော့
  1. ဆောင်းပါးရှင်ရဲ့ အသက်အပိုင်းအခြားကို သိပါရစေ။

Comments are closed.