သူတို့အာဘော်

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာမခံ၊ မြန်မာပြည်ကသတင်းစာဆရာ နဲ့ အမေရိကန်ကမြန်မာ

အယ်ဒီတာ့လက်ရေး (၁၆)

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာမခံ၊ မြန်မာပြည်ကသတင်းစာဆရာ နဲ့ အမေရိကန်ကမြန်မာ

မောင်ရစ်၊ နိုဝင်ဘာ ၁၀၊ ၂၀၁၂

            နိုဝင်ဘာ ၇ နေ့စွဲနဲ့ ပြည်သူခေတ်သတင်းဂျာနယ်အတွက် သတင်းစာဆရာ မောင်ဝံသက “ကျန်းမာရေးအာမခံ” ဆိုတဲ့ စာကို ရေးတယ်။ နိုဝင်ဘာ ၉  နေ့စွဲ ဖေ့စ်ဘွတ်သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ဆေးရုံကြီးကို အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်ရေး ဆောင်ရွက်ကြဖို့ လွှတ်တော်မှာ အဆိုတင်တယ်။ လွှတ်တော်က အမတ်တွေ၊ ဥက္ကဋ္ဌတွေက ထောက်ခံကြတယ်၊ အဆိုပြုချက်ကို မှတ်တမ်းတင်ကြတယ် ပြောတာပဲ။ မြန်မာပြည်မှာ အခြေခံဥပဒေအရ “နိုင်ငံသားတိုင်းမှာ နိုင်ငံတော်ရဲ့ ပြဌာန်းထားသော မူဝါဒများနဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရှိတယ်” လို့ပဲ အကြမ်းအားဖြင့်ရေးထားတယ်။ သည်လိုဆိုရင် မြန်မာပြည်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတော်က ပြဌာန်းထားသော မူဝါဒဆိုတာကို ကျနော်တို့ မေးခွန်းထုတ်ကြရတော့မယ်။

            မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က အဲသည်က နိုင်ငံတော်မူဝါဒက နိုင်ငံတော်က နိုင်ငံသားတိုင်းကို ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူရတယ်။ (ပုဂ္ဂလိကပိုင်ဆိုင်မှုတွေမှ ခွင့်မပြုတာကိုး၊ အကုန်လုံး အစိုးရက လုပ်ပေးရတာပေါ့)။ အဲသည်မှာ နိုင်ငံတော်၏ မူဝါဒနဲ့ အညီ အခမဲ့ ဆေးကုသခွင့်၊ နိုင်ငံတော်ရဲ့ သက်သာချောင်ချိသော နှုန်းထားများနဲ့ ဆေးကုသခွင့် ဆိုတာတွေ ရှိတယ်။ ဆေးမရှိတာ၊ စက်မရှိတာ၊ ဆရာဝန်တွေ မရှိတာတွေက တပိုင်းပေါ့။ နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်မှာ ပုဂ္ဂလိကဆေးခန်းတွေ ဆေးရုံတွေပေါ်လာတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာမခံချက်ဆိုတာ ကိုယ့်အားကိုကိုး၊ ကိုယ်ထူကိုယ်ထ၊ ကိုယ်စာရိတ်ကိုယ်ပေး ကျန်းမာရေး ဖြစ်လာတယ်။ အဲသည်မှာ နိုင်ငံတော်ရဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒဆိုတာ ဘယ်သူကမှ မေးခွန်း မထုတ်ခဲ့ကြဘူး။ ကိုယ့်အဖြေကိုယ် ရှာခဲ့ကြတာချည်းပဲ။

            အခုတော့ နိုင်ငံတနိုင်ငံ၊ အစိုးရတရပ် ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတရပ်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာမခံချက်ဆိုင်ရာ မူဝါဒ၊ သဘောထား၊ တာဝန်ယူမှုနဲ့ ခံစားခွင့်တွေ ကို ကျနော်တို့ ဘယ်လိုဖြေကြမှာလဲ။

            လတ်တလော အကြောင်းအရင်းတွေ ပြန်ပြောရရင် ဆရာမောင်ဝံသ နေမကောင်းတဲ့ကိစ္စက စပြောရမယ် ထင်ပါတယ်။ ဆရာကိုယ်တိုင်က သူ့မှာ အဆုတ်နဲ့ ပတ်သက်ပြီး သေလောက်တဲ့ ရောဂါဖြစ်နေပြီလို့ စာဖတ်သူတွေ၊ မိတ်ဆွေတွေကို အသိပေးလိုက်တယ်။ အသိပေးတဲ့ တချိန်တည်းမှာပဲ အဲသည်ရောဂါကို ကုသဖို့အတွက် ဆေးကုသမှုစာရိတ်ကို တွက်ချက်ပြပါတယ်။ ကုသမှုတခု ချိန်းဆိုတိုင်းမှာ မြန်မာငွေ သိန်း ၄၀ ကျော် ကုန်ကျမယ်လို့ သိရပါတယ်။ ဒါကို အကြိမ်ပေါင်း ၁၀ကြိမ်ထက် မနည်း ဆောင်ရွက်ရမှာပါ။ အဲသည်အတွက် ဆရာနဲ့ ဆရာတို့ မိသားစုမှာ ဆရာ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် စာရိတ်တွေအားလုံး သူတို့မှာပဲ တာဝန်ရှိတယ်။ မိမိတို့ဖာသာ မိမိတို့ ရင်ဆိုင်ကြရတော့မယ်ဆိုတာကို သတင်းကြားရတဲ့ စာဖတ်သူတွေ၊ မိတ်ဆွေတွေ အားလုံးက သဘောပေါက်လိုက်ကြပါတယ်။ သည်တော့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ ပရိသတ်တွေက မိမိတို့ တတ်စွမ်းနိုင်သလောက် ၀ိုင်းဝန်းကြ၊ အားပေးကြပါတယ်။

            ကျနော်ဆိုရင် ကျနော့်ရဲ့ အယ်ဒီတာဆရာ၊ ကျနော့်ရဲ့ စာမူတွေကို ပထမဦးဆုံး ပုံနှိပ်ဖော်ပြပေးသူ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်မှာ၊ ပထမဦးဆုံး စာမူခ ထုတ်ပေးပြီး စာပေနယ်ထဲကို လက်တွဲခေါ်ငင်သူ ဆရာတဦးအတွက် ဘာစာ၊ ဘာစကားမှ မရေးချင်၊ မပြောချင်လောက်အောင် စိတ်ထိခိုက်မိတယ်။ မိုးမခ၀ိုင်းတော်သားတွေ ဘယ်တော့မှမရတဲ့ စာမူခအလှူအဖြစ် လိုက်လံစုဆောင်းပြီး ဆရာ့ကို ကျန်းမာရေးဓာတ်စာလေးပဲဖြစ်ဖြစ် အသုံးဝင်မလားလို့ စုပေါင်းပြီး ကန်တော့တယ်။ ကျနော်တို့ ဒါပဲ တတ်နိုင်တယ်လေ။

ကျနော်တို့တတွေရဲ့ ထက်ဝန်းကျင်မှာ အခွင့် အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ၊ သြဇာတွေ ရယူပိုင်ဆိုင် ချုပ်ကိုင်ထားတဲ့ အစိုးရတွေ၊ အရွေးချယ်ခံရထားတဲ့ အာဏာပိုင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ “နိုင်ငံတော်”ဆိုတာက သူ့ နိုင်ငံသားတွေအတွက် သူ့ပြည်သူတွေအတွက် အလိုအပ်ဆုံး၊ အရေးပေါ်ဆုံး အခြေအနေတွေမှာ အချိန်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေး အာမခံချက်တွေ ပေးအပ်ဖို့ မလိုဘူးလား။ မိမိတို့ ကွန်မြူနီတီက မိမိတို့ မိတ်ဆွေတွေ အချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်နေချိန်မှာ အဲသည်ထက် ကျယ်ပြန့်တဲ့ စောင့်ရှောက်မှုတွေ၊ အာမခံချက်တွေကို နိုင်ငံတော်တွေကလည်း ၀င်ရောက်ဖြည့်ဆည်းသင့်တယ် မဟုတ်ဘူးလား။

ဆရာ့ကို ကျနော်မေးမိတဲ့ မေးခွန်းက မြန်မာပြည်မှာ မရှိသော်လည်း ပြည်ပနိုင်ငံတွေမှာ ကျန်းမာရေးအာမခံချက်တို့၊ ၀န်ဆောင်မှုတို့ကို ချေးယူပြီး ဖြစ်စေ၊ လစဉ်ကြေးဖြင့် ဖြစ်စေ အရစ်ကျ ၀ယ်ယူပြီးတော့ ပြည်ပက ဆေးရုံ၊ ဆေးခန်းတွေမှာ ရောဂါဝေဒနာကို ကုသ စောင့်ရှောက်မှု ခံယူလို့ မရဘူးလားလို့ မေးမိပါတယ်။ တကယ်တန်းကတော့ သိပ်ပြီး မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့  အင်န်အယ်ဒီပါတီက ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တဦး ပြည်ပကို ထွက်ပြီး ဆေးကုသဖို့ လိုအပ်တဲ့အတွက် ကျန်းမာရေးစာရိတ်ကို နီးစပ်ရာ မိတ်ဆွေတွေ၊ ရဲဘော်တွေက ၀ိုင်းဝန်းခဲ့ကြရတာကို ကြားဖူးတယ်။ ကုပေးမယ့် ဆေးရုံက အသက်သာဆုံး ကုန်ကျမယ့် ဈေးနှုန်းကိုပဲ Quote လုပ်ပါတယ်။ ဒါက သက်ဆိုင်ရာမိသားစုနဲ့ သူတို့နေထိုင်တဲ့ နိုင်ငံတော်ရဲ့ စနစ်တွေ မူဝါဒတွေနဲ့ပဲ ဆိုင်တာကိုးလေ။ အပြင်လူတွေမှာ အကုန်လုံး တာဝန်ယူဖို့မှ မဖြစ်တာပဲ။

ဆရာမောင်ဝံသ ရေးတဲ့ ခေါင်းစဉ်က ကျန်းမာရေးအာမခံချက် လို့ ရေးပါတယ်။ Health Insurance ပေါ့။ အမေရိကန်မှာ အစိုးရက ပြည်သူတွေအတွက် ပြင်ဆင်ပြဌာန်းတဲ့ မူဝါဒကတော့ ကျန်းမာရေး စောင့်ရှောက်မှု ပါ။ Healthcare ပေါ့။ သူတို့နိုင်ငံမှာ နိုင်ငံတော်က လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရဖို့ အာမခံချက် ပေးပါတယ်။ အဲသည်အတွက် အလုပ်အကိုင်ဝင်ငွေရှိသူများက ကိုယ့်အတွက် ကျန်းမာရေးအာမခံစာရိတ်ကို ၀ယ်ယူကျခံကြပါတယ်။ အာမခံလုပ်ငန်းတွေက ပမာဏကြီးတဲ့ ဆေးကုသမှုစာရိတ်ကို ၀င်ရောက် ကျခံပေးပါတယ်။ အဲသည်မှာ အသက်အရွယ်ကြီးသူတွေ၊ မသန်မစွမ်းတွေ၊ အလုပ်အကိုင်မရှိသူတွေ၊ ဆင်းရဲချို့ငဲ့သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အာမခံကိုတော့ နိုင်ငံတော်နဲ့ သူနေထိုင်ရာ ပြည်နယ်တွေက ၀င်ရောက် ကူညီကျခံပေးပါတယ်။ ကုသပေးကြပါတယ်။ အဲသည်အတွက် မိမိဖာသာ ဆေးကုသခွင့် ရှိသလို၊ မတတ်နိုင်တော့တဲ့ အခြေအနေမှာလည်း နိုင်ငံတော်နဲ့ စနစ်က ၀င်ရောက် ဆောင်ရွက်ပေးဖို့ အခြေအနေတွေ ရှိပါတယ်။ ဆေးကုသစာရိတ်ကြီးမားလွန်းလို့ လူနာတွေ လူနာရှင်တွေ လူမွဲစာရင်းခံလိုက်ရတာ၊ ဖြူကာ ပြာကာ ကျသွားတာတွေ ရှိသော်လည်း လူနာအတွက် ဆေးကုသခွင့်၊ စောင့်ရှောက်မှု အာမခံချက်ကိုတော့ နိုင်ငံက  နိုင်ငံသားတွေကို ပေးထားပါတယ်။

ဘာကြောင့် ဒါတွေ ရေးနေမိလဲဆိုတော့ ဒီနာရေးတွေက ဒီတပတ်ထဲမှာ ကိုယ်တွေ့ ကိုယ်တွေ့လို့ ပြောရမလို ဖြစ်နေလို့ပါ။ ကိုယ့် မိုးမခမိတ်ဆွေတဦးကိုယ်တိုင်လည်း နှလုံး၊ သွေးတိုး၊ ဆီးချို၊ အလုပ်လက်မဲ့၊ ကျန်းမာရေး ကျဆင်းမှုကို ခံစားနေရတာကို ကြုံတွေ့ရပါတယ်။

သည်တော့ မိတ်ဆွေတွေအချင်းချင်း ညွှန်းတဲ့ ဆန်ဟိုဇေးက စေတနာရှင် မြန်မာဆရာဝန်တဦးဖြစ်တဲ့ ဆရာမ ဒေါက်တာ ဒေါ်စန်းစန်းမြင့်ကို အကျိုးအကြောင်းပြောပြီး သွားပြရပါတယ်။ ဆရာမက အလွန်ချိုသာသော ဆေးကုသမှုနဲ့ မိုးမခမိတ်ဆွေကို ကြည့်ရှုစောင့်ရှောက်မှု ပေးပါတယ်။ ပြီးတော့ လူနာကိုယ်တိုင် ၀ယ်ယူဖို့ ခက်ခဲနေတဲ့ တလစာ ဆေးတွေကို Costco လို ဆေးဆိုင်ကြီးမှာ ဆရာဝန်လက်မှတ်နဲ့ ၀ယ်ယူခွင့် ရရှိခဲ့ပါတယ်။ insurance မရှိတဲ့ လူနာကို ဆေးဆိုင်ကြီးက ဆေးဖိုးတောင်းတာကလည်း အလွန်သက်သာပါတယ် ခင်ဗျာ။ ဒီတော့ “သည်မှာဖက်ကမ်း”က community level မှာ တဦးကိုတဦး ရိုင်းပင်းကူညီ စောင့်ရှောက်ဖို့က သတင်းတွေ အချက်အလက်တွေ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရင် မခဲယဉ်းကြောင်းပါ။

နောက်တဆင့်ကတော့ မောင်ရစ်လည်း မတတ်နိုင်၊ စေတနာရှင် ဆရာဝန်လည်း မတတ်နိုင်တဲ့ အဆင့်ပါ။ အလုပ်လက်မဲ့ ဖြစ်နေတဲ့ တဦးတည်းသော လူနာကို ဘယ်သူတွေက ဘယ်လိုမျိုး အခုလို အရေးပေါ်ချိန်မှာ စောင့်ရှောက်ကာကွယ်မှု ပေးထားမှာတုန်း၊ သူ့အတွက် ရေရှည်ဆေးဖိုးတွေ၊ ဆေးကုသမှု ၀န်ဆောင်မှုတွေ ပေးနေမှာတုံး။ ဒါက သူနေထိုင်တဲ့ တိုင်းပြည်ရဲ့ စည်းစနစ် နဲ့ မူဝါဒတွေနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုမျိုး အကူအညီလိုအပ်နေတဲ့ ပြည်သူတဦးကို နိုင်ငံတော်က ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှုပေးဖို့ အာမခံပါတယ် ခင်ဗျား။

သည်လိုနဲ့ ဥက္ကလံမြို့အခြေစိုက် ဒုက္ခသည်များ၊ ရွှေ့ပြောင်းနေထိုင်သူများ ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတဲ့ လူမှုဖူလုံရေးအဖွဲ့အစည်းတရပ်မှာ တာဝန်ယူ ထမ်းဆောင်နေသူ စေတနာရှင် ကိုဇာနည်မောင်ကို ဆက်သွယ်မေးမြန်းလိုက်တဲ့အခါမှာ ကိုဇာနည်မောင်က အဆိုပါအကူအညီလိုအပ်နေသူများအတွက် ကူညီစောင့်ရှောက်မှု လုပ်ပေးနေတဲ့ နိုင်ငံတော်နဲ့ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် အစီအစဉ်တွေ ရှိပါကြောင်း အဆိုပါ မိုးမခမိတ်ဆွေကို သူ့ထံ ချက်ခြင်းလွှတ်ပြီး တွေ့ဆုံဆွေးနွေးမှု လုပ်နိုင်ကြောင်း လှိုက်လှဲစွာ ကြိုဆိုခဲ့ကြောင်းပါ ခင်ဗျား။

လက်ရှိအခြေအနေမှာ မြန်မာပြည်နဲ့ မြန်မာပြည်သားတွေမှာ ကျန်းမာရေး၊ လူမှုရေး နဲ့ အလုပ်သမားရေးရာ စောင့်ရှောက်မှုတွေ၊ အာမခံချက်တွေနဲ့ ပတ်သက်ပြီး ထိပ်ဆုံး ခေါင်ကနေ မူဝါဒပိုင်းဆိုင်ရာ တိကျတဲ့ သတ်မှတ်ချက်တွေ၊ လျာထားချက်တွေ မရှိသေးတာ၊ မလုပ်သေးတာကတော့ အထင်အရှားပါပဲ။ နိုင်ငံသားတဦးအတွက် စောင့်ရှောက်မှုနဲ့ အာမခံချက်ဆိုတာတွေကလည်း မပီဝိုးတ၀ါးဖြစ်ဆဲပါပဲ။

အဲသည်အတွက် ကျနော်တို့ရဲ့ ဆရာ မောင်ဝံသကိုယ်တိုင် မိသားစုနဲ့အတူ ကိုယ်ထူကိုယ်ထ ဆေးကုသဖို့ စမ်းတ၀ါးဝါး သွားနေရတာဖြစ်ပါတယ်။ ကွန်မြူနီတီအဆင့်မှာ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်းကူညီ အားပေး ထောက်ခံမှုတွေနဲ့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အဲသည်အတွက် ရန်ကုန်က မိုးမခမိတ်ဆွေတွေရဲ့ မိဘ သားချင်းတွေဟာ ဇီဝိတဒါနဆေးရုံတွေမှာ၊ နာရေးကူညီမှုအသင်း ဆေးခန်းမှာ တန်းစီပြီးတော့ ဆေးကုသစောင့်ရှောက်မှုကို ရယူနေကြရတာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ မူဝါဒအရ နိုင်ငံသားတိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အာမခံချက် ရှိရမယ်ဆိုတာထက် ကံလေးများ ကောင်းရင်၊ နိုင်ငံတော်အကြီးအကဲဆိုသူတွေနဲ့ အပေါင်းအပါတွေရဲ့ စောင်မကြည့်ရှုမှုသာ ခံရမယ်ဆိုရင် “အခွင့်ထူးခံ” ကျန်းမာရေးစောင့်ရှောက်မှု အာမခံချက် ရချင် ရကြပါလိမ့်မယ်။ ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စ မဟုတ်တော့ဘူး။ ရှုတ်ချရမယ့် အရေးဖြစ်နေပြီ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ဖြင့် တိုက်တိုင်ဆိုင်ဆိုင် ကျန်းမာရေးစောင့်ရှောက်မှု အာမခံချက် အရေးပါပုံကို ကိုယ်တွေ့ မျက်မြင် သိရှိကြပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကြီးကလည်း ရန်ကုန်ဆေးရုံကြီးကို အဆင့်မြင့်ဆေးရုံကြီးအဖြစ် မြှင့်တင်ဖို့ အဆိုတင်နေကြပြီ ဖြစ်ပါတယ်။ မကြာခင်ကာလအတွင်းမှာ မြန်မာပြည်မှာ နိုင်ငံတော်မူဝါဒ အဆင့်မှာ လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု အာမခံတယ်ဆိုတဲ့ ပြဋ္ဌာန်းမှု သိသာထင်ရှားစွာ အမြန်ဆုံးပေါ် လက်တွေ့လည်း အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

မြန်မာပြည်သူတွေအားလုံးနဲ့တကွ ဆရာမောင်ဝံသနဲ့ မိုးမခမိတ်ဆွေတွေ ကျန်းမာ ချမ်းသာ သက်ရှည်ကြပါစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာမခံ၊ မြန်မာပြည်ကသတင်းစာဆရာ နဲ့ အမေရိကန်ကမြန်မာ
  1. All UK Citizens and those with PR are entitled to free Medical treatment under National Health Service in the UK just like the post Independence years in Myanmar. Those with private medical insurance can also opt for NHS treatment in addition to Private treatment. Myanmar should provide at least basic medical care for all citizens and Residents.

Comments are closed.