မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာ စာတမ်း (၁၅) “ဗိုလ်အောင်ကျော်လမ်း ပူးတွဲ ကြေညာချက်”

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာ စာတမ်း (၁၅)
“ဗိုလ်အောင်ကျော်လမ်း ပူးတွဲ ကြေညာချက်”
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄

ကျနော် ပေါင်းတည် ပြန်ရောက်ပြီးတော့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ကျင်းပတာတွေ၊ မြို့နယ် စည်းကော်မတီ အစည်းအဝေး ကျင်းပပြီး ဂန္ဒီခန်းမ ညီလာခံအကြောင်း ရှင်းပြတာတွေ လုပ်ပါတယ်။  ဂန္ဒီခန်းမ ညီလာခံ ဗီဒီယိုခွေလည်း ကျနော် အပြန်ပါလာတာမို့ ဒါကိုလည်း ဖြန့်ချိနိုင်ပါတယ်။  ဂန္ဒီခန်းမ ကြေညာစာတမ်းကို ရှင်းလင်းတာတွေ၊ ဂန္ဒီခန်းမ ညှိနှိုင်းပွဲအပြီး ဦးကြည်မောင် ကို ခေါင်းဆောင် အဖြစ် ယုံကြည်သင့် သလောက်ယုံကြည်နိုင်ပုံ၊ အခြား အားတက်ဖွယ်ရာများနဲ့.ဗဟို အလုပ် အမှုဆောင်များ အပေါ် ကျနော့် အမြင်များကို ရှင်းပြ ဖြစ်ခဲ့ပါတယ်။

အဓိက အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံနေရလို့ ဂန္ဒီခန်းမ ညီလာခံ မကျင်းပမီမှာ ဗဟိုခေါင်းဆောင်မှုကို သိပ်အားမရပေမဲ့ ဦးကြည်မောင်ရဲ့  ထူးခြားတဲ့ အခြေအနေ၊ အရည်အချင်းတွေအရ ကျန် ဗဟိုအလုပ်အမှုဆောင်များကပင် ဦးကြည်မောင်ကို နေရာပေးလာပုံတွေ၊ နောက်တချီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်  စုံညီ အစည်းအဝေး ခေါ်နိုင်ရင်တော့ ခေါင်းဆောင်မှုကို ယုံကြည်ရပြီ ဖြစ်လို့မို့ တကြောင်း၊ ရန်ကုန်လူထုရဲ့ အင်တိုက်အားတိုက် ထောက်ခံမှုရယ်ကြောင့် တကြောင်း၊ ယခု အကြိမ်ထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နဲ့ ပြတ်သားတဲ့ လုပ်ရပ်များ လုပ်နိုင်ကောင်းစရာ ရှိတာတွေကို တင်ပြခဲ့ပါတယ်။

ဒီတော့လည်း ဒီမြို့က လူတွေ အားတက်လာကြတာပေါ့။  အားတက်လာတော့လည်း တက်ကြွရုံမက ကြွတက်တာတွေပါ ရှိလာတယ်။  အဖွဲ့ ချုပ် ရင်ထိုး တံဆိပ်တပ်ထားတဲ့ လူတွေက ကျေးရွာတွေမှာ လူရွေးပွဲ ဆန်ဆန်လုပ်လာတယ်၊ လက်ရှိ  ရ.၀.တ တွေကို သတိပေးတာမျိုးတွေ လုပ်လာတယ်။  အစည်းအဝေးတွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် က  န၀တ လွှတ်တော် ခေါ်မပေးလည်း  ကိုယ့်ဘာသာ လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့မယ်၊ အောက်ခြေ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေမှာလည်း အင်အယ်လ်ဒီ အဖွဲ့ ၀င်တွေပဲ ၀င်ပြီး လုပ်ကြကိုင်ကြမယ် ဆိုတာတွေ ပြောကြဆိုကြရုံမက လက်ရှိ ရ.၀.တတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ၀င်ရောက် စွပ်ဖက်တာမျိုးတွေ တောင် ရှိလာတယ်လို့ သတင်းရလို့ အဲဒီလို ကျေးရွာမျိုးတွေကို ဆင်းရပြန်တယ်။

ထိန်းထိန်းသိမ်းသိမ်း ပြောကြဆိုကြ၊ လုပ်ကြကိုင်ကြဖို့ ကိုယ့်လူတွေကို ဘရိတ်အုပ် နေရပြန်တယ်။  ဒီအချိန်မှာတော့ တခါက မြို့ နယ် စည်းရုံးရေးကော်မတီဝင်တဦး ဖြစ်ခဲ့ဖူးတဲ့ ဦးဖေမြင့် တင်ပြခဲ့ဖူးတဲ့ မြို့နယ် စည်းရုံးရေး ကော်မတီ အတွင်း တာဝန်ခွဲဝေရေး၊ ရပ်ကွက်၊ ကျေးရွာ၊ နယ်မြေ ခွဲပြီး ကိုင်တွယ်ရေးကို စဉ်းစားလာရပြီပေါ့။  ရှေ့ ဆက်ပြီး ဒါတွေကို အလေးအနက် ထားရတော့မယ်။  မိမိတို့ မြို့နယ်အတွင်း ကြိုကြိုတင်တင် လုပ်ထားနိုင်မှ တော်ကာကျမယ်လို့ စဉ်းစားကြရပါပြီ။

ကော်မတီ အစည်းအဝေး မဟုတ်ပေမဲ့ အဖွဲ့ရုံးမှာ လူစည်ကားတဲ့ အခါတွေမှာ.စကားစမြည် အဖြစ် အလွတ် သဘော ဆွေးနွေးကြည့်ပါတယ်။  တကယ်ပဲ ဒီလို မြို့ နယ် အုပ်ချုပ်ရေးကို လက်တွေ့ကိုင်တွယ်ရမယ့် အချိန် နီးလာပြီဆိုတော့ တချို့ လည်း ပိုတက်ကြွလာတယ်။  တချို့ က ဒီတာဝန်မျိုးကို မလုပ်ချင်ကြဘူး.ဆိုတာတွေ တွေ့လာရတယ်။  အဖွဲ့အစည်းနဲ့ လုပ်တဲ့အခါ ဒါဟာ ရှောင်လို့ မရဘူး၊ မုဆိုးစိုင်သင်ဖြစ်သွားမှာပဲ၊ မိမိကိုယ်ကို မိမိ  ထိုက်တန်အောင် တည်ဆောက် ပြင်ဆင်ထားဖို့ လိုအပ်ပြီလို့ ပြောဆို ကြရပါတယ်။  ပြောဆိုရုံနဲ့ မပြီးဘူး။  ဒါကို နိုင်ငံရေး သင်တန်း သဘောမျိုး ဖြစ်ဖြစ်.ဆွေးနွေးပွဲသဘော မျိုးဖြစ်ဖြစ် လုပ်ထားသင့်တယ် လို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်ပါတယ်။

သြဂုတ်လ  နောက်ဆုံးရက်များမှာတော့ ဗဟိုအလုပ်အမှုဆောင်နဲ့ တိုင်းရင်းသားလူမျိုးစုများ ပူးတွဲ ကြေညာချက်တခု ထုတ်နိုင်ခဲ့ပါတယ်။  ၁၉၉၀ ပြည့် ဇွန်လက စပြီးတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ဆွေးနွေးခဲ့ချက်များ၊ တိုင်းရင်းသား လူမျိုးစုများနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် တို့ရဲ့ ဆွေးနွေးခဲ့ချက်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ဂန္ဒီခန်းမ အစည်းအဝေး ဆုံးဖြတ်ချက်များကို အားလုံး သဘောတူညီကြောင်း ကြေညာချက်များကို စုပေါင်းထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။

အဲဒီအပြင်.ပြည်သူ့ လွှတ်တော် ပေါ်ပေါက်ပြီး ပြည်သူ့လွှတ်တော်က ဖွဲ့စည်းတဲ့ အစိုးရ အဖွဲ့ အနေနဲ့ တိုင်းရင်းသား လူမျိုးများနဲ့ အခြား လူ ပုဂ္ဂိုလ် အဖွဲ့အစည်းများ ပါဝင်တဲ့ အမျိုးသား ညှိနှိုင်းမှု ညီလာခံကြီး တရပ် ကျင်းပဖို့နဲ့ အဲဒီညီလာခံကနေပြီး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ် တရပ် ရေးဆွဲဖို့ ဆိုတာလည်း.သဘောတူကြပါတယ်။  တိုင်းရင်းသားလူမျိုးစု အသီးသီးက ကိုယ်စားလှယ် (၁၄)ဦးနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ် (၁၇) ဦး ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ထွက်လာတော့ ကျနော့် စိတ်ထဲ နည်းနည်း ထင့်နေတဲ့ ယာယီဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြဿနာ အတွက် စိတ်အေးသွားပါတယ်။  ဒီ ယာယီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကို ဂန္ဒီခန်းမမှာတုန်းက မူအားဖြင့်သာ ထောက်ခံခဲ့ရတာ၊ တခါမှလည်း မမြင်ဖူး၊ မဖတ်ဖူးတော့ လူမျိုးစုတွေဘက်ကမှ လက်ခံပါ့မလားလို့ စိတ်ထင့်ခဲ့ရတာပါ။

အခုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်းက လူမျိုးစု ကိုယ်စားလှယ်တွေ သာမက အရွေးချယ်ခံထားရတဲ့ အခြား လူမျိုးစုအဖွဲ့အစည်းတွေကပါ လက်ခံတယ်ဆိုတော့ ရှေ့မှာ လမ်းရှင်း သွားပြီပေါ့။  ဒီကြေညာချက်တွေ ထဲမှာ လူမျိုးစုတွေက အမျိုးသား ညှိနှိုင်းမှု ညီလာခံကြီး တရပ်ခေါ်ပြီး အဲဒီ ညီလာခံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ် ရေးဆွဲဖို့ ဆိုတာပါတဲ့ အပြင် နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင်  အခြေခံရမည့် လမ်းညွှန် အခြေခံမူတွေလည်း တင်ပြထားတာတွေ့ ရတယ်။

ဒီ့ပြင်လည်း အဖွဲ့ ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ထဲက တိုင်းရင်းသား လူမျိုးများ ခေါင်းစဉ်အောက်က အပိုဒ်(၂၂) မှာ ဖော်ပြထားတဲ့ (က)(ခ) ကနေ (ဇ) အထိကိုလည်း အချိန်ရရင်တော့  စိတ်ဝင်စားမယ့် သူတွေကို ဆွေးနွေးထားရင် ကောင်းမလားလို့ တွေးမိပါတယ်။

ဖက်ဒရယ်မူနဲ့ ပတ်သက်လို့တော့ အဖွဲ့ချုပ် ဖွဲ့စက အဖွဲ့ဝင်သစ်တွေကလည်း တက်ကြွနေ ချိန်ဖြစ်ပြီး.အဲဒီတုန်းက မဆလအစိုးရရဲ့ မှိုင်းတိုက်မှုကြောင့် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမူ လို့ အထင်မှားနေတဲ့ လူငယ်တွေလည်း ရှိတာမို့ တောင်ကြီး ဦးထွန်းမြင့် ရဲ့“ပြည်ထောင်စု အတွင်းက တန်းတူတဲ့ ရှမ်းပြည်” ဆိုတဲ့ စာအုပ်ကို ၀ိုင်းဖတ်တဲ့ သဘောမျိုး နဲ့ ဆွေးနွေးဖြစ်ခဲ့သေးတယ်။  အဲဒီကတည်းကပဲ ဒီစာအုပ်လည်း ကျနော့်ဆီ ပြန်မရောက်တော့ဘဲ ပျောက်ရော။

အဲဒီစာအုပ်မှာလည်း ပါခဲ့ဖူးတဲ့ ရှစ်ပြည်နယ်နဲ့ ဖွဲ့စည်းမယ့် ပြည်ထောင်စုဆိုတာဟာ အခု လူမျိုး စုတွေက တင်ပြနေတာနဲ့လည်း လာတူနေလို့ ဒါကို မိတ်ဆက် ပေးထားရင် ကောင်းမလား ဆိုတာတွေ စိတ်ကူးပေါ်လာလို့ အရင်က ကျေးရွာအုပ်ချုပ်ရေး အတွက် သင်တန်း ပေးရကောင်းမလား ဆိုတာ နဲ့ တွဲပြီး သင်ရိုး မာတိကာတခု ရေးဆွဲဖြစ်ခဲ့ပါတယ်။

၁။  ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများသမိုင်း

(က) သူကြီး အုပ်ချုပ်ရေး/ဒိစတြိတ်ကောင်ဆယ် အုပ်ချုပ်ရေး၊

(ခ) မြို့အုပ်ချုပ်ရေး/မြူနီစပယ်အုပ်ချုပ်ရေး၊

(ဂ) ဖဆပလ ခေတ် သူကြီး အုပ်ချုပ်ရေး/ဒေသန္တရ အုပ်ချုပ်ရေး၊

(ဃ) မဆလ ခေတ်  ရပ်ကျေးကောင်စီ အုပ်ချုပ်ရေး၊

၂။  မြန်မာ့ လယ်ယာ မြေသမိုင်း

(က) လယ်ပိုင်ရှင်ခေတ် (လယ်မလုပ်ဘဲနှင့် ပုတ်ထဲပြည့်သော ခေတ်/ချစ်တီး ခေတ်)၊

(ခ) မြေယာဝေခြမ်းရေးခေတ်၊

(ဂ) နိုင်ငံတော်ပိုင် လယ်ယာခေတ် (ကျေးရွာ မြေကော်မတီနှင့် လယ်လုပ်သူလယ်ပိုင်ခွင့်/သီးစားလက်ငုတ်)

၃။  ဆိုရှယ်လစ်စီးပွားရေး အခြေခံ(ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများ)

၎။  ဈေးကွက်စီးပွားရေး/ပုဂ္ဂလိက စီးပွားရေး

၅။  နိုင်ငံတော်ဖွဲ့စည်းပုံ

(က) တပြည်ထောင်စနစ်

(ခ) ပြည်ထောင်စုစနစ်

(၁) လွှတ်တော်များ

(က) လွှတ်တော်တခုစနစ်

(ခ) လွှတ်တော်နှစ်ခုစနစ်

(အောက်လွှတ်တော်/အထက်လွှတ်တော်.(သို့မဟုတ်).ပြည်သူ့လွှတ်တော်/လူမျိုးစုလွှတ်တော်)

(၂) ပြည်နယ်နှင့် ပြည်မ

(၃) ပြည်နယ်နှင့် တိုင်းများ

(၄) ပြည်ထောင်စုဝင် ပြည်နယ်များ

(၅) ဗမာပြည်နယ်/ရှစ်ပြည်နယ် ပြည်ထောင်စု

သင်ရိုးမာတိကာ မှာ ရေးချထားတွေဟာ တက်ကြွတဲ့ အဖွဲ့ဝင်များ (သို့မဟုတ်) မကြာခင် မြို့ နယ်ရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်မယ့်သူများ သိထားသင့်တဲ့ အချက်တွေဖြစ်တယ်။  ဒါပေမဲ့ ကိုယ်တိုင်တောင် ဒါတွေအကုန် ကျကျနန ကျွမ်းကျွမ်းဝင်ဝင် သိပြီးထားတာ မဟုတ်တော့၊ ကျနော်  တယောက်တည်း ဖြစ်ဖြစ် အခြား တယောက်ယောက်ပဲ ဖြစ်ဖြစ်၊ တယောက် နှစ်ယောက်နဲ့တော့ နိုင်နင်းမယ့် မာတိကာများ မဟုတ်ပေဘူး

ဒီလောက်များတဲ့ မာတိကာကို သင်နိုင်ဖို့ (သို့မဟုတ်) ဆွေးနွေးနိုင်ဖို့ ဆိုရင် အချိန်က သုံးလေးလလောက် ဖြစ်သွားမလား။  လက်တွေ့တော့မလွယ်ပါ။  ဒါပေမဲ့ ဒါကို တေးမှတ်ထားလိုက်တယ်၊ ဗဟိုကို အသိပေးပြီး တပြည်လုံး  သင်တန်းပေးနိုင်ဖို့ တိုက်တွန်းရပါဦးမယ်။     ။

အုန်းနိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts