မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ

ညိုထက်ညို – အနက်ရောင် စနေနေ့

ညိုထက်ညို – အနက်ရောင် စနေနေ့
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅

ဒီနေ့ ၇ ဇူလိုင် ၅၃ နှစ် ပြည့်ပြီဆိုတော့ ကျွန်တော် ဗိုလ်အောင်ကြီးရဲ့ပေးစာတွေနဲ့ ဗိုလ်နေဝင်းရဲ့ဖြေရှင်းချက်တွေကို ပြန်ဖတ် နေမိတယ်….

၇ ဇူလိုင် ကျောင်းသားလှုပ်ရှားမှု (ဗိုလ်နေဝင်းတို့အခေါ် ဆူပူမှု) စဖြစ်တော့ ဗိုလ်နေဝင်းက ဗိုလ်အောင်ကြီးရဲ့ကြီးကြပ်မှုနဲ့ ဗိုလ်ကျော်စိုးကို ဦးဆောင်စေပြီး ကော်မတီဖွဲ့တယ်။ အသံလွှင့်ရုံမှာ ရုံးထိုင်ပါတယ်။

ဒီနေရာမှာ ဗိုလ်နေဝင်းကော ဗိုလ်အောင်ကြီးပါ ပြောကြဆိုကြတာမှာ ကျောင်းသားတွေကိုပစ်တဲ့ကိစ္စမပါတာမို့ ကျွန်တော် အဲဒါလေးပါ အချိန်လေးနဲ့ ထည့်ရေးချင်ပါတယ်။

ပစ်တဲ့အချိန်နဲ့ပတ်သက်လို့ အမျိုးမျိုး ဝိဝါဒကွဲပြားနေတယ်။ အဲဒီအချိန်တုန်းကထုတ်ဝေတဲ့ သတင်းစာတွေမှာ ပါမလားမသိ ဘူး… ကျွန်တော် သုတေသနလုပ်ချင်တယ်…. လက်လှမ်းမီသလောက် အင်တာနက်မှာ ဒီဘက် ခုနစ်နှစ် ရှစ်နှစ်အတွင်း ဖတ်ခဲ့မိသမျှ ပြန်ကြည့်လိုက်တော့ တချို့က ညနေ ငါးနာရီလောက်ပြောပြီး တချို့က ခြောက်နာရီလောက်ပြောတယ်…. လေးနာရီကျော်လို့ပြောတာလဲ တွေ့ဖူးတယ်…. ဒါပေမယ့် အခင်းဖြစ်ပွားချိန်မှာ ကျောင်းသားဆန္ဒပြမှု အထွတ်အထိပ် ဖြစ်နေတဲ့အချိန်ကိုကျော်ပြီး ကျောင်းသားတွေ အေးအေးဆေးဆေးထိုင်နေကြချိန်ဖြစ်တယ်လို့ ဖတ်ရတဲ့အတွက် ကျွန်တော် ငါးနာရီ တဝိုက်လောက်ကို အတည်ပြုချင်ပါတယ်….

ဖတ်ရသလောက် တပ်မှူးက ဗိုလ်စိန်လွင် (နောင်မှာ ဂျီသရီးစိန်လွင်၊ သားသတ်သမား စိန်လွင်လို့ နာမည်ကျော်တယ်)…. မပစ်ခင်မှာ ဗိုလ်စိန်လွင့်ဆီ ကားလေးတစ်စီးနဲ့ ဗိုလ်မှူးကြီး မင်းသိမ်း (ကျွန်တော် ထပ်မံအတည်ပြုဖို့လိုပါတယ်) ရောက်လာ တယ်…. စာတစ်စောင် (ပစ်မိန့်) ပေးတယ်…. အဲဒီမှာ စပစ်ပါတယ်….

ဗိုလ်နေဝင်းပြောတာတွေကော ဗိုလ်အောင်ကြီးစာတွေကောမှာ ကျွန်တော်ဖတ်ရသလောက် အဲဒီပစ်တဲ့အကြောင်း ပြော ထားတာ မပါပါ….

ဗိုလ်နေဝင်းပြောထားတာက  ‘ညနေ ငါးနာရီလောက်မှာ သေနတ်သံကြားတယ်…. ဗိုလ်ကျော်စိုးကို ဖုန်းနဲ့ အခြေအနေ မေး တယ်…. ဗိုလ်အောင်ကြီးက ဘယ်ရောက်နေလဲမသိဘူး …. ပျောက်နေတယ်…. ဗိုလ်ကျော်စိုးက သမဂ္ဂထဲမှာ ကျောင်းသား ခေါင်းဆောင်အချို့ ပုန်းနေကြောင်းပြောတယ်… အဲဒီမှာ ဗိုလ်နေဝင်းက သမဂ္ဂထဲမှာရှိတဲ့ ကျောင်းသားတွေထွက်လာပြီး အဖမ်းခံဖို့ အသံချဲ့စက်နဲ့ ပြောဖို့…. မထွက်လာရင် လက်နက်ကြီးတွေသုံးမယ်ဆိုတာ ထည့်ပြောဖို့…. အသာတကြည် မထွက်လာရင် ရီကွိုင်းလက်ဂန်း (လောင်ချာ) သုံးဖို့ အမိန့်ပေးလိုက်တယ်’ လို့ ပြောထားပါတယ်….

အဲဒီအချိန်မှာ ပကတိဖြစ်နေတဲ့ ရန်ကုန်တက္ကသိုလ်ထဲကအခြေအနေကို ကျွန်တော် ပြန်ကြည့်ကြည့်တယ်….
ပစ်တာခတ်တာတွေ ပြီးသွားပြီ …. ကျောင်းသားတွေလဲ ပြေးသွားပြီ …. သမဂ္ဂအဆောက်အဦးကိုလဲ စစ်သားတွေ သိမ်း ပြီးသွားပြီ (ဗိုလ်အောင်ကြီး၏ပေးစာအရ ဖြစ်ပါသည်)။

ဗိုလ်နေဝင်းဆက်ပြောတာက ဗိုလ်အောင်ကြီးနဲ့ ဗိုလ်လှဟန် မိုးမချုပ်ခင်မှာ သူ့ဆီရောက်လာတယ်…. အခြေအနေဘယ်လို လဲလို့မေးတော့ အားလုံးအေးဆေးသွားပြီလို့ ဗိုလ်အောင်ကြီးတို့က ပြန်ဖြေတယ်…. ပြီးတော့ ပြန်သွားကြတယ်…. နောက် နေ့မနက် ငါးနာရီခွဲလောက်ကျတော့ အုန်းခနဲ ပြင်းထန်တဲ့ ပေါက်ကွဲသံ ကြားတာနဲ့ ဗိုလ်နေဝင်း အိပ်ရာက လန့်နိုးသွားတယ်…. အဲဒီတော့မှ အသံလွှင့်ရုံကို ဖုန်းဆက်တယ်…. အဲဒီတော့မှ သမဂ္ဂအဆောက်အဦးကို မိုင်းနဲ့ခွဲလိုက်တာသိတယ်လို့ ဆက် ပြောထားပါတယ်….

နောက် ဗိုလ်နေဝင်းက ဗိုလ်လှဟန်ရဲ့စာကို သက်သေအဖြစ် တင်ပြတယ်…. ဗိုလ်လှဟန်ရဲ့စာမှာက ဗိုလ်အောင်ကြီး ရောက်လာတယ် (အသံလွှင့်ရုံ ကို ရောက်လာတယ် လို့ ယူဆပါတယ်) …… သမဂ္ဂ ကိစ္စ ပြောကြတယ်…. အဲဒီအချိန်မှာ ပစ်တဲ့ခတ်တဲ့ဟာတွေ ပြီးသွားပြီ…. ဒါပေမယ့် သမဂ္ဂ ကို ဖြိုပစ်ဖို့ အမိန့်ရထားတယ်…. (ဒါက ဗိုလ်လှဟန် တို့ရဲ့ အပြော…. ဗိုလ်နေဝင်း ပြောတာက သူ လောင်ချာနဲ့ ပစ်ကွာ လို့ ပြောလိုက်တယ်တဲ့…. တူတူပါပဲ) …. အဲဒီမှာ ဗိုလ်အောင်ကြီး က ဗိုလ်လှဟန် ကို ခေါ်ပြီး ဗိုလ်နေဝင်း ဆီ သွားတင်ပြမယ် ဆိုပြီး ထွက်လာတယ်…. လမ်းမှာ အင်းလျားလိတ် လမ်းဘေးက ဗိုလ်မောင်မောင်ခ အိမ် ရောက်နေတဲ့ ဆရာကြီး ဦးကာ ဆီ ဝင်ပြီး သတင်းမေးကြ သေးတယ်… ပြီးတော့ ဗိုလ်နေဝင်း ဆီ ရောက်တော့ ဗိုလ်အောင်ကြီး က သမဂ္ဂကိစ္စ ကို ဘာမှမပြောဘဲ ချန်ထားခဲ့တယ်…. ကျန်တဲ့ ပစ်ခတ်မှု နဲ့ ပြီးစီးသွားတဲ့ အခြေအနေ ကိုပဲ တင်ပြခဲ့တယ်…. ဗိုလ်လှဟန် က ကားပေါ် ပြန်အရောက်မှာ မေးတော့ ဗိုလ်အောင်ကြီး က နေပါစေ ဆိုပြီးပဲ ပြောလိုက်တယ်…. ပြီးတော့ အသံလွှင့်ရုံ ပြန်ရောက်တော့ ဗိုလ်ကျော်စိုး တို့ကို အိုကေ ဆိုပြီး ပြောလိုက်တယ်လို့ ရေးထားပါတယ်….
ပြီးတော့ အားလုံး သိကြတဲ့အတိုင်း ညတွင်းချင်း လုပ်စရာရှိတာတွေ လုပ်ပြီး မနက်ဘက် မိုင်း နဲ့ ခွဲလိုက်တယ်…..

အဲဒီမှာ ကျွန်တော် ဗိုလ်နေဝင်း နဲ့ ဗိုလ်အောင်ကြီး ပေးစာတွေ နဲ့ ဗိုလ်နေဝင်း ဖြေရှင်းချက် တွေကို ကြည့်လိုက်တော့ ဗိုလ်အောင်ကြီး ရဲ့ စာတွေက အရင်ဖြစ်နေတယ်….

ဗိုလ်နေဝင်းဖြေရှင်းတာက သူ လောင်ချာနဲ့ပစ်ဖို့ အမိန့်ပေးလိုက်တာတော့ မှန်တယ်…. ဒါပေမယ့် အဲဒီအမိန့်ကို အကောင် အထည်ဖော်ဖို့ မလိုတော့ဘူး ပေါ့ ….. ကျောင်းသားတွေ ပစ်သတ်လိုက်တာနဲ့တင် ပြီးသွားပြီ…. အခြေအနေတွေအားလုံး အေးဆေးသွားပြီပေါ့ ….. ဒါပေမယ့် သူမသိဘဲ အကောင်အထည်ဖော်လိုက်တယ်ပေါ့ …. အဲလို ကျွန်တော် သဘောပေါက် တယ်….

ပြဿနာက ဗိုလ်အောင်ကြီး ….. ဗိုလ်လှဟန်ရဲ့ ဗိုလ်နေဝင်းဆီ တင်ပြချက်စာကို မဟုတ်ရင် မဟုတ်တဲ့အကြောင်း သူ ပြန် ဖြေရှင်းရမယ်…. ဖြေရှင်းဖို့လဲ သူမသေခင် အချိန်တွေ အများကြီးရတယ်…. ခက်တာက မီဒီယာတွေကလဲ မေးပုံမရဘူး …. သူမဆုံးခင် နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာကော၊ အဲဒီ ၈၈ နဲ့ သူမဆုံးခင်စပ်ကြား သူပြောခဲ့တာတွေကောမှာ အဲဒီ အကြောင်း တစ်လုံးမှမပါဘူး ဖြစ်နေပါတယ်….

ကျွန်တော့်အမြင် ဗိုလ်နေဝင်းတင်ပြချက်တွေက တချို့နေရာတွေမှာ အခုထက် ပိုပြီးရှင်းလင်းဖို့လိုနေတာကလွဲလို့ ကျိုး ကြောင်းခိုင်လုံနေတယ်လို့ ယူဆမိတယ်…..

နောက် ဗိုလ်ချုပ်ကြီးတင်ဦး ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့အချိန်  ၁၉၇၀ ပြည့်လွန်တ၀ိုက် ဗိုလ်နေဝင်း ဒေါ်နီနီမြင့်နဲ့ ပုဂံ သွားတော့ ကတော်တွေအချင်းချင်း ညဘက်စုပြီး စကားပြောကြရင်း အဲဒီအကြောင်းရောက်သွားတာ၊ အဲဒီမှာ ဗိုလ်နေဝင်း က သမဂ္ဂဖျက်တာ ငါမဟုတ်ဘူး၊ အောင်ကြီးဆိုပြီး ဒေါပွပွနဲ့ ရန်ကုန်ပြန်၊ စာတမ်းတွေ ရေးတင်ခိုင်းတာ၊ အဲဒီမှာ ဗိုလ်လှဟန် စာ ပေါ်လာတာပါ။

ဒါပေမယ့် ပြဿနာတစ်ခုက ဗိုလ်နေ၀င်း စာတမ်းရေးတင်ခိုင်းခဲ့တဲ့အချိန်မှာ ရေးတင်ခဲ့တဲ့ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဆရာလှဟန်၊ ဗိုလ်မှူးကြီးမင်းသိန်း၊ ကိုထွန်းရီ၊  ကိုစိန်လွင် (ဗိုလ်ချုပ်ကြီးတင်ဦးပြောပြချက် မူရင်းအတိုင်း) တို့ ဘာ ရေးတယ်ဆိုတာ ကျွန်တော်တို့မသိရဘူးဖြစ်နေတယ်….
နောက် ဗိုလ်လှဟန်ရေးခဲ့တဲ့စာကကော တကယ်အမှန်ကို ရေးသလား၊ ဗိုလ်နေ၀င်းအကြိုက် လိုက်ပြီးရေးသလားလဲ ကျွန် တော်တို့ မသိရဘူး ဖြစ်နေတယ်….။

နောက် ဗိုလ်အောင်ကြီးရဲ့ပေးစာမှာပါတာက ၁၉၇၇ မှာ ဗိုလ်အောင်ကြီးက သူမဟုတ်ရပါကြောင်း စာတမ်းဝေပြီး ဖြေရှင်း တယ်လို့ ဆိုတယ်…. အဲဒီစာတမ်းမှာ ဘာတွေပါလဲ ကျွန်တော်တို့ မသိရဘူး ဖြစ်နေတယ်….။

ဗိုလ်နေဝင်းက ၁၉၈၈ သူ့ရဲ့ နန်းဆင်းမိန့်ခွန်း မှာ အဲဒီ သမဂ္ဂ ဖြိုတဲ့အကြောင်း ထည့်ပြောတယ်…. အဲဒါကို ဗိုလ်အောင်ကြီး ကကော ဘာလို့ သေသေချာချာ ပြန်မရှင်းဘဲ လုံးထွေးလုံးထွေးနဲ့ သေရွာယူသွားသလဲ မသိ…. ဒါပေမယ့် သေချာတာ တစ်ခုက ဗိုလ်နေ၀င်းကော ဗိုလ်အောင်ကြီးကော နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်။

အခု စာရေးနေရင်း အပြင်မှာ မိုးတွေရွာနေတယ်…..
အခု ရေးနေရင်း တန်းလန်းနဲ့ အဲဒီ ၁၉၆၂ခု ဇူလိုင်လ ၇ ရက်နေ့ကို ‘အနက်ရောင်’ ဆိုတဲ့ စကားလုံးတပ်ပြီး ခေါ်ချင်လို့ ကျွန်တော် အင်တာနက်က ပြက္ခဒိန်ကို ရှာကြည့်လိုက်တယ်…. ကျွန်တော် တော်တော် အံ့ဩသွားတယ်…. ကျွန်တော်က သမားရိုးကျအတိုင်း ရုံးဖွင့်ရက်၊ ကျောင်းဖွင့်ရက်ပဲ ထင်နေတာ…. စနေနေ့လို့ လုံးဝမထင်မိဘူး ….. အခု ကြည့်လိုက်တော့မှ ၁၉၆၂ ခု ဇူလိုင်လ ခုနစ်ရက်နေ့ဟာ စနေနေ့လို့ သိရတယ်…. ဒါဆိုရင် အဲဒီနေ့ဟာ ‘အနက်ရောင် စနေနေ့’ ပေါ့ ….. ကျွန် တော် စဉ်းစားနေမိပါတော့တယ်…. ။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ညိုထက်ညို – အနက်ရောင် စနေနေ့
  1. ကျနော်ကတော့ ဦးအောင်ကြီး လုပ်တာ ဆိုရင်လည်း ဦးနေဝင်းရဲ့ အပြစ်က မလွတ်နိုင်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီ အချိန်တုန်းက ခေါင်းဆောင်လေ။ အောက်က လူက သူ့အမိန့်မရပဲ လုပ်တယ် ဆိုရင် သူက အရေးယူရမှာပေါ့။ သူ့ကို အဲဒီအချိန်တုန်းက ဘယ်သူမှ လှန်နိုင်တာမှ မဟုတ်တာ။ အဲဒီတုန်းကတော့ ငြိမ်နေပြီးတော့ နောက်ကျမှ ငါလုပ်တာ မဟုတ်ဘူး ဆိုလည်း မလွတ်နိုင်ဘူးလို့ ထင်တယ်။

  2. ဗိုလ်အောင်ကြီးလုပ်တာလို့ အာပေါက်အောင်ပြောပေမဲ့ “မပြေးသော် ကန်ရာရှိ” နေတာတွေက

    (၁) ဗိုလ်နေဝင်းက ဘာ့ကြောင့် 8th July ညမှာ “ဒါဟာရှိတဲ့အား တစ်စိတ်တစ်ပိုင်း ထုတ်သုံး ပြီးနှိမ်နင်းတာဘဲရှိသေးတယ်။ ဒီ့ထက်လွန်လာရင် ဓါးကို ဓါးချင်း။ လှံကို လှံချင်း ရင်ဆိုင်ရန် အသင့်ရှိ တယ်” လို့မြန်မာ့အသံကအသံလွှင့်ပြီး “ကျွန်းပြန် လူမိုက် ဓါးကြိမ်း ကြိမ်း”သလို ပြည်သူလူထုကြီးကို ခြိမ်းခြောက်ပြခဲ့ပါသလဲ။

    (၂) 7th July ပြီး ၂ပတ်လောက်အကြာမှာ ဗိုလ်နေဝင်းက ဘာ့ကြောင့် ၄ လ လောက် နိုင်ငံခြားထွက်ပြီးရှောင်နေရတာလဲ။

    (၃) အဲဒီ ၄ လ လောက်အတွင်းမှာဗိုလ်နေဝင်းက ဘာ့ကြောင့် ဗိုလ်အောင်ကြီးကိုသူ့နေရာလွှဲထားခဲ့ရတာလဲ။

    (၄) 7th July ပြီး နောက် ၇ လအကြာ ၁၉၆၃ ဖေဖော်ဝါရီလမှာ ဗိုလ်အောင်ကြီးကိုရာထူးကထုတ်ခဲ့စဉ်က 7th July ကိစ္စဟာ ဗိုလ်အောင်ကြီးလုပ်တာလို့ ဗိုလ်နေဝင်းနဲ့တော်လှန်ရေးကောင်စီက ဘာ့ကြောင့်မပြောကြတာလဲ။

Comments are closed.