ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ဇူလိုင်ထဲက မိငယ်သို့


 ဆောင်းယွန်းလ – ဇူလိုင်ထဲက မိငယ်သို့

(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅

နောက်ဆုံး အိပ်မက်
တရက်ရက်တော့
လက်တွေ့ကမ္ဘာထဲ
ရောက်လာမှာပေါ့ မိငယ်..
အရှုံးမပေးနဲ့ မိငယ်ရေ..
မချစ်ဖူးဆိုတာ မုန်းလို့မဟုတ်ဘူး
မမုန်းဘူးဆိုတာလည်း ချစ်လို့တော့မဟုတ်ဘူး
မနိုင်ဘူးဆိုတာ ရှုံးလို့တော့မဟုတ်ဘူး
မနိုင်သေးတာပါ မိငယ်
အနိုင်မခံသေးသမျှနဲ့ အရှုံးမပေးသေးသရွေ့
ကိုယ်တို့ ဘယ်ကိုမှ မရွေ့ပါဘူး
ကိုယ်တို့ ဘယ်တော့မှမရှုံးပါဘူး မိငယ်
ဘယ်လိုရွှေ့ရွှေ့ မရွေ့ခဲ့တဲ့ အရာနဲ့
ဘယ်လိုဖျက်ဖျက် မပျက်ခဲ့တဲ့အရာဟာ
သူတို့ဗုံးခွဲခဲ့တဲ့
ကျောင်းသားသမဂ္ဂအဆောက်အဦးထဲမှာမရှိခဲ့ပါဘူး
ကိုယ်တို့ရဲ့
အနက်ရှိုင်းဆုံးနှလုံးသားထဲမှာပဲ ရှိနေခဲ့တာပါ..
စိမ်းမြ ….
သစ်ရွက်တွေကြွေနေပေမယ့်
ကိုယ်တို့ရဲ့
အစိမ်းလန်းဆုံး စိတ်ဓာတ်တွေ မကြွေခဲ့ပါဘူး
ရဲရင့်နေသေးသမျှ ပွဲတင့်နေဦးမှာပါ မိငယ် ..
သုတ်ပေးမယ့်သူမရှိတဲ့
မင်းပါးပြင်ထက်က မျက်ရည်စတွေကို
ဒီအတိုင်းပဲထားလိုက်ပါ မိငယ်..
ခေါင်းကိုသာ မော့တတ်အောင်မော့ထားလိုက်ပါ
ပေါ့ပါးတဲ့ လွတ်လပ်မှုထဲမှာ
ကိုယ်တို့ တကွေ့ပြန်ဆုံကြမယ်လေ
အနိဌာရုံတွေနဲ့ ဝေးတဲ့နေရာတခုမှာ
သာသာယာယာရှိတဲ့ ဇူလိုင်ရက်တွေနဲ့ အတူတူပေါ့
စမ်းချောင်းလေးကို တေးကူဆိုပေးကြဖို့ ….။

ဆောင်းယွန်းလ (၇ ဇူလိုင်၊ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts