မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ မောင်ရင်ငတေ

ရောက်တတ်ရာရာအတိုအစများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်ရင်ငတေ
ဖေဖော်ဝါရီ ၂၊ ၂၀၁၃

 ● ပါရီမြို့လယ်ခေါင်က ကာသရင်းဒမေဒီစီ ပန်းခြံကြီး
 
Le jardin des Tuileries 2013

မောင်ရင်ငတေတယောက် ဒီနှစ်ဆန်းစမှာဘဲ ပါရီမြို့ပေါ်မှာ ထူးထူးခြားခြား နှင်းများစွာကျခဲ့စဉ် Tuileries ပန်းဥယျာဉ်ကြီးထဲကိုရောက်သွားပြီး ဓါတ်ပုံများရိုက်ဖြစ်ပါတယ်၊ ပန်းခြံကြီးတခုလုံးလည်း နှင်းဖြူဖြူများနဲ့ ဖုံးလွှမ်းလို့နေပါတယ်၊ တနေရာမှာတော့ ဒီပန်းခြံကြီးရဲ့ပိုင်ရှင်ဟောင်း  မိဖုရားကြီးရဲ့ ပုံတပုံကိုတွေ့ရာကနေ မောင်ရင်ငတေရဲ့အတွေးတွေထဲမှာလည်း ဒီအကြောင်းက ဖုံးလွှမ်းသွားလို့ မောင်ရင်ငတေလမ်းတလျှောက်စဉ်းစားမိရင်း လမ်းလျှောက်သမိုင်းတခုကို ရေးမိချင်ပါတော့တယ်၊ မောင်ရင်ငတေက ဗမာစာအပါအဝင် ဘယ်ဘာသာစကားကိုမှ အထူးတလည် ကျွမ်းကျင်သူတဦး မဟုတ်ပါ၍ တတ်သမျှသော မှတ်သမျှသော ဘိုစာအတိုအစများကိုသာ ရေးတတ်သလောက်သော ဗမာစာဖြင့် ဗမာလိုပြန်၍ရေးရပါသောကြောင့် ဘာသာပြန်အမှားများကိုတွေ့ရှိပါက ကျေးဇူးပြု၍ သည်းခံပြုပြင် နားလည်ပေးကြပါရန်၊ ထို့အတူသမိုင်းဆရာတဦးလည်း မဟုတ်သလို သမိုင်းစာအုပ် တွေကို ညအိပ်ရာဝင်ချိန် အိပ်လို့မြန်မြန်ပျော်စေ အောင်သာ ဖတ်တတ်တဲ့အဆင့်ဘဲရှိတာမို့ တချို့သော သမိုင်းအမှားများ ပါရှိခဲ့ရင်တွေ့ခဲ့ရင်တော့ အမှန်ပြင်ပေးကြပါရန်နှင့် သို့မဟုတ် ကျော်၍သာဖတ်သွားကြပါရန် ပန်ကြားပြောကြားလိုပါတယ်ခင်ဗျာ၊ ဖတ်သောသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်၊

Le jardin des tuileries, le temps de Catherine de Médicis

ပြင်သစ်သမိုင်းကို အဓိကရေးချယ်သွားကြသော ငါသာလျှင်အရှင်သခင် ဘုရင်ဧကရာဇ် ဆိုသူများ ရဲ့ အထူးဇိမ်ခံခဲ့ရာ ရှေးအကျဆုံးသော အကျယ်ဝန်းဆုံးသော အခမ်းနားဆုံးဟုဆိုသော Le jardin des Tuileries ကျွီလရီလို့အမည်ရတဲ့ ဥယျာဉ်ပန်းခြံကြီးတခု ပါရီမြို့ရဲ့မြို့လယ်ခေါင် အမှတ်တစ် ရပ်ကွက်မှာတည်ရှိပါတယ်၊ တော်ဝင်သူတို့ရဲ့ဇိမ်ခံရာအိမ်တော် Le palais du Louvre လုဗ်ရ် နန်းတော်ကြီးနဲ့ တဆက်တစပ်ထဲမှာတည်ရှိတဲ့ ဥယျာဉ်ပန်းခြံကြီးပါ၊ သက်တမ်းကတော့ နှစ်ပေါင်း လေးရာ့ငါးဆယ် နီးပါးလောက်ရှိနေပါပြီ၊ ဒီတော်ဝင်ဥယျာဉ်ပန်းခြံကျယ်ကြီးကို ပြင်သစ်မိဖုရားကြီး (Caterina Maria Romola di Lorenzo de’ Medici) Catherine de Médicis ကာသရင်းဒမေဒီစီ (၁၅၁၉ – ၁၅၈၉) က ၁၅၆၄ ခုနှစ်မှာ ဦးဆောင်တည်ဆောက်ခဲ့တာပါ၊ အီတလီပြည် Florence ဖလောရင့်မြို့သူ ပြင်သစ်အီတလီကပြား ပြင်သစ်မိဖုရားကြီးရဲ့ မဟာစိတ်ကူးယဉ် အကြံအစည် တွေထဲက ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တာပါ၊ သူမဟာ ၁၅ ရာစုခေတ်ကာလ ဥရောပတိုက်တလွှား ကြီးကျယ်ထင်ရှားခဲ့တဲ့ Medici Bank မေဒီစီဘဏ် (၁၃၉၇ – ၁၄၉၄) ဘဏ်လုပ်ငန်းပိုင်ရှင် ဥရောပ ဒေသမှာ အချမ်းသာဆုံးဟုဆိုသော သူဌေးမျိုးနွယ်မိသားစုဝင် အီတလီပြည် ဖလောရင့်ဒေသရဲ့ အာဏာပိုင်နယ်စားပယ်စားကြီး Laurent II de Médicis ရဲ့ သမီးတော်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ပြင်သစ်နိုင်ငံအလယ်ပိုင်းဒေသက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်စားကြီး Jean IV d’Auvergne (၁၄၆၇ – ၁၅၀၁) နဲ့ Jeanne de Bourbon (၁၄၆၅ – ၁၅၁၁) တို့ရဲ့သမီး Madeleine de La Tour d’Auvergne ပါ၊ ဒါပေမဲ့ မိဖုရားကြီးဟာ မွေးမွေးချင်း လပိုင်းအတွင်းမှာဘဲ မိဘမဲ့ဖြစ်ခဲ့ရသူပါ၊

http://flipbook.cantook.net/?d=http://www.edenlivres.fr/flipbook/publications/3913.js&oid=89&c=&m=&l=

ကာသရင်းဒမေဒီစီဟာ အဲဒီအခါက အုပ်စိုးနေတဲ့ ပြင်သစ်ဘုရင် Cognac ကော့ညက်နယ်သား François I de France ဖရန်ဆွာ ၁ (၁၄၉၄ – ၁၅၄၇) ရဲ့သားတော် နောင်အခါမှာ ပြင်သစ်ဘုရင် ဖြစ်လာမယ့် Le château royal de Saint-Germain-en-Laye စန့်ဂျာမန်းအောင်လေရဲတိုက်မှာ မွေးဖွားခဲ့တဲ့ အိမ်ရှေ့မင်းသား Henri II de France အောင်လီ ၂ (၁၅၁၉ – ၁၅၅၉) နဲ့ ၁၅၃၃ ခုနှစ် မှာ လက်ဆက်ခဲ့ပြီးတော့နောက် ၁၄ နှစ် အကြာ ၁၅၄၇ ခုနှစ်ရောက်မှ စတင်ပြီး ၁၂ နှစ်တာ ဘုရင့် မိဖုရားခေါင်ကြီး ဖြစ်လာခဲ့တာပါ၊ ပြင်သစ်ဘုရင်ဖြစ်လာမယ့်သူနဲ့ လက်ထပ်ဖို့ အဲဒီအချိန်က ကာလ ပေါက်ဈေး သိန်းပေါင်းတော်တော်များများတန်သော သူမရဲ့ဘိုးဘွားများပိုင်အမွေ ငွေဒင်္ဂါးတွေ လက်ဝတ်ရတနာတွေနဲ့ တင်တောင်းခဲ့ရတယ်လို့ဆိုကြပါတယ်၊ ဒီနောက်သူမရဲ့သားသုံးယောက်က ဆက်တိုက်ဆိုသလို ပြင်သစ်ဘုရင်များဖြစ်လာခဲ့လို့ သားဘုရင်များရဲ့ သက်တမ်းရှည်မယ်တော်ကြီး ဖြစ်ခဲ့သူပါ၊ Le château royal de Fontainebleau ဖွန်တင်န်ဘလိုရဲတိုက်မှာ မွေးဖွားခဲ့တဲ့ ပထမ သားတော်ကြီး François II de France ဖရန်ဆွာ ၂ (၁၅၄၄ – ၁၅၆၀) ဟာ သူရဲ့ဖခင် အောင်လီ ၂ ရုတ်တရက်သေဆုံးသွားလို့ အသက် ၁၅ နှစ်မပြည့်ခင် ၁၅၅၉ ခုနှစ်မှာ ပြင်သစ်ဘုရင် ဖြစ်လာခဲ့ ပါတယ်၊ သူလည်းဘဲဘုရင်ဖြစ်ပြီး နောက်တနှစ်ခွဲကျော်ခန့်မှာ ရုတ်တရက်ဖျားပြီး သေပြန်ပါတယ်၊ သူရဲ့အသက်ငယ်တာရယ် ထီးနန်းစံချိန်ခဏတာရယ်ကြောင့် မိခင်ဖြစ်သူ မုဆိုးမမိဖုရားခေါင်ကြီးရဲ့ လက်ထဲဘုရင်ပိုင်အာဏာဟာ အလိုလိုရောက်ရှိလာခဲ့တာဖြစ်မှာပါ၊ ပထမသားဘုရင် ဖရန်ဆွာ ၂ သေဆုံးပြီးတဲ့နောက် မယ်တော်ကြီးကာသရင်းဒမေဒီစီရဲ့ သားသမီးဆယ်ယောက်ထဲက ပဉ္စမသား စန့်ဂျာမန်းအောင်လေရဲတိုက်မှာ မွေးဖွားခဲ့သူ Charles IX de France ရှားလ် ၉ (၁၅၅၀ – ၁၅၇၄) ပြင်သစ်ထီးနန်းကို ၁၅၆၀ ခုနှစ်မှာဆက်ခံပါတယ်၊ ဒုတိယနဲ့တတိယက သမီးတော်များ ဖြစ်နေတာ ကြောင့်ရယ် စတုတ္ထသားက အသက်ငယ်စဉ်အခါထဲက သေဆုံးခဲ့တာကြောင့် ရှားလ် ၉ က အသက် ၁၀ နှစ် အရွယ်မှာဘဲ ပြင်သစ်ရင်ခွင်ပိုက်ဘုရင် ဖြစ်ခဲ့ရတာပါ၊ ရှားလ် ၉ ဘုရင်ရဲ့ နန်းသက် ဆယ့်သုံးနှစ်ခွဲမှာ သေခြာတာကတော့ မယ်တော်ကြီးကဘဲ နန်းတွင်းရေးရာကို အစစအရာရာ ဦးစီးချုပ်ကိုင် သွားခဲ့တာပါ၊ မယ်တော်ကြီးကာသရင်းဟာ အသက် ၁၅ နှစ်မပြည့်မီမှာ အောင်လီ ၂ နဲ့ လက်ထပ်ခဲ့ပေမဲ့ ဆယ်နှစ်ကျော်မျှ သားသမီးတဦးတယောက်မှ မရရှိခဲ့ဘဲ ရမယ့်ရခဲ့တော့လည်း ဆယ်ယောက်တိတိ ဆက်တိုက်ရရှိခဲ့တာပါ၊ ဒါကြောင့်မို့ သားဘုရင်သုံးယောက် နန်းတက်တော့ အသက်အရွယ်တွေက ငယ်လွန်းနေခဲ့တော့ မယ်တော်မိဖုရားကြီးရဲ့ လက်ထဲမှာ အာဏာရှိပြီးရင်း ရှိလာတာဖြစ်မှာပါ၊ ဒုတိယသားဘုရင်  ရှားလ် ၉ သေဆုံးပြီးတော့ ၁၅၇၄ ခုမှာ မယ်တော် မိဖုရားကြီးရဲ့ ဆဌမမြောက်ရင်သွေး ဖွန်တင်န်ဘလိုရဲတိုက်မှာ မွေးဖွားသူ Henri III de France အောင်လီ ၃ (၁၅၅၁ – ၁၅၈၉) နန်းတက်ပါတယ်၊ တတိယနဲ့နောက်ဆုံးသားဘုရင် အောင်လီ ၃ ရဲ့လက်ထက်မှာတော့ ပြင်သစ်ဘုရင်တို့ရဲ့ နန်းစိုက်ရာစံအိမ်တော်ကြီးဟာ ယနေ့ပါရီမြို့လယ်က လုဗ်ရ်နန်းတော်ရှိရာကို ရောက်ရှိလို့လာပါပြီ၊ အဲဒီအချိန်မတိုင်မီအထိ ပြင်သစ်ဘုရင်တွေရဲ့ အိမ်တော်တွေဟာ ပါရီမြို့ပေါ်မှာ မဟုတ်သေးပါဘူး၊ ပါရီအနီးဝန်းကျင်မှာဘဲ ရှိနေပါသေးတယ်၊ ယနေ့ပါရီမြို့တော်ရဲ့ အရှေ့တောင်စွန်းစွန်း ကီလိုမီတာ ၆၀ ကျော်လောက်ဝေးတဲ့ Le château royal de Fontainebleau ဖွန်တင်န်ဘလိုရဲတိုက်စံအိမ်တော်မှာ အဓိကနေကြတာ ဖြစ်ပါတယ်၊ နောက်နေရာတခုက ပါရီမြို့ရဲ့တောင်ဘက်စူးစူး ကီလိုမီတာ ၁၅၀ ကျော်ခန့်အကွာမှာတည်ရှိတဲ့ ပြင်သစ်ပြည်ရဲ့ အရှည်ဆုံးမြစ် ၁၀၁၃ ကီလိုမီတာရှည်တဲ့ La Loire လွားမြစ်ကမ်းပေါ်မှာတည်ရှိတဲ့ Le château royal de Blois ဘလွားရဲတိုက်ရယ် ပါရီမြို့ရဲ့အနောက်ဘက် ကီလိုမီတာ ၂၀ အကွာ မှာတည်ရှိတဲ့ Le château de Saint-Germain-en-Laye စန့်ဂျာမန်းအောင်လေရဲတိုက်မှာ ဘုရင့် မိသားစုတွေဟာ တလှည့်စီလို ရွှေ့ပြောင်းနေကြပါတယ်တဲ့၊

Le château de Chenonceau

ပါရီအနီးမှာရှိတဲ့ Le château de Vincennes နဲ့ လွားမြစ်ဝှမ်းဒေသမှာတည်ရှိတဲ့ နာမည်ကျော် Les châteaux de la Loire လွားမြစ်ဝှမ်းမှရဲတိုက်များအုပ်စုဝင်ဖြစ်ကြတဲ့ Le château d’Amboise တို့ Le château de Chambord တို့ Le château de Chenonceau တို့မှာလည်း နေကြပါတယ်တဲ့၊ ဒီရဲတိုက်များအားလုံးလိုလိုဟာ La Renaissance ခေါ် ၁၅ ရာစုဝန်းကျင်က စာပေအနုပညာ ဗိသုကာပညာများ ပြန်လည်ထွန်းသစ်လာတဲ့ခေတ်မှာ ဆောက်လုပ်ခဲ့ကြတာပါ၊ ၁၅၁၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ရှနွန်ဆိုးရဲတိုက်ကတော့ ခေတ်အဆက်ဆက် ဆွေတော်မျိုးတော် မင်းမျိုးနွယ် တွေထဲက သမီးတော်များသာ သီးသန့်လိုနေခဲ့ကြလို့ Le château des Dames အမျိုးသမီးများရဲ့ ရဲတိုက်လို့ နာမည်ကြီးပါသတဲ့၊ ပြင်သစ်ဘုရင်မျိုးနွယ်တွေရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကတော့ များမှ များပါဘဲ၊ အဲဒီလောက်ကြီးကျယ်ခမ်းနားလှတဲ့ ရဲတိုက်ကြီးများကို ပိုင်ဆိုင်လို့ အားမရနိုင်သေးဘဲ Le palais du Louvre နန်းတော်ရဲတိုက်ကြီးကို ဖရန်ဆွာ ၁ ဘုရင်က မူလလက်ဟောင်း အဆောက်အဦမှ ထပ်မံပြီးတိုးချဲ့ပြီး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ၊  မယ်တော်ကြီးကာသရင်းရဲ့ ယောက်ျား အောင်လီ ၂ ဘုရင်ဖြစ်လာတော့ သူ့ဖခင်ဆန္ဒအတိုင်း ဆက်လက်ပြီးဆောက်ခဲ့ပါတယ်၊ နန်းတော်ကြီးတည်ဆောက်ခဲ့တဲ့ မူလအစပထမ သမိုင်းကြောင်းတွေကို သေသေခြာခြာတိတိကျကျ မပြောနိုင်ပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ ကျော် အေဒီ ၁၁၉၀ ခန့်က ရဲတိုက်ခံတပ်မြို့အဖြစ် စတင် တည်ဆောက်ခဲ့ကြတာလို့ ဆိုကြပါတယ်၊ ခေတ်အဆက်ဆက် ပြင်သစ်ဘုရင်များဟာ မွမ်းမံပြုပြင် ခဲ့ကြပေမဲ့ အဓိကစံအိမ်တော်အဖြစ် နေထိုင်အသုံးပြုကြခြင်းတော့ မရှိသေးပါဘူး၊ ၁၃၆၈ မှာတော့ စာပေအနုပညာကို အထူးခုံမင် လေ့လာလိုက်စားသူ Charles V de France ရှားလ် ၅ (၁၃၃၈ – ၁၃၈၀) လက်ထက်အရောက်မှာ ယခုခေတ် La Bibliothèque nationale de France ပြင်သစ် အမျိုးသားစာကြည့်တိုက်လို့ အမည်တွင်လာမယ့် La librairie royale တော်ဝင်စာအုပ်တိုက်ခေါ် La bibliothèque du roi ဘုရင့်စာကြည့်တိုက်ဆိုတာကို ယခု လုဗ်ရ်နန်းတော် အဆောက်အဦ နေရာမှာ စတင်တည်ထောင်ခဲ့ပါတယ်၊ ၁၅၁၈ မှာ မယ်တော်ကြီးရဲ့ ယောက္ခမတော် ဖရန်ဆွာ ၁ ဘုရင်အဖြစ် စိုးစံချိန် Le grand cabinet de livres ဆိုပြီး အမည်ပြောင်းပြီး ဖတ်စရာစာအုပ်တွေ စုဆောင်းထားတဲ့နေရာတခုကို ပိုမိုကြီးကျယ်လာအောင် ကြံဆောင်ခဲ့တာပါ၊ ဖရန်ဆွာ ၁ ဘုရင်ဟာ ၁၅၂၇ အရောက်မှာတော့ လုဗ်ရ်ခံတပ်ဟောင်းကြီးကို အမြဲတမ်း ဘုရင့်စံအိမ် နန်းတော်ကြီးအဖြစ် အသွင်ကူးပြောင်းဖို့ကို ဆုံးဖြတ်ကြံစည်ပါတော့တယ်၊ ပြန်လည်ထွန်းသစ်လာတဲ့ခေတ်ရဲ့ ပြင်သစ် ဗိသုကာပညာရှင် Pierre Lescot ပြဲရ်လေကို့ ဆိုသူကို ဦးဆောင်စေပြီး တည်ဆောက်ခဲ့သော်လည်း ဖရန်ဆွာ ၁ သေဆုံးခဲ့တဲ့ ၁၅၄၇ ထိ မပြီးစီးခဲ့ဘဲ မိဖုရားကြီးရဲ့ကြင်ယာတော် အောင်လီ ၂ ဘုရင်ရဲ့ နန်းသက် ၁၂ နှစ် ၁၅၅၉ ခုနှစ်ထိတိုင်လည်း အဆုံးမသတ်နိုင်သေးပါဘူး၊ ပထမသားဘုရင်နှစ်ပါး လက်ထက်တွေမှာလည်း နန်းတော်ကြီးကိုအမြဲတမ်းအိမ်တော်အဖြစ် အသုံးမပြုနိုင်ခဲ့ဘဲ နောက်ဆုံး သားဘုရင် အောင်လီ ၃ လက်ထက် ၁၅၇၄ နောက်ပိုင်းမှာမှ ဘုရင့်အမြဲတမ်းစံအိမ်တော်အဖြစ် ပြောင်းရွှေ့နန်းစံနိုင်ခဲ့တာပါ၊ ဒါတွေအားလုံးဟာ မယ်တော်ကြီးရဲ့ မိမိလုပ်ချင်ရာများကို တရားချင်း မတရားချင်းကို နားမလည်ဂရုမစိုက် မဖြစ်မနေ အောင်မြင်အောင် ပြုလုပ်လေ့ရှိတတ်တဲ့ ဥာဉ်များ ကြောင့် ဆိုရင်လည်း မမှားပါဘူး၊


Le palais du Louvre

ဘယ်လိုဘဲဖြစ်ဖြစ် ယနေ့ခေတ်မှာထိ တွေ့ရှိနေရတဲ့ ပြင်သစ်နိုင်ငံ ပြင်သစ်လူမျိုးများအတွက် ဂုဏ်ယူဖွယ်ရာလည်းကောင်းသော နိုင်ငံတော်အတွက်ဝင်ငွေကိုလည်း များစွာရှာဖွေပေးနေသော ဒီနန်းတော်ကြီးနဲ့  ပန်းဥယျာဉ်ကြီးရဲ့ သမိုင်းကြောင်းအစကိုလိုက်လိုက်ရင် မယ်တော်ကြီးမေစီဒီကို ဘယ်သူမှမေ့ထားလို့ မရနိုင်ပါဘူးဆိုတာ အသေအခြာပါဘဲ၊ ယခုအခါမှာ တချို့သော ဝေဖန်သူများ ပညာသားပါပါနဲ့ ကောက်ကျစ်သော မယ်တော်ကြီးလို့သော်၎င်း၊ သံမဏိမိဖုရားကြီးလို့ နာမည်ဆိုးနဲ့ တင်စားခေါ်ကြတဲ့ မယ်တော်ကြီး ကာသရင်းဒမေဒီစီဟာ သူမရဲ့ဘဝသက်တမ်း ၇၀ နှစ်အတွင်းမှာ အာဏာပိုင်စိုးခဲ့တဲ့ ဘုရင့်မိဖုရားကြီးမဖြစ်ခင် အိမ်ရှေ့မင်းကတော်အဖြစ်နဲ့ ၁၄ နှစ်ကျော် မိဖုရားကြီး ခေါင်ကြီးဘဝနဲ့ ၁၂ နှစ်ကျော် သားဘုရင်သုံးယောက်ရဲ့ မယ်တော်ကြီးအဖြစ် (တနှစ်ခွဲ + ဆယ့်သုံးနှစ်ခွဲ + ဆယ့်ငါးနှစ်) စုစုပေါင်း ၅၆ နှစ်ကျော်မှာ ကောင်းတာကော ဆိုးတာကော ထူးခြားတာတွေကတော့ များလှပါတယ်၊

Le jardin des Tuileries

အဓိကတချက်ကတော့ ယနေ့ထိတိုင်အောင်ထင်ရှားလှတဲ့ လုဗ်ရ်နန်းတော်ကြီးနဲ့ပန်းဥယျာဉ်ကြီးကို မွမ်းမံတည်ဆောက်သူတဦး ဖြစ်ခဲ့တာပါ၊ ဒုတိယသားဘုရင့် မယ်တော်ဖြစ်နေချိန် ၁၅၆၄ ခုနှစ်မှာ မယ်တော်ကြီးဦးစီးပြီး Le palais des Tuileries ကျွီလရီနန်းတော်နဲ့  ကျွီလရီဥယျာဉ်ပန်းခြံကြီးကို တပြိုင်နက် ပူးတွဲတည်ဆောက်ခဲ့တာပါ၊ ၁၈၇၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ La Commune de Paris ပါရီ ကွန်မြွန်းနဲ့အတူ ဒေါသထွက်နေတဲ့လူတစုက မီးရှို့ဖျက်စီးခဲ့လို့ အဆောက်အဦ အတွင်းပိုင်းတခုလုံး မီးလောင်ပျက်စီးခဲ့ရပြီး ၁၈၈၃ နှစ်မှာတော့ ကြွင်းကျန်နေတဲ့ ကျွီလရီနန်းတော် အဆောက်အဦကြီး ကို လုံးဝဖြိုချဖျက်စီးပစ်ခံခဲ့ရလို့ အခုအခါမှာ ကျွီလရီပန်းခြံကြီးရယ် လုဗ်ရ်နန်းတော်ကြီးရယ်သာ ကျန်ရှိတော့တာပါ၊ မနှစ်ကသတင်းတပုဒ်မှာ အဲဒီကျွီလရီ နန်းတော်ကြီးကို ပြန်လည်အသက်သွင်း တည်ဆောက်ချင်သူများအဖွဲ့က ပြန်လည်ဆောက်လုပ်ဖို့ စည်းရုံးရေးများ လုပ်နေတာဖတ်လိုက်ရ ပါတယ်၊ ၁၅၅၉ ခုနှစ်၌ မယ်တော်ကြီးဟာ သူမယောက်ျားဖြစ်သူ အောင်လီ ၂ သေဆုံးသွားပြီး ယောက်ျားရှိစဉ် အတူနေခဲ့တဲ့နေရာမှာ နေချင်စိတ်မရှိတော့ဘဲ လုဗ်ရ်နန်းတော်ဆီကို ဘုရင့် မိသားစုများ အပြီးတိုင်ပြောင်းရွေ့နေထိုင်ဖို့ကို ကြိုးစားတော့တာပါ၊ သူမကိုယ်တိုင်ကတော့ လုဗ်ရ် နန်းတော်နဲ့ တဆက်တစပ်တည်းနေရာမှာ ပန်းခြံသစ်ကြီးကို နန်းတော်သစ်ကျွီလရီနဲ့အတူ ဆောက်လုပ်ပြီး နေထိုင်စံမြန်းဖို့ ကြံစည်ခဲ့တာပါ၊

Le palais des Tuileries

နှစ်ပေါင်းများစွာ မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ ဒီလုဗ်ရ်နန်းတော်ကြီးကိုလည်း သူမတန်ခိုး အာဏာ ရှိနေဆဲသော အချိန်အတွင်းမှာ အဓိကနေလို့ရအောင် ပြုလုပ်နိုင်ခဲ့တာပါ၊ လုဗ်ရ်နန်းတော်ကြီး နဲ့အတူ ပန်းခြံကြီးကိုလည်း ပြီးစီအောင်တည်ဆောက်သွားနိုင်ခဲ့ပါတယ်၊ နန်းတော်ကြီး နောက်ပိုင်း ထပ်မံဆောက်လုပ်ခဲ့တဲ့ ပြင်သစ်ဘုရင်များရဲ့ နောက်ဆုံး သမိုင်းဝင်စံအိမ်တော်ဖြစ်တဲ့ Le château de Versailles ဗားဆိုင်းနန်းတော်ကြီး အသစ်ဖြစ်ပေါ်လာခဲ့သော်လည်းဘဲ လုဗ်ရ်စံအိမ်တော်ကြီးရဲ့ အရေးပါအရာရောက်မှု သမိုင်းတန်ဖိုးက ယခုထက်ထိတိုင်အောင်ဘဲ မလျော့ပါးနိုင်ခဲ့ပါဘူး၊ အဲဒီလို ဘုရင်မျိုးနွယ်များ မူးကြီးမတ်ကြီးများ သူဌေးကြီးများ ရူးသွပ်မှုများစွာနဲ့ အပြိုင်အဆိုင် တည်ဆောက် ခဲ့ကြတဲ့ ရှပ်တိုးခေါ်ရဲတိုက်စံအိမ်တော်ကြီးများ အားလုံးလိုလိုဟာ အခုအခါမှာတော့ နိုင်ငံတော်က ပိုင်ဆိုင်မှုပြုထားပြီး ရှေးမူမပျက် ထိမ်းသိမ်းစောင့်ရှောက်ကာ ပြတိုက်ကြီးများအသွင် ပြောင်းလည်း ဖန်တီးခဲ့ပြီး ဝင်ကြေးကောက်ခံပြီး လူအများ အလွယ်တကူ စိတ်ဝင်တစား လာရောက်လေ့လာ ကြည့်ရှုနိုင်အောင် ပြုလုပ်ထားနိုင်လို့ အဲဒီအဟောင်းတွေကရတဲ့ ဝင်ကြေးငွေတွေဟာ တနှစ်တနှစ် ယူရိုငွေ သန်းပေါင်းဘီလီလျံပေါင်း ဘယ်လောက်ရှိမလဲလို့ ကိုယ်တိုင်တွက်ချက်သာ ကြည့်ကြပါ တော့၊

Le palais du Louvre, le palais des Tuileries et leurs annexes  1615

မူလပထမက အိမ်အမိုး ကြွေပြား ကျောက်ပြား အုတ်ကြွပ်ပြားဖုတ်လုပ်သောဖိုကြီးတွေ တည်ရှိတဲ့ မြေနေရာကွက်လပ်ကြီးကို သူမ၏မွေးရာဇာတိ ဖလောရင့်မြို့မှာရှိတဲ့ ပန်းခြံပုံစံကို အခြေခံပြီး ဘုရင့် မိသားစု ဆွေမျိုးသားချင်းတသိုက် ဇိမ်ခံဖို့ပန်းဥယျဉ်ကြီးအဖြစ် ဖန်တီးခဲ့ရာက ယနေ့ကာလမှာတော့ မောင်ရင်ငတေတို့လို သာမန်အများပြည်သူလူထုတွေအတွက် အပန်းဖြေရာ ပန်းဥယျာဉ်ကြီး ဖြစ်လို့ နေပါပြီ၊ ၁၆၆၇ ခုနှစ်မှာ လူအများကို စတင်ဝင်ရောက်ခွင့် ပေးခဲ့ပြီး La Révolution française ပြင်သစ်တော်လှန်ရေးဖြစ်ပွားခဲ့တဲ့ ၁၇၈၉ ခုနှစ်နောက်ပိုင်းကာလမှ စတင်ကာ  အများပြည်သူ ဝင်ထွက်သွားလာနိုင်တဲ့ ပန်းခြံကြီး ဖြစ်လာခဲ့တာပါ၊

Les guerres de religion

နောက်ထူးခြားချက်ကတော့ ရှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့တဲ့ Les guerres de religion en France ဘာသာရေးစစ်ပွဲများ (၁၅၆၂- ၁၅၉၈) ရယ်ပါ၊  ပြင်သစ်ပြည်တွင်း ကာသိုလစ်နဲ့ ပရိုတက်စတင့် ဘာသာဝင်တွေရဲ့ ဘာသာရေးအငြင်းပွားမှုတွေဟာ မိဖုရားကြီးမေဒီစီလက်ထက်တောက်လျှောက် ဖြစ်ပွားခဲ့တာပါ၊ အဲဒီ ၁၅၆၀ ခုဝန်းကျင်က ပြင်သစ်ပြည်လူဦးရေ ဆယ်ယောက်မှာ တယောက်က ပရိုတက်စတင့်ဘာသာဝင်တွေ ဖြစ်ကြပါတယ်တဲ့၊ မယ်တော်ကြီးဟာ ဒုတိယသားဘုရင် ရှားလ် ၉ လက်ထက် တတိယဘာသာရေးစစ်ပွဲအပြီးမှာတော့ ပရိုတက်စတင့်ဂိုဏ်းဝင်တွေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုအပြီး ပြင်သစ်ပြည်အနောက်ပိုင်း အတ္တလန်တစ်သမုဒ္ဒရာကမ်းခြေက မြို့နယ်များ ဖြစ်သော La Rochelle, Cognac, Montauban and La Charité နယ်လေးနယ်ကို ပရိုတက်စတင့် များအုပ်ချုပ်ဖို့ပေးအပ်ခဲ့ပြီး သမီးတော် မာဂရက်မင်းသမီးကိုလည်း ပရိုတက်စတင့်ဘာသာရေးဂိုဏ်း Huguenot ရဲ့ခေါင်းဆောင်သစ်ဖြစ်လာသော  Roi de Navarre မင်းသားနှင့်ပေးစားရန် သဘော တူညီခဲ့ရပါတော့တယ်၊   သူမဟာ လေးကြိမ်မြောက် ဘာသာရေးစစ်ပွဲ ဖြစ်ပွားနေချိန် ၁၅၇၂ ခုနှစ် သြဂုတ်လအတွင်း ပါရီမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ Le massacre de la Saint-Barthélemy အစုလိုက် အပြုံလိုက်လူသတ်ပွဲမှာ အဓိကတာဝန်ရှိသောသူတဦးဖြစ်ပါတယ်၊ မယ်တော်ကြီးရဲ့ သတ္တမမြောက် သမီးတော် Marguerite de France နဲ့ ပရိုတက်စတင့်ဘာသာသို့ ကူးပြောင်းခံယူခဲ့သူ Henri IV de France  ဖြစ်လာမည့်သူ Roi de Navarre မင်းသားတို့ရဲ့ လက်ထပ်ပွဲသဘင်ကျင်းပအပြီး လေးရက်အကြာမှာ ထိုသို့လက်ထပ်မှုကို မကျေနပ်သောကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်၊ ထိုလူသတ်ပွဲမှာ အနည်းဆုံး လူ ၂၀၀၀ ကျော် သေဆုံးတယ်လို့ ပြောကြပါတယ်၊ တချို့မှတ်တမ်း များမှာတော့ နှစ်ဘက်စလုံးပေါင်း လူသောင်းနဲ့ချီပြီး သေကြေကြတယ် လို့ရေးကြပါတယ်၊

Les derniers Valois de la France  

ဒီလိုနဲ့ မယ်တော်ကြီးကာသရင်းဒမေဒီစီဟာ အသက် ၇၀ အရွယ် ၁၅၈၉ ဇန္နဝါရီလမှာ စိတ်ပင်ပန်း လူပင်ပန်းမှုများစွာနဲ့ သေဆုံးသွားခဲ့ပါတော့တယ်၊ နောက်မကြာခင် သြဂုတ်လ ၁ ရက် နေ့မှာတော့ မယ်တော်ကြီးရဲ့ တတိယသားဘုရင် အောင်လီ ၃ ဟာလည်း ကာသိုလိပ်ဂိုဏ်းဝင် အစွန်းရောက် တယူသန် ဘုန်းကြီးငယ်တပါးရဲ့ အနီးကပ်ဓါးချက်ဖြင့် လုပ်ကြံခံခဲ့ရပြီး နောက်တနေ့မှာဘဲ သေဆုံး ခဲ့ပါတယ်၊ အဲဒီလိုနဲ့  Les Valois Angoulême (La dynastie des Valois) မင်းများခေတ်ရဲ့ နောက်ဆုံးမင်းဆက် ချုပ်ငြိမ်းသွားခဲ့ပါတော့တယ်၊ မယ်တော်ကြီးနဲ့ တတိယသားဘုရင်တို့ ရှေ့ဆင့် နောက်ဆင့်ဆိုသလိုဘဲ သေဆုံးပြီးတော့  မယ်တော်ကြီးရဲ့ သတ္တမမြောက်ရင်သွေး သမီးတော် (၁၈၄၅ ခုနှစ်က ထုတ်ဝေဖြန့်ချီခဲ့တဲ့ ပြင်သစ်ပြည် အရှေ့မြောက်ပိုင်းနယ်သား စာရေးဆရာကြီး Alexandre Dumas အလက်ဇန်းဒရ် ဒူးမား (၁၈၀၂ – ၁၈၇၀) ရဲ့နာမည်ကြီး သမိုင်းနောက်ခံ ဖြစ်ရပ်မှန်ဝတ္ထုစာအုပ်နဲ့ ရုပ်ရှင်ဇာတ်ကား La reine Margot ရဲ့အဓိကဇာတ်ဆောင်) Marguerite de France, Marguerite de Valois မာဂရက်မင်းသမီး (၁၅၅၃ – ၁၆၁၅) နဲ့ ပေးစားထားတဲ့ Henri IV de France (Henri de Bourbon, Roi de Navarre) အောင်လီ ၄ (၁၅၅၃ -၁၆၁၀) ဘုရင် နန်းတက်လာပါတယ်၊ အောင်လီ ၄ ဟာ စပိန်နယ်စပ် Pyrénées ပီရေနေးတောင်တန်းများပေါ်က Pau ပိုးနယ်သားဖြစ်ပြီး ၁၅၈၉ ခုနှစ်ပြင်သစ်ဘုရင်မဖြစ်မီ ၁၅၇၂ ကတည်းကစပြီး  မိခင်နဲ့ ဖခင်ဖြစ်သူရဲ့ အရိုက်အရာကိုဆက်ခံပြီး Roi de Navarre နာဗာရ်ဘုရင် ဖြစ်နေသူပါ၊ သူဟာ ပြင်သစ် နန်းသက်ရှည်ဘုရင်ကြီး လူဝီ ၉ (၁၂၁၄ – ၁၂ရ၀) မှဆင်းသက်လာသူ Bourbon ဘူးရ်ဘွန်မျိုးနွယ်အဖေ Antoine de Bourbon နဲ့ အမေဖြစ်သူကတော့ La reine de Navarre နာဗာရ်ဘုရင်မ (မယ်တော်ကြီး ကာသရင်းဒမေဒီစီရဲ့ ယောက္ခမတော် François I de France ဖရန်ဆွာ ၁ ၏ ညီမအရင်း) Jeanne III d’Albret တို့က မွေးဖွားလာတာဖြစ်ပါတယ်၊ ဘူးရ်ဘွန်မျိုးဆက် အနွယ်များဟာ အခုထိအောင်ရှိနေပါသေးတယ်၊ အများအားဖြင့်တော့ စပိန်ပြည်မှာ နေထိုင်ကြပြီး စပိန်ပြင်သစ် နှစ်နိုင်ငံရဲ့ နိုင်ငံသားများဖြစ်ကြပါတယ်၊ ပြင်သစ်ဗားလွား ဘုရင်မျိုးဆက်များ မယ်တော်ကြီး ကာသရင်းဒမေဒီစီ၏ ခေတ်နဲ့အတူ ကုန်ဆုံးသွားပြီး ဘူးရ်ဘွန်မျိုးဆက်ဘုရင်များခေတ်ကို ကူးပြောင်းရောက်ရှိလို့ သွားပါတော့တယ်၊

● မယ်တော်ကြီးရဲ့ ယောက္ခမဘုရင် François I de France ဖရန်ဆွာ ၁ (၁၄၉၄ – ၁၅၄၇) နန်းသက် ၃၂ နှစ် ၃ လ (၁၅၁၅ – ၁၅၄၇)
● မယ်တော်ကြီးရဲ့ ကြင်ယာတော်ဘုရင် Henri II de France အောင်လီ ၂ (၁၅၁၉ – ၁၅၅၉) နန်းသက် ၁၂ နှစ် ၃ လ (၁၅၄၇ – ၁၅၅၉)
● မယ်တော်ကြီး (Caterina Maria Romola di Lorenzo de’ Medici) Catherine de Médicis ကာသရင်းဒမေဒီစီ (၁၅၁၉ – ၁၅၈၉)
● ပထမသားဘုရင် François II de France ဖရန်ဆွာ ၂ (၁၅၄၄ – ၁၅၆၀)             နန်းသက် ၁ နှစ် ၅ လ (၁၅၅၉ – ၁၅၆၀)
● ဒုတိယသားဘုရင် Charles IX de France ရှားလ် ၉ (၁၅၅၀ – ၁၅၇၄)               နန်းသက် ၁၃ နှစ် ၆ လ (၁၅၆၀ – ၁၅၇၄)
● တတိယသားဘုရင် Henri III de France အောင်လီ ၃ (၁၅၅၁ – ၁၅၈၉)           နန်းသက် ၁၅ နှစ် ၂ လ (၁၅၇၄ – ၁၅၈၉)
● သတ္တမမြောက်သမီးတော် Marguerite de France မာဂရက်မင်းသမီး (၁၅၅၃ – ၁၆၁၅)
● သမက်ဘုရင် Henri IV de France အောင်လီ ၄ (၁၅၅၃ -၁၆၁၀)                    နန်းသက် ၂၀ နှစ် ၉ လ (၁၅၈၉ – ၁၆၁၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts