စက်တင်ဘာ ၁၂၊ ၂၀၁၄
(၁)
ဆောင်းတွင်းကာလ ရောက်ပြီဆိုကတည်းက လူတွေက အအေးဒဏ်တော့ အတော်ခံရတယ်၊ နေတာကလည်း တောင်ထိပ်သဘောဆိုတော့ အေးတာမှစိမ့်နေတာပဲ၊ မနက်၎နာရီလောက်ဆို လူတွေကနိုးနေကြပြီ ဘယ်လိုမှဆက်အိပ် မရတော့လို့။
အဲဒီလိုဆိုရင် တယောက်ယောက်က အိပ်နေရာကနေ တဲအောက်ဆင်း မီးဖိုချောင်မှာထင်းချောင်းကြီးတွေနဲ့ မီးဖို၊ ရေနွေးတည် လုပ်တော့တာပဲ။ စားဖိုက မီးဖိုချောင်အပေါ်မှာတော့ ထောင်ချောက်ကရတဲ့ ကြက်၊ ရစ်စတဲ့ ခြေထောက်တွေ၊ ဖြူအစာအိမ်တွေ စသဖြင့် မီးကြပ်တိုက်တဲ့သဘော ချိတ်ထားတယ်၊ ဖြူအစာအိမ်က ဆေးဘက်ဝင်တော့ ကိုလွင်ဦးက တခါတလေ ဟင်းချိုလို အရည်သောက်ဟင်းဆိုရင် နည်းနည်းလေးဖဲ့ပြီး ခပ်တယ်၊ အဲဒီလို နည်းနည်းလေးတောင် အတော်ကိုခါးတာ။
နောက်ပိုင်း ကိုဇော်မိုးကျော်တို့ ကိုအောင်ကျော်စိုးတို့တွေလည်း ရှေ့တန်းကပြန်ရောက်လာကြတယ်၊ သူတို့ ရောက်လာပြီး မကြာခင်ပဲ သတင်းဆိုးတခုက ကြားရတော့တယ်၊ ဗိုလ်မှူးကြီးစိန်မြ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကွယ်လွန်သွားပြီတဲ့၊ ပီဒီအက်ဖ်ကရဲဘော်တွေလည်း ငိုကြယိုကြပေါ့၊ အကြီးအမှူး ကျဆုံးတာဆိုတော့။ အဘဆုံးပြီးတော့ ကိုရန်အောင်က တပ်မှူးတာဝန် ယူရတော့တာပေါ့။
အောင်ဖေတို့ လူပြန်စုံပြီဆိုတော့ အစည်းအဝေးထိုင်ပြီး ပိုကျယ်တဲ့နေရာထိုင်ခင်း ကောင်းမယ့်စခန်းသစ်တခုကို ရွှေ့ပြောင်းဖို့ဖြစ်လာကော၊ အဲဒီမှာတင် ကိုလွင်ဦးက နေရာသစ်ထပ်ရှာပြန်တာပေါ့။ တွေ့တဲ့နေရာက ဦးဘော်တဲစုကို ကျော်သွားပြီး ကုန်သည်လမ်းဘေးက တောင်ကမ်းပါးယံအထက်က တောင်ကြောပေါ်။ ဒီကြောကမတ်စောက်နေပြီး သူနဲ့ ကုန်သည်လမ်းကြားမှာ စမ်းချောင်းကြီးရှိတယ်၊ စခန်းစဆောက်ဆောက်ခြင်း ဆိုသလိုပဲ ကိုဇော်မိုးကျော်၊ ကိုအောင်မိုးနဲ့ ကိုအောင်ကျော်စိုးတို့က ရှေ့တန်းထပ်ထွက်ရပြန်ကော၊ အဲဒီတော့ တာဝန်တွေပေးခဲ့ကြတယ် ဘာတဲ့ကိုလွင်ဦးက ယာယီစခန်းတာဝန်ခံ၊ အောင်ဖေက ဒုတာဝန်ခံနဲ့ ကိုသိန်းစိုးက လုံခြုံရေးမှူးပေါ့ ဘာလို့ဆို နောက်ထပ်ရောက်လာတဲ့ ရဲဘော်သစ်တွေဖြစ်ကြတဲ့ ထွန်းလွင်၊ လှိုင်မင်းထွန်း၊ ဖေသန်း၊ ကိုစိုးမင်း၊ ကိုရဲ စခန်းမှာ ခဏလာနေတဲ့ကျော်ထင် စတဲ့သူတွေနဲ့ ရှိလာပြီဆိုတော့ စခန်းသစ်ဆောက်ဖြစ်ကြတာလည်း ပါတယ်။ ကိုနေမျိုးကိုတော့ စံခမှာရုံးခန်းဖွင့်ထားပြီး အဲဒီမှာထားတယ်။
တဲတွေဆောက်ကြတော့ ကိုလွင်ဦးအကြံအစည်ကောင်းပုံက ရုံးကိုနှစ်ထပ်ဆောက်တယ် အပေါ်အဆင့်က လူနေအိပ်ခန်း ၂ခန်းခွဲထားတယ်၊ အောက်အထပ်က စားပွဲတလုံးနဲ့ဝါးကြမ်းခင်း၊ ပြီးတော့ ဘားတိုက်တလုံး၊ စားဖိုတလုံး၊ ကြက်ခြံတလုံးပေါ့၊ တဲဆောက်တာက အလေ့အကျင့်ရသွားပြီဆိုတော့ အောင်ဖေတို့အလွယ်တကူ မြန်မြန်ဆန်ဆန်ပဲ ပြီးသွားတော့တယ် သိပ်မကြာလိုက်ဘူး၊ ဒီအတောအတွင်း ကမ်းပါးယံစောင်းမှာ ပေါက်နေတဲ့သစ်ပင်ကြီး တပင်ကနေ့လည်ခင်းကြီး လေတိုက်တာနဲ့တင် ချောင်းဘက်ကို လဲသွားပါလေကော၊ အဲဒီမှာကိုလွင်ဦးက သူ့အကြံကိုပြောတယ်။
“အောင်ဖေရ၊ ငါဒီလိုစဉ်းစားတယ်ကွ ဒီလဲသွားတဲ့ အပင်ကြီးကို အောက်ကိုနည်းနည်း တွန်းချလိုက်ပြီး ချောင်းကိုဖြတ်တဲ့ ကြိုးတံတားလုပ်လိုက်ရင် ငါတို့မိုးတွင်းအတွက် အေးဆေးပဲကွ” တဲ့။
သူပြောတဲ့ အစီအစဉ်က ကောင်းတော့ အားလုံးလက်ခံလိုက်ကြတယ်။ အရင်ဦးအောင် ချောင်းဟိုဘက်ကမ်းစပ်ကို ကျနေတဲ့အပင်ထိပ်ပိုင်းတွေကို ခုတ်ထစ်ဖြတ်တောက်၊ ပြီးတော့လဲကျပြီး ကမ်းပါးစောင်းတင်နေတဲ့ ပင်စည်အရင်းပိုင်းကို လိုသလောက်အနေအထားရအောင် တွန်းချပြီးမှ ပင်စည်အဖျားပိုင်းကို လေးဂွပုံကိုင်းတွေနဲ့ ထောက်ပြီး တွန်းတင်လိုက်တော့ တံတားတခု ဖြစ်သွားပါလေကော၊ ဒီတံတားကို ကြိမ်ပင်တွေ သွားခုတ်ပြီး ဟိုဘက်ဒီဘက် လက်ရန်းတွေဆွဲလိုက်တော့ အတော်လှတဲ့ ကြိုးတံတားလေး ဖြစ်သွားပါလေကော၊ ရွာသားတွေက နာမည်ပေးတယ် ကြိုးတံတားစခန်းတဲ့။
စခန်းဆောက်ပြီးတော့ စခန်းဧရိယာ သတ်မှတ်ပြီး အမိန့်ပြန်ရတယ်၊ အောင်ဖေကရေးပြီး ကိုသိန်းစိုးနဲ့ ကျော်ထင်တို့က သတ်မှတ်ဧရိယာ ထောင့်လေးထောင့်ကိုသွား အမိန့်စာကိုဖတ် သေနတ် ၃ချက်စီဖောက် အဲဒီလိုလုပ်ရတာ၊ အမိန့်စာမှာတော့ ဒီစခန်းဧရိယာဟာ ဒီကနေစတယ် အဲဒီအတွက် ငါတို့စခန်းနဲ့ မသက်ဆိုင်တဲ့ သက်ရှိသက်မဲ့တွေ မရှိစေရ၊ ရှိနေရင် လွတ်ရာကျွတ်ရာသွားကြ၊ မဟုတ်ရင် စစ်မိန့်နဲ့ အရေးယူခံရမယ် ဘာညာပေါ့ လျှောက်ရေးထားတာ။
ဒီလိုလုပ်ပြီး မကြာခင်ပဲ စိန်ခေါ်မှုတွေနဲ့ တွေ့ရပါလေကော။
တရက်မှာ အော်ဖေတို့တွေ စားဖိုမှာထမင်းစားနေတုန်း အမိုးပေါ်ကနေလျှောကျလာတာ၊ အားပါးကြီးလိုက်တဲ့ မြွေကြံဆစ်ကြီး၊ အရှည်၆ပေနဲ့ လုံးပတ် လက်ကောက်ဝတ်လောက်ရှိမယ်၊ စားနေတဲ့သူတွေ တမင်းစားပွဲပေါ် ခုန်တက်ပြီး ပစ်ကြတာပေါ့ တဒိုင်းဒိုင်းနဲ့ ဒီကောင်လည်းစားဖိုအောက်က ရေဆင်းချိုးတဲ့ လမ်းဘေးကြားဝါးရုံတောထဲကို ဆင်းပြေးပါလေကော၊ နောက်၃-၄ရက်နေမှ ဒီကောင်လမ်းဘေးမှာ သေနေတာကို တွေ့ရတော့တယ် ထိသွားပြီး ကျည်ဆိပ်တက် ရှောသွားတာနေမယ်။
တခါလည်း အောင်ဖေအားအားယားယား ဌက်တော်လေးတကောင်ကို လက်တည့်စမ်းလိုက်မိတာ၊ နောက်တရက် စခန်းထဲက ဘားတိုက်ကနေ ရုံးဘက်အသွား ကျန်တဲ့ဌက်တော်ရယ်လေ အောင်ဖေ့မျက်စိကို ပြေးဆိပ်တာ၊ ကံကောင်းတာက လွယ်ထားတဲ့ သေနတ်နဲ့ပစ်ရိုက်မလို လုပ်လိုက်လို့ ဒီကောင်ဆိပ်တာ မခံလိုက်ရတယ်၊ လူတော့ အတော်လန့်သွားတယ်၊ နောက်ဆို ဌက်တော်ကို ယောင်လို့တောင် မထိတော့ဘူး။
သေသွားတဲ့ မြွေကြံဆစ်ဆိုတာ ကိုလွင်ဦးအပြောအရ ငန်းတော်ကျားနဲ့ မြွေဟောက်နဲ့ နှစ်မျိုးပေါင်းထားတာတဲ့၊ ငါတို့ တကောင်ကို သတ်မိပြီဆိုရင် နောက်တကာင်တော့ ကျန်ဦးမယ် သတိသာထားနေကြတဲ့။
ထင်တဲ့အတိုင်း တရက်မှာတော့ ဘားတိုက်ထဲမှာ ဖေသန်းကလှဲပြီး စာဖတ်နေတယ်၊ အောင်ဖေက ဘားတိုက်ထဲ လှမ်းအ၀င်လာမှာ ရုတ်တရက် တဲတိုင်တခုပေါ်ကနေ ကြွက်တကောင် သေလုမျောပါး ပြေးဆင်းလာပါလေကော၊ ဒါနဲ့အောင်ဖေက ဖေသန်းကို သတိထားကွ ကြွက်ရှိရင် မြွေလာတတ်တယ်လို့ ပြောပြီးတဲခေါင်ကို လှမ်းကြည့်လိုက်တာ ဘုရားဘုရား မြွေကြီးတကောင်ရဲ့ ဗိုက်သားဖြူဖြူကြီးက ခေါင်ချုပ်ထားတဲ့ တန်းအောက်မှာ မြင်ရပါလေကော၊ ဒါနဲ့ဖေသန်းကို အမြန်တဲထဲက ထွက်ခိုင်းပြီး သေချာချိန်ပစ်လိုက်တယ်၊ “ဒိုင်း” ကနဲ သေနတ်ပစ်သံကြားတော့ ကျန်တဲ့သူတွေလည်း ရောက်လာကြတာပေါ့ ဘာဖြစ်သလဲပေါ့လေ။ အဲဒီကြမှ တဲကိုဝိုင်းထားပြီး အမိုးပေါ်ကနေ တိုးထွက်လာနေတဲ့ မြွေကြီးကို မြင်ကြပါလေကော၊ ဒီကောင်က အပစ်ခံလိုက်ရတဲ့အတွက် ခါးရိုးကျိုးသွားတာနေမယ် အမိုးပေါ်ကနေလျှောပြီး အောက်ကျလာတော့ ပါးပျဉ်းတောင် ကောင်းကောင်း မထောင်နိုင်တော့ဘူး သွားလည်းမသွားနိုင်တော့ဘူး၊ ဒါပေမယ့် လူတွေကိုပြန်ခုခံမယ်ဆိုတဲ့ အထာနဲ့တော့ ခေါင်းထောင်ပြီး ရန်မှုနေသေးတယ်၊ ဒါနဲ့ဝိုင်းရိုက် သတ်လိုက်ကြရတော့တာပါပဲ။
(၂)
စခန်းက အထိုင်ကျပြီဆိုတာနဲ့ လုပ်အားပေးတွေက ပေါ်လာပါလေကော၊ ဆိုလိုတာက မိုးမကျခင် ဒီပီအေစခန်းက တဲတွေဆောက်တာမှာ သွားပြီးဝိုင်းကူဆောက်ပေး အမိုးမိုးပေးတာတို့၊ ရွာနီးချုပ်စပ်က အောင်ဖေရေ ငါတို့တောင်ယာ ဘယ်နေ့မီးရှို့မယ်ဟေ့၊ ရဲဘော်တွေနဲ့ လာကူပါဦးတို့ ဘာတို့ပေါ့။
ဒီနေရာမှာ တခုပြောပြရဦးမယ်၊ တောတောင်တွေထဲမှာ တောင်ယာစိုက်ဖို့အတွက် ဖေဖေါ်ဝါရီလကုန်လောက်ကတည်းက နေရာရွေး၊ ပြီးရင် အောင်ခြေက အပင်ငယ်လေးတွေကို အရင်ခုတ်ထား ပြီးတော့ အပင်ကြီးတွေကို လှဲပစ်ကြရော အဲဒါကိုတော့ တောင်ယာခုတ်တယ်ခေါ်တယ်၊ သင်္ကြန်ပြီးလို့ မိုးရိပ်မိုးယောင်မလာခင်ဆိုရင် ခုတ်ထားတဲ့အပင်တွေက အတော်ကို ခြောက်သယောင်းနေပြီ၊ နေကလည်းကျစ်ကျစ်တောက် ပူတဲ့အချိန်ဆိုတော့ ခုတ်ထားပြီးသားဧရိယာကို ၁၀ပေလောက်စီ လူသွားလာလို့ရအောင် လမ်းရှင်းတယ်၊ ဒါကိုမီးတားတယ် ခေါ်တာပေါ့ ကျန်တဲ့တောတွေ တောင်တွေကို တောမီးမလောင်အောင်ပေါ့၊ ပြီးမှလေညှာအရပ်ကနေပြီး ၃-၄နေရာကနေ မီးစရှို့တာ၊ ဒါကြတော့ တောင်ယာမီးရှို့တယ်လို့ ခေါ်ကြတယ်။
တောင်ယာမီးရှို့ပြီးလို့ တပတ်လောက်နေရင် မီးလည်းငြိမ်းလောက်ပြီဆိုတော့ ကျန်နေခဲ့တဲ့ အပင်ငုတ်လေးတွေ ကိုးလိုးကန့်လန့် မီးလောင်ပင်ကြီးတွေကို တဖန်ပြန်ရှင်းရကော၊ ဒါကြတော့ ကျွန်းခွေတယ်လို့ခေါ်ကြတယ်၊ နောက်ပိုင်း မိုး၎-၅ခါလောက်ရွာလာလို့ မြေသားတွေနူးပြီဆိုရင် ၀ါးချွန်ထိပ်မှာ မြိနေတဲ့ သံချွန်တပ်ပြီး စပါးတို့ ကောက်ညှင်းတို့ စတဲ့မျိုးစေ့တွေ ကြဲလို့ရအောင် ပေါက်တဲ့သူကပေါက်သွား မျိုးထည့်တဲ့သူက ပေါက်သွားပြီးတဲ့ ကြွင်းကလေးတွေမှာ လိုက်ထည့် အဲဒီလိုလုပ်ရတာ ဒါကြတော့ ပျိုးကျဲတယ်ပေါ့။ ပြီးရင်ပစ်ထားလိုက်ရတော့တာပဲ မိုးကလည်းပုံမှန်ရွာဆိုတော့ ဘာရေမှ သွင်းစရာ မလိုသလို ရေ၀ပ်မှာလည်း မပူရဘူး တောင်ပေါ်ကိုး၊ ပျိုးကြဲရင်တော့ အသက်ကြီးတဲ့ ကောက်ညှင်းကို အပေါ်ပိုင်းမှာ တလေးတစားစိုက်ရတယ်၊ ပြီးမှစပါး။
တခါတော့ အရမ်းကပ်စေးနည်းတဲ့ ဦးလေးချိုဆိုတဲ့ အဘိုးကြီးက သူ့အိမ်ပြင်ဆောက်မယ်၊ အမိုးမိုးမယ် လာကူကြပေါ့ အောင်ဖေ့ကိုပြောတယ်။
“ဟေ့ကောင်အောင်ဖေ၊ မနက်ဖြန် ငါတဲဆောက်ချင်လို့ မင်းတို့ရဲဘော်တွေ လာကူကြဦး”
ဒီလိုပြောတော့ အောင်ဖေလည်း ဟုတ်ကဲ့အဘပေါ့ ကျနော်တို့လာခဲ့ပါမယ်ပေါ့။ စခန်းရောက်တော့ တိုင်ပင်ကြတယ် ငါတို့အဘိုးကြီးကို ဒီလိုဒီလို ပညာပြကြရအောင်ပေါ့၊ အားလုံးကလည်း ဟုတ်တယ်ဂွင်ဝင်တုန်း ပညာပေးရမယ်ပေါ့။ ဘာလို့ဆို ဒီအဘိုးကြီးက ကပ်စေးနည်းလွန်းအားကြီးတော့ ဆားလေးဘာလေး ယောင်လို့ သွားမချေးနဲ့ လူတွေကို ပြန်ပြန်ပြောပုံက။
“အာ တော်လှန်ရေးပဲကွ၊ ဘာလိုမတုန်း ဆားမရှိ ဒီအတိုင်းစားပေါ့” အဲဒီလိုချည်း ပြောပြောလွှတ်တတ်တော့ ရဲဘော်တွေကလည်း တခါတလေ သိရက်နဲ့ တမင်သွားသွားစကြတယ်၊ အဲဒီလို။
ဒါနဲ့နောက်ရက် တဲဆောက်ကြတာပေါ့၊ ကြွင်းတူး၊ တိုင်ခုတ်၊ တိုင်ထူ၊ ကြမ်းခင်း ပြီးတော့ အမိုးမိုးပြီ။ ဒီမှာ အောင်ဖေတို့က တိုင်ပင်ထားတဲ့အတိုင်း အပေါ်ကတက်ပြီး အမိုးမိုးတဲ့ကောင်တွေက အမိုးကို မညီမညာဖြစ်အောင် သက်သက် စောင်းချည်ကြတော့တာပေါ့။ အဲဒီမှာထင်တဲ့အတိုင်း အဘချိုက အောက်နေအော်တော့တာပေါ့။
“ဟေ့ကောင်ဖေသန်း၊ မင်းမျက်စိမပါဘူးလားဟ ဒီလောက်ရွဲ့စောင်းနေတာ၊ အခုပြန်ဖြုတ်စမ်း” တို့၊ “ဟာဟိုကောင် သိန်းစိုးတိုင်းပြီး လုပ်ပါဟ မင်းဟာက အပေါ်ကအထပ်နဲ့ တထွာလောက်ကွာနေပြီး ပြန်ပြင်ဟ” တို့ဘာတို့ ၃-၄-၅ခါလောက် အော်လာပါလေကော၊ အဲဒီကြမှ အောင်ဖေတို့တွေ မျက်စပစ်ပြပြီး ပြိုင်တူပြောလိုက်တာက။
“အာ အဘကလည်း တော်လှန်ရေးပဲ၊ ဘာလိုမတုန်း” ပေါ့၊ ပြီးတော့ ပြုံးစိစိနဲ့နေကြကော၊ အဲဒီမှာ သူ့ကို ရွဲ့နေမှန်းသိသွားတဲ့ အဘချို ပြန်ပြောလိုက်ပုံကြောင့် အောင်ဖေတို့ တဖွဲ့လုံး တသောသော ဖြစ်သွားကြရတယ်၊ သူပြောလိုက်တာက။
“နင့်အမေလင် တော်လှန်ရေးပါလား၊ မလိုချင်ဘူး အခုညီအောင်ပြန်မိုးစမ်း” တဲ့။
အဲဒီလိုရွာသားတွေကို သွားဝိုင်းကူရင် အောင်ဖေတို့ကို ဟင်းကောင်းလေးတွေ ချက်ကျွေးတတ်တယ်၊ အထူးသဖြင့် ကြက်ဗူးသီးပေါ့။
အဲဒီလိုဝိုင်းကူတာကလည်း အောင်ဖေတို့စခန်းမှာ အစောင့်၂ယောက်လောက်ပဲထားပြီး အောင်ဖေဦးဆောင်ပြီး စခန်းကလူအကုန်လုံး သွားကြတာကိုး။ အဲဒီလိုကောင်းမှုကြောင့် နောက်ပိုင်းစခန်းမှာတောင် အမိန့်ထုတ်ရတဲ့ဘ၀ ရောက်သွားပါလေကော။
ဖြစ်ပုံကဒီလို စခန်းကရဲဘော်တွေနဲ့ ရွာနီးချုပ်စပ်ကလူတွေ အတော်လေးကို ခင်မင်ရင်းနှီးသွားကြတော့ သူတို့စိုက်တဲ့ စိုက်ခင်းတွေက ရွှေဖယုံတို့၊ ကျောက်ဖယုံတို့ကို လူမြင်တာနဲ့ အတင်းပေးတော့တာပဲ၊ ဟိုကောင်သွား တလုံးပါလာ၊ ဒီလူသွား တလုံးပါလာနဲ့ စခန်းက ရိက္ခာထားတဲ့ စားဖိုဆောင်မှာ ဒါတွေကပုံနေကော၊ သိတဲ့အတိုင်း အောင်ဖေက ထောက်ပံ့ရေးပါ တာဝန်ယူရတာဆိုတော့ ဒါတွေကို ဖိဖိပြီး ချက်ခိုင်းရကော၊ ကြာတော့ လူတွေက ဒါတွေကို မစားချင်တော့ဘူး နောက်ကြတော့ အောင်ဖေက အကုန်လုံးကို မှာရတော့တယ်။
“ကျောက်ဖယုံတို့ ရွှေဖယုံတို့ ထမ်းပြီး စခန်းပေါ်တက်လာတဲ့ကောင်ကို တွေ့တဲ့ကောင်က ကန်ချပစ်ကွာ” ဆိုပြီးပြောတော့၊ အားလုံးက သဘောတူသွားပါလေကော။
ဒါပေမယ့် ဒီဇတ်လမ်းက ဒီမှာမဆုံးသေးဘူး တရက်ရွာထဲအောင်ဖေသွားတော့ အဒေါ်ကြီးတယောက်ကပြောတယ်၊ အောင်ဖေရေ ငါတို့မနေ့က ရွှေဖယုံသီးတလုံး အလုံးလှတာနဲ့ ဖေသန်းနဲ့ ပေးလိုက်တယ် စားကောင်းရဲ့လားဟဲ့ ဆိုပြီးမေးတာနဲ့ အော် စားတော့ မစားဖြစ်သေးဘူး အဒေါ်ရေ နောက်ရက်မှ စားဖြစ်မယ်ထင်ပါရဲ့ ဘာညာနဲ့ ရွှီးရတော့တာပေါ့။
ဒါနဲ့ စခန်းပြန်ရောက်တော့ ဖေသန်းကို စပ်စုရတော့တယ်၊ ဟေ့ကောင် မင်းကို ရွှေဖယုံသီး ပေးလိုက်တယ်ဆို မင်းဘယ်လို ရှင်းလိုက်သလဲဟ ပေါ့လေ။ ဒီကောင်ပြောမှ ပိုဆိုးသွားတော့တယ်၊ အာ အကိုကပဲ ဒီအသီးတွေ မယူလာခဲ့နဲ့တော့ဆို ဒါကြောင့်လမ်းမှာတွေ့တဲ့ မြို့ကပြန်လာတဲ့ ပယော်ဆေးရုံက ဆရာမကို အတင်းပေးလိုက်တယ်တဲ့။ ဒါနဲ့အောင်ဖေလည်း ရယ်ချင်သွားပြီး ဖေသန်းကို ပြန်ရှင်းပြရတယ်။
“မင်းဘိုးအေကြီးက ဒီလောက်လေးတာ မင်းဆရာမ မပြောနဲ့ ငါ့ကိုသယ်ခိုင်းတောင် မသယ်ဘူး ဒါကြီးနဲ့တောင်တက်ရမှာ သေရောပေါ့ဟ” ပေါ့လေ၊ ငါထင်တယ် သူလည်း လမ်းမှာလွှင့်ပစ်ခဲ့မယ်နဲ့တူတယ် လို့တောင် ဆက်ပြောကြသေးတယ်။
(၃)
အောင်ဖေတို့ နွေဦးမှာဆောက်ခဲ့တဲ့ လူနေဘားတိုက်က မိုးကျကာစမှာတင်ပဲ ပြဿနာတက်တော့တာပဲ၊ ဘာလို့ဆို အပင်ကြီးအောက်မှာ သွားဆောက်ထားတာဆိုတော့ အပင်ကြီးပေါ်က အရွက်တွေကနေကျတဲ့ ရေစက်ဒဏ်မခံနိုင်တော့ဘဲ ပေါက်ပြဲကုန်ပါလေကော၊ ဒါကြောင့် နောက်ထက်ဘားတိုက်ကြီးကြီး တလုံးအတွက် နေရာ အမြန်ရှင်း တဲဆောက်ဖို့ လုပ်ကြရပါလေကော။
ဒီတော့ ၀ါးခုတ်ဖို့လိုလာပြီ၊ တိုင်၊ အခင်း၊ ဒိုင်း၊ ယက်မတွေအတွက် အမြန်ခုတ်ရမှာဆိုတော့ ဖွတ်ကြီးရခဲ့ဖူးတဲ့ ထိုင်းဘက်ခြမ်းသွား ကားလမ်းမတောင်ကြောပေါ်က ၀ါးတောမှာ သွားခုတ်ကြမယ်ပေါ့၊ ဘာလို့ဆို မိုးကစကျနေပြီဆိုတော့ စမ်းချောင်းက ရေစီးသန်နေပြီလေ လူတွေမထမ်းတော့ဘဲ ဖောင်မျောချမယ်ပေါ့၊ ဆိုလိုတာက တောင်စောင်း ၀ါးရုံတောတွေက ၀ါးဆိုက်စုံကိုခုတ် ပြီးရင်၁၀လုံး ၁၂လုံးလောက်ကိုစုပြီး ရှေ့၊ နောက်၊ အလယ်မှာကြိုးချည်၊ တလုံးကိုတော့ ဆွဲကိုင်ထမ်းပြေးလို့ရအောင် အရင်းကိုထုတ်ထား၊ ပြီးရင် အဲဒီထုတ်ထားတဲ့ ၀ါးလုံးတချောင်းကို အရှိနဲ့ဆွဲမပြီးပြေး ခဏနေရင် အရှိန်ရလာတော့ တောင်ကြော ကားလမ်းမအတိုင်း စမ်းချောင်းအထိ ၀ါးလုံးစည်းကို ထမ်းပြီးပြေးဆင်းကြတာပေါ့ တ၀ုန်းဝုန်းနဲ့ ဆူညံနေတော့တာပဲ၊ လူကတော့ မပင်ပန်းဘူးလေ၊ ဒါပေမယ့် ချော်လဲလို့ကတော့ မရဘူး၊ အရှိန်နဲ့ဆင်းလာတာဆိုတော့ လဲရင်ဝါးစည်းက လူပေါ်ပိမိမှာ မစားသာဘူး ကြိုးရင်ကြိုး မကြိုးရင် ခေါင်းတို့ ဗိုက်တို့ပေါက်သွားနိုင်တယ်။ မရှောပဲ ဒုက္ခိတဖြစ်နေမှ ပိုဆိုးမှာ။
အားလုံးကတော့ အန္တရယ်ကင်းကင်းနဲ့ ရေစပ်ကို ရောက်လာပါလေကော၊ အဲဒီမှာ ဖောင်ဖွဲ့ပြီးမှ ပြဿနာတက်တော့တယ်၊ ဘယ်သူ့ဖောင်က ရှေ့ကနေအရင်မျောမလဲပေါ့၊ ဘာလို့ဆို ကံဆိုးသူမောင်ရှင်က လမ်းမှာရှိနေတဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို အရှိန်နဲ့ တိုက်ချရင်ချ၊ မချရင်ဓါးနဲ့ ခုတ်ရှင်းရမှာကိုး၊ မတော်လို့ အပင်ထက်ခွေနေတဲ့ မြွေစိမ်းတွေနဲ့တွေ့ရင်လည်း တရုပ်သိုင်းကားထဲက ဇတ်လိုက်လို လျှင်မြန်မှရမယ်၊ မဟုတ်ရင်မြွေစိမ်းက ရေစီးရေလာကောင်းရဲ့လားတို့၊ သနားတယ်တို့ပြောပြီး ငယ်ထိပ်ကို နမ်းသွားမယ်လေ၊ နောက်ဆုံးတော့ အောင်ဖေနဲ့ လှိုင်မင်းထွန်းတို့ပဲ ရှေ့ကနေသွားမယ်ပေါ့ ကိစ္စမရှိပေါ့လေ။
တကယ်သွားတော့ မိုးကြီးကြီး ၃-၄မလောက် ရွာထားပြီးပြီဆိုတော့ သိပ်မရှင်းလိုက်ရပါဘူး လမ်းကအတော်ရှင်းနေပြီး ၃-၄နေရာလောက်ပဲ ဖောင်ပေါ်က ဆင်းရှင်းရတယ်၊ ဘာမြွေမှလည်း မတွေ့တော့ပါဘူး မိုးတွင်းဆိုတော့ ဒီကောင်တွေလည်း တောင်ကျရေအစွမ်းကို သိပုံပေါ်ပါတယ် စမ်းချောင်းအထက်က အပင်တွေမှာ ကပ်မနေတော့ဘူး၊ ဖောင်မျောတယ် ဆိုတာက စည်းထားတဲ့ဝါးဖောင်ပုံ ၀ါးစည်းအပေါ်မှာ လူတွေကမှောက်ရက်လိုက်ပြီး ခေါင်းလေးထောင် လိုက်သွားရတာ ရေပေါ်ပေါ်နေတဲ့ သစ်ကိုင်းကြီးကြီးကိုတော့ အဝေးကနေမျက်စိလျှင်လျှင်ကြည့်ရတယ် မဟုတ်ရင် တောင်ကျချောင်းရေ အရှိန်နဲ့ဇိမ်ပဲဆိုပြီး ဖောင်ပေါ်မှာ ဖီလင်တက်နေလို့ကတော့ ခေါင်းနဲ့ဆောင့်မိပြီး ကွဲမှာ။ အဲဒီလို။ နောက်ဆုံးတော့ ဖောင်ကစခန်းဘေးက ချောင်းကိုရောက်တော့ ကမ်းကပ်ပြီး အပေါ်ကိုတင်သယ်ပေါ့။
အောင်ဖေတို့က လူများလာပြီဆိုတော့ ညဘက်ဆို ကင်းချထားရတယ်၊ ကင်းဦး စတာကတော့ ၉နာရီကနေစပြီးတော့ ကင်းပိတ်က မနက်၅နာရီ၊ တယောက်ကို ၂နာရီနူန်း။ သရဲကြောက်တတ်ပါတယ်ဆိုတဲ့ ဖေသန်းတကောင်လည်း ကင်းစောင့်တဲ့အခါကြတော့ ဟုတ်နေတာပဲ သေနတ်ရှိလို့နေမယ်၊ ပထမပိုင်းတော့ သူ့ကိုသတိထားရသေးတယ် ကင်းစစ်သလိုလို အပေါ့အပါးသွားသလိုလိုနဲ့ သူမလန့်အောင်ပေါ့ နောက်တော့လည်း အိုကေပါတယ်၊ တာဝန်က တာဝန်ဆိုတော့။
အောင်ဖေတို့က နေ့တိုင်းအပင်လှဲလိုက်၊ ဖြတ်လိုက်၊ ခွဲလိုက်နဲ့ ထင်းကိုကြိုစုရတယ် မိုးတွင်းမှာ ထင်းမရှိရင် ငတ်မှာကိုး ကံကောင်းတာက စခန်းသစ်ဝန်းကျင်မှာက သစ်ခြောက်ပင်တွေလည်း ရှိနေတော့ ဒါတွေကတော့ မီးဖိုအတွက်ပေါ့၊ အပင်လှဲရင်လည်း ပညာသားတော့ ပါရတယ်၊ ဘာလို့ဆို ကိုယ်လှဲချင်တဲ့ဘက်ရောက်အောင် ဘယ်နေရာကနေ လွှကိုဆွဲမယ်ပေါ့ သိပ်မသေချာရင် လဲခါနီး ၀ိုင်းတွန်းရတာတို့ ဘာတို့လုပ်ရတယ်၊ မဟုတ်လို့ဆောက်ထားတဲ့ တဲအပေါ်ကျလို့ကတော့ သေပြီဆရာပဲ။
တနင်္ဂနွေတရက်မှာတော့ အားလုံးနားကြတယ်၊ မနားလို့ကတော့ မရဘူး ပြဿနာတက်သွားမယ်၊ ဘာလို့ဆို ဟိုးတောင်ပေါ်က ပယော်ရွာလေးက မွန်ပြည်သစ်ကျောင်းကလည်း ပိတ်တာကိုး၊ ဒါကြောင့်ရဲဘော်တွေက ဈေးဝယ်သွားရင်း ကျောင်းသူလေးတွေ သွားသွားငမ်းကြရတာကိုး၊ တခုရှိတာက ကိုရဲက အဲဒီမှာကျောင်းဆရာ လုပ်နေတော့ ပိုအဆင်ပြေကြတယ်လေ ကိုရဲဆီသွားလည်သလိုလို၊ ဈေးဝယ်လာသလိုလိုနဲ့ ပွဲခံနေတော့တာပေါ့။
ကိုရဲက မော်လမြိုင်သား လိဒ်ဂီတာတီးတာ ၀ါသနာအတော်ပါတော့၊ တောထဲမှာ မွန်ပြည်သစ်က ကျင်းပတဲ့ မွန်အမျိုးသားနေ့လား ဘာလားမသိ အဲဒီပွဲမှာ ဂီတာတီးဖို့ လိုက်လာရင်း မပြန်တော့ဘဲ အောင်ဖေတို့ဆီရောက်လာတာ၊ မလာခင်ကတည်းက သူကစာသင်နေတယ်ဆိုတော့ သူ့ကို အဲဒီမှာပဲ ဆက်ထားတာ၊ တခါတလေတော့ စခန်းကို ဆင်းလာပြီး လာလည်တာတော့ ရှိတယ်။
အဲဒီလိုတောင်ပေါ်သွားလည်ရင် အောင်ဖေတို့ခြေသွက်ပုံများ အတော်လေးကို သြချရတယ်။ တောင်ခြေကနေ တောင်ထိပ်ကို သူများတွေ ၁နာရီတက်တာကို အောင်ဖေတက်သွားတာများ နာရီဝက်လောက်နဲ့ကို ရောက်တယ်၊ တချက်မှမနားဘဲ အမောခံပြီး တက်တာ၊ နောက်တခုက အောင်ဖေ့အကျင့်က ကိုယ့်ရှေ့မှာ တယောက်ယောက်ရှိနေရင် အားမရဘူး ကျော်တက်ပြီးသွားတော့တာပဲ အဲဒီလို၊ ဒါကြောင့် နောက်ပိုင်းမှာတော့ ပစ္စည်းဘယ်လောက်များများ သယ်ပိုးပြီး ခြေလှမ်းမြန်လွန်းလို့ အောင်ဖေကို လူတွေ အတော်လေးတော့ လက်ဖျားခါကြတယ်။
အဲဒီလိုတက်ပြီးတာနဲ့ ရွာထဲထိ တန်းတန်းဆင်းသွားတာပဲ၊ ရွာထဲရောက်မှ အမောဖြေ၊ နောက်လူတွေစောင့်ပေါ့၊ ခက်တာက အောင်ဖေစောင့်နေလို့ နောက်နာရီဝက်လောက်ကြာမှ ကိုယ်တော်ချောတွေက ရောက်ရောက်လာတတ်တယ်၊ အဲဒီမှာ အောင်ဖေတခု သတိထားမိတာက ဒီကောင်တွေအားလုံးက အောင်ဖေ့လို မောပုံလည်းမရ၊ အ၀တ်အစားတွေကလည်း သေချာသပ်သပ်ရပ်ရပ်နဲ့ အတော်ကို မွှေးမွှေးကြိုင်ကြိုင်နဲ့ချည်းပဲ ဒါကြောင့် အောင်ဖေ စဉ်းစားတယ်၊ ဘယ်လိုမှကိုစဉ်းစားလို့မရဘူး ငါကပဲညစ်ပတ်နေတတ်တာလား ဘာလားပေါ့လေ၊ နောက်မသင်္ကာတော့ တခါသူတို့ကို တောင်ထိပ်ကနေ ထိုင်စောင့်နေတယ်၊ သူတို့လည်း မကွာပါဘူး ၁၅မိနစ်လောက်ဆိုတော့ တောင်ထိပ် ရောက်လာတာပါပဲ၊ ခါတိုင်းရွာထဲ ဆင်းနေကျ အခုစောင့်နေတော့ အကိုဘာဖြစ်လဲပေါ့၊ ဘာမှ မဟုတ်ပါဘူးကွာ ငါလည်းပျင်းလို့ မင်းတို့ကို ထိုင်စောင့်နေတာပေါ့လေ။
ဒါနဲ့ဆက်သွားရင်း နတ်စင်ဟောင်း၊ စခန်းဟောင်း၊ ကိုပြည်အုပ်အိမ် စတာတွေကို ကျော်ပြီး၊ ရွာထဲမဆင်းခင် စမ်းချောင်းလေးကို ဖြတ်တော့မှ သဘောပေါက်တော့တယ်၊ အကိုနေဦးလေဗျာ ကျနော်တို့ဒီမှာ လုပ်စရာ ရှိသေးတယ်ဆိုပြီး၊ ကိုယ်တော်ချောတွေက ရေချိုးတဲ့သူချိုး မျက်နှာသစ်တဲ့သူကသစ်၊ အ၀တ်အစားတွေလဲ၊ ပေါင်ဒါတွေ ဖြူးပြီးမှ ရွာထဲဆင်းတော့တာကိုး၊ အဲဒီကြမှ အောင်ဖေလည်း မိန်းမပိုးခြင်း အတတ်ပညာတခု ထပ်ရသွားတော့တာပဲ။
ရွာထဲမှာ လပ်ယားလပ်ယား ကိုယ့်လူတွေက သွားကြသလို ကျောင်းသူလေးတွေကလည်း ဟိုတစု၊ ဒီတစုနဲ့ သွားလာ နေကြတတ်တာကိုး၊ ဒါကိုဆိုင်တဆိုင်ဆိုင် အထူးသဖြင့်တော့ မွန်ပြည်သစ် ပါတီဝင်ဟောင်း ကိုစိုးအောင်တို့ ဆိုင်ကနေ ထိုင်ငမ်းကြတာ များပါတယ်။
အောင်ဖေက ဖေသန်းပါတဲ့အလှည့်ဆိုရင် ဒီကောင့်ကို ဖားရတယ်၊ ဘာလို့ဆို သူကမွန်လည်းဖြစ်၊ ပေါက်ကြူကနေ ပယော်ကိုပြောင်းလာကြတဲ့ ဆရာမလေး မသီတာတို့လို ဆေးရုံက ဆရာမလေးတွေနဲ့လည်း ရင်းနှီးတာကိုး၊ ဒါတင်မကသေး လူကြီးသမီး လှလှလေးတွေနဲ့ပါရင်းနှီးတာ၊ တောင်ပေါ်ရောက်ရင် ဖေသန်းက မျက်နှာပွင့်ပေါ့။ အောင်ဖေက စည်းရုံးတယ် ဒီကောင့်ကို “ဟေ့ကောင် ဆေးရုံဘက်သွားရင် ငါ့လည်းခေါ်နော်၊ ငါလည်း လိုက်လည်မယ်ကွ” ဒါမျိုးပြောရင် “ဟုတ်ကဲ့ စိတ်ချအကို” ပေါ့၊ အောင်ဖေကျွေးတဲ့မုန်းစားပြီး ညနေသာ စောင်းသွားတယ်၊ ဒီကောင်တခါမှ ခေါ်သွားတယ် မရှိဘူး၊ မေ့သွားလို့တို့ အကို့ကို မတွေ့လို့တို့၊ ဗြုန်းကနဲရောက်သွားလို့တို့ အဲဒီလိုချည်း ဆင်ခြေ ပေးတော့တာပဲ ဘာလို့ဆို ဒီကောင်က ဆရာမလေးတွေက သူ့အမလိုဖြစ်နေတော့ အောင်ဖေငမ်းတာကို ကြည့်မရဘူးနဲ့ တူပါတယ် ရဲဘော်အချင်းချင်း စေတနာထားပုံများ၊ လဒလေး တခါမှာကို မခေါ်ဘူး အဲဒီလိုပြတ်သားတာ၊ အဲဒီတော့ အောင်ဖေကလည်း ရွာထဲရောက်ရင် ဘယ်စခန်းက ဘယ်ရဲဘော်တွေ ဖျားနာလို့ ဆေးရုံတက်နေသလဲ အရင်စုံစမ်းတယ် ပြီးမှ သူတို့ကို သတင်းမေးသလိုလို ဘာလိုလို ကိုယ့်ရိက္ခာထဲက မုန့်လေးဘာလေးဝယ်ပြီး ဆေးရုံသွား ဆရာမလေးတွေကို ငမ်းတော့တာကိုး။
တခါတလေမှာ အောင်ဖေက တယောက်ထဲ တောင်ပေါ်တက်ရင် စခန်းမှာရှိတဲ့ ပွိုင့်တူးတူး မဂ္ဂနမ် ပစ္စတိုလ်လေးကို ယူယူ သွားတတ်တယ်၊ ဒုက္ခသည်ရွာဆိုတော့ တရားဝင်တော့ ယူသွားလို့ ရတာမဟုတ် မသိမသာ ဖွက်ယူသွားရတာပေါ့၊ အကောင်ဗလောင်လေးများ တွေ့မလားပေါ့လေ။
တခါမှာတော့ ဘာအကောင်ဗလောင်မှ မတွေ့တာများတော့ ဒါလေးလည်း ယူမသွားတော့ဘဲ ရွာထဲကနေတက်ပြီး တောင်ထိပ်ကနေ ဆင်းလာခါနီးနေပြီ၊ ကျောက်ပုံလေးနားအရောက်မှာ ထူးထူးဆန်းဆန်း မြင်ရတဲ့မြင်ကွင်းကြောင့် အောင်ဖေကြောင်သွားတယ်၊ ဂျီ၂ကောင်ရယ်လေ လူတွေသွားတဲ့ လမ်းမမှာ အေးအေးဆေးဆေးပဲ အပင်ပုလေးတွေက သစ်ရွက်တွေကို အစာစားနေကြတယ်၊ အောင်ဖေ ဘာလုပ်ရမှန်းမသိတော့ဘူး နပန်းဝင်လုံးရင်လည်း ဒီလောက်တော့ အကပ်ခံမယ် မထင်ဘူး၊ ဒါကြောင့်ဟန်မပျက် ဆက်လျှောက်လာတုန်း။
“ဝေါင်” “ဝေါင်” နဲ့ ဒီကောင်တွေက ဟောက်ပါလေကော ထွက်တော့မပြေးဘူး၊ လူကို မမြင်တာမဟုတ် မြင်တယ်၊ ကြည့်ရတာ အနံ့မရတော့ လူကိုတောထဲက သူလိုကိုယ်လို အကောင်တကောင်ကောင် ထင်နေပုံရပါတယ်။
ဒါနဲ့အောင်ဖေလည်း ပါးစပ်ကနေ တဝေါင်ဝေါင် ပြန်အော်ရင်း သူတို့ဘေးနားကနေဖြတ်ပြီး တောင်အောက် ပြေးဆင်းတော့တာပဲ၊ ဘာလို့ဆို တောင်ထိပ်ကကနေဆင်းရင် မီတာ ၂၀၀လောက်သာရှိတဲ့ သနပ်ခါးပင်လောက်မှာ မုဆိုးတယောက် အိမ်ဆောက်နေတာ ရှိတာကိုး၊ ဒါကြောင့်သူ့ဆီက ဘာသေနတ်ဖြစ်ဖြစ် ဆွဲပြီးတွယ်မယ်ပေါ့လေ၊ အဲဒီလိုပြေးအဆင်း ပယော်ရွာမှာ ဆန်သွားသယ်ကြမယ့် ဒီပီအေက အဖွားကြီးတွေအဖွဲ့နဲ့တိုးကော ဒါကြောင့်သူတို့ကို မတက်နဲ့ဦး ဂျီတွေ့လို့ မုဆိုးအိမ်ကနေ သေနတ်ယူပြီး ပစ်မလို့ပေါ့လေ၊ ဒါနဲ့ မုဆိုးဆီက ရိုင်ဖယ်တလက် ရလာကော သူ့ဟာက ဟိုကြိုးချည် ဒီကြိုးချည်ထားတဲ့ ဒီဇိုင်းနဲ့ ဘယ်လိုကြီးလဲမသိ လန့်တော့လန့်စရာကြီး သူကပြောတယ် ဘာမှမလိုဘူး ဒီအတိုင်းသာပစ်တဲ့။
ဒါနဲ့ သေနတ်ယူ၊ ဒီပီအေအဖွဲ့ကို ကျော်ပြီး တောင်ထပ်ကိုတက် ဂျီတွေကိုရှာတော့ ဘာဂျီမှမပြောနဲ့ ပုရွက်ဆိတ်တောင်မရှိတော့ဘူး။ ဒါနဲ့စိတ်ဓါတ်ကျပြီး ပြန်ဆင်းလာရတော့တာပေါ့။ ဒီပီအေက အဖွားကြီးတွေအဖွဲ့ကို ပြောတယ်၊ ကျနော် မတွေ့တော့ဘူးဗျာပေါ့လေ။ အဖွားကြီးတွေက မကြားတကြားနဲ့ အောင်ဖေ့ကို စသွားကြတယ်၊ ဘာတဲ့။
“အောင်ဖေက ဌက်ဖျားမိတာ အကင်းမပြတ်သေးဘူးလားမသိ” တဲ့။
ဆိုလိုတာက ဒီလောက်လူတွေ သွားနေတတ်တဲ့ တောင်ကြောမှာ အောင်ဖေက ဂျီတွေ့တယ်ဆိုတော့ ဖျားနာပြီး အူကြောင်ကြောင် လျှောက်ပြောတယ်များ ထင်သွားလား မသိတော့ပါဘူး။ အောင်ဖေတောင်ထိပ်ကနေ တိရိစ္ဆာန်လို အော်ပြီးဆင်းလာတာလည်း သူတို့တွေ့သွားခဲ့တာကိုး။
(နောက်ပိုင်းမှာတော့ တောထဲ အောင်ဖေ လမ်းပျောက်ပုံတွေကို ရေးသားပါဦးမယ်)
သက်ခိုင်
(၁၂း ၂၃)နာရီ
၂၃.၈.၂၀၁၄