ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – တချိန်က တခါက မှတ်မှတ်ရရ (သို့) မီးခိုးကြွက်လျှောက် အတွေးများ (၄)

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – တချိန်က  တခါက  မှတ်မှတ်ရရ (သို့) မီးခိုးကြွက်လျှောက် အတွေးများ (၄)
သြဂုတ် ၁၁၊ ၂၀၁၄

 

     ရာသီဥတုက အေးနေမြဲ  အေးနေဆဲ..ပေါ်ထွက်လာဆဲ  နေရဲ့  အလင်းက  မြူနှင်းတွေ ကို ချေဖျက်နေဆဲ…
နေ့စဉ် ပုံမှန်လှုပ်ရှားသွားလာနေတဲ့   မြို့ သူမြို့ သားတွေရဲ့  အနေအထားက  ….
အနည်းငယ် လေးလံ နှေးကွေး နေသယောင်ယောင်..
ပြုံးရွှင် ရယ်မောနေတဲ့မျက်နှာသွင်ပြင်ထက်   ဝမ်းနည်း ကြေကွဲ ဆို့နင့်တဲ့ အရိပ်အယောင်တွေ
အထင်းသားတွေ့ မြင်ရတာကလဲ    လွန်ခဲ့တဲ့ နှစ်ရက်က အဖြစ်အပျက်ဆိုးကြီးတခု …………..
မမျှော်လင့် မထင်မှတ်ဘဲ ကြုံခဲ့ရတဲ့အဖြစ်ဆိုးတခုကြောင့် ..ဆိုရင်  ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်…၊၊

မနက် ၁၀ နာရီခွဲသာသာ..နှင်းကွဲစအချိန်.  ၅ ရက်တခါ ဈေးနေ့မို့ …
ကြက်ပျံမကျ စည်ကားခဲ့တဲ့ ဈေးကြီးက  .. လက်ပန်းကျချိန်  ဈေးကွဲချိန်…..
ရုံးသူရုံးသားတွေက  နှင်းကွဲချိန် အအေးလျှော့ချိန် အခိုက်အတန့် ရုံးလုပ်ငန်းအတွက်  အရှိန်ယူချိန်..
ကျောင်းသူကျောင်းသားတွေလဲ  ပုံမှန်အချိန်ဇယားအတိုင်း စာသင်ချိန်မပျက် စာသင်နေချိန်….
အိမ်ရှင်မတွေလဲ မနက်ညစာ အတွက် မီးဖိုချောင်ထဲ စတင်စီမံချက်ပြုတ်နေချိန်….
အရာရာ လှုပ်ရှားမှုတွေက   အသားကျလာစအချိန်လေး အတွင်းမှာတော့……………………
“ဒိုင်း.. ဒိုင်း …..ဒိုင်း…..’
သေနတ်က ၃ချက် ထွက်ပေါ်လာတာက  အဲဒီနံနက်ခင်းအချိန်လေးပါဘဲ……..၊၊

ဘဝအမောဖြေဆဲ  အသားကျခါစ အခြေအနေတခုအောက်မှာ  လူတွေလူတွေ
ဆတ်ကနဲ  ခေါင်းထောင် ဘေးဘီ ပတ်ဝန်းကျင်ကို ဂရုတစိုက် နားစွင့်လိုက်တော့..
သေနတ်သံ ၃ ချက်ကလွဲပြီး  ရုတ်တရက် ငြိမ်သက်သွားသလို  ……..
“ဒါက …ရိုင်ဖယ်သေနတ်သံဘဲ ”  လို့  စစ်မှုထမ်းဟောင်းဦးအောင်ဒင် (ဆံသဆိုင်) က
ပြောလိုက်တာကို  ဘယ်သူမှ အတိုက်အခံ မငြင်းခဲ့…….
သေနတ်သံ ၃ ချက်ကလွဲပြီး  ထပ်မကြားရတော့တဲ့ အခြေအနေက  ထူးခြားတဲ့ …စိုးရိမ်ရတဲ့..
အခြေအနေတော့ မဖြစ်နိုင်………..သို့သော်   နားနဲ့ဆပ်ဆပ်ကြားလိုက်ရတဲ့
သေနတ်သံ ၃ ချက်ကိုက  ထူးဆန်းနေသယောင်ယောင်……..၊၊

သို့လော သို့လော  တွေးတော စဉ်းစားဖို့အချိန်က  များများမယူရဘဲ
တခဏတာအချိန်အတွင်း   တောမီးပမာ ပျံနှံလာတဲ့သတင်းဆိုးကြီးတခု ကို
ဒီမြို့ ကလေးက  လက်သင့်မခံချင်ဘဲ  လက်ခံကြားလိုက်ရတာကိုက  စိတ်မချမ်းမြေ့စ၇ာ…
“ကိုတိုနီတယောက်  အချုပ်ခန်းက ထွက်ပြေးလို့ ..
ရဲက သေနတ်ပစ်ဖမ်းလိုက်တာ   သေသွားပြီ  …”  တဲ့
“ဟင်…ဟယ်  ဖြစ်မှ ဖြစ်၇လေခြင်း” ..ဆိုတဲ့ အာမေဋိတ်ဝမ်းနည်းစကားသံတွေ…..
“ဟုတ်မှ ဟုတ်ရဲ့ လား ” လို့ မေးနေတဲ့ သံသယမေးခွန်းတွေ…..
“သြော်  …ဒီကောင်လေးနှယ် မိုက်တွင်းနက်လှပါလား ” ဆိုလာတဲ့ မချိတင်ကဲ စကားသံတွေ..
“ဒီသူငယ်ချင်း နှစ်ယောက်  အဖြစ်က ဆိုးလှချည်ရဲ့  ” လို့ ညည်းငြူနေတဲ့ ယူကြုံးမရစကားသံတွေ..
မြို့ လွိုင်လင် ….တမြို့လုံး ပဲ့တင်သံလှိုင်းရိုက်ခတ် သွားခဲ့တာ…..
လုပ်လက်စ  သွားလက်စ  ပြောလက်စ  အရာရာအားလုံး ရပ်တန့်သွားတဲ့အထိ မှင်တက်ခဲ့….၊၊

မန္တလေးတက္ကသိုလ်က ကျောင်းပိတ်ချိန်  ခဏပြန်လာတဲ့ လွိုင်လင်သား ဘေ့စ်ဂီတာ တီးတဲ့သူတယောက်..
ရိုးရိုးအေးအေး..လူတကာတွေကို ခင်ခင်မင်မင်  ရင်းရင်းနှီးနှီးပြောဆိုတတ်တဲ့သူတယောက်….
အမေတခု သားတခု ဘဝနဲ့ဂီတ တခုကိုဘဲ ခုံမင် စွဲလန်းတဲ့သူတယောက်….
သူ့ ဇာတိမြို့ အရောက်….
ငယ်ပေါင်းကျောင်းနေဖက်သူငယ်ချင်း  ကိုတိုနီဆိုသူနဲ့အတွေ့ ………..
ညတည…….တိတ်ဆိတ်လွန်းတဲ့ညတည…အေးချမ်းမှောင်မိုက်လွန်းတဲ့ ညတည……
ဟုတ်ပါတယ်  အဲဒီ ညပါဘဲ………………………
တမြို့ လုံးတုန်လှုပ်ခြောက်ခြားစေတဲ့  အဖြစ်ဆိုးကြီးတခု….
မကြုံချင် မဆုံချင်မကြားချင်ဘဲ  ကြုံဆုံ ကြားလိုက်ရတဲ့  ကံကြမ္မာ အဖြစ်ဆိုးကြီးတခု…
ကြားလိုက်ရသူတိုင်း   မင်သက်အံ့သြ အသက်ရှုမေ့လုမတတ် ဖြစ်စေရတဲ့အဖြစ်ဆိုးတခု …
မဖိတ် မခေါ်ဘဲ ရောက်လာလို့   လက်ခံလိုက်ရတာ   မေ့ ရက်စရာမရှိ………၊၊

“သူငယ်ချင်း……သူငယ်ချင်း..ရန်နိုင်ရေ…….”  ရယ်လို့  အော်ဟစ်ခေါ်သံ အကျယ်ကြီး  …..
ကြားလိုက်တဲ့ပတ်ဝန်းကျင် အီမ်နီးချင်းတွေ   လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တာတဆက်တည်း….
“ကယ်ကြပါအုံး …ရန်နိုင်တယောက်  ခေါ်လို့မရတော့ဘူး  …..ကယ်ကြပါအုံးဗျာ…”  ဆိုတော့
အပြေးအလွား သူထက်ငါ ဦးအောင် သွားကြည့်လိုက်တော့………
ကိုခွန်ရန်နိုင်တယောက်………………………………
သူ့အသက်နဲ့ထပ်တူချစ်ရတဲ့ သူ့ အမေ…..သူချစ်လို့ မဝနိုင်တဲ့ သူ့ချစ်သူ……..
သူ့ ရဲ့ တသသအသဲစွဲ ဂီတာလေးတလက်….သူခင်မင်ရင်းနှီးတဲ့သူငယ်ချင်းအားလုံး……
သူ ခင်တွယ်တဲ့ မြို့ …..ဒါတွေ ဒါတွေ အားလုံးကို  စွန့် ခွာပစ်ပြေး  …
ကမ္ဘာ့ ရဲ့  အဝေးဆုံး   ….အဝေးဆုံးကို  နှုတ်မဆက်ဘဲ  …ထွက်သွားလိုက်ပါပြီ…………….၊၊

စောစောက ဆူညံလှုပ်ရှားသံတွေ  တခဏ ငြီမ်သက်သွားသယောင်ယောင်……..
အခြေအနေ မျက်မြင်အဖြစ်အပျက်က  အားလုံးကို မင်သက်တွေဝေခဲ့ရစေတာမို့ 
ရုပ်ရှင် အနှေးပြကွက်လို  တိတ်တိတ်ဆိတ်ဆိတ်  …ငြီမ်ငြီမ်သက်သက်…….
“အမလေး…သားရဲ့ ….ဘယ်လိုဖြစ်တာလဲ  …အမေ့ ကို ပြောပြပါအုံး …”့ ရယ်လို့ ..
အော်ငိုသံအစမှာတော့…လူတွေ  ပတ်ဝန်းကျင်တွေ   အသိတရား  သတိတရားတွေ …
ပြန်သက်ဝင်လာပြီးတဲ့နောက်…………
လမ်းမပေါ် လူတချို့  ပြေးလွှား  လမ်းလျှောက်သံ တွေ…..
လက်နှိပ်ဓါတ်မီး အလင်းရောင်တဖျပ်ဖျပ်နဲ့အတူ
မော်တော်ကားတစီး ဆိုက်သံကြားရပြီးနောက်
ကိုခွန်ရန်နိုင်နဲ့အတူ  အစမ်းသပ်ခံသားကောင် ကိုတိုနီတယောက်  လက်ထိပ်တန်းလန်းနဲ့
ရဲကားပေါ်တက်သွားလိုက်တာ  ပတ်ဝန်းကျင်မီးရောင်အကြား   ထင်ထင်ရှားရှား……၊၊

ဟီးရိုးအင်း ရယ်လို့  အများခေါ်ဆိုနေတဲ့ မူးယစ်ဆေးကို  လူငယ်သူငယ်ချင်းနှစ်ယောက်
ပထမဦးဆုံး စမ်းသပ်ခြင်းအကျိုးဆက်က  တယောက်သောသူက သေ…၊
ကျန်သူတယောက်က  အချုပ်ခန်းရောက်ခဲ့ရတဲ့ ဇာတ်လမ်းလေးက …
အေးချမ်းတည်ငြိမ်တဲ့မြို့ ကလေးကို  အရှိန်ပြင်းပြင်း ရိုက်ခတ်သွားခဲ့တာ  ဒီနေ့ထိ မေ့မရနိုင်…..၊၊

“သူငယ်ချင်းရာ….မင်းအစား မင်းမသေနဲ့…မင်းခဏလေးဖြစ်ဖြစ်ပြန်ရှင်ဖို့ …..
တယောက်ယောက်က သေပေးရမယ်ဆိုရင်  ငါသေပေးမယ်ကွာ  “…လို့ 
ပြောပြောငိုငို  နေတဲ့  ပန်းချီဆရာ ခွန်ကျော်စိုးရဲ့ မချိတင်ကဲစကားတွေက…..
ငိုသံ ..အံ့ကြိတ်သံ…နှမျှောတမ်းတသံတွေကြား  တိုးလျလျ…….၊
ဘယ်သွားသွား  မခွဲမခွာအတူတူ….ကလေးဘဝကထည်းက ညီအကိုရငိးနှယ်ပေါင်းသင်းလာခဲ့သူ..
ပအို့ဝ် ခေတ်ပေါ်ဂီတရဲ့  ပထမဦးဆုံးအဆိုတော်ကြီး…ခွန်ရွှီးငယ်တယောက်လဲ   ..
ထိုင်ရက်သား   ကျောက်ရုပ်အလား…..၊
“ဝက်သစ်ချပင်အောက်က မောင် ” …သီချင်း အသံသွင်းတုံးက    ဘေ့စ်ဂီတာတီးခပ်ပေးတဲ့…
အချစ်ဆုံးသူငယ်ချင်းကို မျက်တောင်မခပ် စူးစိုက်ကြည့်လျက်…..
ခေါ်မကြား  မေးမထူး ပြောနားမဝင်………………၊၊

သူချစ်တဲ့အမေ…သူချစ်တဲ့ ချစ်သူမိန်းခလေး..သူခင်တွယ်တဲ့အပေါင်းအသင်းအားလုံး  ….
သူတွယ်တာတဲ့မြို့ က လူငယ်တွေအတွက်  မူးယစ်ဆေးရဲ့  အန္တရာယ်ကို
သူ့ အသက်နဲ့ပေးဆပ် မီးမောင်းထိုးပြခဲ့လို့ တမြို့ လုံး တသသဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရတာ
ယနေ့ထက်တိုင် မြင်ယောင်နေဆဲ  ရိုက်ခတ်နေဆဲ……………၊၊

အကုသိုလ် ကံကြမ္မာဆိုးက  စုံပြုံ ဝင်လာတတ်တယ်ဆိုတဲ့အတိုင်း…..
နောက်ထပ် အဖြစ်ဆိုးကြီးက  ထပ်ချပ်မခွာ…ရက်ပိုင်းအတွင်း …ထပ်ကြုံရတော့
တမြို့ လုံး အပ်ကျသံကြားရလောက်အောင် ငြိမ်သက်သွားရတဲ့အဖြစ်…….၊
တရားရုံးကို  ရမန်ယူဖို့အသွား  ခပ်ထားတဲ့ လက်ထိပ်ကနေ  လက်ချော်ထွက်ပြီးသကာလ…
လွတ်လိုလွတ်ငြား ထွက်ပြေးနေတဲ့တဲ့  ကိုတိုနီတယောက်…..
နောက်က အတန်တန် သတိပေးနေတဲ့ကြား    သူချစ်ဇနီးရှိရာ ထ (၂) ကျောင်းဖက် ခြေဦးအလှည့်
ပြည်ထောင်စု ကားလမ်းပေါ်အရောက်မှာတော့…………………..
ပစ်ခတ်လိုက်တဲ့ ကျည်ဆံက သုံးတောင့်ထဲသာ……………..၊
ကားလမ်းမနံဘေး…ခွေခွေလေး လဲကျနေတာကို  မြင်လိုက်ရ  ကြားလိုက်ရတာ..
နားမခံသာ  ရင်တုန်ပန်းတုန်……….၊    နှလုံးသားတဖျပ်ဖျပ် နာကျည်းခံပြင်းရမလား..
ဝမ်းနည်းကြေကွဲရမလား  …မသိနိုင်တော့..မသိနိုင်ခဲ့တော့………၊၊

ဥပဒေတာဝန်ရှိသူနဲ့ဥပဒေမဲ့ သူနှစ်ယောက်အကြား…
မြို့ မိ မြို့ ဖ  ..လူငယ်လူရွှယ်အားလုံး ခေါင်းတခါခါ နဲ့မည်သို့မျှ စောဒကမတက်နိုင်…..
ကံကိုယုံ ပြီး ဆူးခင်းလမ်းပေါ်လျှောက်မိမှတော့……
အလျှော်အစားက ကြောက်ခမန်းလိလိ…..၊၊

လူ့ အညွန့် တုံးစေတဲ့…လူတွေအတွက် ဘယ်လိုမျှ ကောင်းကျိုးမပေးနိုင်တဲ့…
လူသားအားလုံးအပေါ် အလုံးစုံ ချေမှုန်းဖျက်စိးနိုင်တဲ့…..
ဒီမူးယစ်ဆေးရဲ့  အန္တရာယ်ကို    အတူတူ လက်တွဲ သက်သေပြခဲ့တဲ့….
သိပ်ချစ်တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ အုတ်ဂူလေးက   သုသာန်တစပြင်ပေါ်ယှဉ်တွဲလျှက်
ရှိနေတာက  ယနေ့ထက်ထိတိုင်……………..၊၊

လက်ခံ သုံးစွဲဖို့ နေနေသာသာ တကြိမ်တခါမျှတောင်…စိတ်အလိုလိုက်…
မစမ်းမိစေပါနဲ့လား..ရယ်လို့ ဥပမာပေး  သက်သေပြချက်တွေက …
တန်ဖိုးကြီးမားလွန်းပါပေ့ …၊ပေးဆပ်ခြင်းပမာဏ များလွန်းပါပေ့……………၊၊

ရှောင်လေ  ဝေးဝေး ……..မူးယစ်ဆေး ၊၊
ရှောင်လေ  ဝေးဝေး ……..မူးယစ်ဆေး ၊၊
ရှောင်လေ  ဝေးဝေး ……..မူးယစ်ဆေး ၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts