ရသဆောင်းပါးစုံ

သက်ခိုင် – သန်းခေါင်စာရင်း၊ ID နှင့် လ၀က

သန်းခေါင်စာရင်း၊ ID နှင့် လဝက
သက်ခိုင်
မတ်လ ၂၅၊ ၂၀၁၄
@Aung Htet

လာမယ့် မတ်လ (၃၀) ဆိုရင် စပြီးတော့ လူဦးရေစာရင်း (ဝါ) သန်းခေါင်စာရင်း (Census) ကောက်တော့မယ်တဲ့၊ ဆိုတော့ ပြည်ပရောက်နေတဲ့ အလုပ်သမား၊ ကျောင်းသား၊ ယာယီသွားရောက်နေထိုင်သူတွေ ပြန်လာစရာ မလိုဘူး စာရင်းသာပေး နိုင်ငံသားအရေအတွက် သိနိုင်ဖို့အဓိက ဒီလိုသဘောထားပုံရတယ်၊ ဒါကလည်း အနှစ်၃၀အကြာမှ နောက်တကြိမ်ကောက်ယူတာဆိုတော့ မဆလပါတီ လက်ထက်ကတည်းက ကောက်ခဲ့တာ အခုမှအသစ် တဖန်ပေါ့လေ။

ဆိုတော့ ဆက်စပ်ပြီး သွားသတိရတာလေးကို တွေးမိတာပါ၊ ၁၉၈၈မှာ ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေ မဆလ ပါတီဗဟိုကော်မတီနဲ့ တပ်ခေါင်းဆောင်နှစ်ဦးက ဦးဆောင် အာဏာသိမ်းပြီးတဲ့နောက် ၁၉၈၉မှာပေါ့ အောင်ဖေတို့ တနိုင်ငံလုံးကို နိုင်ငံသားစီစစ်ရေးကဒ် ထုတ်ပေးဖို့ပြင်ကြတယ်။ ဘာလို့လည်းဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ (ဒါပေမယ့် မဲဆန္ဒနယ်အကုန်တော့ မဖြစ်ခဲ့ပါဘူး အချို့နယ်မြေတွေ ကျန်ခဲ့ပါတယ် ကချင်တို့၊ ရှမ်းတို့ဘက်ပေါ့) ကျင်းပမှာကိုး။

အဲဒီအတွက် နိုင်ငံသားစီစစ်ရေးကဒ် ပန်းရောင်တွေ (၁၂/ကခဂန(နိုင်) ၀၁၂၃၄၅ ပေါ့လေ ထုတ်ပေးဖို့လုပ်ကော၊ အဲဒီအချိန်မှာ တခြားသောနယ်တွေ အထူးသဖြင့် ရှမ်းတို့၊ ရခိုင်တို့ဘက်တွေတော့ ဘယ်လိုလုပ်ခဲ့သလဲ သေချာကိုမသိခဲ့ဘူး၊ ရန်ကုန်မှာ လုပ်ပုံကတော့ အတော်လေးကိုသင်းတယ်။ နိုငံရေးလုပ်သူတွေကို သီးခြား ခွဲပြီးလုပ်တယ် ဒါကိုအဓိက ပြောချင်တာ။

ဒီအကြောင်းက ဒီလိုအခြေခံပြီး ပြောမှရမယ်။ ၈၈ပြီးတော့ နိုင်ငံရေးပါတီကလည်း အဖွဲ့ (၂၀၀)ကျော်ခဲ့တာကိုး၊ အောင်ဖေ့သူငယ်ချင်းတချို့ဆို နောက်မှသိရတာက အောင်မယ်သူတို့ကလည်း ပါတီဗဟို အလုပ်အမှုဆောင် တွေဗျ၊ တတိယနှစ်တို့ နောက်ဆုံးနှစ်တို့ စတဲ့ကျောင်းသားတွေ။ သူတို့နဲ့သိတော့ ဘာညီညွတ်ရေး၊ ညာအကောင်အထည်ဖော်ရေး ဘယ်လိုငြိမ်းချမ်းရေး စတဲ့သူတို့ပါတီတွေ ဖျက်လိုက်ကြပြီကိုး၊ သို့သော် အမျိုးသားနိုင်ငံရေးတို့ ပါတီနိုင်ငံရေးတို့ စတာတွေကိုတော့ လက်ဘက်ရည်ဆိုင်မှာ ညညဆိုထိုင်ထိုင်ပြီး ငြင်းကြခုန်ကြ တည်ဆောက်ဆဲ။

အောင်ဖေကလည်း ခေတ်နဲ့အညီ ပါတီဝင်ပါပဲ၊ ဒါပေမယ့် အောင်ဖေဝင်ထားတဲ့ ပါတီကအစကတည်းက အင်နဲ့အားနဲ့ စဖြစ်လာခဲ့တဲ့ပါတီ၊ ဟိုပုဂ္ဂိုလ် ရာသီသီးက ထောင်ခဲ့ပြီး ကျောင်းသားလူငယ်တွေ အတော် ပါခဲ့ကြတာကိုး၊ ဒါကြောင့် အရှိန်မပျက် ရှိနေသေးတယ်၊ ဗိုလ်ခင်ညွှန့်ကလည်း လက်စွမ်းထက်ထက်နဲ့ (တချိန်မှာ နံပါတ်တူးဖြစ်ရေး ရည်မှန်းချက်လည်း ပါမှာပေါ့လေ) ဖမ်းပြနေတာလဲ ပါတီကတော့ဆက်ပြီး ရှင်သန်နေတယ်၊ ကျောင်းသားလူငယ်ဆိုတာ မဟုတ်တာ မမှန်တာကို ဘယ်လက်ခံလိမ့်မလဲ ဖမ်းချင်ဖမ်း၊ ထောင်ကျချင် ကျပလေ့စေ ချမယ်ပေါ့။ ဒါငါတို့ခေတ်ရဲ့ သမိုင်းပေးတာဝန်၊ တို့ကျောင်းသားသွေး နီတယ်ဟေ့ ဘာဟေ့ပေါ့လေ၊ ဒါကြောင့်လည်း အမေရိကလို တိုင်းပြည်ကို ဖြစ်စေချင်ခဲ့တဲ့ (အဲဒီခေတ်အခေါ်အရ ဒီမိုကရေစီပေါ့လေ) အောင်ဖေကလည်း ဒီပါတီမှာ ပါတီဝင်ဖြစ်ခဲ့တာကိုး၊ ဒါကတော့ သူ့အပြောပေါ့လေ။

တခုတော့ရှိတယ် အဲဒီအချိန်ကြတော့ အောင်ဖေရှိတဲ့ တာမွေမှာ အဆက်ဆက်ဦးဆောင်ခဲ့တဲ့ သူတွေက ဟောတယောက် ဟောတယောက်နဲ့ ပျောက်ပျောက်သွားကြတော့ (အများစုကတော့ ဗိုလ်ခင်ညွှန့် စကောလားရှစ်ပေးတဲ့ အင်းစိန် တက္ကသီလာကိုပါ) အောင်ဖေတို့အလှည့်ကြတော့ ဦးဆောင်တက်ကြွတဲ့ ကြက်ဖက မယ်မယ်ရရမရှိတော့ဘူး၊ ဒါကြောင့် နောက်ဆုံးဦးဆောင်ခဲ့သူတွေ သဘောထားယူပြီး ယာယီသဘော ကော်မတီလေး ဖွဲ့ထားရတာပေါ့လေ။

ဒီကော်မတီကလည်း အချဉ်တော့မဟုတ်ဘူး အဲဒီအချိန်က မဝတလို့ခေါ်တဲ့ မြို့နယ်ငြိမ်ဝပ် ပိပြားရေးအဖွဲ့က အစည်းအဝေးခေါ်ရင် တဦးစနှစ်ဦးစ သွားသွားတက်ရတယ်၊ ပုံမှန်အားဖြင့်တော့ တခါမှ ပုံနှိပ်ဖော်ပြခြင်း မခံရဖူးတဲ့ ကဗျာဆရာယောင်ယောင် ကန်ထရိုက်တိုက်ဆောက်တဲ့ မန်နေဂျာယောင်ယောင် နသုံးလုံးနဲ့ (သူ့ကလောင်နာမည်က န ငယ်တွေသုံးလုံးနဲ့မို့လေ) သွားသွားတက်လေ့ရှိတယ်၊ မဝတမြို့နယ်ဥက္ကဌ အတွင်းရေးမှူး လုပ်တဲ့သူတွေက ဗကအဆင့်တွေချည်းပဲ အဲဒီအစည်းအဝေးမျိုးမှာ အောင်ဖေတို့ကလွဲရင် ကျန်တဲ့နိုင်ငံရေး ပါတီတွေက လူကြီးတွေများတယ်၊ ပြောရရင်တော့ အဲဒီတုန်းက အောင်ဖေတို့က အသက်၂၀ ဝန်းကျင် လူငယ်လေးတွေပဲ ရှိသေးတာကိုး။ ထင်တာပြောရရင် ဒီဗကနှစ်ဦးကလည်း အောင်ဖေတို့ကို သိပ်ကြည့်ရပုံ မပေါ်ဘူး လုပ်ထုံးလုပ်နည်းအရသာ နိုင်ငံရေးပါတီ အမည်ခံထားလို့ ချာတိတ်တွေနဲ့ အစည်းအဝေး ထိုင်ရပုံပေါ်တယ်။ အစည်းအဝေးလို့သာ ပြောပါတယ် သူတို့ဘာသာ ဟိုဟာဖတ်ပြ၊ ဒီအမိန့်ကြေညာနဲ့ ချည်းပါပဲ။

အဲဒီလိုနေလာခဲ့တော့ နိုင်ငံသား စီစစ်ရေးကဒ်လုပ်မယ်ဟေ့ဆိုတော့ အောင်ဖေတို့ တမိသားစုလုံး ရဝတရုံးသွား (form) ဖောင်ပုံစံတွေ ဘာတွေဖြည့်၊ ဓါတ်ပုံရိုက် လုပ်ရတာပေါ့၊ နောက်မကြာခင်ရမယ်ပေါ့ ဒါပဲဘာမှခက်တာ မဟုတ်ဘူး။ ဘိုးနဲ့ဘွားနဲ့ ချီပြီးနေလာကြတာ တရပ်ကွက်လုံး မသိသူမရှိပေါ့၊ လွယ်မှလွယ်။

အဲဒီလိုထင်ခဲ့တာ မဟုတ်ဘူးဗျား၊ တရက်ကြတော့ ရဝတစာရေး အိမ်အောက်ကနေလာအော်တယ် “ဟေ့ကောင်အောင်ဖေ ဆင်ကြီးက ခဏလာပါဦးတဲ့ကွ” တဲ့၊ ဒီနေရာမှာ တခုရှိတာက အောင်ဖေတို့နေတာက ကျောက်မြောင်းအရပ်က နှစ်ထပ်အိမ်လေး ရန်ဖြစ်ဖော် ဆွေမျိုးတွေချည်း အဖွားဆောက်တဲ့ အိမ်မှာစုနေကြတာ၊ အောင်ဖေတို့က အပေါ်ထပ်တခန်းမှာနေတယ်။ ဒါကြောင့်သူက အောက်ကနေ လာလာအော်တာ၊ လာအော်တယ် ဆိုတာကလည်း ရဝတဥက္ကဌ (သူပြောတဲ့ဆင်ကြီး အကောင်ကြီးလို့ ရပ်ကွက်ထဲမှာ ကျနော်တို့ နာမည်ပေးထားတာ)၊ အတွင်းရေးမှူး၊ ဒီစာရေးကြီးကိုထွန်း စတာတွေက အောင်ဖေ့ မိတ်ဆွေတွေချည်းပဲ၊ သာရေးနာရေး ဆန်အလှူခံလည်း မောင်းတဒူဒူထု ကိုထွန်းကအော်လံတကိုင်ကိုင်ပေါ့(သူကအော်ရတာ ဝါသနာပါပုံပေါ်တယ်)၊ ခေါင်းဖြတ်တယ် လည်လှီးတယ် မီးရှို့တယ်လို့ ဖြစ်နေတဲ့ (၈၈)အရေးအခင်း တုန်းကလည်း တုတ်ဓါးတွေကိုင်ပြီး တညလုံး ရပ်ကွက်ကင်းစောင့်၊ ကင်းလှည့်ရင်း၊  ကောက်ညှင်းပေါင်း ပေါင်းစားလာခဲ့တဲ့သူတွေ၊ တယောက်အကြောင်း တယောက်သိတွေ၊ ၈၈ပြီးတော့မှသာ လူတွေက ရာထူးဂုဏ်သိမ် ကွာသွားကြတာ၊ ဒါကြောင့် သူကအဲဒီလို ရင်းရင်းနှီးနှီး လာလာအော်တာ။ မဝတက အစည်းအဝေးဖိတ်စာဆိုလည်း ဟေ့ကောင် မဝတဥက္ကဌက မင်းကိုလာခဲ့တဲ့ ဒီမှာစာ ငါညှပ်ထားခဲ့တယ် အဲဒီလို။

ဒါနဲ့ လမ်းထဲမှာရှိတဲ့ ရဝတရုံးသွားရတာပေါ့၊ ဥက္ကဌလုပ်သူက “မနက်ဖြန်မနက်၁၀နာရီ ညီလေး လဝကရုံးသွားလိုက်ပါ ဦးစီးမှူးက မင်းကိုတွေ့ချင်လို့တဲ့” ဟာဘာလဲပေါ့၊ လဝကနဲ့ငါနဲ့ ဘာဆိုင်သလဲပေါ့ စဉ်းတော့စဉ်းစားတယ် ဘာမှန်းကိုမသိဘူး။

ဒါနဲ့နောက်ရက် ထုံးစံအတိုင်း သွားရတာပေါ့၊ အဲဒီမှာမှ လဝကယူနီဖောင်း စတွေ့ဖူးတာ ဒီအရာရှိက ယူနီဖောင်း သေချာဝတ်ထားတာလေ၊ လူကိုတွေ့တော့ “ဦးအောင်ဖေ ဆိုတာ” ရယ်တော့ရယ်ချင်သွားတယ် တခါမှဦးတွေ ဘာတွေတပ် မခေါ်ခံရဖူးဘူးလေ အခုက လေးလေးစားစားဆိုတော့ တယ်ဟုတ်ပါလားပေါ့လေ ဟိုကတာဝန်အရ ယဉ်ကျေးပျူဌာတာကို အောင်ဖေတို့ နားမလည်ပုံများ ၊ ပြန်ဖြေလိုက်တယ် ဟုတ်ကဲ့ပါပေါ့ ဒါနဲ့ထိုင်ပါ ဘာညာပြောပြီး စားပွဲပေါ်တင်ထားတဲ့ ဖိုင်ကိုလှန်ပြီး စမေးတော့တာပဲ။

အမည်၊ အသက်၊ မိဘ၊ အလုပ်အကိုင် ဘယ်မှာမွေး ဘယ်လိုမွေး၊ မောင်နှမ ဘယ်နှစ်ယောက်၊ ကျောင်းဘယ်မှာတက် ဘာလုပ်ဖူးသလဲ၊ ဟာအဲဒီလိုတွေ တရစပ်ကိုမေးတာ ဒီဦးစီးမှူးက အသက် ၄၀ကျော်လောက် ရှိလောက်မယ်၊ ပထမတော့ အိုကေပေါ့ ဖြေပါတယ် မွေးတာ တောင်ဥက္ကလာ၊ (၉)ရပ်ကွက် အိမ်အမှတ် ဘယ်လောက် ဘယ်လမ်း၊ မွေးချိန်မနက်(၁၀)နာရီခွဲ နေတက်ရေတက် ဒါတွေ ဖြေတဲ့အထဲ ပါလာရရော၊ ဒီလိုဖြေတော့ သူသိပ်ကြိုက်ပုံမပေါ်ဘူး မလိုတာတွေ ဖြေမနေပါနဲ့တဲ့။

ဒါတွေပြီးတော့ အဖေအမေအကြောင်း အသေးစိတ် အဖေဘယ်သူ အမေဘယ်သူ သူတို့မှာမောင်နှမ ဘယ်နှစ်ဦး မွေးချင်းမှာ ဘယ်နှစ်ဦးမြောက်၊ ဦးရီးတွေမှာ ဘယ်သူက ဘယ်လိုတော်ကြောင်း၊ အဒေါ်တွေမှာ ဘယ်သူက  ဘယ်မျှလှကြောင်း ဖြေပစ်လိုက်ရော၊ ဒီမှာစလာပြီ မင်းအဒေါ်ချောတာ ငါ့အလုပ်မဟုတ်တဲ့၊ အမှန်က အောင်ဖေက ရွဲ့ပြီးဖြေနေတာ၊ သူတို့သိပြီးသားဟာကို စာဖတ်ရင်းလည်း သူမြင်နေရတာပဲဟာ။ မလိုတာတွေ မေးနေတာကသူ။

နောက်ကြတော့ အဖိုးအဖွားဘက် ဒါကြတော့ ကိုယ်သိတဲ့အဖိုးအဖွား ရာဇဝင်ကို မမှားအောင်ပဲ သတိထား နေရတယ် မဟုတ်ရင် တသက်လုံး family tree က ကမောက်ကမ ဖြစ်ကုန်မှာလေ၊ ဖြေနေရင်းက “သူတို့က ဘယ်ကနေပြီး ဒီကိုစပြောင်းလာတာလဲ” တဲ့၊ ဟာ ဒီမေးခွန်းကလွန်ပြီ မလိုအပ်တာ လာမေးနေပြီ အောင်ဖေလည်း သိချင်မှ သိမှာပေါ့ သူ့အဖိုးအဖွား အိမ်ပြောင်းတာကော သူသိမှာလား။

အဲဒါနဲ့ ကျောက်မြောင်းကို ဘယ်ကာလမှာ အင်္ဂလိပ်အစိုးရက စတည်တာဖြစ်ကြောင်း စတည်ကာစက ဘယ်လိုရပ်ကွက် ဘယ်နှစ်ခု အကွက်ရိုက်ခဲ့ကြောင်း ဟုတ်တာကော မဟုတ်တာကော ရွီးတော့တာပဲ၊ ဒီပုဂ္ဂိုလ်လည်း ငြိမ်နားထောင်နေကော၊ အမှန်ကအောင်ဖေ ပြောရင်းစဉ်းစားနေတာ ငါ့အဖိုးကို လူတိုင်းနီးပါး သိပါတယ်ပေါ့ သူကငါ့လာမေးနေသေးတယ် သူ့အသက်အရွယ်နဲ့ သူပိုသိရမှာပေါ့ အဖိုးဆုံးတော့ ငါက၈-၉နှစ်ပဲ ရှိသေးတာ ဘယ်မှတ်မိမလဲပေါ့။ ဖြေသာသွားကော အဖိုးတို့ ဘယ်ခုနှစ်ပြောင်းလာတယ်ဆိုတာ ပါမသွားဘူး သူလည်း သတိထားမိပုံမရဘူး အမှန်တော့အောင်ဖေလည်း မသိဘူး၊ အဖိုးပြောပြခဲ့ဖူးတဲ့ သူတို့ကျောက်မြောင်း စဖြစ်လာပုံကိုသာ သူ့ပြောပြလိုက်တာ ပုံပြောကောင်းလို့ထင်တယ် ပုဂ္ဂိုလ် ဘာမှကို မမေးတော့ဘူး၊ ဖိုင်တွေ ဘာတွေ သိမ်းတော့မယ့်ပုံ ဖြစ်လာတယ်။

ဒါနဲ့ အောင်ဖေကနေပြီး ဒါဆိုအကိုရေ မေးချင်တာမေးပြီးရင် ကျနော့်ကို မေးခွန်းတခုလောက် မေးခွန်းပြုပါပေါ့၊ ဟာဟုတ်ကဲ့ မေးပါခင်ဗျပေါ့၊ ဒါနဲ့ အောင်ဖေလည်း “အကိုက လဝက အရာရှိဆိုတော့ ဒီတာမွေမှာ ရပ်ကွက် ဘယ်နှစ်ခုရှိလဲ၊ ကျူးကျော်ဘယ်နှစ်ခုရှိလဲ၊ ဂရန်ကျရပ်ကွက်ကော ဘယ်နှစ်ခုရှိလဲ သိလားဗျ” လို့မေးလိုက်ကော၊ ဒီလူဗျာမျက်နှာကြီးနီပြီး ယာဉ်ကျေးသမျှပျောက်သွားကော “ဟေ့ကောင် မင်းပြန်တော့ရပြီ၊ မင်းတို့နိုင်ငံရေး သမားတွေက ဒီလိုချည်းပဲ” တဲ့ အဲဒီလိုပြောတာဗျိုး၊ ဒါနဲ့ အသာထပြီး ပြန်ခဲ့ရတယ်။

နောက်မှ ရိပ်မိတာက နိုင်ငံရေးထဲပါလို့ အောင်ဖေ့နိုင်ငံသား စီစစ်ရေးကဒ်အတွက် ခေါ်ရစ်တာကိုး၊ ဘေးအိမ်တွေ ဒီကဒ်ရတာ ကြာပေါ့တဲ့ နောက်နှစ်ပတ်လောက်ပဲ ကြာပါတယ် ၁၂/တနမ(နိုင်) ၀၀၈၄၉၄ ဆိုပြီး အောင်ဖေ့ စီစစ်ရေးကဒ် စရတော့တာပဲ၊ အောင်ဖေတို့ မိသားစုမှာ အငယ်ဆုံးဖြစ်တဲ့ အောင်ဖေကပထမဆုံး ပြီးမှအမငယ် နောက်ဆုံးမှ အမေ အဲဒီလိုနံပါတ်တပ် လွှတ်လိုက်တာ၊ ဒါကလည်း ကိုထွန်းအောက်ကနေ လှမ်းအော်သွားလို့ သိရတာ “အောင်ဖေရေ ဆင်ကြီးဆီမှာ မင်းတို့ကဒ် ရောက်နေပြီတဲ့” ရောက်လာရင်ပြောလို့ အောင်ဖေ မှာထားခဲ့တာလည်း ပါမှာပေါ့လေ။

သက်ခိုင်
(၁၅း၃၄)နာရီ
(၂၄.၃.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts