ခေတ်ပြိုင်အတွေ့အကြုံ

အရှင်ဝိသုဒ္ဓ(သုတေသီ) – တစ်ခါ တစ်ယောက်

အရှင်ဝိသုဒ္ဓ(သုတေသီ) – တစ်ခါ တစ်ယောက်
သြဂုတ် ၁၊ ၂၀၁၄

တစ်ခါက မက္ကစီကို ပင်လယ်ကမ်းစပ်တစ်နေရာ သောင်စပ်မှာတင်နေသော ကြယ်ငါးလေးတွေကို ကောက်ကောက်ပြီး ပင်လယ်ထဲ ပြန်ပစ်ချပေးနေသည့်လူကို အခြား တစ်ယောက်က ဘာထူးသွားမှာမို့ လုပ်နေရတာလဲဗျာလို့မေးတော့ ပြန်ပြောလိုက်တဲ့စကားက အခြား အကောင်တွေအတွက်တော့ မထူးပေမယ့် ဒီတစ်ကောင်အတွက်တော့ ထူးပါတယ်ဗျာဟူ၏။ နှလုံးသားအဟာရဟူ၍ ဆရာဖေမြင့် ဘာသာပြန်ထားသော Chicken soup for the soul ဇာတ်လမ်းစီရီးထဲက One at a time ဆိုသော ထိုဇာတ်လမ်းလေးကို  ဖတ်ဘူးခဲ့သည်မှာ ကြာပြီဖြစ် သော်လည်း စိတ်ထဲစွဲနေမိသည်။

အကြောင်းအားလျော်စွာ ထိုင်းနိုင်ငံ စူရတ်ဋ္ဌာနေ ပင်လယ်ကမ်းစပ်က တံငါရွာလေးသို့ ပင့်ဖိတ်သဖြင့် ရောက်ခဲ့သည်။ ထိုရွာလေးတွင် ငါးဖမ်းလှေလိုက်သော မြန်မာမိသားစုများစွာရှိသည်။ သူတို့ကနေ ပေါက်ဖွားသော ကလေးငယ်လေးများလည်း များစွာရှိသည်။

စာရေးသူကို ပင့်ဖိတ်သော မိသားစုတွင် ကလေးငယ်သုံးလေးယောက်တွေ့ရသည်။ ပင့်ဖိတ်သော အခန်းသို့ရောက်ပြီး လူကြီးများနှင့် စကားပြောနေစဉ် စာရေးသူကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည့် ကလေးတစ်ယောက်ကို သတိထားမိသည်။ စာရေးသူကား ရောက်လေအရပ်မှာ အချိန်ရလို့ အခွင့်အရေးရှိလျှင် တွေ့ရသော ကလေးငယ်များကို အရေးတယူစကားခေါ်ပြောကြည့်လေ့ရှိသည်။ ထိုကလေးကား ပြေးလိုက်၊ လွှားလိုက်၊ ဆော့လိုက်၊ စာရေးသူကိုလာကြည့်လိုက်၊ လူကြီးတွေ နောက်လိုက်ပြီးကူလိုက်နှင့် ရှိနေသည်။ စာရေးသူလည်း လူကြီးများနှင့် စကားပြတ်သည့်အခါ နံရံမှီထိုင်ပြီး စာရေးသူကို အထူးအဆန်းကြည့်နေသော ထိုကလေးကိုခေါ်ပြီး စကားစမြီ ပြောကြည့်ဖြစ်သည်။

– လာပါအုံးကွ ဖိုးသားရ နာမည် ဘယ်လိုခေါ်တုန်း

– ညီကိုနိုင်

– ဟေ၊ ညီကိုနိုင်ပါဘုရားလို့ပြောရတယ်ကွ၊ ပြန်ပြောပါအုံး။

– ဟုတ် ညီကိုနိုင်ပါဘုရား။

– အသက်ဘယ်လောက်ရှိပြီလဲ။

– ၁၁ နှစ်။

– ၁၁ နှစ်ပါဘုရားလို့ ပြောရတယ်ကွ။ ဘုန်းဘုန်းတွေနဲ့ပြောတဲ့အခါ နောက်ဆုံးက ဘုရား ဆိုတာထည့်ပြောရတယ်။ ဖိုးသား အခု အသက်ဘယ်လောက်ရှိပြီလဲ …

– ၁၁ နှစ်ပါဘုရား။

– မင်းဘုန်းကြီးကျောင်း မနေဘူးဘူးလား။

– ဟုတ်ကဲ့ မနေဘူးပါဘူးဘုရား။

– အတန်းကျောင်းကော။

– ရွာမှာ နှစ်တန်းထိနေခဲ့ပါတယ်ဘုရား။

– မင်း ဒီမှာနေတာလား၊ ခဏအလည်လာတာလား။

– ဒီမှာနေတာပါဘုရား။

– အင်း၊ ဒီမှာနေရတာ မင်းပျော်ရဲ့လား။

– မပျော်ပါဘူးဘုရား။

– အော် အေးအေး။

စာရေးသူ စကားလမ်းကြောင်းပြောင်းလိုက်ရသည်။ ဒီမှာနေရတာ ပျော်ရဲ့လား ဆိုတဲ့မေးခွန်းကို ကြားလိုက်ရတဲ့ ကလေးရဲ့မျက်လုံးများမှာ အရွယ်နဲ့မလိုက်အောင် လွန်စွာဝမ်းနည်းပြီး ခံစားချက်အပြည့်ဖြင့် မပျော်ပါဘူးဘုရား ဖြေလိုက်လို့ဖြစ်သည်။ ထိုမျက်လုံး လေးများက စာရေးသူ ရင်ကို ထိခိုက်စေသည်။ သို့သော် သူမပျော်တာကို ကိုယ်လည်း ဘာမှ လုပ်မပေးနိုင်။

စာရေးသူလာသည်က ကွယ်လွန်သူ မိခင်ကြီးအတွက် အလှူလုပ်ချင်လို့ ပင့်၍ ကြွလာခြင်းဖြစ်သည်။ ထိုသူတို့ မိသားစု အတွင်းရေးကိုလည်း မသိ။ ဘယ်လို အခြေနေနဲ့ ဘယ်အတွက် ဒီမပျော်တဲ့ကလေးကို ခေါ်ထားတာလည်း မသိဘဲနှင့် ထိုအကြောင်းကို ဆက်မပြောသင့်တော့။ စာရေးသူတို့ အမေးအဖြေလုပ်နေတာကို လူကြီးတွေကလည်း အကုန်ကြားနေသည်။ သို့အတွက် ဟိုအကြောင်း ဒီအကြောင်း ပေါ့ပေါ့ပါးပါးလေး ပြောပြီး စကားအဆုံးသတ်လိုက်သည်။

ညရောက်တော့ တစ်ခါ အခွင့်ရပြန်သည်။ လာပါအုံးကွ၊ ဘုန်းဘုန်းကားစီရတာညောင်းနေလို့ လာနှိပ်ပေးပါအုံးကွာလို့ ခေါ်လိုက်ပြီး စကားစမြီ ပြောဖြစ်ပြန်သည်။

– မင်း အိပ်ရာဝင် အိပ်ရာထ ဘုရားဦးချရဲ့လား။

– မချပါဘူးဘုရား။

– ဦးချရတယ်ကွ။ အဲဒါ အလိုလိုနေရင်း ရတဲ့ကုသိုလ်။ ဘုရားကို အိပ်ရာဝင် အိပ်ရာထ ဦးချတော့ ဘေးအန္တရာယ်ကင်းတယ်။ ပညာတတ်ပြီး လူချမ်းသာလည်းဖြစ်နိုင်တယ်။ အိပ်ရာဝင် အိပ်ရာထ ဘုရားကို ဦးချ။ ဟုတ်လား။

– ဟုတ်ကဲ့ဘုရား။

– မှန်ပါဘုရားလို့ပြောရတယ်။

– မှန်ပါဘုရား။

– မင်း ဘုရားရှိခိုးစာကော ရလား။

– မရပါဘူးဘုရား။

– အင်း။ နမော တဿ ဘဂ၀တော ဆိုတာ ရသလား။

– ရပါတယ်ဘုရား။

– အေး ဆိုကြည့်စမ်းကွာ သုံးခေါက်ဆို။

– နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

– အေး အဲဒါ ဘုရားရှိခိုးစာဘဲဟ။ အဲဒါကို မနက်အိပ်ရာထ မျက်နှာသစ်ပြီးတဲ့အခါ နမော တဿ သုံးခေါက်ဆိုပြီး ဘုရားဦးချ။ အဲဒါ ဘုရားရှိခိုးတာဘဲကွ။ ဘုရားရှိခိုးရင် လိုရာဆန္ဒပြည့်လာမယ်ကွ။

– မင်း ဘုန်းကြီး မဖြစ်ချင်ဘူးလား။

– ဖြစ်ချင်ပါတယ်ဘုရား။

– ဖြစ်ချင်ရင် ဘုရားရှိခိုးတိုင်း ဘုန်းကြီးဖြစ်ပါရစေလို့ ဆုတောင်းကွာ။

– တပည့်တော် ဆုမတောင်းပါဘူးဘုရား။ ဆုတောင်းလို့ဖြစ်လာတာမှ မဟုတ်တာ။

– အေ။ ဆုတောင်းလို့ ချက်ချင်းကြီးတော့ ဘယ်ဖြစ်လာမလဲဟ။ တဖြည်းဖြည်းနဲ့ အရှိန်ယူရမှာပေါ့။ အချိန်ကြတော့မှ ပြည့်မှာပေါ့။

– တပည့်တော် ဆုမတောင်းတော့ပါဘူးဘုရား။ တပည့်တော် ဖြစ်ချင်တာလည်း ဖြစ်မလာပါဘူးဘုရား။ တပည့်တော် ဘ၀ကို ဖြစ်ချင်သလိုဖြစ်ဆိုပြီး နေလိုက်တော့တာဘုရား။ ဆုမတောင်းတော့ပါဘူးဘုရား။

ဆုမတောင်းတော့ပါဘူးဟု ခေါင်းတရမ်းရမ်း ခံစားချက်အပြည့်ဖြင့် ခါးခါးသီးသီးငြင်းဆိုနေတော့သည်။

– အာ။ အဲလိုတော့ ဘယ်ဟုတ်မလဲကွာ။ စိတ်အေးအေးလေးထား။ ဘုန်းဘုန်းပြောတာ သေချာနားထောင်ပါအုံး။ ဆုတောင်းတယ်ဆိုတာ မြတ်စွာဘုရားဆီက တိုက်ရိုက် ဆုတောင်းတာ မဟုတ်ဘူးပေါ့။ ဘုရားကလည်း မင်း ငါ့ကို ရှိခိုးဦးချလို့ ငါ့ကိုလှူလို့ မင်းဖြစ်ချင်တာဖြစ်စေလို့ လုပ်ပေးတာ မဟုတ်ပါဘူးကွာ။ ကိုယ်ဖြစ်ချင်တာကို ကိုယ့်ဟာကို ကြိုးစားရမှာပေါ့။ ဆုတောင်းတယ်ဆိုတာကတော့ ဘုရားရှေ့မှာ ကိုယ်စိတ်ကိုယ် အဓိဋ္ဌာန်ပြုတာပေါ့။ တပည့်တော် ဒါဖြစ်ချင်ပါတယ်။ ဖြစ်အောင်ကြိုးစားပါ့မယ်။ ဖြစ်ပါရစေ။ ဒီကောင်းမှုတွေက တပည့်တော် ဖြစ်ချင်တဲ့ဟာ ဖြစ်နိုင်အောင် အကူအညီပေးပါစေပေါ့။  ဒီတစ်ခုတည်းကိုဘဲ စိတ်ထဲစွဲထားပြီးတော့ ဆုတောင်းတော့ မဖြစ်ဖြစ်အောင် လုပ်ချင်စိတ် ပေါက်လာမှာပေါ့။ အဲဒီလိုစိတ် ပေါက်ရအောင် အခြေနေတွေ အခွင့်အရေးတွေ ပိုပိုပြီး ကြုံတွေ့လာမှာပေါ့။ အဲလို အခြေနေကြုံလာတဲ့အခါ ဖြစ်ချင်တာ ဖြစ်အောင် လုပ်နိုင်တာပေါ့။ အဲဒီအခါ ဆုတောင်းပြည့်တာပေါ့ကွာ။ အဲဒီတော့ မင်း ကုသိုလ်ကောင်းမှုလုပ်တိုင်း ဒီကောင်းမှုသည် တပည့်တော်ဖြစ်ချင်တာဖြစ်အောင် အကူအညီ အထောက်အပံ့ဖြစ်ပါစေပေါ့။ အဲဒါကို ဆုတောင်းတယ်လို့ ခေါ်တာပေါ့ကွာ။ ဟုတ်လား။ ဒီတော့ မင်းဖြစ်ချင်တာဖြစ်ရအောင် ဆုလည်းတောင်း ကိုယ်တိုင်လည်းကြိုးစားပေါ့ဟုတ်လား။

– မှန်ပါဘုရား။

– အေးအေး နောက်ဆို နေ့တိုင်း အိပ်ရာဝင် အိပ်ရာထ နမော တဿ သုံးကြိမ်ရွတ်ဆိုပြီး ဘုရားဦးချ။ မင်းဖြစ်ချင်တာ ဖြစ်အောင်ဆုတောင်းပေါ့ဟုတ်လား။

– မှန်ပါဘုရား။

စာရေးသူ ဟိုဟိုဒီဒီ ထွေရာလေးပါးပြောရင်း အဆုံးသတ်လိုက်သည်။ စိတ်ထဲမှာတော့ တော်တော်မကောင်း။ တပည့်တော် ဘ၀ကို ဖြစ်ချင်သလိုဖြစ်ဆိုပြီး နေလိုက်တော့တာဘုရား ဆိုသည့်စကားက နားထဲကမထွက်။ ဒီအရွယ်နဲ့ ဒီလိုနေရာမှာ ဒီလိုစကားပြောသော ဒီကလေးရဲ့ ခံစားချက်က လုံးဝ ခါးသက်နေမည်မှာ သေချာသည်။ ဒီကလေးရဲ့အနာဂါတ်ကလည်း မတွေးဝံ့စရာ။ ဒီဝန်းကျင်မှာ ပြေးပြေးလွှားလွှား ယောင်ဝါးဝါးဖြင့် ဖာသိဖာသာ ကြီးပျင်းလာမည်။ ခုချိန်မှာ ကလေးထိန်း၊ ငါးရွေး၊ လူကြီးကူ။ နည်းနည်းအရွယ်ရလာလျှင် အတုမြင် အတတ်သင် ပတ်ဝန်းကျင်က အသောက်အစားသမားတွေ၊ ဆေးသမားတွေနဲ့ ပေါင်းမိပြီး လက်တဲ့စမ်းတော့မည်။ နောက်လေးငါးနှစ်ကြီးလာရင် သူ့ရှေ့ကသူတွေလို ငါးလှေလိုက် ရာဘာခြစ် ဖြစ်သွားတော့မည်။ အရွယ်ရောက်လာလို့ အိမ်ထောင်ရက်သား ကျတော့လည်း ထိုဝန်းကျင်က ထိုထိုသို့သော ဖူးစာရှင်များနှင့်သာ။ ထိုထိုမိသားစုမှ ပေါက်ဖွားလာမည့် ရွေမြန်မာ့တို့မျိုးဆက်များကား ကျွန်သက်ဆက်မည့် မျိုးဆက်များသာ။

ဒီကလေးရဲ့ ခါးသီးနေတဲ့ခံစားချက်တွေ ဘယ်လိုနည်းနဲ့ ကုစားပေးနိုင်မလဲ၊ေ၀၀ါးနေတဲ့ အနာဂါတ်အတွက် ဘယ်လိုနည်းနဲ့ ကူညီပေးနိုင်မလဲ စဉ်းစားကြည့်မိသည်။ နောက်နေ့ အဆောင်ပြန် ရောက်တော့ စာရေးသူကိုပင့်သောဒကာတော်ကို ဖုန်းဆက်မေး ကြည့်သည်။

– ကလေးကို ဘာလို့ခေါ်ထားတာလဲ၊ လိုအပ်လို့လားဆိုတော့

– မဟုတ်ဘူးဘုရား၊ မလိုပါဘူး။ မြန်မာပြည်မှာ စိတ်ချရမည့်သူမရှိလို့ ဒီမှာခေါ်ထားရတာပါ။ အမျိုးရင်းတွေက အကုန်ဒီမှာ ရောက်နေကြတယ်။ ရှိတဲ့ အမျိုးတွေကလည်း ကလေးထိန်းဘို့ထက် ငွေစကားဘဲ ပြောနေလို့ ဒီမှာခေါ်ထားရတာဟူ၏။

ဒီတော့ စာရေးသူနှင့် ညီအကိုရင်းလိုခင်မင်သော၊ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိသော စိတ်ချရသော တောကျောင်းဘုန်းတော်ကြီးကို ဆက်သွယ်ပြီး  ကလေးတစ်ယောက်ကို ဘွဲ့ရတဲ့အထိ တာဝန်ယူစောင့်ရှောက်ပေးနိုင်မလား မေးကြည့်သည်။ ရပါတယ်။ ကလေးက စာရိတ္တကောင်းမယ်။ ကျန်းမာရေးကောင်းမယ်ဆိုရင် တာဝန်ယူ စောင့်ရှောက် ပေးပါမယ်ဟု စကားပြန်လာသည်။ ကလေးကနေချင်တယ်၊ မိဘတွေက ထားချင်တယ်ဆိုရင် တာဝန်ယူပြီး စောင့်ရှောက်ပေးမည်။ ကျောင်းနေလိုက ကျောင်းထားပေးမည်။ သင်္ကန်းဝတ်လိုက သင်္ကန်းပေး ၀တ်မည်ဟုဆိုကာ ထိုမိသားစုကို ဆက်သွယ်လိုက်သည်။ ထိုမိသားစုက ၀မ်းပမ်းတသာ အကြောင်းပြန်လာသည်။  အခြားမိသားစုက ကလေးနှစ်ယောက်ကိုပါ ထည့်လိုက်ချင်သည်ဟူ၏။ ကြယ်ငါးလေးတွေ ထောင်ပေါင်းများစွာထဲက သုံးကောင်တော့ ခုခါမှာ သူတို့ပျော်ရာ ပင်လယ်ထဲမှာ လွတ်လပ်စွာ ကူးခပ်နေကြပါပြီ။
Artist     Khin Maung Zaw, Year 2003, http://www.dhammaweb.net/painting/0196.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts