ကဗျာ

တင်မင်းထက် – စစ်သမိုင်းပြတိုက်


တင်မင်းထက် – စစ်သမိုင်းပြတိုက်

သြဂုတ် ၁၊ ၂၀၁၄ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

(၁)

အောင်ဆန်းသူရိယ

သူရ ဘီဂျီအမ် ဗိုလ်ကြီးတိုက်ချွန်း

သေမလို ၂ ခါ ဖြစ်ခဲ့

မိန်းမ ၂ ယောက် ရခဲ့

သစ္စာ ၁ ခုသာ စောင့်ခဲ့

ပထမဆုံးဖတ်ဖူးတဲ့ စာအုပ်ထဲမှာ။

(၂)

တံမြက်စည်းတဲ့

ဝါးရင်းတုတ်တဲ့

ဘောက်ဖာနဲ့ ခြောက်ပေါင်ဒါထင်ပါရဲ့

သာမန် အမြောက် ၂ လက်ပါပဲ

ရန်ကုန်ကို ကယ်ခဲ့ကြတယ်ဆိုတော့လည်း

တော်လှန်ရေးနေ့ပြပွဲမှာ လူတွေဝိုင်းလို့။

(၃)

အဖေက အလံကိုင်စစ်ကြောင်းမှာ

လမ်းဘေးက လူအုပ်ကြီးရော

လည်ပင်းက ပန်းကုံးတွေရော

အများကြီးပဲ

ရေမွှေးနံ့တွေဆို ယူနီဖောင်းလျှော်တိုင်း

ပြန်ပြန်ထွက်လာတာ လနဲ့ချီကြာတယ်။

(၄)

ကိုယ်ရံတော်တပ်ဝင်းက ကောင်တွေနဲ့

ဘယ်တော့မှ အကြောမတည့်ဘူး

ဟိုဘက်ဒီဘက် လေးခွစစ်ဖြစ်ကြသေးတယ်။

တနေ့တော့

သူတို့အဖေတွေစီးတဲ့ လေယာဉ်ပျက်ကျတယ်

သူတို့ခြံဝင်းစပ်က ဝက်တွေလည်း

အစာကျွေးမယ့်သူမရှိလို့ သေကုန်ရော

နောက်တော့ အဲဒီကောင်တွေလည်း

ဘယ်ရောက်သွားမှန်း မသိတော့ဘူး။

(၅)

မီးပုံပွဲတခုက

အရက်ဝိုင်းတခုဘေးမှာ

ဆဲဗင်းဂျူလိုင်ဆိုတာ စကြားဖူးတာပဲ

ခဏနေတော့

ဒုံးပျံသဏ္ဍာန် စစ်ချီဟန်ဆိုပြီး

မီးပုံကို ပတ်ကကြတော့

ကံကောင်းလို့ မသေခဲ့တဲ့

ကျောင်းသားဟောင်းကြီးလည်း ပါတာပေါ့။

(၆)

အိမ်ရှေ့က ပင်လယ်စပ်မှာ

ကတုတ်ကျင်းတခု

အိမ်အောက်မှာ ကတုတ်ကျင်းတခု။

အဲဒီနေရာလေးကို လူကြီးလာမယ်တဲ့

အိပ်ရာဖုံးအသစ်တွေနဲ့

စားပွဲခင်းအသစ်တွေနဲ့

ပြီးတော့ အထူးညွှန်ကြားချက်အသစ်ထဲမှာ

ငါးဟင်းပါရမယ် အရိုးမစူးရဘူး

ငရုတ်သီးပါရမယ် မစပ်ရဘူးတဲ့။

(၇)

ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး

ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး

ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို … …

မြို့တော်ခန်းမရှေ့က ကြွေးကြော်သံတွေ

ဘရင်းကယ်ရီယာပေါ်က သေနတ်သံတွေအောက်

တိကနဲ ရပ်။

(၈)

ဂျီသရီးထက်နည်းနည်းပိုပုတဲ့

စစ်သားလေးတွေ

လူမြင်ကွင်းမှာ စမြင်ဖူးခဲ့တယ်

သူတို့ကို ဘယ်သူမှရေမတိုက်ချင်ကြဘူး။

(၉)

ဘယ်ပါတီကို မဲထည့်မှာလဲ

မတိုင်ပင်ရဲတဲ့မိသားစုတွေ အိမ်အပြန်

တို့လည်းခမောက်ပဲဆိုတဲ့ အသံတွေ

တိုးတိုး ကြားခဲ့ရ

ဒါပေမဲ့ စစ်တန်းလျားကိုမပြန်ကြရ။

(၁၀)

ခွပ်ဒေါင်းတံဆိပ်ကို နဖူးမှာစည်းလို့

ကြွေးကြော်သံတွေတိုင်ခဲ့တဲ့ သူငယ်ချင်း

ဧည့်ခန်းမှာ တယောက်တည်းထိုင်ပြီး

ဗိုလ်သင်တန်းဆင်းပွဲ ပြန်ကြည့်နေတယ်။

သူက ဂုဏ်ပြုတပ်ဖွဲ့ရဲ့ရှေ့ဆုံးမှာ

ဘယ်လှည့်ညာလှည့် အသံကုန်။

(၁၁)

ရှေ့တန်းထွက်တဲ့ ယောက်ဖကို

သွားတိုက်ဆေးကအစ ဝယ်ပို့ရတယ်။

စစ်ဖိနပ်မရှိတဲ့ စစ်သားတွေ

သဲဝဲကြောင့်ခြေချောင်းပြတ်တဲ့အကြောင်း

သူပြန်ပြောပြတဲ့ အခါမှာတော့

မအံ့ဩမိတော့ဘူး။

(၁၂)

ကွမ်းစားရင်းပြုံးနေတဲ့ ဗိုလ်ကြီး

ဒိုင်းတွေရှေ့မှာ ဆောင့်ကြောင့်ထိုင်နေတဲ့

ကိုယ်တော်တွေ

ဆွမ်းချိုင့်ပို့နေကျကျောင်းကို

ကျားတက်ထိုးပြီး နောက်တနေ့။

ဓာတ်ပုံတွေဆိုတာကတော့

ပျက်တတ်ပျောက်တတ်ကြပါတယ်။

(၁၃)

တချို့က

တာဝန်ချိန်မှာ အလှည့်ကျထွက်ပြီး

ဂျာနယ်ရောင်းရတယ်။

တချို့က

တာဝန်ချိန်မှာ သူ့ထက်ငါဦးအောင်

တောတောင်ရေမြေရောင်းကြတယ်။

(၁၄)

ပြည်သူ့ဝန်ထမ်းဆိုတာက

ပြည်သူ့ဝန်ကို ထမ်းကြဖို့ပဲ

မဟုတ်လား။

တင်မင်းထက်

၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts