ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ၁ နှစ် ဆိုတဲ့အချိန်

  Sample Image 

၁ နှစ် ဆိုတဲ့အချိန်
မောင်မိုးသူ။ မေ ၁၉၊ ၂၀ဝ၇

(မိုးမခပြန်လည်ဆန်းသစ်ခြင်း)

၁ နှစ် ဆိုတဲ့အချိန်ဟာ ဘာမှ မကြာလိုက်သလိုပါပဲလား။

၂၀ဝ၀ ဒီဇင်ဘာ ၃ ရက်နေ့ဟာ အမာဆုံးသွားတာ ၁ နှစ် ရှိပါပေါ့လား။ အမာကို မောင်မိုးသူ နောက်ဆုံးတွေ့ခဲ့ရတာက ရေဝေးသုသာန်ရဲ့ ရေခဲတိုက်ထဲမှာ ဖြစ်ပါတယ်။ အမာနဲ့ မတွေ့ရတာ ကြာပါပြီ။

အမာကို ဒီမတိုင်မီ နောက်ဆုံးတွေ့ခဲ့ရတာ ဆီးနဲ့ကျောက်ကပ် ဆေးရုံကြီး၊ လူတွေအခေါ် ဂျပန်ဆေးရုံကြီးဝင်းထဲက အဖွင့်အပိတ်မလုပ်တဲ့ ညာဘက်က တံခါးပေါက်ကြီးနဲ့ နံဘေး အစောင့်ကင်းတဲရုံကလေးမှာ။ ဝင်းတံခါးပေါက်ကြီးက မဖွင့်တာကြာပြီ ထင်ပါရဲ့၊ မြက်ပင်တွေ ကိုင်းပင်တွေကို အတော်များနေပေါ့။ အစောင့်ကင်းတဲကလေးကလည်း ယိုင်တိယိုင်တိုင်ပါ။ ဒါပေမယ့် သစ်သားအခင်းလေးတော့ ရှိလေသေးရဲ့။ နေရာကလေးက ကျဉ်းကျဉ်းလေး၊ အမာနဲ့ မောင်မိုးသူ ၂ ယောက်တော့ ထိုင်လို့ ရပါတယ်။ သားငယ်က နံဘေးမှာ ရပ်လို့။

အမာက ဆံပင်တိုတိုလေးနဲ့၊ တိုဆို ဘိုကေလောက် တိုတာ။

မောင်မိုးသူက စ တယ်။

“အမာ … မင်းက အသက်ကြီးမှ ခုနှစ်တွေ ဖြိုထားတာလား”

အမာက ရယ်တယ်။

“အမာက ဘယ်တုန်းက အသက်ကြီးလို့တုန်း” တဲ့။

ဟုတ်ပါတယ်။ “အမာ” ဟာ သူ့ကိုယ်သူ အမြဲ ငယ်ရုပ်ဆင်ပါတယ်။ အသက်ကြီးမှာ၊ အရုပ်ဆိုးမှာ အိုသွားမှာ သိပ်ကြောက်ရှာတာ။ ခုတော့လည်း မအိုရှာတော့ဘူးပေါ့။ အရုပ်မဆိုးရှာတော့ဘူးပေါ့။ ရေခဲတိုက်ထဲကို ဝင်လိုက်တော့ တစ်ကိုယ်လုံး အေးစိမ့်သွားပါတယ်။ ရေခဲတိုက် အစောင့်လုပ်သူက လွဲပြီး မောင်မိုးသူနောက်ကို ဘယ်သူမှ မလိုက်ခဲ့ကြပါဘူး။

အစောင့်က အံဆွဲကို ဆွဲထုတ်လိုက်ပါတယ်။

အမာရဲ့ ရုပ်ကလာပ်က လျှောခနဲ အံဆွဲနဲ့အတူ ထွက်လာပါတယ်။

ဆုံးတာက ည ၁ နာရီကျော်ကျော် နံနက်ဦးပိုင်း။ ဆုံးတာကလည်း နာတာရှည်ဖြစ်ပြီး ဆုံးတာမဟုတ်။ ရုတ်တရက် မူးတယ်ဆိုပြီး လဲကျ။ ဆရာဝန် သွားခေါ်၊ ရောက်လာတော့ အသက်မရှိတော့။ အဲဒီလို ဆုံးရှာတာ။ မောင်မိုးသူတွေ့ရတော့ ၁၂ နာရီနားတဝိုက်၊ ဘာမှ မကြာသေးဘူး။ အမာရဲ့ ရုပ်ကလာပ်က လှနေဆဲပါပဲ။

ဪသာ် … သိပ်လှချင်တဲ့ မိန်းမ။

သေတော့လည်း လှလှလေးပဲ သေသွားရှာပါပေါ့လား။

အမာ ဆုံးတော့ ၅၈ နှစ် ရှိပါပြီ။

အမာနဲ့ မောင်မိုးသူ အိမ်ထောင်သက် ၄၁ နှစ်ပြည့်ဖို့ ၂၇ ရက်အလိုမှာ ဆုံးရှာတာပါ။ ၁၉၉၉ ဒီဇင်ဘာ ၃၀ ရက်နေ့ဆိုရင် အိမ်ထောင်သက် ၄၁ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ ၁၉၅၈ ခု ဒီဇင်ဘာ ၃၀ ရက်နေ့က မောင်မိုးသူနဲ့ အမာ အိမ်ထောင်ပြုခဲ့ကြတာလေ။

နှစ်ပေါင်း ၄၀ ကျော် မောင်မိုးသူရဲ့ ဆိုးကျိုးတွေကို အမျိုးမျိုး ရင်စည်းခံပြီး ခုတော့လည်း စိတ်မရှည်တော့ဘူးထင်ပါရဲ့။ မောင်မိုးသူကို ထားခဲ့ပြီး အေးရာ၊ ငြိမ်းရာကို သွားရှာပါပြီ။

အမာ့မျက်နှာကလေးက အေးချမ်းလိုက်တာ။

မောင်မိုးသူ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။

အမာ့ကို ဘယ်လို နှုတ်ဆက်ရမှာလဲ။

အဲဒီရက်ပိုင်း၊ အဲဒီလပိုင်းတွေမှာ မောင်မိုးသူ တော်တော် တရားထိုင်ဖြစ်ပါတယ်။ အာနာပါန ပါပဲ။ ထွက်လေ ဝင်လေကို မှတ်တာပါ။ ထွက်လေ ဝင်လေကို မှတ်ရတာ တကယ်လုပ်ကြည့်တော့ မလွယ်ပါဘူး။ စိတ်က သိပ်ကို ပြန့်တာ။ စုစည်းဖို့ သိပ်ခက်တာ။ တစ်သက်လုံး ဘဝတလျှောက်လုံး စိတ်ကို လွှတ်ချင်သလောက် လွှတ်ပြီး နေခဲ့တဲ့လူ၊ ထားခဲ့တဲ့လူ။ စိတ်ကလေးကို ဖမ်း၊ နှာသီဖျားမှာ တင်၊ ထွက်လာတဲ့လေကို မိအောင်ဖမ်း သိ၊ ဝင်လာတဲ့လေကို မိအောင်ဖမ်း သိ။ သတိကပ်ထားရတာ မလွယ်ပါဘူး။

မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ တရားခွေကို နာရတယ်။ ဓာတ်ကြီး ၁၈ ပါး အရှုခံထားပြီး မှတ်ရတာပါ။ ဓာတ်ကြီး ၁၈ ပါးဆိုတာ အာရုံ ၆ ပါးကို ၃ ပါးစီ ပွားထားတာ ဖြစ်ပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ အတွေ့အထိ အသိတွေပဲ။ ဆရာတော်ကြီး ဟောတာက သိပ်ရှင်းပါတယ်။ ဝိပဿနာရှုတဲ့ နေရာမှာ ဉာဏ်အဆင့် အနိမ့်ဆုံးပုဂ္ဂိုလ်များအတွက် အလွယ်ဆုံး၊ အသိသာဆုံး၊ အထင်ရှာဆုံးရှုနည်းလို့ ဟောတော်မူပါတယ်။

မြင်တယ်ဆိုတာမှာ မျက်စိရယ်၊ အဆင်းရယ်၊ မြင်တယ်ဆိုတဲ့အသိရယ် ၃ ခုရှိနေတာ၊ မျက်စိက သတ်သတ်၊ အဆင်းက သတ်သတ်၊ မြင်တာ သိတယ်ဆိုတာ သတ်သတ်တဲ့။ အဲဒီလိုပဲ နားနဲ့၊ အသံနဲ့ ကြားတာနဲ့ကလည်း ၃ ပါး၊ အားလုံးပေါင်းလိုက်တော့ ၁၈ ပါးပေါ့။

လူတွေဟာ တနေ့တနေ့ ဘာတွေ လုပ်ခဲ့ကြသလဲမေးရင်း အများကြီးပေါ့။ ဘယ်ပြောနိုင်ပါ့မလဲလို့ ဖြေကြပါတယ်။ ဟုတ်ပါတယ်။ အများကြီးလို့ ပြောမယ်ဆိုရင် ပြောစရာပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ အလုပ် ၆ မျိုးပဲ လုပ်ကြသတဲ့။ မြင်တာ၊ ကြားတာ၊ နံတာ၊ ချိုတာ၊ ခါးတာ၊ ထိတွေ့တာနဲ့ သိတာ ၆ မျိုးပဲ ရှိပါတယ်။ ဒီထက် မပိုပါဘူး။ အဲဒီလို ခံစားမှုအာရုံတွေ အားလုံးဟာ ခဏဖြစ်ပြီး ခဏပျက်သွားကြတာချည်းပါပဲ။ မနက်က မြင်ခဲ့တာ၊ ကြားခဲ့တာ ခုရှိသေးသလား မရှိတော့ပါဘူး။ ပျက်စီးသွားပါပြီ။ ဒါပေမယ့် တရစပ် ဆက်တိုက်မြင်နေကြရလို့။ ကြားနေကြရလို့သာ ပျက်သွားတာ၊ ဆုံးသွားတာကို မသိ၊ မမြင်လိုက်ကြတာကိုး။ ဒါကြောင့် ဆရာတော်ကြီးက မြန်မာစကား သံပေါက်သွားနဲ့ ဓာတ်ကြီး ၁၈ ပါး အရှုခံထားပြီး ဝိပဿနာပွားများဖို့ ဟောကြားတော်မူပါတယ်။ ၃ ပါးစီ တစ်စု စုပြီး ဟောပါတယ်။

“မျက်စိတွင်မည် ရုပ်အကြည်လည်းကောင်း၊ အဆင်းတွင်မည် ရုပ်ထိုဤလည်းကောင်း၊ မြင်မှုတွင်မည် စိတ်အကြည်ကိုလည်းကောင်း၊ မြင့်ရှည်ကာလ၊ မတည်ကြဘဲ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘု၊ ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ မှန်လှစွာ၏။ ဒါ ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု ဘာတစ်ခု မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား” လို့ ဟောကြားတော်မူပါတယ်။

မျက်စိရယ်၊ အဆင်းရယ်၊ မြင်တာရယ်ဆိုတာ ၃ ခုစလုံးဟာ ခဏလေးဖြစ်တာပဲ။ နောက်ပြီး ပျက်သွားတာ၊ အဲဒီလို ဖြစ်လိုက်ပျက်လိုက် ဖြစ်နေတာကြီးကိုက မမြဲတဲ့ အနိစ္စပဲ။ အင်မတန်မှ ဆင်းရဲတဲ့ ဒုက္ခပဲ။ ခိုင်မာတဲ့ သဘော၊ မာကျောတဲ့ သဘော မရှိဘူး။ အနှစ်လည်း မရှိဘူး၊ မပါဘူး။ အနတ္တပဲ။ ဘယ်ဟာမှ ငါ့ဟာ ငါ့ဥစ္စာရယ်လို့ မရှိဘူး။ အားလုံးက ဖြစ်ခြင်း၊ ပျက်ခြင်း ၂ လီသော ဖြစ်ပျက်တရားတွေပဲ။ ဓမ္မပဲလို့ ရှုမြင်ဆင်ခြင်၊ ပညာအသိနဲ့ ရှုကြည့် အသိကပ်ဖို့ ဖြစ်ပါတယ်။

ရိုးရိုး ထွက်လေ ဝင်လေကို စောင့်ပြီး ကြည့်မှတ်ရတာထက် ဆရာတော်ကြီးရဲ့ သံပေါက်ကို စိတ်ထဲမှာ ရွတ်ဆိုရင်း အနက်အဓိပ္ပာယ်ကို ဉာဏ်နဲ့ မြင်၊ ဉာဏ်လေးနဲ့ ဝင်လေရဲ့ ဖြစ်ခြင်း ပျက်ခြင်းကို ရှု၊ လုပ်လိုက်တဲ့အခါမှာ စိတ်ပြန့်မှုက လျော့သွားပြီး အာရုံစူးစိုက်မှုက ပိုရတယ်လို့ မောင်မိုးသူ ခံစားသိမြင်ရပါတယ်။ ဒါနဲ့ ဆရာတော်ကြီးဟောတဲ့ ဓာတ်ကြီး ၁၈ ပါး အရှုခံထားပြီး မှတ်တဲ့နည်းက တရားမှတ်လိုက်တာ တခါထိုင်ရင်း ၄၅ မိနစ်ကနေ တစ်နာရီလောက်အထိ မှတ်နိုင်၊ ထိုင်နိုင်လာပါတယ်။ အာရုံစူးစိုက်မှုလည်း ပိုရလာသလိုလို ပါပဲ။ ဖြစ်ခြင်း၊ ပျက်ခြင်း တရားများကို အရိပ်အမြွက် မြင်ရသလိုလိုပါပဲ။

အဲဒီလို ဆက်တိုက် တစ်နေ့ကို ၃-၄ ကြိမ် တရားမှတ်နေမိတဲ့ အချိန်မှာပဲ အမာက ဆုံးရှာတာ။

 

Sample Image

အသုဘချသည့်နေ့ (၁၉၉၉ ဒီဇင်ဘာလ)၊ ဇနီးသည်ရုပ်အလောင်းရှေ့မှ မောင်မိုးသူ၊ ဝဲနှင့်ယာမှ အားပေးနေသူများမှာ – ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး၊ (ဓာတ်ပုံ – အင်န်အယ်လ်ဒီ)

ခုတော့ အမာရဲ့ ရုပ်ကလာပ်ကို ရှေ့မှာထားပြီး မောင်မိုးသူတစ်ယောက် ယောင်လည်လည်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ဆရာတော်ကြီးရဲ့တရားကို ချက်ချင်း သတိရလိုက်ပါတယ်။ ဒါနဲ့ အမာ့ကို နောက်ဆုံး နှုတ်ဆက်နိုင်တဲ့ အလုပ်ကို ငါလုပ်မယ်ဆိုပြီး အမာရဲ့ နီစွေးတဲ့ နှုတ်ခမ်းအစုံပေါ်မှာ ညာလက်ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို ထိကပ်လိုက်ပါတယ်။ အမာ့ရဲ့ နှုတ်ခမ်းအစုံဟာ အေးစက်နေပါတယ်။ နောက် မျက်စိကိုမှိတ်၊ တရားကို ရှုမှတ်လိုက်ပါတယ်။ ဓာတ်ကြီး ၁၈ ပါး အရှုခံထားပြီး ရှုမှတ်တဲ့ ဝိပဿနာတရားကို ရှုမှတ်လိုက်ပါတယ်။ ၁၈ ပါး အစအဆုံး မှတ်တာ အချိန်အားဖြင့် ၁၅ မိနစ်လောက် ကြာနိုင်ပါတယ်။

ပြီးတော့ “အမာ ကောင်းရာသုဂတိ လားပါစေလို့” ဆုတောင်းပါတယ်။

နောက် အမာရဲ့ နဖူးကို နမ်းလိုက်ပြီး “နောက်ဆုံး နှုတ်ဆက်လိုက်ပါတယ် အမာ” ဆိုပြီး နှုတ်ဆက်လိုက်တာပါ။

နောက် စင်ပေါ်မှာ အမာ့ရုပ်ကလာပ်ကို ပြင်ထားတော့ မိတ်ကပ်တွေ ဖုံဖုံကလေးလိမ်းလို့၊ နှုတ်ခမ်းမှာက နီစွေးတဲ့ အရောင်၊ သူ့ခေါင်းနားတဝိုက်မှာ စံပယ်ပန်းတွေက ဖွေးဖွေးလှုပ်လို့။ နောက်ဆုံးနှစ်တွေမှာ အမာနဲ့ မောင်မိုးသူတို့ရဲ့ ဆက်သွယ်မှုလမ်းကြောင်းမှာ စံပယ်ပန်းတွေက အတော်နေရာယူတယ်။

ခုလည်းကြည့် … အမာ့ခေါင်းမှာ စံပယ်ပန်းတွေ ဝေလို့၊ အမာ့ကို မီးသင်္ဂြိုဟ်တဲ့အခါမှာ အမာ ပို့ပေးခဲ့တဲ့ စံပယ်ပန်းလေးတွေ ခြောက်လို့ နေပြီပေါ့လေ။ အဲဒီ စံပယ်ပန်းခြောက်လေးတွေကို သူပေးထားတဲ့ လက်ကိုင်ပဝါလေးနဲ့ပဲ ထုပ်လို့ သူ့ ရုပ်ကလာပ်နဲ့အတူ ထည့်ပေးလိုက်မိပါတယ်။ ဒါကြောင့်လည်း ကဗျာရေးတော့ …

“စံပယ်ပန်းခြောက်ကလေးများနှင့်အတူ

မီးသင်္ဂြိုဟ်လိုက်တဲ့အခါ ပြာဖြစ်

အချစ်တွေ မချန်ရစ်တော့ဘူး ထင်ပါရဲ့ … ”

လို့ မောင်မိုးသူ ကဗျာရေးခဲ့တာပေါ့။

နောက်ပြီး သီတင်းကျွတ် မန္တလေးမှာ ရောက်တုန်း ထန်းရိပ်ညို ကိုမျိုးခင်ရဲ့ ပန်းချီခန်းထဲမှာ အမာ့ရဲ့ပုံကို မောင်မိုးသူ ပန်းချီရေးတော့ စံပယ်ပန်းတွေ ဝေနေအောင် ထည့်ပေးခဲ့မိတာပါပဲ။

အဲဒီအဖြစ်အပျက်က ဘာမှမကြာဘူးထင်နေတာ ခု ၁ နှစ်တောင် ကြာသွားပါပေါ့လား။

အမာဆုံးသွားတော့ အသုဘကိစ္စကို သားသမီးများက အလှူငွေ လုံးဝ လက်မခံကြဘဲ ခမ်းခမ်းနားနား လုပ်ကြပါတယ်။ မိတ်ဆွေ အပေါင်းအသင်းများလည်း စုံစုံညီညီ လာပြီး နှုတ်ဆက်ကြ၊ အသုဘပို့ဆောင်ကြ လုပ်ကြပါတယ်။

အလှူငွေ လက်မခံဘူးဆိုတဲ့ကြားက လှူဖွယ်ပစ္စည်းများ ပို့လာကြသူများ၊ ငြင်းဆန်လို့ကို မဖြစ်နိုင်တဲ့ လူထုဒေါ်အမာ၊ ဒေါ်စိန်စိန်ရီ၊ ဒေါ်ဝင်းဝင်းမေ၊ ကျော်ရင်မြင့် စတဲ့ မန္တလေးက မိတ်ဆွေများ၊ ရန်ကုန်မှ မိတ်ဆွေများနဲ့ သက်ဆိုင်ရာက ပုဂ္ဂိုလ်များထံက အလှူငွေ စုစုပေါင်း ၈ သောင်းကျော် ၉ သောင်းနီးပါး ရပါတယ်။ အဲဒါကို မိသားစု တိုင်ပင်ကြပြီး နောက်ဆုံး အမာမဆုံးမီ တရားအားထုတ်သွားခဲ့တဲ့ ညောင်ကန်အေးကျောင်းတိုက်မှာ မိသားစုက လိုတာဖြည့်၊ တစ်သိန်းတိတိကို ငွေပဒေသာပင် တည်ပြီး နှစ်စဉ် အလှူလုပ်ဖို့ ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြပါတယ်။

ဟော … အခု ၁ နှစ် ပြည့်သွားပါပြီ။

ငွေပဒေသာပင်ကရတဲ့ အတိုးတွေက ၉ ထောင်ကျော်လို့ ဆိုပါတယ်။ လိုတာကို မိသားစုက စိုက်ပြီး နှစ်ပတ်လည်နေ့ ၃-၁-၂၀ဝ၀ ရက် ညောင်ကန်အေးကျောင်းတိုက်မှာ သံဃာကုန် ယောဂီကုန် ဆွမ်းကျွေး၊ ရောက်လာကြတဲ့ မိတ်ဆွေလူရင်းများကိုလည်း ဆွမ်းကျွေးအလှူ ပြုကြပါတယ်။ အမာကို ရည်စူးပြီး မိသားစုက တံခါးတစ်ပေါက်ကို ကမ္ပည်းထိုးပြီး လှူပါတယ်။ ဆရာတော်ကိုလည်း ပစ္စည်း ၄ ပါးနဲ့တကွ လှူဖွယ်ပစ္စည်းများ ကပ်လှူပါတယ်။

ညောင်ကန်အေး ဆရာတော်က …

“လူတွေက အိုတာ၊ နာတာ၊ သေတာကို ပြောရင် နိမိတ်မရှိဘူးလို့ ပြောတတ်ကြသတဲ့။ တကယ်တမ်းက အိုတာ၊ နာတာ၊ သေတာဆိုတာက တရစပ်ဖြစ်နေတာ။ မြတ်စွာဘုရားက အဲဒီလို အိုမှု၊ နာမှု၊ သေမှုဆိုတာတွေကို အမြဲမပြတ် သတိကပ်ပြီး ရှုမှတ်ကြဖို့ ဟောတော်မူခဲ့တာ။

အဲဒီလို … ရှုမှတ်ပြီး သတိကပ်နိုင်ကြပါမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ဆင်ခြင် သိမြင်နိုင်ပါမယ်။ ဒကာမကြီး ဒေါ်အမာက ညောင်ကန်အေးရဲ့ ယောဂီဖြစ်ပါတယ်။ ဒကာမကြီး ကဖြင့် တရားမှတ်သွားရှာတယ်။ ကျန်ရစ်ခဲ့တဲ့ မောင်မိုးသူတို့ မိသားစုကလည်း ကုသိုလ်ကောင်းမှုလည်း ပြုကြ၊ တချိန်တည်းမှာ အချိန်မပြတ် သတိကပ်ပြီး တရားရှုမှတ်ကြဖို့ … “ဟောကြားတော်မူပါတယ်။

ဖြစ်ခြင်း၊ ပျက်ခြင်းမှာ တရစပ်ဖြစ်နေတာကို မသိမမြင်၊ မကြည့်မထင်ခဲ့ကြမိတဲ့ မောင်မိုးသူတို့ တတွေမှာတော့ ၁ နှစ်ဆိုတဲ့ ရက်ပေါင်း ၃၆၅ ရက်ဆိုတဲ့ အချိန်ဟာ ဘာမှ ကြာလိုက်တယ်လို့ မထင်ကြဘူးလေ။

ဖြစ်ခြင်း၊ ပျက်ခြင်း တရားများက အကြိမ်ပေါင်း သန်းကုဋေမက ဖြစ်သွားပျက်သွား ကြပါပြီ။

မကြည့် မထင်ကြတော့လည်း မသိမမြင်နိုင်ကြသေးပါကလား။    ။

မောင်မိုးသူ

၆-၁၂-၂၀ဝ၀ (ဒီဇင်ဘာ ၆၊ ၂၀၀၀ပြည့်နှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts