သေနတ်သံတွေ တိတ်သွားတဲ့ အထိ ကဗျာတွေ ရွတ်ဆိုကြ
ငြိမ်းဝေ၊ မိုးမခ၊ ဇွန် ၁၂၊ ၂၀၁၄
ကချင် ပြည်တွင်းစစ်ပွဲ ပြည်လည် ဖြစ်ပွားခဲ့သည့် သုံးနှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲ နှင့် ကဗျာရွတ်ဆိုပွဲ ကို ဇွန်လ (၉) ရက် ညနေ (၃) နာရီ ခွဲ အချိန် တွင် ရန်ကုန်မြို့ အင်းလျား ကန်ဘောင် ၌ ကဗျာချစ်သူများအသင်း က ကျင်းပခဲ့။
တခါတရံ မဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကို ဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့် အလေ့အကျင့် အနည်းအကျဉ်းရှိလာခဲ့သူ မိမိအဖို့ အလိုလို တက်ကြွ ရွှင်လန်းနေမိသည်။ မဂ္ဂဇင်းထဲတွင် ပါသည့် ကဗျာရွတ်ပွဲများကို စိတ်ကူးနှင့် မြင်ကြည့်သည်။ စိတ်နား နှင့် ထောင်ကြည့်သည်။ ကဗျာရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန် အမူအယာများကို စိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့် ကဗျာများထဲ၌ မိမိ ကျက်မှတ်မိပြီး ကဗျာ ပါဝင်ပါက ကိုယ်တိုင် ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာ တပိုင်းတစကို ပါးစပ်က အလိုလို ရွတ်ဆိုမိလျက်သား ဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင် ရွတ်ဆိုသူများ၏ ရင်ခုန်မှု အရှိန်အဟုန်များမှာ မီးတောက်တခုက တခြား မီးတောက်တခုဆီ ယိမ်းထိုး ကူးယှက်သွားသလို မိမိထံ ထိယှက် ပူးဝင်လိုက်ကြခြင်းဖြစ် ဟန် တူလေသည်။
အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်းအလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့် စတင် ဆောင်ရွက်လိုက် နိုင်ခဲ့ခြင်းတော့ မဟုတ်ချေ။ ၁၉၉၃ခု၊ မာနယ်ပလော၌ ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားတွင် ရှုဒေါင့် ဂျာနယ် အယ်ဒီတာဟောင်း (ဦး) ၀င်းခက်က “မနက်ဖြန်ကြရင် ဒီကဗျာကိုရွတ်ပေးစမ်းပါကွာ”ဟု ဆိုခြင်းဖြင့် မိမိမှာ ကဗျာရေးသူအဖြစ်မှ ကဗျာရွတ်သူအဖြစ်သို့ ဖြတ်ခနဲ ကူးပြောင်း ရောက်ရှိသွားခဲ့ရ၏။
ရွတ်ဆိုရမည့် ကဗျာက ဆရာမောင်သော်က၏ “မီးခြစ်တဆံ” ကဗျာဖြစ်သည်။ စကားပြောခွက်ရှေ့ ကို ရောက်သည်အထိ မည်သည့် အသံအနေအထားနှင့် ရွတ်ဆိုရမည် ဆိုသည်ကို ရွေးချယ် မဆုံးဖြတ်နိုင်သေး။ ကံအားလျော်စွာ ကဗျာအကြောင်းအရာကို ရုတ်တရက် တွေးမိကာ လက်သီးကိုဆုပ် အသံကိုမြှင့်ပြီး အော် ဟစ်လိုက်မိသည်။
“အနှစ်နှစ်ဆယ်တဲ့လားဟေ့…” ဆိုပြီး အော်ဟစ်လိုက်သည့် မိမိအသံမှာ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်အတွင်း ပဲ့တင်ထပ်မျှ ဟိန်းသွား၏။ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တခုလုံး သွေးများ ပူလောင် ဆူပွက်လာပြီး ကျန်ကဗျာပိုဒ်များကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွား၏။ မိမိ၏ ခံစားမှု အရှိန်အဟုန်များ လေထဲတွင် ခုန်ပေါက်ပြေးလွှားနေစဉ် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။ ဆက်လက်ရွတ်ဆိုရန် ကဗျာ စာသား မရှိတော့သည့်တိုင်၊ ကဗျာရွတ်ဆိုသံ ရပ်ဆိုင်းသွားသည့်တိုင် ဖြန့်ထွက်ဝေးကွာ သွားနေသည့် စိတ်အလျင်များ ကို မိမိမှာ ပြန်လည် ရုပ်သိမ်းလို့ မရနိုင်သေး။ မိမိ၏ စိတ်အလျင်မှာ ရှေ့တွင် ထိုင်နေသည့် လူအုပ်၏ နှလုံးသားကို ဒိုးယိုပေါက် ထွင်းဖောက်သွားခဲ့၏။ မိမိ၏ စိတ်အလျင်များကို ပြန်လည်ရုပ်သိမ်း ထိန်းချုပ်လာနိုင်သောအခါမူ မျက်လုံးအိမ်များထဲ၌ မျက်ရည်များနှင့် မှုန်ဝါးနေလေတော့သည်။
၁၉၉၄ ခုနှစ်တွင် ပြည်ပအသံလွှင့်ဌာန တခု၌ အပတ်စဉ် ပုံမှန်အစီအစဉ် တခုကိုအသံလွှင့်ခွင့်ရ၏။ ထိုအခါ တပတ်လျှင် တကြိမ် ကဗျာရွတ်ဆိုရသည့် သဘောဖြစ်လာ၏။ ၁၉၉၃ခုနှစ် “မီးခြစ်တဆံ” ကဗျာကို ရွတ်ဆိုစဉ်က ကဗျာအကြောင်းအရာကိုတွေးမိပြီး အများ စိတ်ဝင်စားအောင်ရွတ်ဆိုနိုင်ခဲ့သည့် အတွေ့အကြုံအရ၊ အသံ လွှင့်ဖို့ ရွေးချယ်ထားသည့် ကဗျာများကို အဓိပ္ပာယ် နားလည်သည်ထက် နားလည်ရန် အကြိမ်ကြိမ် အထပ်ထပ်ဖတ်၏။ အဓိပ္ပာယ် နားလည်လျှင် ကဗျာဖတ်သည့်အခါ ပိုမိုအဆင်ပြေသည်ကို သတိပြုမိလာ၏။ ကဗျာဖတ်သည့်အခါ စိတ်နှင့် ဖတ်သည်ထက် အသံထွက်ဖတ်ခြင်းဖြင့် ကဗျာရွတ်ဆိုရာတွင် အလုပ်တ၀က်ပြီးသလို ဖြစ်ရ၏။
အသံလွှင့်ရန် ကဗျာများကို ရွေးချယ်ရာ၌ ပထမပိုင်းတွင် ကာရန်ပါသည့် ကဗျာများကို ဖတ်လျှင် ရွတ်ဆိုရ ပိုမိုအဆင်ပြေသည်ဟု ထင်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာများကိုသာ ဦးစားပေးပြီး ရှာဖွေ ရွတ်ဆို၏။ သို့သော် ရွေးချယ်ထားသည့် အသံလွှင့်အစီအစဉ် ခေါင်းစဉ်က နိုင်ငံရေး နောက်ခံဖြင့် ပေးထားသဖြင့် နိုင်ငံရေး နောက်ခံရှိပြီး ကာရန်နှင့် ရေးဖွဲ့ထားသည့် ကဗျာများမှာ ရှာရဖွေရ ခက်ခဲလာခဲ့၏။ ထိုစဉ်က မိမိမှာ မာနယ်ပလောတွင် နေထိုင်သူ ဖြစ်သဖြင့်လည်း ပြည်တွင်းမှ ကဗျာပါသည့် စာအုပ်များကို ဆက်သွယ်ရယူရန်မှာ အခက်အခဲရှိ၏။ အခြေအနေက တောင်းဆိုသဖြင့် ကာရန်မပါဘဲ ရေးဖွဲ့သည့် ကဗျာများ၊ လွတ်လပ် ကာရန်စနစ်ဖြင့် ရေးဖွဲ့သည် ကဗျာများဖက်သို့ အလိုလိုဦးလှည့်ခဲ့ရ၏။ ထိုအခါ ကာရန်မဲ့ ကဗျာများမှာ ကာရန်နှင့်ရေးစပ်သည့် ကဗျာများထက် ပိုမိုအားစိုက်ရွတ်ဆိုရန် လိုအပ်ကြောင်း ထူးထူးခြားခြား သတိပြုမိလာရလေသည်။
ကာရန်မပါသည့် ကဗျာများကို ရွတ်ဆိုသည့်အခါ အသံအနိမ့်အမြင့်နှင့် အသံစီးဆင်းပုံ၏ ၀ိသေသကို ထိတွေ့ခွင့်ရ၏။ အသံအနိမ့်အမြင့်နှင့် အကွာအဝေး မတြာများမှာ ပုံမှန် ပုံသေမရှိသဖြင့် ကဗျာရွတ်ဆိုနေစဉ် အသက်ရှူနူန်းမှာလည်း ပုံမှန် ပုံသေထားပြီး အသက်ရှူလို့ မရနိုင်တော့။ ကာရန်နှင့် ရေးဖွဲ့သည့် ကဗျာများမှာမူ ကာရန် အမျိုးအစားအပေါ် မူတည်ပြီး အသက်ရှူမှု အပြင်း၊ အပေါ့ ကွာခြားသည်မှလွဲ၍ အသက်ရှူချိန်၊ ရှူနှုန်း တခုနှင့်တခု သိပ်ပြီးကွာဟမှု မရှိလှ၊ မသိသာလှ။ ကာရန်ပါသည့် ကဗျာများမှာ နရီကို ချိန်တွယ်ထား သလောက် ဖြစ်၏။ ထို့ကြောင့် ကာရန်ပါသည့် ကဗျာကိုရွတ်ဆိုလျှင် သီချင်းတပုဒ်ကို လူတိုင်းလိုက်ပြီး စည်းဝါးတီးသလို အထိုက်အလျောက် လွယ်ကူ၏။ ကာရန်မဲ့ ကဗျာများ၏ အသံတည်ဆောက်ပုံမှာမူ ပုံမှန်၊ ပုံသေမဟုတ်သဖြင့် ရွတ်ဆိုရာ၌ တမူထူးခြား သစ်လွင်နေလေသည်။
ကဗျာရွတ်ဆိုခြင်းပဲ ဖြစ်ပစေ၊ ကဗျာဖတ်သည်ပဲဖြစ်ပစေ ကဗျာကို သီချင်းဆိုသလို ရွတ်ဆိုခြင်းနှင့် ဇာတ် ဟန်၊ ဇာတ်သံနှင့် ရွတ်ဆိုခြင်းများကိုမူ ကျွန်တော် မနှစ်သက်မိပါ။
အသံလွှင့်ဌာနမှ တဆင့် ကဗျာရွတ်ခွင့်ရလာသောအခါ ဗြိတိသျှကဗျာဆရာကြီး ‘ဒီလန်တောမတ်စ်’ ကိုသတိရတတ်၏။ သူက အသံလွှင့် ဌာနမှတဆင့် ကဗျာတွေ အများကြီးရွတ်ဆိုသွားခဲ့သူဖြစ်သည်။ ထို့ပြင် အမေရိကန် ကဗျာဆရာများဖြစ်ကြသည့် “ရောဘတ်ဖရော့ခ်” နှင့် “မာယာအင်ဂျီလို (ယခုလတ်တလော လေးမှာ ကွယ်လွန်ခဲ့ရှာသူ)” တို့ကိုလည်း စိတ်ထဲ စွဲနေ၏။ သူတို့နှစ်ဦးက အမေရိကန် သမ္မတနှစ်ဦး၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲများတွင် တက်ရောက် ကဗျာ ရွတ်ဆိုဖို့ ဖိတ်ကြားခြင်းခံခဲ့ကြရသူများဖြစ်၏။ သူတို့တတွေ ဘယ်လို ကဗျာရွတ်သည်ကို မတွေ့မမြင်ဘူးသော် လည်း ကဗျာရွတ်သူများ ဖြစ်သည်ဟူသည့် အသိတခုတည်းနှင့်ပင် မိမိမှာ ရင်ခုန်လို့ မဆုံးချင်တော့။
လူမျိုးနှင့်ချီပြီး ကဗျာရွတ်ဆိုခြင်းနှင့် ကဗျာရွတ်ဆိုခြင်းကို နားထောင်သည့် အလေ့အကျင့်ရှိသူ များမှာ ရုရှားလူမျိုးများ ဖြစ်သည်ဟု ကြားဖူး၏။ ကဗျာဆရာ “မာယာကော်စကီး” နှင့် “ယက်ဖ်တူရှင်ကို” တို့၏ ကဗျာ ရွတ်ပွဲများကို ရုရှားလူမျိုး ထောင်သောင်းချီပြီး တက်ရောက် နားထောင်တတ်ကြ၏။ ကဗျာဆရာ “မာယာကော်စကီး” လူပုံအလယ်တွင် ကဗျာရွတ်နေပုံ သတင်းဓာတ်ပုံထဲတွင် တွေ့ဖူး၏။ သူတို့ ကဗျာရွတ်သံများကိုမူ မကြားဖူးသေး။
၁၉၉၈ ခုနှစ်လည်ပိုင်းက နော်ဝေနိုင်ငံမှ ထိုင်းနိုင်ငံသို့ အပြန် ရုရှားနိုင်ငံ၊ မော်စကို လေဆိပ်တွင် လေယာဉ်ပြောင်းစီးရန် (၅)နာရီမျှ ထိုင်စောင့်ခဲ့စဉ်က လေဆိပ်ထဲတွင် ရှိသည့် တိတ်ခွေနှင့် စီဒီခွေအရောင်း ဆိုင်များတွင် “မာယာကော်စကီး” နှင့် “ယက်ဖ်တူရှင်ကို” ကဗျာရွတ်ထားသည့် အသံသွင်း တိတ်ခွေများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့၊ မေးခဲ့ဖူး၏။ ရှာလို့မေးလို့မရခဲ့။
မိမိနိုင်ငံတွင်လည်း ကဗျာရွတ်ပွဲများ ကြိုးကြားကြိုးကြား ကျင်းပသည်ကို ကြားနေခဲ့ရ၏။ သို့သော် ကဗျာဆရာများနှင့် ကဗျာချစ်သူ အနည်းငယ်မျှသာ စုဝေးကြပြီး တယောက်တလှည့် ကဗျာရွတ်ဆိုကြခြင်း သာဖြစ်သည်။ အများပြည်သူ တက်ရောက် နားထောင်နိုင်သည့် အခွင့်အလမ်းနှင့် အလေ့အထကိုမူ ယခု အထိ မဖန်တီးနိုင်သေး။
ကဗျာရွတ်ဆိုခြင်း အလုပ်ကို ခုံမင် မိန်းမူးလာသဖြင့် ကဗျာရွတ်ပွဲများ ဖြစ်ပေါ်ရန်၊ လူပုံအလယ်တွင် ကဗျာရွတ်ခွင့်ရရန် ဖန်တီးချင်လာခဲ့၏။ ထို့ကြောင့် ကမ္ဘာ့ကဗျာနေ့ အပါအ၀င်၊ တခြား စာပေနှင့်နိုင်ငံရေး ဆိုင်ရာ အခမ်းအနားများတွင် ကဗျာတက်ရောက် ရွတ်ဆိုခွင့်ရရန် အခမ်းအနား ဦးစီးကျင်းပ သူများထံ ချဉ်းကပ် တောင်းဆိုမိ၏။
သက္ကရာဇ် ၂၀၀၀ ခုနှစ်မှ စတင်ကာ ကဗျာရွတ်ပွဲ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ပါရှိသည့် အခမ်းအနားများတွင် ကဗျာရွတ်ဆိုခွင့်ရလာခဲ့၏။ တချို့အခမ်းအနားများတွင်မူ မိမိကိုယ်တိုင်က မချဉ်းကပ်ဘဲ ကဗျာ တက်ရောက်ရွတ်ဆိုပေးပါရန် ဖိတ်ကြားခြင်း ကိုလက်ခံရရှိလာခဲ့၏။ ယခုအခါ အသံလွှင့်ဌာန အပါအ၀င် အခမ်းအနားပေါင်းစုံတွင် တက်ရောက်ရွတ်ဆိုခဲ့သည့် ကဗျာပုဒ်ရေ (၄၆၀) ကျော်ရှိခဲ့ပြီ။
ကဗျာရွတ် ဆိုခြင်းကြောင့် ရရှိလာသည့် အကျိုး ကျေးဇူးမှာ တွေးမိတိုင်း ပီတိဖြစ်ဖွယ် ကောင်းလှ၏။ ကဗျာရွတ်ဆိုခြင်းနှင့် ပတ်သက်ပြီး ရုရှား ကဗျာဆရာကျော် “ယက်ဖ်တူရှင်ကို” ပြောဖူးသည့် စကားမှာ မှတ်သားဖွယ်ဖြစ်၏။ သူက “ကဗျာရွတ်တာ နားထောင်ပြီး သူတိုင်း နားထောင်သူအဖြစ်မှ ကဗျာဖတ်သူအဖြစ်သို့ မလွဲမသွေရောက်ရှိ လာလိမ့် မယ်” ဟူ၍ ပြောဖူးလေသည်။
၂၀၀၆ ခု အောက်တိုဘာ လဆန်းပိုင်းတွင် RFA မှတဆင့် “လက်တဖက်ကို မြဲနေအောင် ကိုင်ထား” ကဗျာ ကို ကျွန်တော် ရွတ်ဆိုခဲ့၏။ နှစ်ရက်ခန့် ကြာသောအခါ တယ်လီဖုံး မြည်သံကြားလို့ ကောက်ကိုင်လိုက်စဉ် “လက်တဖက်က တယ်လီဖုံးကို မြဲနေအောင်ကိုင်ထား” ဟု တဖက်မှ ကြားလိုက်ရ၏။ တအံ့တသြ ဖြစ်နေစဉ် “အောင်ခင် လေဗျာ” ဟူသောအသံကိုပါကြားရ၏။ ကျွန်တော့် မှာ မဖော်ပြနိုင်လောက်အောင် ၀မ်းသာရသည်။ (၇)နှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် “ဒေါက်တာအောင်ခင်” ၏ အသံကို တယ်လီဖုံးထဲမှကြား လိုက်ရ၍ဖြစ်၏။ သူက RFAမှာ မိမိရွတ်ဆိုခဲ့သည့် ခေတ်ပေါ်ကဗျာ “လက်တဖက်ကို မြဲနေအောင် ကိုင်ထား” ကဗျာကို ရည်ညွှန်းပြောလိုက်ခြင်းဖြစ်၏။ တဆက်တည်းဆိုသလိုပင် “ဒေါက်တာအောင်ခင်” လို ကဗျာ နှင့်ဝေးနေသူအဖြစ် မိမိဘက်မှ ယူဆထားသူတဦးထံမှ “အဲဒီ ကဗျာက ကာရန်မပါဘူးဗျ၊ ခင်ဗျားမိုလို့ နားထောင် ကောင်းတာနဲ့ တူတယ်၊ တခြားလူဆိုရင် ပျက်သွားမှာ” ဟုအားပေးစကားကြားလိုက်ရ၏။ ယခု အခါ “ဒေါက်တာ အောင်ခင်” သည် ကဗျာနှင့်နီးလာနေပြီလော ဟု ပီတိဖြစ်မိသည်။
ကဗျာရွတ်သည့်အခါ ကဗျာရွတ်သံကိုနားထောင်သည့်အခါ ရွတ်ဆိုရင်း၊ နားထောင်ရင်း၊ ကဗျာရွတ်သူနှင့် ကဗျာနားထောင်သူ နှစ်ဦးစလုံး စရဏကို ထိန်းကာ လေ့ကျင့်သလို ဖြစ်သွားရ၏။ ပရဟိတ္တ ကိုထိတွေ့ရ၏။ ဗျာပါဒကိုစားသုံးမိသွား၏။ ၀ိမုတ္တိကို တခဏမျှရ၏။ ငြိမ်းချမ်းရေး၏ အခြေခံ ယဉ်ကျေးမှုရေး အုတ်မြစ် တခု ချလိုက်သလိုဖြစ်ရ၏။
နိုင်ဂျီးရီးယား စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ “ကင်ဆာရိုဝီဝါ” က အိုဂိုနီ လူမျိုးစုများအတွက် ဆောင်ပုဒ် တခုဖန်တီးပေးခဲ့သည်။ သူ့ဆောင်ပုဒ်က “ကကြ၊ ကကြ သေနတ်သံတွေ တိတ်သွားတဲ့ အထိကကြ” ဟူ၍ ဖြစ်သည်။ မိမိအနေနှင့်လည်း ကဗျာချစ်သူများအတွက် ဆောင်ပုဒ်တခု တင်ပြချင်နေသည်။ ယင်း ဆောင်ပုဒ်ကတော့ “ရွတ်ဆိုကြရွတ်ဆိုကြ သေနတ်သံတွေ တိတ်သွားတဲ့အထိ ကဗျာတွေ ရွတ်ကြ” ဟူ၍ ဖြစ်ပါသည်။
အခုလို ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုသံများ ကြားလာနေရသည့် အချိန်မျိုးတွင် ငြိမ်းချမ်းရေး၏ ယဉ်ကျေးမှု လက်နက်တခုဖြစ်သော ကဗျာရွတ်ဆိုခြင်းအမှုကို တနိုင်ငံလုံးအနှံ့ လိုက်လံ ရွတ်ဆိုခွင့်ရလျင် မည်မျှ ကောင်းမည်နည်းဟု တောင့်တမိသည်။ ထို့ပြင် မုဆိုးရာသီကုန်ဆုံးပြီး လေးသံ မြားသံများ ထာဝရ ရပ်စဲကာ တကမ္ဘာလုံးအနှံ့ ကဗျာရွတ်ပွဲများ ကျင်းပနိုင်လျှင် ကောင်းပေစွဟူ၍လည်း တောင့်တမိတော့၏။ ။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)