U Win Tin ကိုရာဇာ လူများ၊ ရုပ်ပုံလွှာများ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ကိုရာဇာ – ဦးဝင်းတင်နဲ့အာဏာရှင်များ (ဗိုလ်နေ၀င်း ၊ ဗိုလ်သန်းရွှေ )

ဦးဝင်းတင်နဲ့အာဏာရှင်များ (ဗိုလ်နေ၀င်း ၊ ဗိုလ်သန်းရွှေ )

ဦးဝင်းတင်နဲ့နေထိုင်ခြင်း

ကိုရာဇာ၊ ဇွန် ၁၂၊ ၂၀၁၄

    အဘဟာလူတကာကို ဦး….၊ဒေါ်….၊ကို….၊မ…အစရှိသဖြင့် တလေးတစားခေါ်ဝေါ်သုံးစွဲတာ လူတကာ ကြားဖူးနေကြကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်ထူးခြားစွာ ကျနော်သတိထားမိတဲ့ အကြောင်းအရာကတော့ အာဏာရှင်တွေနဲ့ပတ်သက်ပြီး အဲ့သလိုဂါရ၀စကားမပြောသလို ရင့်သီးစွာနာမည်အရင်းတိုင်းခေါ်ပြောတာလည်းမကြား ဖူးပါဘူး။ ကျနော့်စိတ်ထင်တော့ ဂါရ၀ထား လေးစားလောက်စရာမရှိသလို အဂါရ၀နဲ့သူတပါးကိုမနှိမ်ချချင်တဲ့ စိတ်ထားမျိုး ရှိနေဟန်တူပါတယ်။     သူ့ထက်အသက်အများကြီးကြီးတဲ့ ဦးနေ၀င်း…သူ့ထက်အသက်ငယ်တဲ့ သန်းရွှေ ခင်ညွန့်တို့ကိုလည်း ဗိုလ်တပ်ပြီးခေါ်ပါတယ်။ ဥပမာ..ဗိုလ်နေ၀င်း…ဗိုလ်သန်းရွှေ….ဗိုလ်ခင်ညွန့်အစရှိသဖြင့် ညွှန်းဆိုခေါ်ဝေါ်လေ့ရှိ တတ်ပါတယ်။ ဒီလိုလူတွေထဲမှာမှအဘက ဦးနေ၀င်းနဲ့ခေတ်ပြိုင်ဆိုရမှာပါ။ အဘရဲ့ခေတ်ဝန်ကိုထမ်း ခေတ်လမ်း ကိုလျှောက်ဆိုတဲ့ အဘအထ္ထုပ္ပတိကို အသံလွှင့်ဌာနတစ်ခုက အသံမြှင့်နေတဲ့ကာလမှာ အဘပြောတာကို ကျနော်သဘောမတူ သဘောမကျတာဖြစ်ရတာကို အဘကိုကျနော်ဝေဖန်ပါတယ်။

    အဲ့ဒါကတော့

    “ကျနော်ဗျာ … ဗိုလ်နေ၀င်းနဲ့တုန်းကလည်း ဟုတ်ကဲ့လိုက်တာပါပဲ…။ အခုဒေါ်အောင်ဆန်းစု ကြည်နဲ့ပြောတော့လည်း ဟုတ်ကဲ့လိုက်တာပါပဲ… ” ဆိုတဲ့စကားကို

    “အဘကအာဏာရှင်နဲ့ လူထုခေါင်းဆောင်ကို တတန်းတည်းထား ပြောစရာလား” ဆိုတော့အဘက ကျနော့်ကိုရှင်းပြပါတယ်။

    “ငါဆိုလိုနေတာက အခြေနေအချိန်အခါအရ တိုင်းပြည်ခေါင်းဆောင်နေတဲ့ ဗိုလ်နေ၀င်းကိုဆက်ဆံတာလည်း ဒီစိတ်ထား၊ ဒီသဘောထားပဲ။ အခု လက်ရှိလူထုကိုခေါင်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံတာလည်း ဒီစိတ်ထားဒီသဘောထားပဲ … လို့ ငါကဆိုလိုချင်တာပါကွ….။ အာဏာရှင်နဲ့ လူထုခေါင်းဆောင်ကိုတော့ ငါကကြမ်းတပြေးတည်းထား မဆက်ဆံ နိုင်ပါဘူး …”  လို့ပြေရာပြေကြောင်းပြန်ပြောပါတယ်။

    ကျနော်ကအဘနဲ့နှစ်ယောက်တည်းရှိတော့ ကျနော့်ဝေဖန်သံ အတော်လေးညံပြီး ပြင်းထန်သွားတာသတိရမိတယ်။ အဲ့တော့အဘအတွက်ပြေရာပြေကြောင်း စကားစ ပြန်ရှာ ပြီးပြောရတော့တာပေါ့။

    “အဘ … ဦးနေ၀င်းလက်ထက်က အဘကိုပြန်ကြားရေးဝန်ကြီးခန့်မယ့်အသံတွေ အတော်လေးကို ထန်တယ်နော် …” ဆိုတော့ အဘက ရယ်ပါတယ်။ ဒီတော့ အဘပြန်ပြောတဲ့ အာဏာရှင်စကား ကျနော်တို့ နား စွင့်ကြပါစို့ရဲ့လား။

    ” ဒီလိုကွ ဗိုလ်နေ၀င်းနဲ့ငါရင်းတယ် … ပြောရမယ်…။ မန်းလေး(မန္တလေး)ဟံသာဝတီထုတ်တုန်းပေါ့။ သူအထက်ဖက်တက်လာတော့မယ်ဆို ငါသုံးလေးရက်ကြိုသိပြီ… ။ ငါ့ကို ဗိုလ်စိန်လွင်ကဖုန်းဆက်ပြီ ၊ ဆရာ ဒီရက်ပိုင်းခရီးတွေ ဘာတွေထွက်စရာရှိရင် မသွားသေးပါနဲ့အုံး … ဆိုရင် ဗိုလ်နေ၀င်းမန္တလေးဖက်တက်လာမယ်ဆိုတာ ငါသိပြီ။  အဲ့တုန်းက ဗိုလ်စိန်လွင်ကတိုင်းမှူးကွ။ ငါနဲ့ဗိုလ်နေ၀င်းစကားပြောနေရင် ဘယ်ကောင်မှအနားမှာနေမရဘူး။ အဝေး ကြီးသွားနေရတာ။ အဲ့တော့ လူတွေကထင်ကုန်တာပေါ့ကွာ … ငါ့ကိုဗိုလ်နေ၀င်းက ရာထူးတစ်ခုခုပေးတော့မယ်လို့ ။ ဒီအကြောင်း စကားတောင်မစပ်ဖြစ်ပါဘူး။ သူ့မှာ အဲ့ဒီလိုစိတ်ကူးမရှိပါဘူး။ ငါ့ကို ရင်ဖွင့်တဲ့သဘောပဲ။ ဒီလူက တက္ကသိုလ်လည်းတက်ဖူးတယ်၊ သတင်းစာလည်းရောင်းဖူးတယ် … ဆိုတော့ အတော်များများ စာပေနဲ့ပတ်သက်လို့ဖြစ် ဖြစ် သတင်းကိစ္စပဲဖြစ်ဖြစ် ပြောနိုင်တယ်။ တခါတလေကျတော့လေည်း ပေါက်ပန်းလေးဆယ်ပြောတာတောင်ပါသေး။  ဥပမာကွာ… ကိုဝင်းတင် မိန်းမနဲ့ယောကျာ်း … ကျနော်တော့ တန်းတူမထားနိုင်ဘူး။ ခင်ဗျားအက္ခရာဝလိကိုပဲ ကြည့်၊ ဖိုနဲ့မမှာ … မ က အောက်မှာနေရတာဗျ….။ အဲ့သလို ဖရုသ၀ါစာတွေလည်းပြောတတ်တယ်။ ဒါပေမယ့် ဒီလူက သူ့ဟာသူ တော်တယ်ပြောရမယ်။ သူညောင်ဦးသွားတော့မယ်ဆိုပါတော့ကွာ။ ညောင်ဦးမှာတော်လှန်ရေးကာလ ဘယ်သူရှိသလဲ စုံစမ်းတယ်။ ဆင်းရဲနေတယ်ဆို အိမ်ဆောက်ပေး။ အချုပ်ကျနေတယ်ဆို အချုပ်ကလွတ်အောင် လုပ်။  စကားပြော အဲ့သလိုတော်တာကွ….။”

    ဦးနေ၀င်းဟာ နိုင်ငံရေးသမားတဖြစ်လဲ စစ်ဗိုလ်ဖြစ်လာတော့ … စောင့်ထိန်းရမယ့် သို့တည်းမဟုတ် လူတို့လိုက်နာရမယ့် စည်းမျည်းများကို လိုက်နာသလားတော့ စဉ်းစားစရာပါ။ ကျနော် ဘာသိဘာသာ မနေသာပဲနဲ့ လက်ရှိဗိုလ်သန်းရွှေကိုရော အဘအမြင်ဘယ်လိုများရှိသလည်း ဆိုတော့ …

    “ဒီငနဲအကြောင်း ငါကြားဖူးတာက … သူအရှေ့တောင်တိုင်းတိုင်းမှုးဘ၀မှာ ပထမဆုံးနဲ့ နောက်ဆုံးကြားဖူးတာပဲကွ…။ သူက အသံသိပ်မထွက်ဘူး။ ငါ့သူငယ်ချင်းတစ်ယောက်ကလည်း အရှေ့တောင်တိုင်းမှာ လ.၀.က တိုင်းမှုးဆိုတော့ သူ့အကြောင်း နည်းနည်းပါးပါးကြားဖူးတယ်။ ဒီလောက်ပဲကွ။ သူက အသံမထွက်တော့ သူ့အကြောင်း လူသိပ်မသိဘူးပေါ့ကွာ။ သူက ဆင်ကြံကြံနေတာနေမှာပေါ့…..။”

    “ဆင်ကြံကြံတာမဟုတ်ဘူး၊ အဘရေ ခြင်္သေ့ကြံ၊ တိရိစ္ဆာန်ကြံကြံသွားတာဗျ။” ဆိုတော့ … အဘကပေါ့ပေါ့ပါးပါး ရယ်ပါတယ်။

    “မင်းမှာ အဲ့သလိုဓာတ်ခံရှိတယ်။ အဲ့ဒါကို အကောင်းဖက်ပြောင်းပေးကွ။ အခြေနေအချိန်ခါလိုက် စကားလုံးသုံးစွဲတတ်တာ၊ ကာလဒေသလိုက်ပြီး ဆင်ခြင်နေတတ်တာ လူတွေအတွက် ကောင်းတယ်။ အထူးသဖြင့် မင်းတို့ ငါတို့လို နိုင်ငံရေးကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ပါဝင်ပတ်သက်နေရတဲ့လူတွေအဖို့တော့ ပိုကောင်းတာပေါ့ကွာ … ” တဲ့…။

    အာဏာရှင်တွေရဲ့ထူးခြားချက်ကို ကျနော်ထပ်ပြီး တူးဆွဖြစ်ပါတယ် ။

    “အဘရယ် … အာဏာရှင်တကာ့ အာဏာရှင်မှာ အဆိုးဆုံးတော့ စစ်အာဏာရှင်ထင်ပါရဲ့” ဆိုတော့

    “မထူးဘူး” တဲ့..။

    “အာဏာရှင်တွေဟာ သူတို့အတွက်သီးခြားသတ်မှတ်ထားတဲ့ စရိုက်လက္ခဏာတွေအတိုင်းနေတယ်။ ဘ၀င်မြင့်တယ်၊ ငါနဲ့ဘယ်သူနဲ့မှ မတန်ဘူးလို့ သတ်မှတ်တယ်။  ငါသာလျှင်အမှန်ဆုံး … ဆိုတာမျိုး တွေးထင်နေတတ်တယ်။ ငါ အာဏာရှင်စရိုက်လက္ခဏာတွေ သီးခြားပြုစုထားမလားလို့တောင် စဉ်းစားသေးတယ်။ မင်းက ဗိုလ်သန်းရွှေကိုပဲပြောနေတာကိုး။ ဟွန်ဆန် ဘယ်လိုလုပ်မလဲ။  အနောက်မှာဆို မင်းကြည့်ကွာ။ ဘာလူစကိုနီ … ရိုးရိုးအာဏာရှင်၊ စစ်အာဏာရှင်ခွဲနေစရာမလိုပါဘူးကွာ။ ငါတော့ ဘယ်နေရာဘယ်အဖွဲ့အစည်းက အာဏာရှင်မဆိုလက်မခံနိုင်ဘူးကွ။ အေး…အာဏာရှင်ချင်း မတူတာတစ်ခုတော့ရှိတယ်။ ဉာဏ်ပညာ စိတ်နေစိတ်ထား အစရှိသဖြင့်ပေါ့ကွာ။

    ဗိုလ်နေ၀င်းနဲ့ငါက အပေါ်ကပြောသလို … ပေါ့ပေါ့ပါးပါးစကားတွေပြောသလို၊ တခါတရံ အလေးအနက်တွေလည်းပြောတယ်။ တစ်ခါ ငါ့ကိုဘာပြောဖူးလည်းဆိုတော့ … ကိုဝင်းတင်တဲ့ … ရုရှဆိုတဲ့ကောင်တွေလည်းမကောင်းဘူး၊ တရုတ်လည်းအတူတူပဲ … တဲ့။ ရုရှကောင်တွေ ဘာပြောလည်းဆိုတော့ ဗမာပြည်အတွက်သူတို့ငါးဖမ်းစက်လှေတွေ ပေးပါ့မယ်၊ သူတို့ရေတပ်ကို အခုဘင်္ဂလားပင်လယ်အော်ဖက်မှာချထားခွင့်ပြုပါ ဆိုပြီးပြောတယ်။ တရုတ်ကလည်း အဲ့ဒီသဘောထားရှိတယ်။ ကျနော်စိတ်ဆိုးတယ်ဗျာ။ ဘယ့်နှယ့် ဒီနေရာပထ၀ီနိုင်ငံရေးအရ အလွန်အရေးပါတဲ့နေရာ။ အိန္ဒိယနဲ့ကျနော်တို့ ဘယ်လိုသွားပြီး ဆက်ဆံမလဲ။ အထူးသဖြင့် ကျနော်တို့တိုင်းပြည် မြေ၊ ရေ၊ လေပိုင်နက်သူများ အလွယ်တကူအကျူးကျော်မခံနိုင်ဘူး ဆိုပြီးပြောဖူးတယ်။ မင့်ဗိုလ်သန်းရွှေလုပ်ပေါက်ကတော့ … ကြည့်အုံးလေ၊ မြန်မာပြည်ရင်အုံခွဲ တရုတ်ကို ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်နဲ့ ဆက်ပေးလိုက်တဲ့လုပ်ရပ်ကိုကြည့်။ ဘယ်လောက်အမြော်မြင်နည်းသလဲ။  ဘယ်လောက်ထိ ဇာတိမြေပေါ် တန်ဖိုးထားသလဲ ဆိုတာ ပေါ်လွင် နေတာပဲလေ။ မင်းမှတ်ထား … အာဏာရှင် ဘယ်အာဏာရှင်မှမကောင်းဘူးကွ။ အေး… တစ်ခုပဲ။ အာဏာရှင်ချင်းတူတူ ကျန်တာတွေအကုန်တူမယ်၊ အသက်ရှုချင်းတော့ ကွဲနေပါလိမ့်မယ်ကွာ။ နောက်တစ်ခုက ဘာပြောပြော ဗိုလ်နေ၀င်းက ရဲဘော်သုံးကျိပ်၊ တို့ဗမာအစည်းရုံးဝင်အနေနဲ့ အသိမှတ်တခုခုပြုလို့ရသေးတယ်။ မင်းငနဲ ဗိုလ်သန်းရွှေက တိုင်းပြည်အတွက် ဘာမှ လုပ်ပေးခဲ့တာမဟုတ်ဘူးကွာ….” တဲ့။

    ကျနော်တို့ဗမာလူမျိုးတွေဟာ အဆိုးထဲကအကောင်းဆိုပြီး နောက်ဆုံး အကောင်းမြင်စိတ်ထား ထားတတ်ကြပါတယ်။ အခုလက်ရှိပဲ … အမှားကြီး အမှားသေးကျူးလွန်ခဲ့ကြတဲ့ အာဏာရှင်ကြီးငယ်စဉ်လိုက်တွေကများ …  စိတ်ကောင်းကလေးဝင် တိုင်းပြည်မျက်နှာ ပြန်မြင်ပြီး ကျနော်တို့ ထူးချွန်စွာ ကျူးလွန်ခဲ့ကြတဲ့ရက်စက်မှုတွေကို နားလည်ပေးကြပါ။ ကန်တော့ပွဲတင် တောင်းပန်ကြည့်လိုက်ပါ့လား။ ပြည်သူနဲ့တသားတည်းတောင် ပြန်ဖြစ်သွားအုံးမလားတောင် စိုးရိမ်နေရအုံးမယ်။ ဒါပေမယ့်အာဏာရှင်တွေဟာ တဘ၀စံ စိတ်ထားနဲ့ ငါတို့သာလျင် ဆိုတဲ့စိတ်ထားနေတုန်းဆိုတာ … သူတို့ပြောနေဆိုနေတာ သိသာပါတယ်။ ကျနော်အားလုံးကိုသတိပေးချင်ပါတယ် … လူဆိုတာ တစ်နေ့နေ့မှာသေမှာ။ လူလို သူလို သေရတဲ့အာဏာရှင်ဆိုတာ နည်းပါတယ် ….. ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts