သတင်းဆောင်းပါး အောင်ဒင်

Aung Din – မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (အပိုင်း ၄)

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆၊ ဧပြီ ၁၊ ၂၀၁၄)
 
 
 
မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (အပိုင်း ၄)
အစိုးရ၏ အခန်းကဏ္ဏဆိုင်ရာ မူဝါဒ
 
အောင်ဒင်၊ ဧပြီ ၄၊ ၂၀၁၄
အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီး နှစ်ခုရှိပါတယ်၊ ရီပတ်ဘလီကန်ပါတီ (Republican Party) နဲ့ ဒီမိုကရက်တစ်ပါတီ (Democratic Party) တို့ဖြစ်ကြပါတယ်၊ ဒီပါတီကြီး နှစ်ခုကပဲ ရွေးကောက်ပွဲတွေမှာ အောက်လွှတ်တော်လူများစုပါတီ၊ အထက်လွှတ်တော်လူများစုပါတီ နဲ့ သမ္မတရာထူးတွေကို တစ်လှည့်တစ်ပြန်စီအနိုင်ရပြီး အမေရိကန်ပြည်ထောင်စုကို ဦးဆောင်မောင်းနှင်နေကြတာပါ၊ ဒီပါတီကြီးနှစ်ခုမှာ ကိုယ်ပိုင် နိုင်ငံတော်တည်ဆောက်ရေး အခြေခံအတွေးအခေါ်များ (Political Ideology Platform) ရှိကြပြီး အာဏာရပါတီက သူ့ပါတီ လက်ခံယုံကြည်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေနဲ့ အစိုးရယန္တရားကို မောင်းနှင်အကောင်အထည်ဖော်ဖို့ ကြိုးစားသလို အတိုက်အခံပါတီက သူတို့ယုံကြည်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို အခြေခံပြီး အာဏာရပါတီကို စောင့်ကြည့် ဝေဘန်ပါတယ်၊ ဒီပါတီကြီးနှစ်ခုရဲ့ နိုင်ငံတော်တည်ဆောက်ရေးအခြေခံမူဝါဒတွေကို နှိုင်းယှဉ်သုံးသပ်ပြီး မြန်မာနိုင်ငံအတွက် သင့်တော်မည့် မူဝါဒတွေကို အကြံပြုချင်ပါတယ်၊
#သေးငယ်သော အစိုးရ (Small Government)၊ ကြီးမားသောအစိုးရ (Big Government)

ပါတီကြီးနှစ်ခုကြား အဓိကခြားနားတဲ့ အတွေးအခေါ်က အစိုးရရဲ့ အရွယ်အစားနဲ့ အစိုးရအာဏာရဲ့ အတိုင်းအတာပဲဖြစ်ပါတယ်၊

 

ရီပတ်ဘလီကန်ပါတီရဲ့ မူဝါဒက သေးငယ်သောအစိုးရ (Small Government) နှင့်အစိုးရ၏ စွက်ဖက်မှု နည်းနိုင်သမျှနည်းရေး (Less Government Intervention) ဖြစ်ပါတယ်၊ ရီပတ်ဘလီကန်ပါတီက လူ့အဖွဲ့အစည်းတွင်းမှာ နေထိုင်တဲ့ လူတိုင်းလူတိုင်းဟာ သူတို့ဘဝအတွက် သူတို့ကိုယ်တိုင်တာဝန်ရှိတယ်လို့ ယူဆပါတယ်၊ အစိုးရရဲ့ အခန်းကဏ္ဏက လူတိုင်းလူတိုင်းမှာ လူ့အဖွဲ့အစည်းအတွင်းက အကျိုးစီးပွါးတွေကို သူတို့ဘဝအတွက်၊ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုအတွက် သူတို့ကိုယ်တိုင် ရယူပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေရှိအောင်ကူညီဖို့သာဖြစ်တယ်၊ ဒီလူတွေကပဲ လူ့အဖွဲ့အစည်းတွင်းက သူတို့ကိုယ်သူတို့ တာဝန်မယူနိုင်သူတွေကို ကူညီဖို့တာဝန်ရှိတယ်လို့ ဆိုပါတယ်၊ ဒါကြောင့်မို့ အစိုးရရဲ့ အခန်းကဏ္ဏကို လူတစ်ဦးချင်းစီရဲ့ ဘဝထဲ ဝင်ရောက်စွက်ဖက်တဲ့အထိ မရောက်အောင် ကန့်သတ်ရမယ်၊ အစိုးရရဲ့ စွက်ဖက်မှုနည်းလေလေ၊ လူတစ်ဦးချင်းစီရဲ့ အတွက် အခွင့်အလမ်းတွေ ပိုပွင့်လေလေ၊ ကြီးပွါးမှု၊ တိုးတက်မှုပိုများလေလေ ဖြစ်တယ်လို့ ယုံကြည်ပါတယ်၊ အစိုးရဟာ လူ့အဖွဲ့အစည်းအနေနဲ့၊ လူတစ်ဦးချင်းစီအနေနဲ့ ထိရောက်စွာ တာဝန်မယူနိုင်တဲ့ အရေးကိစ္စများကိုသာ စီမံခန့်ခွဲရမယ်၊ လူတစ်ဦးချင်းစီရဲ့ ကံကြမ္မာဟာ လူတစ်ဦးချင်းစီရဲ့ လက်ထဲမှာပဲ ရှိတာမို့ အစိုးရရဲ့ အာဏာနဲ့ အရင်းအမြစ်တွေကို လူတစ်ဦးချင်းစီထံ တိုက်ရိုက်မသက်ရောက်စေပဲ သက်ဆိုင်ရာ ပြည်နယ်ကိုယ်စားလှယ်များ၊ အသိုင်းအဝိုင်းခေါင်းဆောင်များကတဆင့်ပဲ သက်ရောက်စေရမယ်လို့ ယုံကြည်ပါတယ်၊ ဒါကြောင့်မို့ ရီပတ်ဘလီကန်ပါတီက အစိုးရအာဏာရတဲ့အခါ အစိုးရအဖွဲ့ကို တတ်နိုင်သမျှသေးငယ်အောင် ဖွဲ့စည်းပြီး အစိုးရရဲ့အာဏာကိုလည်း လိုအပ်သလို ကန့်သတ်ပါတယ်၊

 

ဒီမိုကရက်တစ်ပါတီကတော့ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားတိုင်းအတွက်၊ တစ်ဦးချင်းတစ်ယောက်ချင်းစီအတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်၊ အဲဒီလို တစ်ဦးချင်းစီကို တာဝန်ယူနိုင်ဖို့ လိုအပ်မယ်ဆိုရင် တစ်ဦးချင်းစီရဲ့ အခွင့်အရေး (Individual Rights) တွေကို စွန့်လွှတ်ရမယ်၊ လွတ်လပ်တဲ့အဖွဲအစည်းတွေ၊ လွတ်လပ်တဲ့ ဦးဆောင်ဦးရွက်ပြုမှုတွေကို အစိုးရလက်အောက်ခံဖြစ်အောင် လုပ်ရမယ်လို့ ယုံကြည်ပါတယ်၊ ဒီမိုကရက်တစ်ပါတီက နိုင်ငံတော်အာဏာကို ပြည်ထောင်စုအစိုးရလက်ထဲမှာ များနိုင်သမျှများအောင် ကိုင်တွယ်ထားချင်ပါတယ် ၊ ဒေသဆိုင်ရာပြဿနာတွေ၊ အသင်းအဖွဲ့ဆိုင်ရာအရေးကိစ္စတွေကို ဒီအတိုင်းလွှတ်မထားပဲ ပြည်ထောင်စုအစိုးရက ဝင်ရောက်ဖြေရှင်းပေးရမယ်လို့ ယုံကြည်ပါတယ်၊ ဒါကြောင့်မို့ အစိုးရအဖွဲ့ကို ကြီးကြီးမားမားဖွဲ့စည်းပြီး (Big Government) စည်းမျဉ်းစည်းကမ်းတွေ၊ (Rules and Regulations) အမိန့်တွေထုတ်ပြန်လို့ ပြည်ထောင်စုအစိုးရရဲ့ အာဏာကို နေရာအနှံ့ချဲ့ထွင်ပါတယ် (More Government Intervention) ၊

 

 

 

#မြန်မာနိုင်ငံအတွက် သေးငယ်သော အစိုးရ

 

ကျနော်တို့ မြန်မာနိုင်ငံအတွက်လိုအပ်တာကတော့ သေးငယ်သောအစိုးရဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်၊ လူထုရဲ့ဘဝကို၊ လူတစ်ဦးချင်းစီရဲ့ အရေးကို ဝင်ရောက်စွက်ဖက်မှု နည်းနိုင်သမျှနည်းတဲ့ အစိုးရမျိုးမှသာ အပြောင်းအလဲကာလမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်၊ သေးငယ်သော အစိုးရဖြစ်မှသာ တိုင်းပြည်ဘဏ္ဏာထဲက အစိုးရအဖွဲ့ရဲ့ ကုန်ကျစားရိတ်ကို လျှော့ချနိုင်ပြီး ပြည်သူလူထုအတွက် ပိုပြီးသုံးစွဲနိုင်မှာပါ၊

လက်ရှိ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရကတော့ အင်မတန်ကြီးမားတဲ့ အစိုးရဖြစ်ပါတယ်၊ သမ္မတ (၁) ဦး၊ ဒုသမ္မတ (၂) ဦး၊ ပြည်ထောင်စုဝန်ကြီး (၃၆) ဦး၊ ဒုဝန်ကြီး (၆၁) ဦး၊ ရှေ့နေချုပ် (၁) ဦး၊ ဒုရှေ့နေချုပ် (၁) ဦး၊ စုစုပေါင်း (၁၀၄) ဦး ပါဝင်ပါတယ်၊ ဒုဝန်ကြီး (၂) ဦးရှိတဲ့ ဝန်ကြီးဋ္ဌာနပေါင်း (၂၇) ခုရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာနဆိုရင် ဒုဝန်ကြီး (၃) ဦးတောင်မှ ခန့်ထားပါတယ်၊ သမ္မတရဲ့ လစာက တစ်လကို ကျပ် သိန်းငါးဆယ်ဖြစ်ပြီး ဒုသမ္မတလစာက တစ်လကို ကျပ် သိန်းလေးဆယ်ဖြစ်ပါတယ်၊ ပြည်ထောင်စုဝန်ကြီးနဲ့ ရှေ့နေချုပ်လစာက တစ်လကို ကျပ်သိန်း ၃၀ ဖြစ်ပြီး ဒုတိယဝန်ကြီးနဲ့ ဒုရှေ့နေချုပ်လစာက တစ်လကို ကျပ် သိန်းနှစ်ဆယ်ဖြစ်ပါတယ်၊ အစိုးရအဖွဲ့ဝင် (၁၀၄) ဦးအတွက် လစာတင် တစ်နှစ်ကို ကျပ်သန်းပေါင်းသုံးထောင်နီးပါး (ကျပ် သန်းထောင်ပေါင်း ၂၉၇၆) တိုင်းပြည်ဘဏ္ဏာထဲက သုံးစွဲနေရပါတယ်၊

 

ဒါတင်မကသေးပါ၊ အစိုးရအဖွဲ့ဝင်များအတွက် နေအိမ်၊ ကား၊ ကားမောင်းသူ၊ သန့်ရှင်းရေး၊ ထမင်းချက်၊ ဝတ်စုံ၊ ဧည့်ခံစားရိတ်၊ လုံခြုံရေးအစောင့်အရှောက် စတဲ့ အဆောင်အယောင်တွေ၊ ကိုယ်ရေးအရာရှိ၊ ရုံးအဖွဲ့၊ အကြံပေးပုဂ္ဂိုလ်များ စတဲ့ အထောက်အကူပြုဝန်ထမ်းတွေရဲ့ လစာနဲ့ အသုံးစားရိတ်တွေပါထည့်ပေါင်းရင် အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာလစာက ကျပ်သန်းပေါင်း ငါးထောင်ကျော်မယ်ထင်ပါတယ်၊ ဒါ ဝန်ကြီးဋ္ဌာနများရဲ့ လစာနဲ့အသုံးစားရိတ်မပါဝင်ပါ၊

ဝန်ကြီးဋ္ဌာနပေါင်း (၃၆) ခုမှာ သမ္မတရုံးဝန်ကြီးဋ္ဌာန (၆) ခုနဲ့ ရေးရာဝန်ကြီးဋ္ဌာန (၃၀) ရှိပါတယ်၊ ဝန်ကြီးဋ္ဌာနတွေ ဒီလောက်များတာမို့ အစိုးရထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း အလွန်များပြားပြီး အစိုးရရဲ့ ပြည်သူလူထုဘဝထဲ ဝင်ရောက်စွက်ဖက်မှုကလည်း အင်မတန်များပြားလှပါတယ်၊ ဒါကြောင့်မို့ ကိုယ့်အိမ်ကနေ ရပ်ကွက်ခြားတဲ့ ကိုယ့်မိဘအိမ်မှာ တစ်ညတစ်လေသွားအိပ်ရင်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်နေရတာပါ၊ ဒေသဆိုင်ရာ သတင်းစာစောင်ကလေးထုတ်ချင်ရင်တောင် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှာ ခွင့်ပြုချက်တောင်းနေရတာပါ၊ ရထားလက်မှတ်ဝယ်ရင် နိုင်ငံသားကဒ်ပြနေရတာပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းခံနေရတာပါ၊

ပြည်ထောင်စုဝန်ကြီးဋ္ဌာနပေါင်း (၃၀) တောင် ဖွဲ့စည်းထားတာ အံ့ဩစရာပါ၊

 

ဒီမိုကရေစီနိုင်ငံ၊ ဈေးကွက်စီးပွါးရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ  ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ သမဝါယမဝန်ကြီးဋ္ဌာန တွေရှိကိုမရှိသင့်ပါ၊ အလားတူပဲ ပြည်ထောင်စုစနစ်ကို စစ်စစ်မှန်မှန်ကျင့်သုံးမယ်ဆိုရင် ဒေသန္တရအုပ်ချုပ်ရေးနဲ့ လုံခြုံရေး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများကိုင်တွယ်ကျင့်သုံးရမည့် အာဏာတွေဖြစ်လို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနတွေ ပြည်ထောင်စုအစိုးရအဖွဲ့မှာ မပါဝင်သင့်ပါ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုတာ လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းဋ္ဌာနတွေနဲ့ ပေါင်းပြီး ဝန်ကြီးဋ္ဌာန တစ်ခုတည်းဖြစ်သင့်ပါတယ်၊ အားကစားဆိုတာ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ လက်အောက်မှာပဲ ရှိသင့်ပါတယ်၊ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနဆိုတာရှိပြီးမှတော့ ရထားပို့ဆောင်ရေးကို သီးခြားဝန်ကြီးဋ္ဌာနအဖြစ် မဖွဲ့စည်းပဲ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန လက်အောက်မှာပဲ ထားသင့်ပါတယ်၊

 

“ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဋ္ဌာန” နဲ့ “သိပ္ပံနှင့် နည်းပညာဝန်ကြီးဋ္ဌာန” ဆိုပြီး ဝန်ကြီးဋ္ဌာန နှစ်ခု သီးခြားတည်ရှိဖို့မလိုအပ်ပါ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာနနဲ့ စွမ်းအင်ဝန်ကြီးဋ္ဌာနဆိုပြီး ဝန်ကြီးဋ္ဌာန နှစ်ခု သီးခြားဖွဲ့စည်းဖို့ မလိုအပ်ပါ၊

အဲဒီလို ဝန်ကြီးဋ္ဌာနတွေ ဖောင်းပွနေတဲ့ကြားက အဲဒီဝန်ကြီးဋ္ဌာနများကို တဆင့်ခံ ကွပ်ကဲဖို့ဆိုပြီး သမ္မတရုံးဝန်ကြီးဋ္ဌာန (၆) ခု ထပ်မံဖွဲ့စည်းထား ပြန်ပါသေးတယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အောက်မှာ ဒုဗိုလ်ချုပ်ကြီးများအတွက် အထူးစစ်ဆင်ရေးအဖွဲ့မှူးရာထူးများ တီထွင်ဖန်တီးပြီး တပ်မတွေကို ခွဲဝေအုပ်ချုပ်စေတဲ့ ပုံစံမျိုးပါ၊ အဲဒီလို သမ္မတအပေါ် သစ္စာရှိသူများကို ဆုချဖို့ ဋ္ဌာနအသစ်တွေ တီထွင်ဖန်တီးရင်း သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဟာ အင်မတန် ဖောင်းပွနေပါတယ်၊ အစိုးရအဖွဲ့ကြီး ကြီးမားလွန်းတော့ အစိုးရအဖွဲ့အသုံးစားရိတ်ပိုမိုများပြားပြီး ပြည်သူလူထုရဲ့ နေ့စဉ်ဘဝအတွင်း ဝင်ရောက်စွက်ဖက်မှုက ပိုပြီးကြီးမားပါတယ်၊ ဒါကိုပဲ အစိုးရက ဒီမိုကရေစီလို့ ခေါ်ရင် အကြီးအကျယ်မှားနေပါပြီ၊

 

#လူ့အခွင့်အရေးချိုးဖောက်မှု၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများ

 

အစိုးရအဖွဲ့က ကြီးမားလွန်းပြီး ဋ္ဌာနတိုင်းက စည်းမျဉ်းစည်းကမ်းတွေ၊ နည်းဥပဒေတွေထုတ်ပြန်ပြီး လူထုဘဝကို စီမံခန့်ခွဲနေကြတော့ ပြည်သူလူထုရဲ့ အခြေအခံအခွင့်အရေးတွေ ချိုးဖောက်ခံရပါတယ်၊ အခြေခံလွတ်လပ်ခွင့်တွေ တားဆီးပိတ်ပင်ခံရပါတယ်၊ နိုင်ငံသားတွေမှာ မွေးဖွားတာကနေ သေဆုံးတဲ့အထိ ဘာပဲလုပ်လုပ် အစိုးရအာဏာပိုင်များရဲ့ ခွင့်ပြုချက်၊ ထောက်ခံချက်တွေရမှ ဆောင်ရွက်နိုင်ကြတော့ သူတို့ဘဝရဲ့ တိုးတက်မှု အခွင့်အလမ်းတွေကို ပိတ်ဆို့ထားသလိုဖြစ်ပါတယ်၊ အင်မတန် စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ ကျောင်းက ကျောင်းသားလေးတွေလို ဖြစ်နေရပါတယ်၊ ခွင့်ပြုချက်မရပဲ၊ ထောက်ခံချက်မယူပဲ ကိုယ်လုပ်ချင်ရာကို လုပ်မယ်ဆိုရင်လည်း အပြစ်ပေးခံရဦးမှာပါ၊

 

စည်းမျဉ်းစည်းကမ်းတွေကို ကိုင်တွယ်ပြီး လူထုဘဝကို စွက်ဖက်နိုင်ခွင့်ရှိတဲ့ အစိုးရအရာထမ်း၊ အမှုထမ်းများမှာလည်း အာဏာကို အလွဲသုံးခွင့်ရနေပါတယ်၊ ဗျူရိုကရေစီ ယန္တရားကြီးက ကြီးမားလွန်းတော့ အမှုကိစ္စတစ်ခုကို စားပွဲတစ်လုံးကနေ နောက်တစ်လုံးကို၊ ဋ္ဌာနတစ်ခုကနေ နောက်တစ်ခုကို အဆင့်ဆင့်လွှဲပြောင်းရင်း အချိန်တွေကြန့်ကြာပါတယ်၊ အဲဒီတော့ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်ဖြစ်စေဖို့ နည်းလမ်းရှာရင်း လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်လာပါတယ်၊ တစ်ခါ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေထဲမှာလည်း ဝင်ငွေကောင်းတဲ့ ဋ္ဌာနကို ပြောင်းခွင့်ရဖို့၊ ဝင်ငွေကောင်းတဲ့နေရာက မပြောင်းရွှေ့ရဖို့၊ ပိုပြီးမြင့်တဲ့ ရာထူးကို ရဖို့၊ အဆင့်မြင့်အရာရှိတွေကို အဆင့်ဆင့်လာဘ်ထိုးရင်း အကျင့်ပျက်ချစားမှုတွေ ဖြစ်ပေါ်ပါတယ်၊ ဒါဟာဖြင့် ကြီးမားသော အစိုးရဖွဲ့စည်းမှုရဲ့ ဆိုးကျိုးတွေပါ၊

 

နှိုင်းယှဉ်ပြီးပြောရရင် ၂၀၁၄ ခုနှစ်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ရှေ့နေချုပ်၊ ဒုရှေ့နေချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် (၄၁) ဦးပဲရှိပါတယ်၊ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ရှေ့နေချုပ်၊ ဒုရှေ့နေချုပ်ပါဝင်တဲ့ အစိုးရအဖွဲ့ဝင် (၄၂) ဦးပဲ ရှိပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ရှေ့နေချုပ်၊ ဒုရှေ့နေချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် (၃၅) ဦးပဲရှိပါတယ်၊

 

အမေရိကန်ပြည်ထောင်စုက ကြွယ်ချမ်းသာတဲ့ တိုင်းပြည်မို့ ကြီးမားတဲ့အစိုးရအဖွဲ့ဖြစ်ရင်လည်း အစိုးရအဖွဲ့အတွက်ကုန်ကျစားရိတ်ကို ဘယ်လောက်ပဲများများ အကုန်အကျခံနိုင်ပါတယ်၊ အခွန်ထမ်းပြည်သူတွေကို သိပ်ပြီးမထိခိုက်လှပါ၊ ဒါပေမည့် မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံမှာတော့ ကြီးမားတဲ့အစိုးရဖွဲ့ပြီး တိုင်းပြည်ဘဏ္ဏာရဲ့ ကြီးမားတဲ့အစိတ်အပိုင်းကို မဖြုံးတီးသင့်ပါ၊ မြန်မာနိုင်ငံမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုက အလွန်ကြီးမားပြီး လူလတ်တန်းစားပျောက်ဆုံးနေပါတယ်၊ အလွန်ချမ်းသာသူ အနည်းငယ်က (လူဦးရေစုစုပေါင်းရဲ့ တစ်ရာခိုင်နှုံးလောက်က) တိုင်းပြည်ရဲ့ စီးပွါးရေးကို ချုပ်ကိုင်ချယ်လှယ်နေပြီး အလွန်ဆင်းရဲသူများ သန်းပေါင်းများစွာ (လူဦးရေစုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုံး) က မြေမဲ့၊ ယာမဲ့၊ နေအိမ်မဲ့ဘဝနဲ့ ဆင်းရဲတွင်း နက်နေကြရတာပါ၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နည်းဗျူဟာတွေ ရေးဆွဲဆောင်ရွက်နေသလို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နိုင်ငံတကာအထောက်အပံ့တွေလည်း ရရှိနေပါတယ်၊ ဒါပေမည့်လည်း အမှန်တကယ် ဆင်းရဲသူ သန်းပေါင်းများစွာကတော့ ဒီကနေ့အထိ ဆင်းရဲတွင်းထဲက ရုံးမထွက်နိုင်ကြသေးပါ၊ မြေမဲ့၊ ယာမဲ့၊ နေအိမ်မဲ့ဘဝက မလွတ်မြောက်နိုင်ကြသေးပါ၊ အစိုးရအဖွဲ့ကို ကျစ်ကျစ်လစ်လစ်နဲ့ သေးငယ်အောင် လျှော့ချဖွဲ့စည်းပြီး အစိုးရအဖွဲ့ လစာနဲ့ အဆောင်အယောင်၊ အထောက်အကူပြုဝန်ထမ်းများအတွက် အသုံးစားရိတ်တွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ရင်ဖြင့် ဆင်းရဲနွမ်းပါးသူများကို ကူညီဖို့ ငွေကြေးတွေ ပိုမိုထွက်ပေါ်လာမှာပါ၊ အစိုးရရဲ့ လူထုဘဝထဲ စွက်ဖက်မှုတွေကို လျှော့ချနိုင်မှ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ချစားမှု၊ အာဏာအလွဲသုံးမှုတွေကို ထိထိရောက်ရောက်တားဆီးနိုင်မှာပါ

 

အောင်ဒင်
မတ်လ (၂)၊ ၂၀၁၄

 

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆၊ ဧပြီ ၁၊ ၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts