သတင်းပဒေသာ

မြန်မာဂျာနယ်လစ်နက်ဝပ်က အီလဲဗင်းသတင်းထောက် ထောင်ချခံရမှုအတွက် ဆန္ဒထုတ်ဖော်မည်

 

  မြန်မာဂျာနယ်လစ်နက်ဝပ်က ဆန္ဒထုတ်ဖော်မည်

 မိုးမခအထောက်တော် (ရန်ကုန်)၊ ဇန်န၀ါရီ ၇၊ ၂၀၁၄

အီလဲဗင်းဂျာနယ်သတင်းထောက် နော်ခိုင်ခိုင်အေးချို လွိုင်ကော်တွင် ဖမ်းဆီး ထောင်ချခံရခြင်းသည် သတင်းရယူခွင့် ခြိမ်းခြောက်ခံရခြင်းနှင့် မတရားသည့် စီရင်ချက်ဖြစ်သည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုတရပ် ယနေ့နေ့ခင်းတွင် ဖော်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ယက်က ထုတ်ပြန်လိုက်သည်။

၎င်းတို့ ထုတ်ပြန်သော ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

သတင်းရယူခွင့် ခြိမ်းခြောက်ခံရခြင်းနှင့် မျှတမှုမရှိသည့် တရားစီရင်ချက်အတွက် ဆန္ဒထုတ်ဖေါ်ခြင်း

နေ့စွဲ ဇန်န၀ါရီ ၇ ရက် ၂၀၁၄ 

အမျိုးသမီး သတင်းထောက် တဦးဖြစ်သည့် မခိုင် ခေါ် နော်ခိုင်ခိုင်အေးချို အပေါ် လွိုင်ကော်မြို့နယ် တရားရုံးက ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၅ လ (တစ်ပေါင်းတည်း ခံစားခွင့်အရ ၃ လ)  ချမှတ်ခဲ့ခြင်းသည် သတင်းရယူခွင့်ကို ခြိမ်းခြောက်ခြင်း တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးအပေါ် မျှတမှု မရှိသည့် တရားစီရင်မှု တစ်ရပ်လည်း ဖြစ်ပါသည်။

နယ်သတင်းထောက်တစ်ဦးဖြစ်သူ မခိုင် သတင်းယူရန်အတွက် တရားလို၏ နေအိမ်သို့ သွားရောက်ခဲ့ရာတွင် သတင်းထောက် ဖြစ်ကြောင်း ကြိုတင် အသိမပေးခဲ့ခြင်း ကဲ့သို့သော  ဝေဘန်မှုများ ရှိနိုင်သော်လည်း ယင်းသို့ ပြုမူခဲ့ခြင်းကြောင့် ပိုင်နက်ကျူးလွန်မှု ကျူးလွန်သည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းမှာ တရားမျှတမှုမရှိသည့် စီရင်ချက် တစ်ရပ်ဖြစ်သည်ဟု  မြန်မာဂျာနယ်လစ်ကွန်ရက်မှ ယူဆပါသည်။

သတင်းထောက် တဦး သတင်းရယူသည့် ဖြစ်စဉ်ကို လွိုင်ကော်မြို့နယ်တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် အခြားသော နေရာများတွင် သတင်းအလုပ်လုပ်ကိုင်လျှက်ရှိသည့်  သတင်းထောက်များအဖို့ လွတ်လပ်စွာ သတင်းရယူခွင့် ချိုးဖောက်ခံရပြီး ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

ဥပဒေကျွမ်းကျင်သူများက ယခုအဖြစ်အပျက်ကို သုံးသပ်ရာတွင် ယခုချမှတ်ခံရသည့် ပုဒ်မများဖြင့် ထောင်ဒဏ်ကျခံရသည့် ဖြစ်ရပ်မျိုး အလွန်နည်းပါးပြီး ယခုအဖြစ်အပျက်တွင် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းသည် အုပ်ချုပ်ရေး အာဏာပိုင်များ၏ ပယောဂ သော်လည်းကောင်း၊ တရားသူကြီး၏ အဂတိကြောင့် သော်လည်းကောင်း ဖြစ်နိုင်သည်ဟု  မှတ်ချက်ချခဲ့ကြသည်။

ထို့ကြောင့် ယင်းပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ပေးရန်၊ မြန်မာဂျာနယ်လစ်ကွန်ရက်က ပေးစာတစ်စောင်ကို သက်ဆိုင်ရာ တရားစီရင်ရေး အဖွဲ့အစည်းများထံသို့ ပြစ်ဒဏ်ချမှတ်ပြီး ရက်အနည်းငယ်အကြာ ဒီဇင်ဘာ ၂၁ရက်နေ့က ပေးပို့ခဲ့သည်။

ထိုသို့ စာပေးပို့ပြီး ၁၀ ရက်ကျော်လာသည်အထိ  သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသဖြင့် ယခုလို ဆန္ဒထုတ်ဖေါ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

ဆန္ဒပြရန် ဆုံးဖြတ်ရသည့် ရည်ရွယ်ချက်မှာ သတင်းမီဒီယာ သမားများ သတင်းရယူစဉ်တွင် ယခုဖြစ်ရပ်ကဲ့သို့ ရာဇ၀တ်မှု ပုဒ်မများဖြင့် အရေးယူ အပြစ်ပေးခြင်းမပြုရန်၊ တည်ဆဲဥပဒေများကို အသုံးပြုပြီး သတင်းသမားများ အပေါ်ခြိမ်းခြောက်မှု မပြုနိုင်စေရန်၊ နောက်နောင် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားပါက ယခုဖြစ်ရပ်ကို ကိုးကားကာ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် အပြစ်ပေးမခံရစေရန် ရည်ရွယ်ပြုလုပ်ခြင်းလည်း ဖြစ်သည်။

ယခုဆန္ဒပြခြင်းမှာ မည်သည့် သတင်းဋ္ဌာနအတွက်မှ မဟုတ်ပါ။  သတင်းထောက် မခိုင် တစ်ဦးတည်း အတွက်လည်း မဟုတ်ပါ။ သတင်းထောက်များ အားလုံး၏ သတင်းရယူခွင့် အတွက်သာဖြစ်ပါသည်။   သတင်းထောက်က သတင်းအလုပ်လုပ်ဆောင်မှုကို ခြိမ်းခြောက်ခဲ့ခြင်းအပေါ် မြန်မာဂျာနယ်လစ်ကွန်ရက် နှင့် အခြားသောသတင်းထောက်များ အနေဖြင့် လက်မခံပဲ ပြင်းထန်စွာကန့်ကွက်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်၊ တရားစီရင်ရေးမဏ္ဍိုင်မှ သိရှိစေရန် ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သတင်းထောက် တစ်ဦးဖြစ်သည့် မခိုင်အနေဖြင့် မျှတသည့် တရားစီရင်မှု ရပိုင်ခွင့် ရှိသလို သာမန် အရပ်သားတစ်ဦး၊ နိုင်ငံသား တစ်ဦးချင်းစီတွင်လည်း မျှတသည့် တရားစီရင်မှုကို ရပိုင်ခွင့် ရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်က အလေးအနက် ခံယူထားပါသည်။

သတင်းထောက် တစ်ယောက်၏ အရေးထက် ပိုပြီးကျယ်ပြန့်သည့် အဓိပ္ဗါယ်ဖြင့်ပြောရလျှင် အာဏာ၊ ငွေအင်အား မရှိသည့် နိုင်ငံသားများ အနေဖြင့် တရားမျှတမှု မရှိသည့် တရားစီရင်မှုဒဏ်ကို ခံစားရပါက ယခုကဲ့သို့ တောင်းဆို ပိုင်ခွင့်ရှိသည်ဟုလည်း  မြန်မာဂျာနယ်လစ်ကွန်ရက်အနေဖြင့် လေးလေးနက်နက် ယုံကြည် ခံယူပါသည်။

 မြန်မာဂျာနယ်လစ် ကွန်ရက်၊

Myanmar Journalist Network. 

 ထပ်မံသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန်၊
ဦးမြင့်ကျော် ၀၉ ၅၁၃၈၄၆၀ အထွေထွေ အတွင်းရေးမှူး  
ကိုအောင်သူရ ၀၉ ၇၃၁၃၇၂၄၅ တွဲဘက် အတွင်းရေးမှူး (၁) 
ကိုသန်းဋ္ဌေး ၀၉ ၄၂၁၁၂၁၀၉ ၈ တွဲဘက် အတွင်းရေးမှူး (၂) 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts