လူများ၊ ရုပ်ပုံလွှာများ

ဒေါက်တာကောင်းညွန့် (စာရေးဆရာ မွန်ဦးမြေ) (၁၉၄၂-၂၀၁၄)

 

ဒေါက်တာကောင်းညွန့် (စာရေးဆရာ မွန်ဦးမြေ) (၁၉၄၂-၂၀၁၄)

မိုးမခ ၀မ်းနည်းမှတ်တမ်း၊ ဇန်န၀ါရီ ၇၊ ၂၀၁၃

ဧရာဝတီမြစ်ဝကျွန်းပေါ်မှ၊ ဘိုကလေးမြို့တွင် ၁၉၄၂ခု အောက်တိုဘာ ၁၉ရက်နေ့ မွေးဖွားသည်။

ဗိသုကာအင်ဂျင်နီယာဘွဲ့ B.Arch်ကို ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၆၇ခုတွင် ရရှိခဲ့သည်။ ဆက်လက် ပညာဆည်းပူးရာ Master နှင့် Doctor ဘွဲ့တို့ကို ကျိုတိုတက္ကသိုလ်၊ ဂျပန်နိုင်ငံမှ ရရှိခဲ့သည်။ ရန်ကုန်မြို့ အဆောက်အဦဆိုင်ရာ လိုင်စင်ရာ အင်ဂျင်နီယာဖြစ်သည်။

လက်ထောက်ကထိက အဖြစ်  ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာအင်ဂျင်နီယာဌာနတွင် ၁၉၆၇ မှ ၁၉၈၅ အထိ ကျောင်းဆရာလုပ်ခဲ့သည်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှ ကုလသမဂ္ဂဒေသဇွံ့ဖြိုးရေး UNCRD (United Nations Centre for Regional Development) ဖဲလိုးရှစ် ရရှိပြီး၊ သုတေသနအရာရှိအဖြစ် ဂျပန်နိုင်ငံ၊ အဆိုပါဌာနတွင် ၁၉၈၆ ဇွန်လမှ စတင်အလုပ်လုပ်ခဲ့သည်။ ရန်ကုန်မြို့တော်ကြီး၏ မိလ္လာ၊ရေဆိုးရေညစ်များ နှင့် ကျူးကျော်တဲများနေထိုင်ခြင်း အကြောင်းအဖြေရှာသည့် သုတေသနစာတန်းကို UNCRD အတွက် ပြုစုတင်ပြခဲ့သည်။

တိုကျိုတွင် နေထိုင်၊ အလုပ်လုပ်နေစဉ်အချိန် ၁၉၈၅ မှ ၁၉၉၃ တွင် အချိန်ပိုင်းဆရာအဖြစ် တက္ကသိုလ်ကြီးနှစ်ခုတွင် ဗိသုကာဒီဇိုင်းပညာကိုသင်ကြားပို့ချခဲ့သည်။ ထို့အပြင် နာမည်ကျော် ဗိသုကာ Renzo Piano ၏ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ် Landscape design အကြံပေးအဖြစ်လည်း အချိန်ပိုင်း လုပ်ခဲ့သည်။

၁၉၉၃ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၊ အောကလန်မြိုရှိ University of Auckland တွင် တက္ကသိုလ်ဆရာအဖြစ် ခန့်အပ်ခံရသဖြင့် ဗိသုကဒီဇိုင်းနှင့် Landscape Design ပညာရပ်များကို သင်ကြားပို့ချခဲ့သည်။ ကျောင်းသားများမှတ်ချက်ပေးမှု ကောင်းကောင်းရရှိပြီး၊ ပေါ်ပြူလာဖြစ်သော ဆရာဖြစ်သည်။ ထို့ကြောင့် အသက်၆၅နှစ်တိုင်အောင် တက္ကသိုလ်ဆရာအဖြစ် အလုပ်ခန့်သည့် အာမခံစာကို ရရှိခဲ့သည်။ “အကောင်းဆုံးသင်ကြားပို့ချနိုင်သည့်ဆရာ” ဆုကိုလည်း အောက်ကလန်တက္ကသိုလ်တွင် အာရှတိုက်သား ဆရာများထဲမှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၉၈ တွင် Senior Lecturer အဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ဗိသုကာဆိုင်ရာ စာတန်းများစွာ ပြုစု၊ ပုံနှိပ်ထုတ်ဝေခဲပြီး၊ ကျောင်းသားများစွာကို သင်ကြား၊ နည်းပြခဲ့သည်။ ၂၀၀၅တွင် အော်ကလန်တက္ကသိုလ်မှ အငြိမ်းစားယူသည်။

ဒေါက်တာကောင်းညွန့်သည် တက္ကသိုလ်ဆရာအဖြစ် အောင်မြင်မှုကြီးရရှိခဲ့ရုံသာမကပါ၊ မြန်မာ့ လူမှုရေးနှင့်လုပ်အားပေး ဆောင်ရွက်မှုများတွင်လည်း အထူးလူသိများလှသည်။ ဂျပန်တွင် သူနေထိုင်သော သေးငယ်သည့် တိုက်ခန်းလေးတွင် မြန်မာပြည်မှဧည့်သည်များနှင့် ပြည်နေလျှက် ရှိသည်။ အော်ကလန် ရောက်ရှိသည့် ၂၀၀၁ ခုနှစ်မစပြီး၊ မြန်မာကွန်မြူနတီ အုပ်စုများတွင် လုပ်အားပေး၊ ကူညီသူဖြစ်သည်။ အငြိမ်းစားယူပြီးသည့်နောက်တွင် မြန်မာအဖွဲ့အစည်းများတွင် ဦးဆောင်သူအဖြစ် ပိုမိုလုပ်ကိုင်ခဲ့သည်။ နယူးဇီလန်သို့ မြန်မာလူသစ်ရောက်လာတိုင်း အမြဲကြိုဆို ကူညီခြင်းကို နှစ်သက်စွာ လုပ်ကိုင်သူဖြစ်သည်။ သံရုံးများဧည့်ခံပွဲများတွင်လည်း မကြာခဏ တက်ရောက်လေ့ရှိသည်။ မကြာသေးမီက ၂၀၁၃ခု ဂျပန်သံရုံး ခရစ်စမတ်ညစာပွဲတွင် ပင်ပါဝင်ခဲ့သေးသည်။

ဦးကောင်းညွန့်၏ မိသားစုအတွက် အောက်မေ့ဘွယ်ရာမှာ သူ၏ချစ်မေတ္တာပြမှုများ၊ ဖခင်ကောင်းပီသမှုများနှင့် မြေးအပေါ် စာနာတတ်သောအဖိုးဖြစ်သည်။ သူနှင့်  သူ၏ဇနီးသည် တိုမိုကိုဟာရီနို Tomoko Hirano မိသားစုတွင် သမီးကြီး ချိုကို ၊ သား ရှိမွန်နှင့်မြေးယောင်္ကျားလေး ယိုချီ တို့ရှိသည်။ ဦးကောင်းညွန့် သည် မြေးဖြစ်သူ ယိုချီနှင့် အချိန်ပေး၊ အတူနေထိုင်ခြင်းကို အလွန်နှစ်ခြိုက်သည်။ မြေး ယိုချီ က ဦးကောင်းညွန့်ကို  “A-pe” အဖေကြီး ဟုခေါ်လေ့ရှိသည်။

မည်မျှပင် အလုပ်များနေပါစေ သူသည် မိသားစုကို ဦးစားပေးသူဖြစ်သည်။ ဥပမာ သူချစ်မြတ်နိုးသော မြန်မာနိုင်ငံမှ ခွဲခွာပြီး၊ နိုင်ငံခြားသို့ ထွက်ခွာလာခြင်းသည် သားသမီးများ၏ အနာဂါတ်အတွက်ဖြစ်သည်။ သူ့သားသမီးများသည်  မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း  မြန်မာနိုင်ငံသား ဖြစ်ခွင့် မရရှိကြပါ။ (ဇနီးသည် နိုင်ငံခြားဖြစ်၍လားမသိ)။ ထို့ကြောင့် ၁၉၈၅တွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်သည်။  သူ့အိတ်တွင် အမေရိကန်ဒေါ်လာ (၇) ဒေါ်လာနှင့် ဂျပန်နိုင်ငံသို့ ရဲဝံ့စွာ ထွက်ခွာလာသူဖြစ်သည်။

ဒေါက်တာကောင်းညွန့်သည် အလွန်ခင်မင်ဖွယ်ကောင်းသူ ဖြစ်သည်။ သူ့အကြိုက်နှစ်သက်ဆုံးအလုပ်မှာ မိတ်ဆွေသစ်များနှင့် တွေ့ဆုံရင်းနှီးရခြင်း၊ မိတ်ဆွေများနှင့် စကားစမြည်ပြောဆိုခြင်း ဖြစ်သည်။  စာဖတ်ခြင်းကိုလည်း နှစ်သက်သည်။ သူဖတ်သော စာအုပ်များမှာ ဗိသုကာပညာရပ်များ၊ သမိုင်းစာပေများ၊ ဗုဒ္ဓဘာသာရေးစာအုပ်များဖြစ်သည်။ အားလပ်ချိန်များတွင် မြန်မာ့သီချင်း မျိုးစုံတို့ကို နားထောင်လေ့ရှိသည်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆရာဟောင်း တစ်ဦးအနေဖြင့် ကျောင်းသားဟောင်းများကို အထူးစေတနာထား ကူညီသူဖြစ်သည်။ ဂျပန်တွင်အလုပ်လုပ်စဉ် ကျောင်းသားများစွာ ဂျပန်တွင်ပညာသင်ခြင်း၊ အလုပ်ကိုင်ရှာခြင်း၊ အခြေချနေထိုင်ခြင်းတို့တွင် အားတက်သရော ကူညီလုပ်ကိုင်ပေးသူဖြစ်သည်။ သူ၏ ပံ့ပိုးထောက်ခံမှုကြောင့် မြန်မာပြည်မှလာသော ကျောင်းသား၊ အမြောက်အများ ဂျပန်တက္ကသိုလ်များတွင် စကောလားရှစ်နှင့် ပညာသင်ဆုများ ရရှိခဲ့ကြသည်။ နယူးဇီိလန်၊ အောက်ကလန်သို့ ပြောင်းရွှေ့သွားရာတွင်လည်း ရောက်သည့်နေရာတွင် မြန်မာများကို ကူညီမြဲဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ၏ ဆရာပူဇော်ပွဲများကို ဆန်ဖရန်စ္စကို၊ စင်ကာပူများတွင် ကျင်းပစဉ်က အစဉ်အမြဲ တက်ရောက်အားပေးခဲ့သည်။

စာဖတ်ဝါသနာအပြင်၊ စာရေးခြင်းကိုလည်း လုပ်ဆောင်သည်။ ကလောင်အမည်မှာ မွန်ဦးမြေဖြစ်သည်။ အခြားကလောင်အမည်များဖြင့်လည်း ရေးသည်။ မိတ်ဆွေများကို အီးမေးဖြင့် ထူးခြားချက်များကို သတင်းပို့လေ့ရှိသည်။ ဒေါက်တာကောင်းညွန့် စာပေများသည် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ဗိသုကာပညာ၊ တက္ကသိုလ်ပညာရေး၊ ခရီးသွားလုပ်ငန်း၊ မြန်မာ့သမိုင်း၊ ဆိုင်ရာ စသည့် ဆောင်းပါးများစွာ ရေးသား၊ ဖြန့်ချိခဲ့သည်။ နိုဝင်ဘာ ၂၊ ၂၀၁၃ တွင် မြန်မာ့အရေး ရပ်တည်သူ အမေ ဒေါ်ကော်လင်း (၈၃နှစ်) အော်ကလန်တွင်၊ ကွယ်လွန်ခြင်း သတင်းဆောင်းပါးကို ရေးခဲ့သေးသည်။ ဗီယက်နမ် ပြု့ပင်ပြောင်းလဲမှုများမှ ကောင်းချက်များကို နမူနာယူရန် ဆောင်းပါးများကို ဖတ်ရသည်။ နိုဝင်ဘာ၂၀၀၃တွင် ဗီယက်နမ်၊ တိုင်တစ်လုံးဘုရားဆောင်းပါး၊ ဟိုး-(အီ့) အန်းမြို့ကလေး၊အလယ်ပိုင်းဗီယက်နမ်နိုင်ငံ ဆောင်းပါးတို့ကို မိုးမခတွင် ဖတ်လိုက်ရသည်။  ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ မြင်ကွန်းမင်းသားကြီး ကွယ်လွန်သော နေအိမ်ကို နေရာကိုလည်း စိတ်ဝင်စားသည်။ ကျွန်ုပ်ဗီယက်နမ်တွင်ရှိစဉ် ထိုနေရာရှာဖွေရန် ပြောသောအခါ ရှာမရပါ။ နှစ်၂၀၀ကျော်သွားပြီဖြစ်သောကြောင့် ထိုနေရာကို မှန်းမရနိုင်တော့ဟု အကြောင်းပြန်ရသည်။ မိခင် အဖိုး၊ အဖိုးလေးများ မြင်ကွန်း မြင်းကုန်တိုင် အရေးတော်ပုံတွင် ပါနေသောကြောင့် စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဆိုသည်။   မြန်မာ့ရေနံမှ GM ရဲ့သားကြီး ဦးကြည်မင်း ယခု Saigon Golf Club က နေရာသိသည်ဟု ဆိုသော်လည်း ယခုအခါ သွားမကြည့်နိုင်တော့လေပြီ။

အသက်၇၁နှစ်အရွယ် မွန်ဦးမြေ၊ @ ဒေါက်တာကောင်းညွန့်သည် များစွာလုပ်ဆောင်နိုင်သေးပါသည်။ ပြုပြင်ပြောင်းလဲလာသော မြန်မာ့နိုင်ငံအတွက် နောင်နှစ်ပေါင်းများစွာ  ဒေါက်တာကောင်းညွန့် လုပ်ဆောင်နိုင်မည်ဟု သူ့ မိတ်ဆွေများနှင့် ကျွန်ုပ်ကိုယ်တိုင်က အားထားမျှော်လင့်ကြသည်။

သို့သော် ဒေါက်တာကောင်းညွန့်သည် မတော်တဆ လဲကျမှုမှ ခါးရိုးဒဏ်ရာ ခွဲစိတ်ကုသခဲ့ပြီး၊ သက်သာမလာပဲ ၂ပတ်အကြာတွင် Jan 2, 2014 တွင် ကွယ်လွန်သွားသည်။ Jan 7, 2013  1:30pm တွင် နယူးဇီလန် All Saint’s Chapel, Purewa Crematorium, St Johns Road, Meadowbank, New Zealand တွင် မီးသဂြိုလ်မည်ဖြစ်သည်။

အချက်အလက်များကို ဒေါက်တာကောင်းညွန့်၏ သားဖြစ်သူ၏ Dr Koung Nyunt Funeral Service ဖေ့စ်ဘုတ်မှ ရရှိသည်။ ဆရာကြီး ဒေါက်တာကောင်းညွန့် မိသားစုအတွက် အထူးဝမ်းနည်းပါကြောင်း။

(ဓါတ်ပုံ။  ဒေါက်တာကောင်းမြတ်ပေးပို့ခဲ့သော သူနှင့်ချစ်လှစွာသောမြေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts