သတင်းပဒေသာ

Strike – မိုးထိမိုးမိဒေသ ရွှေလုပ်သားများ၏အောင်မြင်မှု ကွန်ယက်များမှ ကြေငြာချက်ထုတ်

သတင်းကောက်နုတ်ချက်၊ ဇွန် ၁၅၊ ၂၀၁၂

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် ၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် ၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက် နှင့် စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်တို့က  ကွန်ယက်လေးခုမှ ပူးတွဲကြေငြာချက် ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

… ၁၃၇၄ ခုနှစ် နယုန်လဆုတ်(၁၀) ရက်
၂၀၁၂ ခုနှစ် ဇွန်လ(၁၄) ရက်

ရမည်းသင်းမြို့နယ် မိုးထိမိုးမိတောင်ပေါ်ဒေသ ရွှေလုပ်သားများ၏ ငြိမ်းချမ်းစွာအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကြေငြာချက်

ရမည်းသင်းမြို့နယ် မိုးထိမိုးမိတောင်ပေါ်တွင် လုပ်ကိုင်နေကြသော ရွှေလုပ်သားများသည် ၎င်းတို့၏ဆုံးရှုံးနစ်နာမှုများ အတွက် ငြိမ်းချမ်းစွာတောင်းဆိုသောအားဖြင့် မိုးထိမိုးမိတောင်ပေါ်ဒေသမှ အစိုးရဋ္ဌာနရုံးစိုက်ရာဖြစ်သော နေပြည်တော်သို့ ချီတက်လမ်းလျှောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရန် ပြုလုပ်ခဲ့ကြပါသည်။

ထိုမိုးထိမိုးမိတောင်ပေါ်မှ နေပြည်တော်အထိ မိုင်ပေါင်း ၁၀၅ မိုင်နီးပါး ကွာဝေးသော်လည်း ထိုဆန္ဒပြသူများသည် လူအင်အား ၃၀၀၀ နီးပါးဖြင့် ခိုင်မာသောစိတ်ဓါတ် မလျှော့သော ဇွဲလုံးလတို့ဖြင့် ( ၁၁။၆။၂၀၁၂ ) ရက်နေ့မှစတင်ကာ မိုးထိမိုးမိတောင်ပေါ်မှ ၎င်းတို့တောင်းဆိုသော အချက်များ မရမချင်း ပြေလည်အောင်မဖြေရှင်းပေးပါက နေပြည်တော်ထိ ဆက်လက်ချီတက်မည်ဟု သစ္စာပြုကာ မိမိတို့ကိုယ်တိုင် တောင်ပေါ်တွင် သရဏဂုံတင်ပြီး သက်ဆုံးတိုင် တိုက်ပွဲဝင်တောင်းဆိုသွားမည်ဟု
ခိုင်မာသောစိတ်ဓါတ်ဖြင့်ချီတက် လမ်းလျှောက်လာခဲ့ကြပါသည်။

ရွှေလုပ်သားတွေဟာ နေ့ဘက်မှာ ခြေလျင်ချီတက်ဆန္ဒပြကြမှာ ဖြစ်ပြီး ညအခါ နားနေကြမှာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများ အမျိုးသမီးများ၊ ကလေးသူငယ်များ ပါဝင်နေကြတာ ဖြစ်လို့ ဒီခရီးမှာ ရွှေလုပ်သားတွေ အတွက် ကျန်းမာရေးထိခိုက်နိုင်ပြီး လုံခြုံရေး စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။ ထိုလူထုကြီးသည် မိုင်သုံးဆယ်ခရီးကိုလျှောက်လှမ်းလာပြီးနောက် ရမည်းသင်းမြို့နှင့်၅ မိုင်ခန့်အကွာတွင်ရှိသော ရွှေမြင်တင်တောင်တွင် တစ်ညတာ ခရီးနားခဲ့ပါသည်။

နောက်တစ်နေ့တွင် အစိုးရမှ လုံထိန်းများ လက်နက်ကိုင်ဆောင်ထားသော ရဲ များရောက်ရှိလာကာ ဆက်လက်သွားလာမှုမလုပ်နိုင်အောင် အဝင်အထွက်မှန်သမျှကို
တားဆီး ပိတ်ဆို့လိုက်ခဲ့ပါသည်။ ထိုကိစ္စသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသနေသော လူထုကြီးအတွက် အပြုသဘောမဆောင်ခဲ့ပေ။

၎င်းလူထုကြီးအတွက် ရွှေမြင်တင်တောင်ပေါ်တွင် စားရေးသောက်ရေး အခက်ခဲဖြစ်သည်အထိ တားဆီးပိတ်ဆို့ခဲ့သော်လည်း ရွှေတွင်းလုပ်သားများ၏ နောက်မဆုတ်သော
ဇွဲလုံးလအတွက် ကျွန်ုပ်တို့ ကွန်ယက်များမှ အထူးပင် ဂုဏ်ယူလေးစား အသိအမှတ် ပြုပါသည်။ ယနေ့နောက်ဆုံးတွင်ရွှေတွင်းလုပ်သားများ၏ တောင်းဆိုချက်များ အားလုံးအဆင်ပြေသွားပြီဖြစ်၍ နောက်ဆုံးအဆင့်အနေဖြင့် သဘောတူလက်မှတ်ရေးထိုးရန် အဆင့်သို့ရောက်ရှိပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် ထိုအောင်မြင်မှုများအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ရွှေတွင်းလုပ်သားများ၏ တောင်းဆိုမှုများရရှိပြီး ဆန္ဒပြမှုအား ယနေ့ ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲတွင် အောင်မြင်စွာရုတ်သိမ်း လိုက်ကြောင်းသိရသည်။ ရွှေတွင်းလုပ်သားများ၏ အခြေခံအကျဆုံး တောင်း ဆိုချက် ၆ ချက်အား ကုမ္ပဏီမှ ညှိနှိုင်းသဘောတူညီလိုက်ပြီး သဘောတူ စာချုပ်ကို ချီတက်ဆန္ဒပြမှု ပိတ်ဆို့ခံထားရသည့် ရွှေမြင်တင်တောင် စေတီတော်ရှိ ရွှေလုပ်သားများ စခန်းနှင့် လုံခြုံရေးစောင့်ကြည့်နေသူများ အကြားတွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ရွှေတွင်းလုပ်သားများ ( အင်း ၊ အက်တာ ) အား နောက်ထပ် တစ်နှစ် ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သဘောတူခဲ့ပါသည်။ အကယ်၍ တစ်နှစ်အတွင်း လုပ်သားများ၏ လုပ်အားကောင်းမွန်လာပါက ၊ အလုပ်ကြိုးစားပါက နောက်ထပ် ဆက်လက် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သဘောတူညီခဲ့ပါသည်။

ရွှေတွင်းလုပ်သားများ၏ တောင်းဆိုချက်များ အောင်မြင်အောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသော ဦးစီးဦးဆောင်ကွန်ယက်အဖွဲ့စည်းများနှင့် တစ်ခြားသော မိတ်ဖက် အဖွဲ့စည်းများအား အထူးပင် လေးစားအသိမှတ်ပြုပါကြောင်း ၊ ကုမ္ပဏီနှင့် ရွှေတွင်းလုပ်သားများ ဖြစ်ပျက်ခဲ့သောပြဿနာတွင် နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိအောင် လုပ်ဆောင်ပေးခဲ့သော သက်ဆိုင်ရာအစိုးရဋ္ဌာနအသီးသီး၏ အပြုသဘောဆောင်သော လုပ်ရပ်များအတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်းနှင့် မိမိတို့၏နစ်နာဆုံးရှုံးနေမှုများကို ရဲဝင့်စွာထုတ်ဖော်ပြသခဲ့သော မိုးထိမိုးမိတောင်ပေါ်ဒေသမှ ရွှေတွင်းလုပ်သားများ၏ လုပ်ရပ်များအတွက် အထူးပင် ချီးကျုးဂုဏ်ယူမိပါကြောင်း မိမိတို့ကွန်ယက်များမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ကွန်ယက်များသည် နစ်နာဆုံးရှုံးနေသော ပြည်သူလူထုကြီးဘက်မှ အစဉ်တစိုက် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း မြန်မာပြည်တစ်ဝှမ်းလုံး ရှိပြည်သူလူထုကြီးနှင့် ကမ္ဘာပြည်သူလူထုအပေါင်းအား အသိသက်သေထားကာ ယခုကြေငြာချက်အား ထုတ်ပြန် ကြေငြာလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၁၄-၆-၂၀၁၂)
ဆက်သွယ်ရန်လိပ်စာများ
maythanmying@gmail.com
freedom.of.kaungmyatlay@gmail.com
dhrmp.22@gmail.com
09– 2059904
09- 43155796
09- 444012426
…”

၎င်းတို့ ယခင် သတင်းထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

“ …
ရမည်းသင်းခရိုင် လူထုချီတက် ဆန္ဒပြပွဲ နောက်ဆုံးရသတင်းမူဗွီဖိုင်များ

ယနေ့ မိုးထိမိုးမိ ရွှေတွင်းဒေသမှ ချီတက်လမ်းလျှောက်ဆန္ဒပြတောင်းဆိုနေသော လူများကို ၎င်းတို့ယာယီတစ်ထောက်နားရာဖြစ်သော ရမည်းသင်းမြို့နှင့် ၅
မိုင်သာ ဝေးကွာသော ရွှေမြင်တင်တောင် ရွှေမြင်တင်ဘုရား၏ ထွက်ပေါက်မှန်သမျှကို လက်နက် ကိုင်ဆောင်ထားသော ရဲအယောက် ၄၀ ကျော်နှင့် လုံထိန်းများက ပိတ်ဆို့ထားကာ
ဘုရားအဝင်အထွက်အား လုံးဝခွင့်မပြုတော့ပေ ။ လက်နက်ကိုင်ဆောင်ထားသောလုံခြုံရေး ရဲများလည်း တစ်ဖြည်းဖြည်းများလာပါသည်။ထို့ကြောင့်ဘုရားပေါ်တွင် ချီတက်လမ်းလျှောက်ကာ ဆန္ဒပြသူများမှာ ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခွင့်မရတော့ပေ ။

ယနေ့တွင် မန္တလေးတိုင်း သတ္ထုတွင်းဝန်ကြီးကိုယ်တိုင်ဆင်းလာကာ လာရောက် ဖြေရှင်းခဲ့သော်လည်းတိကျသော အာမခံချက်ပေးသော အဖြေထွက်မပေါ်လာခဲ့ပေ။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ရောက်လာမှ တောင်းဆိုချက်များကို ချပေးမည်ပြောသော်လည်း ၎င်း ဦးစိုးထွန်းရှိန်မှာရောက်မလာခဲ့ပေ။ ဦးစိုးထွန်းရှိန်မှာ ညနေသုံးနာရီတွင် ရောက်လာမည်ဟုပြောသော်လည်း ည ၉နာရီ ( ယခုထိ ) တိုင်အောင် ရောက်လာခြင်းမရှိပါ။

ယခုချီတက်လမ်းလျှောက်ဆန္ဒပြသူများသည် ၎င်း တို့တောင်းဆိုချက်ကို မလိုက်လျှောပါက နေပြည်တော်ထိ ဆက်လက်ချီတက် ဆန္ဒပြမည်ဖြစ်သည် ။ ၎င်းတို့မူလ မိုးထိမိုးမိတောင်ပေါ်နေရာမှ ယခု ရွှေမြင်တင်တောင် အကွာအဝေးမှာ မိုင်သုံးဆယ်ကွာဝေးပြီး ရမည်းသင်းနှင့် ရွှေမြင်တင်တောင်မှာ ငါးမိုင် ကွာဝေးပါသည်။

ထို့ကြောင့် ချီတက်လမ်းလျှောက် ဆန္ဒပြသူများမှာ မိုင်သုံးဆယ်လမ်းလျှောက်ပြီး အာဏာပိုင်အဖွဲ့အစည်းများ၏ တားဆီးပိတ်ဆို့မှုကြောင့် ၎င်း တို့ဆုံးရှုံးနစ်နာနေသော အခွင့်ရေးများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခွင့်မရသည့်အပြင် ၎င်း တို့အတွက် ဆေးဝါး အစားအစာများ သောက်သုံးရေများကိုလည်း လိုအပ်လျှက်ရှိနေပါသည်။ ယခုဆန္ဒပြသူဦးရေမှာ သုံးထောင်နီးပါး ခန့်ရှိပါသည် ။ အလုပ်သမားများသည် အကြမ်းမဖက်ဘူး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသမည်ဟု တောင်းဆိုသော်လည်း မရရှိပေ ။

ထိုချီတက်လမ်းလျှောက်ပွဲကို ဦးဆောင်လှုပ်ရှားနေသူများမှာ ဦးသက်လွင် ၊ ဒေါ်မြင့်မြင့်အေး ( မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်) ၊ ဆရာကျောင်း ၊ မောင်မောင်လတ် ( ၈၈ ကျောင်းသားဟောင်း ) နှင့်အခြားသော အလုပ်သမား လှုပ်ရှားမှုများတွင် ဝင်ရောက်ဆောင်ရွက်နေကြသော ဒီမိုကရေစီ အင်အားစုများစွာလည်းပါဝင်ပါသည်။ ထို့ကြောင့် လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် ဝင်ရောက်တောင်းဆိုနေကြသောအလုပ်သမားထုကြီးအတွက် အစားအစာ ၊ ဆေးဝါး ၊ သောက်သုံးရေများဝင်ရောက် ပါဝင်အားဖြည့်ပေးလိုပါကအောက်ပါဖုန်းနံပါတ်များသို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

09-450026334 ၊ 09-2059904 ၊ 09-43155796 ၊ 09-47137567 ၊ 09-401512756 ၊
maythanmyint@gmail.com
freedom.of.kaungmyatlay@gmail.com
dhrmp.22@gmail.com

နောက်ဆုံးရဗွီဒီယိုဖိုင်လင့်ခ်များ

http://youtu.be/ciNViG5rRmk

http://youtu.be/LLjS_Yb84MY

http://youtu.be/80SpQSSVK-E

http://youtu.be/iA6ahwGXz04

http://youtu.be/Xc8xt-HyTtI

http://youtu.be/RxaaE4ZDvCU

http://youtu.be/z0ys_84SLWw

http://youtu.be/EglHDlLrgRk

http://youtu.be/z0Rpzw_TCxM


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts