ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၇၄) – Mar Mar Aye

 နောင်တ
မာမာအေး
မတ် ၁၇၊  ၂၀၁၃

ယခုလဆန်းပိုင်း ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏  အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဒီကနေ့ဟာ မှတ်မှတ်ရရ မတ်လ ၄ ရက်။ US မှာ ကျတဲ့နေ့ပါ။ ချစ်ရသူတွေနေတဲ့ဆီက ပြန်ရောက်လာရတဲ့နေ့လဲ ဖြစ်ပါတယ်။ မာအေး အသံလွှင့်တဲ့ရက် မဟုတ်ပါဘူး။
မာအေးက စိတ်ရှုပ်နေရင် အလုပ်တခုခု ရှာပြီး လုပ်နေရင်းနဲ့မှ ပြေပျောက်အောင် ရှင်းရတတ်တဲ့ အထုံက ပါနေလို့ ဒီနေ့ အကြောင်းကို ပြောပြရအောင် ညကြီးမင်းကြီး နှင်းတွေ ဖွေးဖွေးလှုပ်နေတါကို ရင်တွင်းနွေသရုပ်နဲ့ ကြည့်ပြီး စာမူရေးနေတာပေါ့ရှင်။

နှင်းတွေ ဖွေးလို့ အတွင်းနွေအရေးအခင်းပေါ်တာက နောက်ဆုံးကျန်နေတဲ့ဖီလင် လို့ ပြောမှ မှန်မယ့်အကြောင်းပါ။ အရှေ့ဖက်ကနေ အနောက်ဖက်ကို ပြန်ထွက်ခဲ့တဲ့ရက်စွဲအတိုင်း သိပ္ပံ အလိုအရထားတော့ကါ – မာအေး ပြန်လာရတာ တစ်ရက်ကို (၂၄)နာရီဆိုတာနဲ့ မကိုက်ဖူးလိုဘဲ လေယါဉ်ပျံက ဟိုဖက်မနက် (၁၀း၂၀)က စထွက်တာ ဖြစ်ပေမယ့် ပစ္စည်းစစ်တာ၊ ဝှီးချဲယါး တောင်းရမှာနဲ့ဆိုတော့ ဥပဒေအတိုင်း လေယာဉ်ကွင်းကို မနက် (၈)နာရီလေါက် အရောက်သွားရတယ်ရှင့်၊
(၃) ရက်နေ့ညမှာလဲ စင်ကါပူက ဂီတဝါသနာအိုးတို့နဲ့အတူ ဆိုပွဲစားပွဲတွေ ရှိတော့ ပြန်ရောက်တော့လဲ ပစ္စည်းသိမ်းဘာသိမ်းနဲ့မို့ မအိပ်လိုက်ရသလိုပါဘဲလေ။

မာအေးတို့လေယာဉ်ပျံက ဂျပန်မှာ တထောက်နားတော့ လူတွေ ပြန်ဆင်းရပါတယ်။ လေယာဉ်ပေါ်ပြန်တက်ဖို့မှာလဲ အစကလိုဘဲ လူနဲ့ အတူယူလို့ရတဲ့ သေတ္တာအသေးနဲ့ လက်ကိုင်အိတ်တွေကို စစ်ဆေးပါတယ်။ ဂျပန်ကနေ U.S.A လော့အိန်ဂျယ်လိ လေဆိပ်မှာ တခါ ရပ်ပြန်တော့ လူနဲ့အတူပါနိုင်တဲ့ဟာတွေရော၊ ‘လတ်ဂိတ် (ခ်ျ)’ လုပ်ထားတဲ့ သေတ္တာ ၂ လုံးကိုပါ ပြန်ထုတ်ရတယ်။ ပြန်စစ်ပါတယ်။ ပြန်ပြီးတော့လဲ အပ်ရပြန်ပါတယ်ရှင်။ ဝှီးချဲယားနဲ့ အကူလူတယောက်သာ ကူလုပ်မပေးရငင် သေမယ်သာပြင်လို့ ပြောရမယ့်အပေါက်ပဲ။

ဒီငရဲမျိုး ခရီးသွားဧည့်သည်တွေ ကမ္ဘာအနှံ့ ခံစားနေရတာဟာ စိတ်အကြံညစ်တဲ့ ကြောက်စရာ့လူသရမ်းတွေ၊ လူကြမ်းတွေကြောင့် လုံခြုံရေးအရ တင်းကြပ်လာတာဘဲ လို့ စိတ်ပျက်မိပါတယ်ရှင်။ လောဘတွေ ဒေါသတွေကြောင့် ဖြစ်လာတဲ့ လောင်မီးဘဲ လို့လဲ တရားကျတယ်။ ခရီးသွားရတာကို ခုံမင်တတ်တဲ့ မာအေးတောင် ခရီးသွားရမှာ ဝန်လေးစိတ်ရောက်ပါတယ် တကယ်ဘဲ။ ခရီးက မပြီးသေးပါဘူး။ ‘ချီကါဂို’ကို သွားရဦးမှာမို့ L.A စံတော်ချိန် ဆယ့်တစ်နာရီခွဲကနေ ညနေ လေးနာရီအထိ စေါင့်ပြီး ဆက်စီးရဦးမှာပါ။

ချီကာဂို စံတော်ချိန် ည ဆယ်နာရီဆယ်မိနစ်မှာ လေယာဉ်ဆိုက်ခဲ့တယ်၊ လေယာဉ်ခရီးက ဆုံးပါပြီ။ မာအေးခရီးက မဆုံးသေးပါ။ ဖို့ဝိန်းက လာကြိုပေးမယ့် ဝမ်းမနာသားလေးရဲ့ ကါးနဲ့ မိုင်နှစ်ရာနီးပါး စီးသွားရင် လမ်းမှာ သုံးနာရီခွဲ လေးနာရီလောက် ကြာဦးမှာပါ။

ငါ မြေကြီးပေါ် ပြန်ရောက်ပြီ လို့ စိတ်နှလုံး ဒုံးဒုံးချရတာ လေယာဉ်စီး ခရီးသည်တိုင်းမှာ ဖြစ်ပေါ်မယ့်စိတ်ပါဘဲ။ တကယ်တော့ အန္တရာယ်ကြားမှာ အတွယ်အတာမဲ့ လေထဲမှာသွားရတာမို့လား။  မာအေးလဲ ငိုက်ရုံဘဲ ငိုက်ရတာပေါ့။ အရေးထဲ ကြိုသူတွေနဲ့ လွဲနေပြန်တယ်။ ဝှီးချဲယား ကူတွန်းပေးတဲ့ သူငယ်လေးဟာ ယာဉ်ကျေးစွာဘဲ သေတ္တာစောင့်ယူပေး၊ ထိုင်စရာရှာပေးနဲ့ ကျောင်းအားချိန် လာလုပ်အားပေးတဲ့ခလေးမျိုး ထင်ပါတယ်။ အိမ်နီးချင်း အိန္ဒိယသားလေးပါ။ ကြာကြာ စောင့်ပေးတဲ့အပြင် သူ့ကိုယ်ပိုင်လက်ကိုင်ဖုန်းလေးနဲ့ လိုက်ဆက်ပေးခဲ့ပါတယ်။
ကြိုတဲ့သူလာမှာပါ လို့ ပြန်လွှတ်လိုက်တော့မှ ပြန်ထွက်သွားရှာတယ်။
လမ်းမှာ စိတ်နဲနဲရှုပ်လာတာလေး ပိုရှုပ်သွားတာပေါ့လေ။

‘ဘယ်သူမပြု မိမိမှု’ ဆိုတဲ့စကါး တယ်မှန်တာဘဲ မိတ်ဆွေတို့ရဲ့။ မအေး ခရီးမထွက်ခင်က ကိုယ်သုံးနေတဲ့ လက်ကိုင်ဖုန်းက တခြားတိုင်းပြည်မှာ သုံးလို့မရဘူး ဆိုပြီး ပြန်မယ့်ရက်မှ ဖုန်းပြန်ဖွင့်ပေးဘို့ စီစဉ်ခဲ့မိတယ်။ ကိုယ်နဲ့လဲ ယူမသွားဘဲ လိုက်ပို့တဲ့ သားအငယ်လေးနဲ့ ပြန်ပေးလိုက်ပါတယ်။ မသုံးရင် ဖုန်းဖိုး လျှော့ပေးလို့ရတယ်ဟဲ့လို့ မနှမျောသင့်တာကို နှမျောမိလို့ ဖြစ်တာလို့ နောင်တရပါတယ်။ နောက်ပြီး ရောက်တဲ့နေရာကျတော့ သူများ တယ်လီဖုန်းကို တောင်းပြီးဆက်ဖို့ရာ အားနာ အချိန်ကြာမှာစိုးလို့ ကိုယ်တိုင် မပြောမိတာကြောင့် မှာတာက မတိကျတော့ ကြိုတဲ့သူက ထွက်ပေါက်မှာကြို၊ ကိုယ်က ပစ္စည်းရွေးတဲ့နေရာမှာစောင့် ဖြစ်ကုန်တယ်လေ။ သန်းကေါင်ကျော်မှ ခလေးတွေ လာရှာလို့ တွေ့တာ။ ဖုန်းတွေ ဟိုဆက်ခိုင်း ဒီဆက်ခိုင်းနဲ့ ဒုက္ခပေးတာနဲ့ မတူဘူးလားနော်။ ချီကာဂိုနဲ့ မာအေးတို့မြို့ကလေးက အချိန် တနာရီ ကွာသေးတာ ဆိုတော့ သူများတွေ အိပ်ချိန်ကြီးလို့ သတိရပြီး စိတ်ရှုပ်တာပါ။
မာအေး စိတ်ရှုပ်နေတဲ့အထဲမှာ BBC လဲ ပါတယ်ရှင့်။ အဲ BBC နားထောင်တဲ့ပရိသဒ်အတွက် အချိန်မီ အသံသွင်းပို့မပေးနိုင်မှာစိုးတာကို ပြောတာပါနော်၊ စာမူကို လေယာဉ်ပေါ်မှာ တည်းခိုဖြစ်တဲ့အိမ်တွေမှာ အကြမ်းရေးထါးခဲ့တာပါ။ အိမ်ကျရင် အချောရေးပြီး ပြောရမှာလေ။ ဒီနေ့ အင်္ဂါဆိုတော့ နောက်နေ့ ဗုဒ္ဓဟူးအထိ အသံသွင်းပို့နိုင်တယ် လို့ စိတ်ကို ဖြေရှင်း အိမ်ပြန်ရောက်ခဲ့ပါတယ်။

လာကြိုပေးရတဲ့ ‘အငယ်လေး’  ဆိုတာ ကိုယ့်သားအရင်းနဲ့ နာမည်တူသားဘဲ၊ ခလေး (၄)ယောက်ဖခင် ဖြစ်ပေမယ့် ‘ပညာလို အိုသည်မရှိ’မူနဲ့ တက္ကသိုလ်ဒီဂရီရဘို့ ကျောင်းတက်နေတုန်းပါ။
အင်္ဂါ ဒီနေ့ည စာမေးပွဲရှိလို့ မာအေးအိမ်မှာ ချခဲ့ပြီး ပြန်သွားရပါတယ်။ BBC အသံသွင်းပေးတာလဲ သူဘဲ ဆိုတော့ သူ့ကျောင်းအပြန်ချိန်မှ လိုက်သွားမယ် စိတ်ကူးရတာပေါ့။ ကိုယ် အိမ်မှာ မရှိတုန်း အမြဲ လာကြည့်ပေးတဲ့သားလိုတယောက်အတွက် သူ့အကို ပေးလိုက်တဲ့ လက်ဆောင်အထုပ်ပါမလာတော့ ရှိတဲ့အထဲက ခွဲပေး၊ သုံးလအတွင်း ရောက်ထားတဲ့စာတွေ ဖေါက်၊ အရေးတကြီးတွေ လုပ်ဖို့ မှတ်သား၊ BBC စာမူ အချောကိုင်တော့မှ မျက်စေ့မှေးလာ အိပ်ပျော်ပါရော။

လာနှိုးတဲ့သူက ‘အမေ ငါးနာရီလောက် ရှိပြီ၊ ကျောင်းသွားမယ် ဆိုလို့ အမေ့ကို လာပို့မယ့်အကြောင်း လျှောက်ထားတယ်’ လို့ အသံတော့ အကြားသား၊ ပြန်ကို မနိုးတော့တာဖြစ်မှာပေါ့။ နိုးလာတဲ့အချိန် ပါတ်ဝန်းကျင်တခွင်လုံး နှင်းဖြူတွေ ဖုံးလို့ လုံးလုံး ဘာမှ လုပ်လို့ မရတော့ဘူး။

မရတဲ့အကြောင်း စစ်တော့ တယ်လီဖုန်းကို သတိနဲ့မသုံးလို့ဘဲရှင့်။ မာအေးက ‘မက်ဂျစ်ဂျက်’ ခေါ်တဲ့ အင်တာနက်ဖုန်း အိမ်မှာ ဆင်ထားတာပါ။ ဟိုးတခါ သြစီကိုသွားတော့ ကွန်ပြူတာမှာ တတ်ပြီး U.S. ကို ပြန်ဆက်လို့ရတာကိုး။ ဒါနဲ့ ကိုယ့်နိုင်ငံမှာ ရနိုင်သလားလို့ စမ်းသတ်ဖို့ သူ့ကြိုးလေး ယူသွားခဲ့ပါတယ်။ သုံးမရခဲ့ဘူး။ ပြန်လဲ မပါလာတော့ တခု ထပ်တတ်ရဦးမယ်ပေါ့။ လက်ကိုင်ဖုန်းကိုလဲ ပိတ်ထားရုံတင်မက အငယ်လေးတို့အိမ်မှာ ထားခဲ့တာ။ ဖုန်းနှစ်လုံးသုံးမရ၊ နှင်းကလဲ တတောင်လေါက်ကျ၊ ကါးလဲ ထွက်လို့မရ၊ အဲဒါ ကံ လို့ ပြောရမှာလား၊ ကိုယ်သတိမထားလို့ တခက်ပြီးတခက်၊ ခက်ခက်ကိုမှ လိုချင်တယ်ဘဲ ဆိုဖို့ ကေါင်းတေါ့တယ်။

* ရက်ဆက်ငိုရ ဟိုအရင်ကွယ် (ခက်ခက်ကိုမှ လိုချင်တယ်) ၂ x အော်… ခက်သောဆုများ တောင်းမိလေသလားကွယ် xx

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts