မျက်မှောက်ရေးရာ သတင်းပဒေသာ

မိုဘိုင်းဖုန်း ဆင်းကဒ် ကျပ်ထောင်ဂဏန်းအထိ ဈေးကျတော့မည် – cheap sim card for Burma

မိုးမခအထောက်တော် အမှတ် ဝဝ၅
မတ် ၁၇၊ ၂ဝ၁၃


မိုဘိုင်းဖုန်းသုံးနေသော ကရင်ပြည်နယ်မှ စစ်သားတစ်ဦး (ဓာတ်ပုံ – မိုးမခ)

ရှေ့လ တစ်ရက်နေ့တွင် မိုဘိုင်းဖုန်း ဆင်းကဒ်ကို ကျပ် ထောင်ဂဏန်းအထိ ဈေးချတော့မည်ဟု အစိုးရပိုင်း ပုဂ္ဂိုလ်များကို ကိုးကားပြီး ရန်ကုန်မြို့အခြေစိုက် သတင်းဌာနများက ရေးသားနေကြသည်။

“ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး မိုဘိုင်းဖုန်း ဆင်းကဒ်များကို ကျပ် ထောင်ဂဏန်း ၀န်းကျင်ဖြင့် ရောင်းချပေးမည့် သတင်းမှန်ကန်သည်” ဟု
သမ္မတ၏ ပြောရေးဆိုခွင့် အရာရှိ၊ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အတည်ပြုကြောင်း Eleven Media Group ၏ အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

နောက်ထပ် အတည်ပြု ပြောဆိုသူမှာ သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်း ဖြစ်သည်။

“ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်” ဟု ၀န်ကြီး ဦးစိုးသိမ်းကပြောဆိုကြောင်း Yangon Media Group အွန်လိုင်းတွင် ရေးထားသည်။

အစိုးရပိုင်း ပုဂ္ဂိုလ်များ၏ ပြောကြားချက်အတိုင်း ဈေးပေါပေါဖြင့် ရောင်းချမည် ဆိုပါက အစိုးရက အဆမတန် ဈေးကျစေရန် ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်သည်။

ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်း ဆင်းကဒ်၏ နောက်ဆုံး ပေါက်ဈေးမှာ ကျပ်နှစ်သိန်း ဖြစ်ပြီး ဈေးကျမည်ဟူသော သတင်းကြောင့် ဆင်းကဒ်အရောင်းအ၀ယ် ရပ်နေသည်မှာ ရက်အတန်ကြာပြီဖြစ်သည်။

ဘန်ကောက်မြို့တွင် နေထိုင်သူတို့၏အဆိုအရ ထိုင်းနိုင်ငံတွင် မိုဘိုင်းဖုန်း ဆင်းကဒ်တစ်ခု၏ တန်ဘိုးမှာ ဘတ် ၆ဝ (မြန်မာကျပ် ၁,၆ဝဝ ဝန်းကျင်) ဖြစ်ကြောင်း သိရှိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts