မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၃၄)

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၃၄)
မာမာအေး
မေ ၂၄၊ ၂၀၁၄
 
 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ….

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးအသံလေးကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေးတို့နိုင်ငံမှာ သင်္ကြန်တွင်းတုန်းက၊ မြို့မအပျော်တမ်းတူရိယာအသင်းရဲ့ ငွေငန်းအလှယာဉ်နဲ့အတူ မန္တလေးမြို့ ပတ်ပြီးတော့ ကိုယ့်မြန်မာပရိသတ်သောတရှင်တွေကို သီဆိုဖျော်ဖြေခဲ့တဲ့သတင်းတွေ၊ ဓာတ်ပုံတွေ စကိုင်းနက်ကထုတ်လွှင့်တဲ့ တိုက်ရိုက်ဖ် သားပေါ်မှာ ထင်လာတဲ့အရုပ်တွေ အသံတွေကြည့်ပြီး၊ မာအေးကိုအတော်ကြီးပွားလာတယ်လို့ ထင်ကြသတဲ့။ Face book တွေမှာ သိန်း ထောင်ချီရတယ်ဆိုလား ရေးတင်ထားတယ်ဆိုဘဲ။ အမေနေ့မှာ ဒီအမေကိုရှာဖွေလို့ ဖုန်းဆက်တဲ့ ဝမ်းမနာသားလေး မွန်ကျော်သက်က ပြောသွားပါတယ်။

“ဟေ- တကယ်သာ အဲဒီလို ထောက်ထောက်ပံ့ပံ့ မြန်မာ့ဂီတကိုအားပေးတဲ့သူတွေရှိလို့ကတော့- အိမ်ကလေးတလုံးပြန်ဝယ်ပြီး နေလိုက်ရုံရှိ တာဘဲ” လို့ ပြန်ပြောခဲ့မိပါတယ်။ မာအေး ဒီတခေါက်ထပ်ပြီးမသွားခင်ကဘဲ ပြောထားတာပါ။ သားငယ်က မာအေး ကိုယ့်ပြည်ပြန်ရောက် တဲ့အခါ တရားဘာဝနာအေးငြိမ်းစွာ ဆောက်တည်နားနေဖို့ ဇရပ်ကလေးတဆောင် ဆောက်လှူပေးထားတာကို ရေစက်သွားချဖို့ရာ အဓိ ကဖြစ်ပါတယ်ရှင်။

မြို့မအဖွဲ့နဲ့ သင်္ကြန်မှာနွှဲမယ်ဆိုတော့လဲ အင်တာဗျူးတွေကမေးပါတယ်။  “မြို့မနဲ့ သင်္ကြန်မှာဆိုဖို့ အန်တီအေးက ဘာဖြစ်လို့လက်ခံဖြစ် တာလဲ” တဲ့။ ဒီတော့ “မြို့မကို မာမာအေးက လက်ခဲ့တာမဟုတ်ပါဘူး။ မြို့မနဲ့ မာမာအေးက လာဆိုပေးမယ်လို့ပြောခဲ့တာပါ။ တဖက်နိုင်ငံ အဝေးကနေ လှမ်းကြည့်လိုက်တဲ့အခါ မြို့မက အဆိုတော်သက်ရင့်ပိုင်းတွေ သိပ်မရှိတော့ဘဲ လူငယ်တွေများနေတယ်။ လူကြီးတွေအား နည်းနေချိန်မှာ ကိုယ်ကလဲ အဲဒီသင်္ကြန်အမီရောက်မှာဆိုတော့ တော်ကျသွားတာပေါ့” လို့ ဖြေခဲ့ပါတယ်။

မာအေးတို့ကြုံခဲ့တဲ့သင်္ကြန်ချိန်တွေမှာ ကြော်ငြာအလှပြကားမျိုးနဲ့ လိုက်ဆိုပေးရင်းသာ အနုပညာကြေးရတာပါ။ မဏ္ဍာပ်တွေဖိတ်ကြားလို့ သွားဝင်ဆိုပေးရတာတွေက ကူညီတာပါ။ ငွေကြေးကိစ္စက တီးဝိုင်းနဲ့ဘဲ ဆိုင်ပါတယ်။

ခုကာလမှာတော့ သင်္ကြန်ပွဲမှာ ဖျော်ဖြေကြတဲ့ မဏ္ဍာပ်အသီးသီးရဲ့စင်တွေမှာ တီးဝိုင်းတွေရော၊ အဆိုတော်ရော၊ မော်ဒယ်တွေရော၊ မင်း သား မင်းသမီးတွေရော အားလုံးဟာ အနုပညာကြေးနဲ့ချည်းဘဲလို့ ကြားရပါတယ်။ မာအေးလဲ ကိုယ့်ဆီကကိစ္စတွေနဲ့  အတော်ဝေးသွားတာ ကိုး။ ဒါတွေကို ဘယ်သိပါ့မလဲနော်။

သိစရာလေးတခုတော့ ကြုံပါတယ်။ စာအုပ်ပွဲတော်တခုကို ရောက်တုန်းကပဲ။ သတင်းစာတွေနဲ့ စာစောင်တချို့မှာ “မာအေးနဲ့ မြို့မအဖွဲ့ဟာ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေမယ်” ဆိုတဲ့ သတင်းအကြီးခေါင်းစဉ်က ပါပြီးတဲ့အချိန်မှာပေါ့ရှင်။

“မြို့တော်မဏ္ဍပ်ကြီးမှာ မမ ဖျော်ဖြေမယ်ဆို” လို့ မိတ်ဆွေတဦးက မေးပါတယ်။ “မြို့မနဲ့ဆိုမှာကတော့ ဟုတ်ပါတယ်၊ မြို့တော်မဏ္ဍပ် ကိစ္စကတော့ မမ မသိပါဘူး” လို့ မာအေးကဖြေတဲ့အခါမှာ “ဒါဆို ကျနော်ဖုန်းဆက်ပေးရမလား၊ မမ ပိုက်ဆံလေး ဘာလေးရတာပေါ့” တဲ့။

“ဘုရားရေ..ကိုယ်က သူများဖုန်းဆက်ပေးမှ အလုပ်ဖြစ်မှာတဲ့လား။ ကိုယ်လာတိုင်း ပိုက်ဆံရှာရအောင်လာတယ်လို့ ထင်နေကြတာလား”၊ စေတနာဇောနဲ့ ပြောရှာတာပါလေလို့ မသိကျိုးကျွံနေလိုက်ရပေမယ့် အတော်စိတ်ကသိကအောက် ဖြစ်မိပါတယ်။ မွေးရာပါဂီတဝါသနာနဲ့ သီချင်းဆိုချင်လို့ အဆိုတော်ဖြစ်လာတာလေ။ မဟာသင်္ကြန်အခါသမယမှာ “တူးပို့သံပျောက် ဒရမ်ချက်ရောက်” နေတာတွေ ကြားနေရလို့ မြင်နေရလို့ “ဒိုး ချက် အပီ တီး” တဲ့ မြို့မယာဉ်ကြီးပေါ်တက်ဆိုဖို့ ဆုံးဖြတ်ခဲ့တာ၊ ငွေကြောင်းကြေးကြောင်း ဘာကြောင်းမှမပါခဲ့ပါဘူး။

ချစ်စွာသောပရိသတ်တွေနဲ့တွေ့ပြီး သူတို့စိတ်နှလုံးချမ်းသာပြီ နှစ်သက်သဘောကျပြီးဆိုရင် ဆုချတတ်တဲ့အလေ့က ရှိပြီးသားဆိုတော့ကာ ထောင်နဲ့ သောင်းနဲ့ သိန်းနဲ့ဆိုတာလိုပေါ့ရှင်။ တတ်နိုင်ရင် တတ်နိုင်သလောက် ချီးမြှင့်တာမျိုးလဲကြုံမြဲပါ။ ပြည်သူကိုချစ်တဲ့ အနု ပညာသည်တို့အဖို့မှာ မတောင်းဘဲရလာတဲ့ လက်ခုပ်သံသာ အသပြာထက် မြတ်နိုးတန်ဘိုးတာပါရှင်။

မန္တလေးသင်္ကြန်မှာ သီချင်းဆိုဖြစ်ခဲ့တော့မှ မြန်မာသံသီချင်းကို အားပေးနားဆင်တဲ့ ပရိသတ်တွေရှိတုန်းပါလားလို့ တအားတက်ချင်မိပါတယ်။ သင်္ကြန်ရူး-သင်္ကြန်မူးလေးတွေတောင် မလောင်ကြပါဘူး။ ငြိမ်သက်အေးချမ်းစွာ နားထောင်ပေးကြတဲ့အတွက် ဝမ်းသာကျေးဇူးတင်ရပါတယ်။ မြန်မာသံတွေ လူနားမရောက်တာ တကယ်နားဆင်ကြမယ့် ပရိသတ်ရှေ့ကိုရောက်ခွင့်မရသလို ဖြစ်နေလို့ပါ။ ဖျော်ဖြေဖို့စင် ဘယ် သူဝင်ဆောက်ပေးကြမှာလဲ။ မြန်မာစင်ကို မြန်မာတို့ကိုယ်တိုင် ဆောက်ပေးမှဖြစ်မယ့်သဘောပါပဲ။

အဲဒီသဘောတရားလေး စိတ်ထဲဝင်စားနေမိတာကြောင့်မို့ ကိုယ်အနားက ကိုယ့်တနိုင် မြန်မာသီချင်းဆိုနေကြတဲ့ အဆိုတော်တသိုက်ကို အပါခေါ်ပြီး ဂီတပရဟိတခရီးသည် မာအေးလုပ်ခဲ့တာပေါ့ရှင်။ ပထမဆုံးအကြိမ်ရောက်တုန်းက ကွမ်းခြံကုန်း ဂျားကျောင်းဆရာတော်များ စောင့်ရှောက်ထားတဲ့ နာဂစ်ဒဏ်ခံ ကလေးသူငယ်များရံပုံငွေပွဲ သွားကူသီဆိုပေးခဲ့တယ်။ ဒုတိယခေါက်မှာတော့ မာအေးရဲ့ဇာတိချက်ကြွေ မြောင်းမြရဲ့မြေမှာ မြို့မိမြို့ဖတို့နဲ့ တွေ့ဆုံဖျော်ဖြေ မိတ်ဆက်သီဆိုပေးခဲ့နိုင်ပါတယ်။ ဒီတခေါက်တော့ နှမလက်လျှော့နေလေတော့ ဖြစ် ခဲ့တဲ့အကြောင်း ပြောစရာပါလာတယ်ရှင်။ ကိုယ်စင်ကိုယ်ဆောက်မယ်ဆိုတဲ့ သဘောတရားအရ၊ ပုဂံမှာဆောက်လှူတဲ့ ဇရပ်ကလေး ရေစက်ချတဲ့အခါ၊ ခါတိုင်းလိုဘဲ ကိုယ်နဲ့ တန်းလန်းလျှောက်လိုက်ဆိုကြပျော်ကြတဲ့ ဂီတအုပ်စုလေးတစုကိုခေါ်သွားပြီး ဇရပ်ရှေ့က မြေတ လင်းမှာ သီချင်းပွဲလုပ်မယ်လို့ စီစဉ်ခဲ့ပါတယ်။ ပုဂံညောင်ဦးလိုနေရာမှာလဲ ဂီတမောင်ဖွား ဆိုင်းဆရာလေး ဖိုးသာအောင်တို့အဖွဲ့ကရှိတာကိုး။ သူတို့ဆိုင်းအဖွဲ့အပြင်အဆင် မီးကအစ အသံချဲ့စက်အဆုံး အားလုံးကူမှာဆိုတော့ အဆင်မပြေစရာအကြောင်းကို မရှိတယ်လို့ ဆိုရမှာပေါ့။ ကိုယ့်ဖြင့် လိုက်လာမယ့် ဂီတရူးတွေကို တရားဘယ်လိုအားထုတ်တယ်၊ ဘယ်လိုစား ဘယ်လိုနေရတယ်ဆိုတာတွေပြမယ်။ ဘုရားဖူးပို့မယ်။ နိဗ္မာန်အထိအပါခေါ်ဖို့ ကြိုးစားလိုက်တာ လက်ကုန်ဘဲ။

တောင်ငူမြို့နားက ဇီးဖြူပင်ရွာက သာသနာကိစ္စသွားကူနေတုန်းမှာမှ ပွဲလုပ်ရင်စာတင်ရမယ်၊ မြို့နယ်တင်မက ခရိုင်အထိတင်ရမယ်၊ အနည်းဆုံးရက်သတ္တနှစ်ပါတ်ကြာမယ်တဲ့။ ရ မရဆိုတာလဲ မသေချာသေးဘူးတဲ့။ ဖိုးသာအောင်ခမျာ မာအေးကို မရအရလိုက်ပြီး ဖုန်းဆက် ပေးရှာပါတယ်။ ဒီဖုန်းသတင်းရချိန်မှာ အလှူလုပ်မယ့်ရက်ကြားမှာ (၉) ရက်ပဲရှိတော့တယ်။ လိုက်ဆောင်ရွက်ဖို့အချိန်ကမရှိဘူး၊ ကိုယ်ပွဲ ကိုယ်မှ မဆိုရတော့တာဘဲပေါ့။

သွားကြစို့လို့အခေါ်စောင့်တဲ့ ဂီတအဖော်တွေ၊ ဧရာဝတီအနောက်ဖက်ကမ်းက ပွဲလာကြည့်မယ်ဆိုတဲ့ ကျေးလက်ကပရိသတ်တွေကို၊ ကိုယ်လဲ ဆိုချင်တဲ့သူပါ၊ ဒါကြောင့် ဆိုချင်သူ စိတ်မကောင်းပါဘူးကွယ်လို့ တောင်းပန်ခဲ့ရပါတယ်ရှင်။ ဒီသီချင်းလေးလိုတော့ မဖြစ် တော့ဘူးပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts