မာမာအေး

Mar Mar Aye – “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၆)

မာမာအေး
ဇွန် ၁၇၊ ၂၀၁၂
“–အောင်ဆန်းစုကြည် ဆိုတာ မြောင်းမြသူ ဒေါ်ခင်ကြည့်သမီးဟဲ့ သိရဲ့လား ဆိုပြီး ရိုက်လိုက်
— ဒေါ်ခင်ကြည်ဟာ စစ်အတွင်းမှာကတည်းက ဗုံးမကြောက် သေနပ်မကြောက်၊ ဆေးရုံကလူနာတွေကို ပြုစုလာတဲ့သူဟဲ့ – သိရဲ့လား
— ကိုယ့်မြို့သူသွေး မစုလေးအကြောင်းကေါ နင်သိလို့လား–“


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးရင်ထဲမှာ ကိုယ့်မြန်မာဂီတ နောက်ဖက်ခတ်ကျကျဖြစ်နေတာကို ခံစားနေမိလို့ ဆက်နိုင်တက်နိုင်ရအောင် ကိုယ်ထဲကိုယ့်ယာက ‘ဂီတဇ’ ရှိတဲ့ မျိုးဆက်တွေ ရှာဖွေ ပြောသင့်တယ် စိတ်ကူးပြီး စန္ဒရား ထိပ်တင်ဝင်းနဲ့ သူ့သားလှ ရဲနန္ဒ – ဂီတသားအဖအကြောင်း စပြီးတော့ ပြောလိုက်တာပါဘဲ။ ဒါပေမယ့် ဆက်ပြောဖြစ်ဦးမယ် မဟုတ်ဖူးရှင့်။ နက်ဖန် -သဘက်ခါရဲ့ နောက်တနေ့ဆို ကိုယ့်နိုင်ငံမှာ ကြားဖြတ်ရွေးကေါက်ပွဲ ရှိတယ်လေ၊ အဝေးရောက်နေငြားလဲ ‘မဲဆန္ဒ’ ပေးခဲ့ရတာ – အဖေအမေ ပေးထားတဲ့ ဒီတသက်မှာ ‘ဦးစေါမောင်’ လက်ထက်က ပါတီစုံ မဲပုံးထောင်ခွင့် တကြိမ်ရတဲ့အခါက တခါထဲ ပေးဖူးတာ ဆိုတော့ ဘာထူးသေးလဲ ဘာထူးဦးမှာလဲနဲ့ အင်တာနက်ကွန်ယက်တွေ လိုက်ကြည့်၊ လိုက်တွေးနဲ့ဟာ ကိုယ်နဲ့ဆိုင်တဲ့နေရာတွေမှာ ပြောစရာတွေ တွေ့ရလို့ပါရှင်။

ရွေးကေါက်ပွဲ ရှိလာရင် မဲဆန္ဒပေးမယ့် ပြည်သူကို – စည်းရုံးကြရတာ ဓမ္မတာပါ။ နည်းအမျိုးမျိုးနဲ့ အသုံးချ မဲဆွယ်ခဲ့ကြတာပေါ့။ မာအေးတို့ သေချာမှီလိုက်တာ ‘ဖ-ဆ-ပ-လ’သန့်ရှင်း နဲ့ တည်မြဲ ဆိုပြီး ကွဲသွားတော့ သန့်ရှင်းက အ၀ါရောင်၊ တည်မြဲက အနီရောင် သုံးကြတာကိုး။ အ၀ါရောင်ဝတ် အမျိုးသမီးတွေ၊ အနီရောင်ဝတ်အမျိုးသမီးတွေက ဆိုင်ရာအရောင် လုံချည်ရတဲ့သူတွေကလဲ ယူတော့ ထားလိုက်တာဘဲ၊ ပြီးတော့လဲ ဦးလေးနုတို့အ၀ါကိုဘဲ အနိုင်ပေါ်သွားစေခဲ့ပါတယ်။ NLD လဲ – ဒီပုံမျိုးနဲ့ ခတ်ဆင်ဆင် အခြေအနေတခု ရှိဖူးခဲ့တာ သတိပြန်ရပါတယ်။ ခုလဲ ရုပ်ရှင်နဲ့ ဂီတ အနုပညာသည်တွေက နယ်လှည့်စည်းရုံးပေးကြမယ် တဲ့၊ မတ်လ (၂၇) ကျရင် ‘ပြင်ဦးလွင်’ ရောက်လိမ့်မယ်၊ (၂၈) ရက်နေ့ကျ ‘စစ်ကိုင်း’မှာ တဲ့၊ (၂၉) ရက်နေ့မှာတော့ ပုလဲမြို့နယ် ရောက်လိမ့်မယ် တဲ့။ အဲဒီမြို့တွေမှာ ဒါရိုက်တာဝိုင်း စီစဉ်တဲ့

“ဒီလိုလေး ခြစ်တတ်ရင် ရပြီ” ဆိုတဲ့ တခန်းရပ်ပြဇါတ်ကို တင်ဆက်ကြလိမ့်မယ်။ လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြဗို၊ ချစ်သုဝေ နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ တချို့ ပါဝင် ကူညီပါလိမ့်မယ်။ R-ဇာနည်တို့ လင်းလင်းတို့ကတော့ သီချင်းဆိုပေးကြမယ်ပေါ့။ ဒီလို လှည့်လည် ဖျော်ဖြေ တင်ဆက်ကြတာတွေကို ခွင့်ပြုလာတာ ကြည့်ပြီး အနုပညာရှင်တွေအတွက် ၀မ်းသာလှပါပြီ။ မာအေးတို့လဲ တချိန်က သန့်ရှင်းမဏ္ဍပ်နဲ့ တည်မြဲမဏ္ဍပ် လမ်းတဖက်တချက်ခြားပြီး သီချင်းတွေ ဆိုဖူးကြပါတယ်။ မာအေးက ၀ဏ္ဏကျော်ထင်ဘွဲ့ရ ဂီတစာဆို စန္ဒရား စိန်မြမောင် တီးဝိုင်းနဲ့ လိုက်ဆိုတုန်းမှာပေါ့။ အဆိုတော်တွေ များပါတယ်၊ သန့်ရှင်းဖက်က ရပ်တည်တဲ့ အဖွဲ့ ဆိုကြပါစို့ရှင်။ အနီရောင်တည်မြဲမဏ္ဍပ်စင်မှာလဲ တီးဝိုင်း ပါတာဘဲ၊ ဘယ်သူ့ဝိုင်းလဲ ဘယ်သူတွေ ဆိုကြသလဲ မသိပါဘူး။ မယ်ဗမာဘွဲ့ရ အလှဘုရင်မတွေက အဓိကကျတာ တွေ့ခဲ့ရပါတယ်။ မဲဆွယ်သီချင်းတွေဟာ သံပြိုင် စုပေါင်းဆိုတွေ များပါတယ်။ ဒါကြောင့် မစွဲလန်းလို့ မမှတ်မိတော့ဘူး။ ဥပမယ် စာမမြောက် မြီးကေါင်ပေါက်စမို့ ငါတို့ကြက်ဖနိုင်နိုင် လုပ်ပြီး ဆိုခဲ့တာ ပျော်မှပျော်ဘဲ၊ အခု စည်းရုံးရေးက တရားသဖြင့် မဲဆန္ဒပေးတတ်အောင် တရားမဟောဘဲ – သဘောသိအောင် သရုပ်ဆောင်ပြကြမှာ ဆိုတော့ ပရိသဒ်လဲ ပျော်ကြမှာပါ။ အားလုံး ပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မာအေးကလဲ ရုပ်ရှင်သရုပ်ဆောင်ကဏ္ဍမှာ ၀င်ထားတဲ့ ရုပ်ရှင်အစည်းအရုံးဝင်မို့လား၊ အားကျတယ်။

ခုလ ၂၄ ရက်နေ့ကလဲ ဥက္ကဋ္ဌဇင်ဝိုင်း၊ ဒုဥက္ကဋ္ဌ – ညီညီထွန်းလွင် နဲ့ လူမင်း၊ အတွင်းရေးမှူး ဦးဝင်းကြည်တို့ ဦးဆောင်မယ့် ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ် စာရင်း ထွက်လာပါတယ်။ “၄၆” နှစ် လုံးလုံး ရုပ်ရှင်သမားတွေနဲ့ ဝေးကွာနေခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးဟာ ဒီကနေ့ ရုပ်ရှင်သမားစစ်စစ်တွေရဲ့ လက်ကို ပြန်ရောက်ပြီ လို့ ကြွေးကြော်ကြလေရဲ့။ ရုပ်ရှင်ဘက်က ပုဂ္ဂိုလ်တွေဟာ ရဲရင့်ပါတယ်။ ဒီရှေ့က အမှုဆောင်သက်တန်းတချိန်မှာ အမှုဆောင်အဖွဲ့ နှုတ်ထွက်ပစ်လိုက်တာ ကြားလိုက်ရလို့ ပြောမိတာပါ။

နောက်ဓါတ်ပုံသတင်းတခုလဲ မာအေးနဲ့ ငြိပြန်တယ်ရှင့်။ မြောင်းမြ ခေါ်တဲ့ ကိုယ့်ဇာတိနယ်ထဲက ရွာကလေးတရွာရဲ့ ကြားဖြတ်ရွေးကေါက်ပွဲကြော်ငြာ သင်ပုန်းတချပ်မှာ ကပ်ထားတဲ့ NLD ကြော်ငြာ (၂) ရွက် ဆုတ်ဖြဲ ဖျက်ဆီးခံရတဲ့ပုံကို မြင်ရလို့ပါ။ စာရွက်ကို ဖြုတ်ပြီး လွှင့်ပစ်တာ မဟုတ်တော့ – ညီမ ‘စု’ ရဲ့ ကိုယ်တခြမ်းလေး ကျန်နေပါသေးတယ်။ ငြိသွားတာ ဆိုင်သွားတာ ‘မြောင်းမြ’ သံယောဇဉ်နဲ့ပေါ့ရှင်။ အချက် မသိရင် သားမက်တောင်မှ သူခိုး ထင်သေးတာဘဲ။ ဒုက္ခပေးမယ့်ဖက်ကသူတွေ အပြိုင်ကြဲရမယ့်သူတွေကလဲ ရှိနေတော့ ဘယ်သူဘဲ ဖြစ်ဖြစ် တိုင်စရာရှိရင် တိုင်ဖြစ်မှာပေါ့နော်။ ကိုယ့်ဇာတိပေမယ့် ကိုယ်တောင်မှ မကြားဖူးတဲ့ရွာကလေး ဆိုတော့ရင် – ဆားပုလင်းနှင်းမောင်လိုဟာတွေနဲ့လဲ ဝေးမှာပါ။ ချက်ချင်း အရေးယူဘို့ကလဲ မသိအောင်လုပ်တာ ဆိုတော့ ခက်သားကလား။ တကယ်တော့ မြောင်းမြသူ မြောင်းမြသားစစ်ရင် ဘာသာ သာသနာကို ရှေ့တန်းထား၊ မတရားတာ မလုပ်၊ မဟုတ်ရင် မခံ၊ အသံချိုအေး၊ ငြိမ်းချမ်းညီညွတ်ရေး အလေးပေး၊ ယဉ်ကျေးပျူငှာ နေတတ်ပါတယ်ရှင်။ ခုဟာက ကိုယ့်ဝန်းကျင် ကိုယ့်မြို့က အကြောင်းတေါင်မှ အပါးမ၀တဲ့ ခလေးတွေ လက်ချက်သာ ဖြစ်မှာပါ။ NLD ကိုမှ မဟုတ်ပါဘူး၊ ဘယ်သူ့ကိစ္စကိုဘဲ ဖျက်ဆီးဖျက်ဆီး ကေါင်းတဲ့ကိစ္စမှ မဟုတ်တာရှင့်။

မာအေးရဲ့ မွေးသမိခင်၊ ကျားလက်ဝါး အမည်တွင်တဲ့ ဒေါ်အမျိုးခင် – မြောင်းမြသန်းလက်သာ အပ်လိုက်လို့ကတော့ ဘယ်လိုများ မေးမေးပြီး ရိုက်မှာလဲ ဆူမှာလဲ၊ ကြားယောင်နေမိပါတယ်ရှင်။
ဟဲ့ ကေါင်လေး – လာစမ်း
* နင် ကြော်ငြာဘုတ်က စာရွက်တွေ ဘာလို့ ဆုတ်ပစ်တာလဲဟင် ဆိုပြီး ရိုက်လိုက်
* အောင်ဆန်းစုကြည် ဆိုတာ မြောင်းမြသူ ဒေါ်ခင်ကြည့်သမီးဟဲ့ သိရဲ့လား ဆိုပြီး ရိုက်လိုက်
* ဒေါ်ခင်ကြည်ဟာ စစ်အတွင်းမှာကတည်းက ဗုံးမကြောက် သေနပ်မကြောက်၊ ဆေးရုံကလူနာတွေကို ပြုစုလာတဲ့သူဟဲ့ – သိရဲ့လား
* ကိုယ့်မြို့သူသွေး မစုလေးအကြောင်းကေါ နင်သိလို့လား
* သူ့မှာ လင်ဆုံး၊ သားတွေနဲ့ဝေး၊ ဘာဒုက္ခပေးလို့လဲ
* ဘာမှ မဖြစ်ခင် – ရွေးကေါက်ပွဲဝင်မယ် ဆိုတာနဲ့ နိုင်ငံအသီးသီးက လာကြ ကူညီချင်ကြပြီ။ နင် လူကြီးတွေ ပြန်မေးကြည့်စမ်း၊ နောက် ဒါမျိုး မလုပ်ပါနဲ့၊ တို့မြို့သားချင်းမှ မညီညွတ်ရင် တို့မြို့ ရှက်စရာဖြစ်မှာပေါ့၊ သူများတွေလဲ သွားမနှောက်ယှက်နဲ့ဦးနော်၊ တို့အမျိုးသားခေါင်းဆောင်တွေက ညီညွတ်ရေးဟာ အဓိက လို့ ပြောခဲ့တယ် နားလယ်လား၊
အဲဒီလို ဟောက်စားလုပ်လိမ့်မှာ သေချာပါတယ်ရှင်။

*(ညီညွတ်ရေးသာ အဓိက – ၀င်းဦး+မာမာအေး)

(ညီညွတ်ရေးသာ အဓိကခြေ၊ လူမျိုး ဘာသာ မခွဲခြားပေ)၂xxx တမျိုးသါးလုံး ညီညွတ်ကြလို့လေ၊ တမျိုးသားလုံး ဆန္ဒပြည့်ဘို့လေ၊ စိတ်တူ ကိုယ်တူ ကြည်ဖြူစေ၊ အဓိက ပန်းတိုင်မလဲ မယိုင်စေဘို့အခြေ၊ ကျိုးစားကြစို့ တို့တတွေ၊ တို့တတွေ x ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ၊ ညီအောင်ပြုထား ယိုင်းပင်းအများပေ၊ (အမျိုးသား ခေါင်းဆောင်ကြီးတွေ) ၂ xx အခါခါ ညွှန်း စကါးဆိုထားပါပေ xx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

 

စာစီစာရိုက် – မျိုးဇော်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts