ရသဆောင်းပါးစုံ

ကျနော့်ရင်သွေးများသို့လက်ဆင့်ကမ်းလိုသော ဖေဖေထံမှကြားခဲ့ရသာ စကားအခွန်း ၁ဝဝ (အမှတ်စဉ် ၁)

သုခသား
ဇွန် ၁၇၊ ၂၀၁၂

“လောကမှာ လူသုံးမျိုးရှိတယ်သား”

သည်စကားကို ဖေဖေ့ထံမှကြားခဲ့ရသည့် အရင်းမြစ်သည် မထင်မှတ်ပဲပြောလိုက်မိသော ကျနော့်ရင်တွင်းမှ စကားတခွန်းအပေါ် ဖေဖေသည် ကျေနပ်ဝမ်းမြောက်သွား၍ သာဓုခေါ်ရာမှဖြစ်သည်။

ဖေဖေ့ သားတပည့်တဦးဖြစ်သူ ဦးအောင် (ရွှေသမင်စာပေ) သည် ကျနော်တို့ထက် သာလွန်၍ ဖေဖေအား ကြည်ညိုချစ်မြတ်နိုးသူ ဖြစ်ပါ သည်။ သူသည် ထုတ်ဝေသူနှင့် စာရေးဆရာဆိုတော့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသော စီးပွားဖက်ဖြစ်သော ထုတ်ဝေသူဘ၀မှ ရပ်နားသွားသည့်တိုက် ဖေဖေအား ချစ်ခင်လေးစားလျှက်ရှိခဲ့ပါသည်။

ဖေဖေ့မျက်စိဝေဒနာ (ဖေဖေ့စကားအတိုင်း ပြောရလျှင် မမြင်မကန်း ဝေဒနာ) ကို တိုကျိုဆေးရုံကြီးမှ ဆရာဝန်ကြီးများက လက်မြှောက် လက်လျှော့လိုက်ပါပြီစု ပြောနေသည့်ကြားမှပင် သူက ဘ၀င်မကျနိုင်ပဲ စင်ကာပူနိုင်ငံသို့ အကြိမ်ပေါင်း မြောက်များစွာခေါ်ယူ၍ ကောင်းသည့် ဆေးရုံ၊ ကောင်းသည့်ဆရာဝန်၊ ကောင်းသည့်ဆေး ဆိုသည်များကို အင်္ဂလိပ်ဆေးရော၊ တရုတ်ဆေးရော၊ ကုလားဆေးရော၊ မြန်မာဆေးမီးတို ဆေးမီးရှည်ပါမကျန် စုံအောင် ကုသပေးခဲ့သူဖြစ်ပါသည်။

၁၉၉၆ ခုနှစ်က ဖြစ်ပါသည်။ တနေ့တော့ မိုးများ သည်းကြီး မည်းကြီး ရွာနေခိုက် သူသည် ဗြုံးတိုင်းကြီး ဖေဖေ့အိမ်သို့ ရောက်လာပါသည်။ ယမန်နေ့က အလုပ်ကိစ္စရှိ၍ စင်ကာပူမှ မြန်မာပြည်သို့ သူရဲ့ နိုင်ငံခြားမိတ်ဆွေများနှင့်အတူ ရောက်ရှိလာသော်လည်း လေယာဉ်လက်မှတ် အခက်အခဲကြောင့် မန္တလေးသို့ မသွားနိုင်ပဲ ဖြစ်နေကြောင်း၊ ယနေ့ညတွင် မန္တလေးသို့ရောက်ပါက နောက်တနေ့တွင် တာဝန်ရှိဝန်ထမ်းများနှင့် မတွေ့နိုင်ပဲ စီးပွားရေးကိစ္စများ ပျက်ပြယ်သွားနိုင်ကြောင်းဟု ဆိုလာပါသည်။

အစပိုင်းတွင် ဖေဖေသည် ဌာနဆိုင်ရာအသိမိတ်ဆွေများမှတဆင့် သူ့လေယာဉ်လက်မှတ်ကို ဝယ်ပေးစေလို၍ အကူအညီတောင်းခံနေသည် ဟု ထင်မိနေခဲ့သော်လည်း နောက်ဆုံးတွင် သူကမိုးထဲလေထဲတွင် ကျနော့်ရဲ့ (၉) ယောက်စီးကားကို မန္တလေးအထိငှားလို၍ ဖေဖေ့အား အကူအညီးတောင်းခံနေခြင်း ဖြစ်ပေသည်။

ဖေဖေသည် အသက်ကြီးလာ၍ စိုးရိမ်ပူပန်မှုများ များလာသည်ကတကြောင်း။ ကျနော်က ၁ဝ နှစ် ၁ဝ မိုး သူတစ်ပါးတိုင်းပြည်တွင် ဆင်း ဆင်းရဲရဲ အလုပ်လုပ်၍ စုဆောင်းလာပြီးမှ ဝယ်ယူထားသောကားဖြစ်သည်ကတကြောင်းကြောင့် ချက်ခြင်း အဖြေမပေးနိုင်ပဲ ဖြစ်နေခဲ့ပါသည်။

ဖေဖေ့ အရိပ်အကဲကို အကဲခတ်မိသော ကျွန်တော်သည် ဘေးမှဝင်၍ “ဦးအောင် … ကားလိုချင်ရင် ယူသွားလေ။ ကျွန်တော်လည်း သုံး စ၇ာ မရှိပါဘူး။ ဖေဖေ့ကျန်းမာရေးလည်း ကောင်းနေလို့ ဘာမှအသုံးမလိုပါဘူး။ စိတ်ချ လက်ချ သာသွားပါ” ဟုပြောလိုက်ပါသည်။ သူတို့ ကားယူပြီးထွက်သွားသောအခါ ဖေဖေက “သား … ဖြစ်မှ ဖြစ်ပါ့မလားကွာ။ မိုးလေကကြီးတဲ့အပြင် ကိုအောင်ကလည်း မြန်မာပြည်က လမ်း တွေကို ကျွမ်းကျင်တာမဟုတ်ဘူးနော်” ဟုပြောပါသည်။

ကျနော်က ကျနော့်ရင်တွင်းမှာရှိသည့်အတိုင်း အောက်ပါကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောချလိုက်ပါသည်။

“ဖေဖေရာ သူက သူ့ငွေတွေ အကုန်ခံပြီး ဖေဖေ့ရောဂါက မပျောက်နိုင်ပါဘူးလို့ ပြောနေတဲ့ ဖေဖေ့မျက်စိကို ကုပေးခဲ့တယ် မဟုတ်ဘူးလား။ ဒီတော့ သားမှာက သူ့ကျေးဇူးကို ပြန်ဆပ်ရမယ့် ကျေးဇူးကြွေးက ရှိနေတယ်လေ။ အခုမှ ဒီအကြွေးကို ဆပ်ဖို့ကြံရခဲတဲ့အခွင့်ကိုရလို့ ၀မ်း သာရမှာပါ”

ဖေဖေသည် အချိန်အကြာကြီး ငြိမ်နေပြီး ပြီးမှ ပြုံး၍ ခေါင်းတငြိမ့်ငြိမ့် လုပ်နေပါသည်။

တအောင့်ခန့်ကြာသော် ကျနော့်အားခေါ်၍ ဗုဒ္ဓမြတ်စွာဘုရားရှင်အဆိုတော်ကို ကျနော်နားလည်အောင် လူစကားဖြင့် လွယ်လွယ်ကူကူ အောက်ပါကဲ့သို့ ပြောပြခဲ့ပါသည်။

“လောကကြီးမှာ လူသုံးမျိုးရှိတယ်သား”
သူတစ်ပါးရဲ့ကျေးဇူးကို မသိတတ်သူ၊
သူတစ်ပါးရဲ့ကျေးဇူးကို သိတတ်သော်လည်း ကျေဇူးဆပ်ခွင့် မရရှိသူ၊
သူတစ်ပါးရဲ့ကျေးဇူးကိုသိတတ်၍ ကိုယ်တိုင် ကိုယ်ကျ ကျေးဇူးဆပ်ခွင့်ကို ရရှိသူပဲသား၊

ဖေဖေက ကိုယ့်အမေရဲ့ကျေးဇူးကို မသိတတ်ခဲ့ဘူးသား။ သိတတ်လာတော့။ ပြီးတော့ ကျေးဇူးဆပ်နိုင်တဲ့အဆင့်ကိုရောက်လာတော့ ဖေဖေ သိတ်နောက်ကျသွားခဲ့ပြီသား။ ကမ္ဘာလာသီးကြီး တစ်ခြင်းလုံးဝယ်လာပြီး၊ မတ်ခွက်ကြီးအပြည့် ကိုယ်တိုင်ကိုယ်ကြဖျော်တိုက်ပေမဲ့ လည် ချောင်းကင်ဆာကကျွမ်းနေလို့ တစ်စွန်းအပြင် ပိုမသောက်နိုင်ရှာဘူးသား။

ဒါပေမဲ့ မိဘမေတ္တာက ဘယ်လောက်အထိကြီးမားသလဲဆိုရင် ဖေဖေကျေနပ်ရလေအောင် “တော်ပါပြီ သား၇ယ်။ အမေ မသောက်ချင်ပါ ဘူးကွယ်။ သားကိုလည်းကျေနပ်ပါတယ်ကွယ်” လို့ ပြောခဲ့တယ်သား ဟု ကျနော်မမြင်ဘူးသော အဖွားအကြောင်းကို ပြောပြပါသည်။ ပြီး တော့မှ အခွင့်ရစဉ်၊ ဆောင်ရွက်အားရှိစဉ် အကြွေးမထားပဲ ဆောင်ရွက်ခဲ့သော ကျနော့်အား ကျေကျေနပ်နပ် သာဓုခေါ်ခဲ့ပါသည်။

ယခုအခါ ကျနော်လည်း ကျနော့်ရင်သွေးများကို ဖေဖေ့ အမှာစကားအား ပြန်၍ပြောပြချင်ပါသည်။ သူတစ်ပါးရဲ့ကျေးဇူးကို ရှာကြံတတ်ပါက ရန်ကူပင်ဖြစ်ပါစေ လက်တွဲနိုင်ပါမည်။ အချိန်မနှောင်းမီ၊ အခွင့်ရလျှင် အချိန်မဆွဲပဲ၊ နောင်မှတသော နောင်တ မရှိရလေအောင် လုပ်သင့်၊ လုပ်အပ်သော ကျေးဇူးဆပ်စရာများကို လျင်လျင်မြန်မြန် အကြွေးပြန်၍ ဆပ်နိုင်သူများ ဖြစ်ကြစေရန် စကားထပ်ဆင့် လက်ဆင့်ကမ်းလိုက်ရပါ လေသတည်း …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျနော့်ရင်သွေးများသို့လက်ဆင့်ကမ်းလိုသော ဖေဖေထံမှကြားခဲ့ရသာ စကားအခွန်း ၁ဝဝ (အမှတ်စဉ် ၁)

Comments are closed.