ရေခြားမြေခြား မြန်မာများ
မုန်တိုင်းတိုက်လဲ လာတာပဲ – Ashin Osadha (Half moon Bay)
မုန်တိုင်းတိုက်လဲ လာတာပဲ
အရှင်သြသဓ၊ ဟပ်မွန်းဘေး၊ ဇန်န၀ါရီ ၄၊ ၂၀၁၃
          ဆယ်ကျော်သက် လူငယ်လေးများအတွက် ဆောင်းရာသီ သီးသန့် တရားစခန်းလေး လုပ်လာသည်မှာ ယခုနှစ်ဆို သုံးနှစ်မြောက် ရှိသွားပြီဖြစ်၏။ ခရစ်စမတ်ကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်ပြီး ဒီဇင်ဘာ ၂၁-ရက်နေ့မှ ၂၄-ရက်နေ့အထိ သုံးရက် သတ်မှတ်ထားပေသည်။ နှစ်စဉ်မပျက် လာသူများရှိသလို နှစ်ခြား လာသူများလည်း ရှိ၏။ အကြောင်းအမျိုးမျိုးကြောင့် မလာရောက် နိုင်သူများလည်း ရှိ၏။ မလာရောက်နိုင်သူများ နေရာတွင် နောက်ထပ် အသစ်အသစ် စိတ်ဝင်စားသူများ ထပ်ရောက်လာပြန်သဖြင့် စာရင်းတွင် ခါတိုင်းနှစ်လိုဘဲ ပြည့်သွား ပြန်၏။
          တရားသင်တန်း၏ ရည်ရွယ်ချက်မှာ ကလေးများ ဗုဒ္ဓဘာသာကို စာတွေ့လက်တွေ့ နှစ်မျိုးလုံး သိရှိ နားလည် စေရန်ဖြစ်၏။ များသောအားဖြင့် နွေရာသီဗုဒ္ဓဘာသာသင်တန်း အောင်မြင်ပြီးသော ကျောင်းသားလေး များဖြစ်၏။ နွေရာသီသင်တန်းမှာ ကလေးများအရွယ်စုံ လက်ခံပြီး စာသင်ကြားခြင်းကို အဓိကထား၏။ ဆောင်း ရာသီသင်တန်းမှာ အသက် ၁၄-နှစ်မှ အထက် ကျောင်းသားများကို လက်ခံပြီး တရားထိုင်ခြင်းကို အဓိကထား ၏။ နွေရာသီသင်တန်းမှာ ကလေးများ စာသင်လိုက်, ပြီးတော့ ပြေးလွှားဆော့ကစားလိုက်နဲ့မို့ တွေ့မြင်ရသူ တို့မှာ ကြည်နူးမှုများ ခံစားကြရ၏။ ဆောင်းရာသီသင်တန်းမှာကား တရားနာ, တရားထိုင်, တရားဆွေးနွေးမှု များဖြင့် ကျက်သရေရှိကာ တည်ငြိမ်လှပြီး မြင်ရသူစိတ်နှလုံးကို ငြိမ်းချမ်းမှုများ ထင်ဟပ်လာစေ၏။
ဤတရားစခန်းလာသူတို့မှာလည်း တစ်ယောက်နှင့်တစ်ယောက် လာရင်း ရည်ရွယ်ချက်မတူကြပေ။ တချို့ကျောင်းသားများက နောင်ခါ နွေရာသီသင်တန်းများတွင် လုပ်အားပေးဆရာလုပ်လိုသဖြင့် လက်တွေ့ အားထုတ်မှုပိုင်းဆိုင်ရာ အတွေ့အကြုံ ပြည့်ဝရေးအတွက် လာရောက်ကြ၏။
တချို့ကတော့ မိမိတို့အတွက် ဘဝကျင့်သုံးရေး နည်းရရှိစေရန် လာရောက်ကြ၏။ တချို့ကတော့ အဖော်ကောင်းလို့ လိုက်လာကြသလို, တချို့ကတော့လဲ မိဘတိုက်တွန်းမှုကြောင့် ရောက်လာကြ၏။
ဘယ်လိုရည်ရွယ်ချက်ကြောင့်ဘဲ ရောက်လာ သည်ဖြစ်စေ, သူတို့အတွက် အပန်းဖြေကာ အပျော်အပါးသွားရမည့် ကျောင်းအားရက်လေးများတွင် အနား မယူ, အပျော်အပါး မသွားဘဲ ကျောင်းသို့ လာဖေါ်ရသည်ကိုပင် ကြိုဆိုရပေမည်။
          ခါတိုင်းနှစ်တွေမှာတော့ ရာသီဥတု သာယာသဖြင့် စာရင်းသွင်းထားသော လူငယ်လေးများ အားလုံး  ရောက်လာကြ၏။ ဒီနှစ်တော့ သူတို့အားလုံး လာမှ,လာနိုင်ပါ့မလားဟု သံသယဖြစ်မိသည်။ စိတ်ပူနေမိသည် ဆိုလျှင် ပို၍မှန်လိမ့်မည် ထင်သည်။ အကြောင်းမှာ သူတို့လာမည့်နေ့တွင် မုန်တိုင်းများ ဆက်တိုက်ဝင်ကာ လေပြင်းကျနေ၏။ မိုးကလည်း သဲသဲမဲမဲ အငြိုးနဲ့ ရေလျှံအောင်ကို ရွာချနေ၏။ ထို့ကြောင့် တချို့ လာမည့် သူများ အစီအစဉ် ပျက်သွားနိုင်၏။ မဖြစ်,ဖြစ်အောင် ကြိုးစား၍ လာနေကြသူများလဲ မိုးထဲလေထဲ၌ အန္တရာယ် နှင့် ရင်ဆိုင်ကာ လာကြရပေတော့မည်။ လမ်းမှာ သစ်ပင်တွေလဲ၊ သစ်ကိုင်းတွေ ကျိုးကျ၊ တချို့နေရာ တွေမှာ ရေလျှံ၊ တချို့နေရာတွေမှာ တောင်ပြိုကျ၊ သို့ပါ၍ လမ်းတချို့ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေကြောင်းလဲ တီဗွီသတင်းများတွင် တွေ့နေရ၏။ ထို့ကြောင့် ကျွန်ုပ်စိတ်ပူမိသည်ဟု ဆိုခြင်းဖြစ်ပေသည်။
          သို့သော် အချိန်တန်တော့ သူတို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပေသည်။ သူတို့ ရောက်လာချိန်သည် လေပြင်းမုန်တိုင်း အသဲဆုံးသော အချိန်ဟုပင် ပြောရပေမည်။ ထီးဖွင့်လိုက်လျှင် တခါထဲ လေထဲပျံဝဲသွားကာ သုံးမရတော့ဘဲ အမှိုက်တောင်းထဲ တခါတည်း ထည့်လိုက်ရတော့၏။ တချို့လဲ ကားက ဆင်းတော့ ဂျပ်ကပ်အင်္ကျီပေါ်က ခေါင်းစွပ်ကလေးများ ခေါင်းဆောင်းပြီး အေးအေးဆေးဆေး လာနေပြန်သဖြင့် စာရေးသူက မနေနိုင်၍ “ဟေး…..မိုးရွာတယ် လေကွာ၊ ခပ်မြန်မြန် ပြေးဝင်ခဲ့”လို့ လှမ်းပြောလိုက်၏။ သို့သော် လည်း သူတို့မျက်နှာတွေကတော့ မုန်တိုင်းကို ဂရုတောင်မစိုက်ဘဲ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက် စကားပြောရင်း ခပ်အေးအေးပင် ကျောင်းထဲ ဝင်လာကြ၏။  ကျောင်းဆင်း နောက်ကျ၍ မိုးချုပ်သွားသဖြင့် နောက်နေ့မနက် အစောကြီးလာမည့် ကျောင်းသားများမှလွဲ၍ အားလုံး အချိန်မီ ရောက်လာကြပေသည်။
          ညနေ ၆-နာရီတွင် သင်တန်းဖွင့်ပြီး ၇-နာရီတွင် သတိပဋ္ဌာန်ဝိပဿနာ အလုပ်ပေးစတင်၏။ သင်ပေး သည့်ဆရာက သတိပဋ္ဌာန်သုတ်ကြီး တစ်ခုလုံးကို ခြုံငုံမိအောင် ပြောပြ၏။ အလုပ်ပေးဆိုသော်လည်း လူကြီး တရားစခန်းများမှာလို မဟုတ်၊ ကလေးများ နားလည်လွယ်အောင် handout များ ပေးပြီး projector ဖြင့် ဇယား များ၊ ပုံများဖြင့် သေချာစွာ သင်ကြားပေး၏။ အသက်ရှုပုံနှင့် ဗိုက်ဖေါင်းတာ,ပိန်တာကိုပင် ပုံများဖြင့် ပြသပေး၏။
          တရားထိုင်ချိန်တွင်ကား အကူဆရာမတစ်ယောက်က အသေးစိပ် သင်ကြားပေး၏။ တရားထိုင်ပုံ, လမ်း လျှောက်ပုံ, အာရုံနှင့်မှတ်စိတ် ချိန်သားကိုက်ဖြစ်အောင် ရှုမှတ်ပုံ စသည်များကို အနီးကပ် ညွှန်ကြားပြသပေး၏။ မရှင်းလင်းသည့် အရာများကိုလည်း စိတ်ရှည်ရှည်ဖြင့် ရှင်းပြပေး၏။ နံနက်ပိုင်း အိပ်ရာထပြီးချိန်တွင် မေတ္တာ ကမ္မဋ္ဌာန်းကို ပွားများကြရပြီး ညကိုးနာရီ နောက်ဆုံးအချိန်တွင်လည်း မေတ္တာပို့ပြီးမှ အိပ်ကြရ၏။ ထို့ကြောင့် လူငယ်လေးများ မေတ္တာပွားပုံနှင့် မေတ္တာ၏အကျိုးတရားများကို ကောင်းစွာ သိရှိသွားကြ၏။  
          စာရေးသူအနေဖြင့် တရားဟောချိန်၌ ယခုနှစ်တွင် ဥပုသ်စောင့်ခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းပြပေး၏။ ကလေးများသည် ဥပုသ်စောင့်ရမည်ဆိုလျှင် သေအောင်ကြောက်၏။ ထို့ကြောင့် ကလေးများ အနည်းဆုံး တရားအားထုတ်ချိန်တွင် ဥပုသ်စောင့်ချင်လာအောင် ပြောပြပေး၏။ ဥပုသ်သည် အခြားဘာသာ များ၌လည်း သူ့ဥပုသ်နှင့်သူ ရှိကြ၏။ ထို့ကြောင့် သေသေချာချာ လေ့လာမထားလျှင် ကလေးများက ညစာ မစားတာလောက်ကိုသာ ဥပုသ်စောင့်သည်ဟု ထင်တတ်ကြ၏။ ဗုဒ္ဓဘာသာ၏ ဥပုသ်မှာ ထို့ထက် အဓိပ္ပါယ် ပို၍ ကျယ်ပြန့်၏။ သို့ပါ၍ “ဥပုသ်” ဟူသော စကားလုံး၏ အဓိပ္ပါယ်မှစ၍ ဘာကြောင့် ဥပုသ်စောင့်သင့်သနည်း၊ ဘယ်လို စောင့်ရမည်နည်း၊ ဥပုသ်စောင့်ပြီး ဘယ်လိုနေရမည်နည်း၊ တနေကုန်စောင့်နိုင်မှ ဥပုသ်စောင့်ရမှာလား၊ ဥပုသ်စောင့်ရခြင်း အကျိုး၊ သီလလုံမှ သမာဓိဖြစ်နိုင်, သမာဓိရှိမှ အမှန်ကိုသိနိုင်၍ သီလ၏ အရေးကြီးပုံများကို အကျယ်တဝင့် ထိုထိုသုတ္တန်နှင့် ဇာတ်နိပါတ်ဝတ္ထုများဖြင့် ရှင်းလင်းပြောပြလိုက်၏။
          တရားဟောပြီး အမေးအဖြေ လုပ်သောအခါ ကျောင်းသားတစ်ယောက်က “တပည့်တော်တို့ကို စပြီး တရားဝင်တဲ့နေမှာ ရှင်းပြရင် ပိုကောင်းမှာ။ အဲသလို အကျိုးကြီးကြောင်း မသိတော့ တပည့်တော်မှာ စောင့်ရ မယ်ဆိုလို့သာ စောင့်ရတယ်၊ စိတ်က တယ်ပြီး မထက်သန်လှဘူး ဘုရား၊ အခုတော့ တပည့်တော် ဥပုသ်စောင့် ရတာ ဒိလောက် အကျိုးကြီးပါလားလို့ သိတော့ စောင့်ချင်စိတ်တွေ ထက်သန်လာတယ် ဘုရား”ဟု လျှောက် လာ၏။
          ကျောင်းသူလေးတစ်ယောက်ကလည်း “တပည့်တော် ဟိုတုန်းက ဥပုသ်ဆိုတာ လူကြီးတွေဘဲ စောင့် နိုင်တာ၊ ကလေးတွေ မစောင့်နိုင်ဘူး၊ ခက်တယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ဥပုသ် မစောင့်ခဲ့ဖူးဘူး။ အခုလို သိတော့ ဥပုသ်စောင့်ရမှာ မကြောက်တော့ဘူး”ဟု စိတ်အား တက်ကြွသည့်ဟန်ဖြင့် ပြောလာ၏။
          ဤသို့ဖြင့် ညနေ ၅-နာရီမှာ စဟောသည့်တရားပွဲကို ရ-နာရီတွင် ၁၀-မိနစ်နားပြီး အမေးအဖြေလုပ်ရာ ည၉-နာရီအထိ ရောက်သွား၏။ ဤမျှလောက် နာရီကြာသွားသော်လည်း ကလေးများ စိတ်ဝင်စားမှု လျော့ကျ မသွားဘဲ  မေးခွန်းများ တစ်ခုပြီးတစ်ခု တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြသည်မှာ အံ့သြစရာပင်။ သူတို့ သိချင်သည်များကို မေးကြဖြေကြနဲ့ စာရေးသူတစ်သက်တာတွင် ကလေးများကို ဒီလောက် ၄-နာရီကြာ တစ်ခါမှ ဟောပြော ဆွေးနွေးတာ မလုပ်ခဲ့ဖူးပေ။
          ဤသို့ဖြင့် နောက်ဆုံးနေ့ စခန်းသိမ်းရက်ကို ရောက်လာ၏။ စခန်းမသိမ်းခင် တစ်နာရီကြာ ကျောင်း သားများ မိမိတို့ အတွေ့အကြုံ ဖလှယ်ခြင်း, အကြံပြုတင်ပြခြင်း, စုပေါင်းဆွေးနွေးခြင်းများ ပြုလုပ်၏။ ၄င်းတို့ ထဲတွင် စာရေးသူ ကောင်းနိုးရာရာလေးများကို မှတ်သားထားလိုက်မိတာ ကတော့–
          “တပည့်တော် မနက်စောစောပိုင်းမှာ မေတ္တာကမ္မဋ္ဌာန်းပွားရတာကို တော်တော်သဘောကျတယ်”
          “တပည့်တော်ကတော့ အခုတရားစခန်းမှာ အစအဆုံး အသေးစိတ် အင်္ဂလိပ်လို့ ရှင်းပြပေးလို့         ဝိပဿနာအကြောင်း တော်တော်လေး သဘောပေါက်သွားတယ်။ အသိရှင်းတော့ လုပ်ရတာလဲ    စိတ်အားတော်တော် တက်ပါတယ်။ လူကြီးတရားစခန်းတွေ လိုက်သွားတုန်းက ဗမာလို့သက်သက်      ပြောတော့ တပည့်တော် သိပ်နားမလည်ဘူး။ ဒီတခါလာရတာ တပည့်တော်အတွက် အများကြီး အကျိုးရှိပါတယ်။”
          “တပည့်တော်ကတော့ ဇာတ်နိပါတ်မှာလာတဲ့ ဝတ္ထုပုံပြင်တွေနဲ့ ဟောပြပေးလို့ တရားနာရတာလဲ     တော်တော် သဘောကျတယ်။ ပုံပြင်ပါတော့ တရားနာရတာ မပြင်းဘူး။ ပိုလဲ မှတ်မိတယ်”
          “တပည့်တော်ကတော့ ဒီကို တစ်ခါလာရင် ဗဟုသုတ တစ်မျိုးရပါတယ်။ အခုတစ်ခေါက် ရတဲ့ဗဟုသုတ        ကတော့ နာကျင်မှုဝေဒနာကို ဝိပဿနာအာရုံအဖြစ် ထားပြီး ရှုမှတ်ရတာကို သိခွင့်ရတယ်။ အခုတော့ ဒုက္ခဝေဒနာပေါ်လာရင် ကြောက်လဲ မကြောက်တော့ဘူး၊ ဒေါသလဲ မဖြစ်တော့ဘူး။ သဘာဝဖြစ်စဉ်      တစ်ခုအဖြစ် လက်ခံပြီး ရှုမှတ်သွားနိုင်လို့ ကျေနပ်မိပါတယ်။”
အဲသလို မိမိတွေ့မြင်တာလေးတွေကို အသီးအသီး ပြောသွားကြ၏။ ဤတွင် စာရေးသူက မိမိမှာ တရားနဲ့ ပတ်သက်သည့် အတွေ့အကြုံကောင်းလေးများရှိလျှင် အခြားသူများလဲ အတုယူလို့ရအောင် မျှဝေကြဖို့ ပြော သောအခါ ကျောင်းသူတစ်ယောက်က-
          “တပည့်တော်ကတော့ တရားထိုင်ရတဲ့ အကျိုးကို လက်တွေ့ရခဲ့ဖူးပါတယ်။ ကောလိပ်ကို ရောက်ပြီး
          ၂-နှစ်လောက်မှာ စာတွေဟာ ပိုပြီးခက်လာပါတယ်။ များလည်း များလာပါတယ်။ ကိုယ်က စာမနိုင်တော့           စိတ်ဓာတ်ကျမှုတွေ, စိတ်ပူပန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက်          တွေ နည်းလာပြီး မိမိ အနာဂတ်တွေဟာလည်း တဖြေးဖြေး မှေးမှိန်မှုန်ဝါးလာပါတယ်။ ဒါကြောင့် မိမိ        ကိုယ်ကိုယ် စိတ်ထောက်တည်ရာရအောင်လို့ တရားကို စပြီး ထိုင်ဖြစ်ပါတယ်။ တော်တော်လေး ထိုင်တာကြာတော့ သိသိသာသာဘဲ ကိုယ့်စိတ်တွေ တဖြေးဖြေး တည်ငြိမ်လာတာကို တွေ့ရတယ်။       စာကျက်ရင်လဲ ပိုမှတ်မိလာတာ တွေ့ရတယ်။ အရင်တုန်းကဆို ပရောဖက်ဆာနဲ့ တွေ့ရမှာ သိပ် ကြောက်တယ်။ အဲဒိနောက်တော့ ကြောက်တဲ့စိတ်လဲ မရှိတော့ဘူး။          မိမိကိုယ်ကိုယ် ယုံကြည်ချက်နဲ့           ပြောဆိုဆွေးနွေး ရဲလာတယ်။ အဲဒီမှာ ပိုပြီး တရားထိုင်ဖြစ် သွားပါတယ်။ ဒါကြောင့် ဒီမှာလာကြတဲ့           ကျောင်းသားတွေလဲ စိတ်သောကပူပန်မှုတွေ ဖြစ်လာရင် တရားထိုင်တာဟာ အကောင်းဆုံးပါလို့           အကြံပေးချင်ပါတယ်။”
လို့ စိတ်လှုပ်ရှားစွာဖြင့် ပြောပြသွား၏။ သူ့ကိုယ်တွေ့ဖြစ်၍ ခံစားချက်များနှင့် ပြောနေသဖြင့် နားထောင်သူများ မှာ စိတ်ဝင်စားပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်နေရာမှ သူ့ပြောပြမှုအဆုံးတွင် အားလုံး ဝိုင်းကာ သာဓုခေါ်ကြ၏။
          “ဘုန်းဘုန်း…..တပည့်တော်တို့က ဘုန်းဘုန်းတို့သင်ပေးလို့ သိရတာ။ ဒီသင်တန်းတက်ချင်တာနဲ့   ကျောင်းပိတ်ရက်မှာ ဘယ်ကိုမှတောင် မသွားဘူး။ ဒါကြောင့် တပည့်တော်တို့ကတော့ မုန်တိုင်း တိုက်လဲ လာမှာဘဲ ဘုန်းဘုန်း၊ မပူနဲ့။”
တဲ့။
          အရွယ်နှင့်မလိုက်သည့် သူ့စကားကြားလိုက်ရတော့ စာရေးသူမှာ သူ့ကိုချီးကျူးဖို့ စကားလုံးပင် ရှာမရသဖြင့် ပါးစပ်အဟောင်းသားနဲ့ ပြုံးလို့သာ နေလိုက်ရ၏။ သူတို့ပြန်သွားမှ စိတ်ထဲမှာ “မင်းတို့အားလုံး လောကဓံမုန်တိုင်းများမှ ကင်းဝေးလို့ အေးမြကြပါစေ”ဟုသာ ဆုပေးလိုက်မိပါသည်။
၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ ၂၅-ရက်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts