မိုးမခခရီးသွား ဓာတ်ပုံအက်ဆေးများ (၁)
သေမင်းတောင်ကြားသို့ နှစ်ခေါက်
နွေးနွေး၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃
မိုးမခမီဒီယာက ခရီးသွားကဏ္ဍတခု တိုးချဲ့လိုက်ပါတယ်။ မိုးမခရဲ့ စာရေးဆရာ နွေးနွေးက မိုင်ထောင်ပေါင်းများစွာ ခရီးသွားပြီး ရေမြေသဘာဝ၊ ဒေသန္တရ နောက်ခံသမိုင်းနဲ့ တိရစ္ဆာန်တွေကို လေ့လာမှတ်တမ်းတင်ခဲ့သမျှ တင်ဆက်သွားမှာဖြစ်ပါတယ်။
သည်တခေါက် ခရီးသွားဓာတ်ပုံအက်ဆေးကတော့ Death Valley (သေမင်းတောင်ကြား) လို့အမည်ရတဲ့ နီဗာဒါးပြည်နယ်နဲ့ ကယ်လီဖိုးနီယားပြည်နယ် ကြား၊ လ့ပ်ဗေးဂပ်မြို့တော်အနီးက သဘာဝဥယျာဉ် (National Park) ဖြစ်ပါတယ်။
Death Valley
ဒီဆောင်းရာသီမှာတော့ဖြင့် အပူဆုံး၊ အခြောက်သွေ့ဆုံးနဲ့ ပင်လယ်ရေမျက်နှာထက်အနိမ့်ဆုံး သဘာဝဥယျာဉ်ကို သွားဖြစ်ခဲ့တယ်။ မြောက်ဖက်စွန်းကနေ တောင်ဖက်စွန်းအထိ ရောက်အောက် ကားနဲ့ မောင်းပြီး သွားခဲ့တာဖြစ်ပါတယ်။ အမှန်ကတော့ ရာသီဥတုက အတော်ကောင်းပြီး သာယာတဲ့ ရာသီလို့ ဆိုရမယ်။
ပထမဆုံး သွားခဲ့စဉ်က နွေရာသီမှာပါ။ အဲသည်နှစ်တုန်းကဆို မောင်းသွားတဲ့ ကားဘီးတွေများ အရည်ပျော်ကုန်မလားလို့တောင် စိုးရိမ်မိပါသေး။ အဲသည်လောက်တောင် ဒေသက ပူပြင်းပါတယ်။ ဘာဆို ဘာမှလည်း မတွေ့ရဘူး။ တွေ့ရတာက ကျမရယ်၊ ကျမအမျိုးသားရယ် ကျီးကန်းတွေရယ်ပဲ ရှိတယ်လို့ ပြောရမယ်။ သဲတောင်ပို့ လှိုင်းတွန့်ကြီးတွေကို အနီးကပ်ကြည့်ချင်တာနဲ့ ၁၅ မိနစ်လောက် ခြေကျင်လျောက်ကြပါသေးတယ်။ ကန္တာရကင်းခြေများတွေရဲ့ ခြေရာတွေကို သဲမြေတွေပေါ်မှာ တွေ့ရတယ်။
အစက ထင်တာကတော့ အပူဒဏ်ကို ခံနိုင်ရည် ရှိလိမ့်မယ်လို့ပေါ့။ သောက်ရေသယ်မလာဘဲနဲ့ ကန္တာရာထဲကို လမ်းလျောက်ထွက်လာတယ်ဆိုတာကို ပေါ့ပေါ့ဆဆ မေ့နေမိကြတာလေ။ ဒါနဲ့ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ကားဆီကို ပြန်လှည့်လာကြတော့ သဲတွေက ခြေထောက်တွေကို ဆွဲထားကြသလိုမျိုး ခံစားရတယ်။ ပါးစပ်တွေလည်း ခြောက်လာပြီး ရေကလည်း ငတ်လာတော့တာပဲ။ အဲသည် ၅ မိနစ်လောက်လေး ကာလဟာ သေရေး ရှင်ရေးတမျှ ရင်ဆိုင်ရတဲ့ ခံစားချက်ပါပဲ။ နောက်ထပ် ၅ မိနစ်လောက်သာ ဆက်ပြီး လမ်းလျောက်ရဦးမယ်သာ ဆိုရင် ရေငတ်တာနဲ့ သေသွားမယ်လို့တော့ တွေးမိတယ်။ နောက်ဆုံးတော့ ကားဆီကို အသက်နဲ့ ကိုယ် အိုးစားမကွဲ ပြန်ရောက်တယ်။ အဲသည်မှာ သောက်လိုက်ရတဲ့ ရေတပုလင်းဟာ တသက်မှာ အရသာအရှိဆုံး ရေပါပဲ။
ကဲ … ဒီတခေါက်တော့ ပြင်ဆင်ပြီးမှ သွားတယ် ဆိုကြပါစို့။ သောက်ရေနဲ့ စားစရာတွေကို ကားထဲမှာ ထည့်တယ်။ ရက်အနည်းငယ်စာ ရိက္ခာအဖြစ်တော့ ခံလောက်ပါရဲ့။ သဲကန္တာရထဲက အရုဏ်တက်နေဟာ အလှဆုံးပဲလို့ ဆိုချင်ပါတယ်။ မြူခိုးတွေနဲ့ လိမ္မော်ရောင်နေလုံးကြီးက တဖြည်းဖြည်းနဲ့ တက်လာတယ်။ အသက်ရှုရပ်သွားလောက်တဲ့ တဒင်္ဂအချိန်လေးကို အမြဲပဲ အမှတ်ရနေမိတော့မှာ ဖြစ်ပါတယ်။
သဲတောင်ပို့တွေ (လေတိုက်စားပြီး ပေါ်ထွန်းနေတဲ့ သဲတွန့်လှိုင်းတောင်တွေ)၊ Zabriskie Point လို့ ခေါ်တဲ့ တွန့်ခေါက်တောင်တန်းတွေပြီးတော့ မြေခွေး ၂ ကောင်ကို အဝေးပြေးလမ်းမကနေ မြင်တွေ့ရတယ်။
ကိုယ်ခံစားမိတဲ့အတိုင်းပြောရရင် ဒီလိုကားမောင်းရတဲ့ ခရီးဟာ အထီးကျန်ပြီး ဂန္ဘီရဆန်တဲ့ ခံစားမှုတွေကို ပေးတယ်။ အရင်တခါလာတုန်းက ကျီးကန်းတွေ့ခဲ့တဲ့နေရာမှာ ကားကို ရပ်ပြီး အပြင်ကိုထွက် ဓာတ်ပုံရိုက်ဖို့ လုပ်မိတယ်။ အဲသည်နေရာက တောင်ကြားနဲ့ နီးပြီ။ အဲသည်မှာ တောင်ကြားရယ်၊ မိမိကိုယ်တိုင်ရယ်၊ ကားလမ်းရယ်ဟာ တခုတည်း၊ တဦးတည်းလိုမျိုး ဖြစ်သွားတယ်။
ပြီးတော့ စွဲမက်ဖွယ် ရှုခင်းသာလမ်းဖြစ်တဲ့ Artists Drive ကို ဖြတ်မောင်းရတော့တယ်။ အရောင်အသွေးစုံတဲ့ မြင်ကွင်းမှာ လေပြင်းတွေ တိုက်ခတ်နေတဲ့ ရုတ်တရက် အချိုးအကွေ့ လမ်းကျဉ်းတွေ အပြည့်နဲ့ ကားလမ်းပေါ့။ နောက်ပြီးကျတော့ ပင်လယ်ရေမျက်နှာထက် ပေ ၂၈၂ အနက်အောက်အထိ နိမ့်ဝင်နေတဲ့ Bad Water ဆိုတဲ့ နေရာကို ရောက်ခဲ့တယ်။ အဲသည်မှာ ပတ်ဝန်းကျင်တခုလုံးဟာ ဆားတွေချည်း ဖုံးလွှမ်းနေတယ်လို့ ပြောရမယ်။ အရင်တခေါက်တုန်းက ဆားငန် မငန်မြည်းကြည့်ခဲ့ပြီးပြီဆိုတော့ ဒီတခါတော့ ထပ်မစမ်းတော့ပါဘူး။ တကယ်ကို ငန်ကျိနေတဲ့ ဆားတွေပါ။
တဖြေးဖြေး ဆက်သွားရင်းနဲ့ပဲ ထွက်ပေါက်လမ်းဆုံကို ရောက်လာခဲ့တော့တယ်။ မောင်းရတဲ့ ခရီးလမ်းဟာ တကယ်ကို စိတ်ဝင်စားဖွယ်ရာ အပြည့်နဲ့ပါ။ နောင်တချိန်မှာ ထပ်သွားပြီး သဲကန္တာရကြီးအကြောင်း ပိုသိအောင် ကြိုးစားဦးမယ်လို့ စဉ်းစားထားပါတယ်။
နွေးနွေး