Maung Swan Yi

Ludu Publishing House – Maung Swan Yi

လူထုသတင်းစာ အတွေ့အကြုံ

မောင်စွမ်းရည်၊ နိုဝင်ဘာ ၉ ၊ ၂၀၁၃

            ကျနော့်ရဲ့ စာပေဘ၀ဟာ မန္တလေးမှာပဲ စတင်ခဲ့ရပြီး မန္တလေးမှာပဲ လူလားမြောက်ခဲ့ရပါတယ်။ မန္တလေးဆိုတာ တခါက မင်းနေပြည်ဖြစ်ပြီး ကိုလိုနီခေတ်ရောက်တော့ ရန်ကုန်ကို ကိုလိုနီအိစုးရက ဗဟိုပြုလိုက်တဲ့အတွက် မန္တလေးက အလိုလိုနေရင်း ဒုတိယမြို့တော်အဖြစ်ကို ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်မှာလို စာနယ်ဇင်းတွေ များများ မရှိပါဘူး။ နောက်ဆုံးတော့ လူထုသတင်းစာလောက်ပဲ ရပ်တည် ကျန်ရှိနေခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့လို စာပေ၀ါသနာရှင် လူငယ်များဟာ လူထုသတင်းစာရဲ့ အရိပ်ကိုပဲ ခိုလှုံခဲ့ကြရပါတယ်။ ၁၉ ၆၇ ဇူလိုင်လ ၇ ရပ် မှာ စစ်အစိုးရက လူထုသတင်းစာကို ရပ်လိုက်ပစ်လိုက်တဲ့ အထိပါပဲ။

            လူထုသတင်းစာကို ဆရာကြီး ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့က ဦးဆောင် ရေးသားထုတ်ဝေခဲ့ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းဆိုတာက ဗမာ့စာနယ်ဇင်းသမိုင်းမှာ ပထဦးဆုံး သြဇာကြီးမားလွှမ်းမိုးတဲ့ သူရိယသတင်းစာကြီးမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူ အယ်ဒီတာ လုပ်ခဲ့သူတဦး အဖြစ် ၀ါအရင့်ဆုံးသတင်းစာဆရာကြီးပါ။ လူထုဦးလှဆိုတာ ယခုခေတ်မှာ ဟံသာဝတီဦးဝင်းတင်တို့လို သတင်းစာဆရာဖြစ်ဖို့ မွေးဖွားလာသူလို့ ဆိုရအောသ် တသက်လုံး သတင်းစာဆရာဘ၀ကိုသာ မက်မက်မောမော ဖက်တွယ်လုပ်ကိုင်လာခဲ့သူပါ။ သတင်းစာအလုပ်နဲ့ ထောင် ၅ နှစ် ကျခဲ့ဖူးပြီး သတင်းစာဆရာဘ၀နဲ့ အရိုးထုပ်သွားခဲ့သူပါ။ လူထုဒေါ်အမာဆိုတာ လူထုဂျာနယ်နဲ့ လူထုသတင်းစာကို လူထုဦးလှနဲ့အတူ တည်ထောင်လာခဲ့သူ ဖြစ်ပြီး တသက်လုံး သတင်းဟာအလုပ်ကိုသာ စိုက်မတ်တတ် လုပ်ခဲ့သူပါ။

ကျနော်တို့ မန္တလေးတက္ကသိုလ်က ကျောင်းသားလူငယ် စာပေသမားအားလုံးဟာ လူထုသတင်းစာမှာ ကလောင်သွေးကြရင်းက လူထုအယ်ဒီတာကြီး ၃ ဦးနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ကြလို့ လူထုသတင်းစာလို့ ဆိုလိုက်ရင် သတင်းစာအကြောင်းကိုရော၊ အယ်ဒီတာကြီးများအကြောင်းကိုပါ သိရှိလာကြပါတယ်။ ဒီလိုနေရင်းက လူထုသတင်းစာရဲ့ ဂုဏ်သိက္ခာကိုလည်း ကောင်းကောင်းသိရှိလာပါတယ်။

လူထုသတင်းစာမှာ ပါဝင်လုပ်ကိုင်ကြရင်းက လူထုသတင်းစာရဲ့ မူဝါဒကို သိလာရတာပါ။ လူထုသတင်းစာရဲ့ မူဝါဒကို ထူထောင်သူကတော့ လူထုသတင်းစာရဲ့ ဖခင်ကြီး လူထုဦးလှ ပါပဲ။ လူထုသတင်းစာဟာ ဘက်မလိုက်ဘူးရယ်လို့တော့ မဟုတ်ပါဘူး။ သူမူနဲ့ သူ၊ သူ့ဝါဒနဲ့ သူ ရှိပေမဲ့ တပါတီ၊ တဂိုဏ်း၊ တဖွဲ့တစည်းတို့ရဲ့ သြဇာခံ မဟုတ်ခဲ့ပါဘူး။ သတင်းစာ စတင်တည်ထောင်စ ၁၉ ၄၆ က ဆိုရင် ဗိုလ်အောင်ဆန်းရဲ့ ဖဆပလအဖွဲ့ကြီးကို ထောက်ခံအားပေးခဲ့ပါတယ်။ လူထုဦးလှ ကိုယ်တိုင်လည်း တသက်မှာ တခါပဲ နိုင်ငံရေးပါတီအဖွဲ့အစည်းတခုမှာ ပါဝင် နိုင်ငံရေးလုပ်ဆောင်ခဲ့ပါတယ်။

ဖဆပလကို မြေပေါ်မှာ တရားဝင် စတင်ဖွဲ့စည်း ထူထောင်တာဟာ ရန်ကုန်မှာ မဟုတ်ဘဲ မန္တလေးမှာ လူထုဦးလှက စတင်တည်ထောင်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်မှာ မြေပေါ် ဖဆပလအဖွဲ့ချုပ်ကို တည်ထောင်ပြီးနောက်မှ လူထုဦးလှက ပါတီက အလုပ်ထွက်ပြီး သတင်းစာအလုပ်ကိုပဲ သီးသန့်လုပ်ကိုင်တော့တာပါ။

မကြာခင် ပြည်တွင်းစစ်မီးကြီး လောင်လာတဲ့အခါ ဆရာကြီးသခင်ကိုယ်တောင်မှိုင်း ဦးဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ရအောင် ကြိုးစားအားထုတ်လာတဲ့အခါ လူထုသတင်းစာက ငြိမ်းချမ်းရေးလှုပ်ရှားမှုကို အဓိကထားပြီး ထောက်ခံရေးသားလာပါတယ်။ ဖဆပလက “သူမနာ၊ ကိုယ်မနာ၊ သင်ပုန်းချေရေး” ဆိုတဲ့ “မှိုင်း” မူကို မကြိုက်ဘူး။ လုံးဝအညံ့ခံ လက်နက်ချဖို့ကိုပဲ တောင်းဆိုလာပါတယ်။ ငြိမ်းချမ်းရေးမရဘဲ ပြည်တွင်းစစ်ကြီး သက်ဆိုးရှည်လာခဲ့ပါတယ်။

ဒါတင်မက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့တကွ “သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး” ဖြန်ဖြေတောင်းဆိုသူတွေကို တောခိုကွန်မြူနစ်ဘက်လိုက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဆရာကြီး ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့နဲ့တကွ လူထုအယ်ဒီတာတွေမှာ မကြာခဏ အဖမ်းခံခဲ့ရပါတယ်။ လူထုကတော့ သူ့မူနဲ့ သူပဲ ရပ်တည်သွားခဲ့ပါတယ်။

သတင်းစာဆိုတာ ကြော်ငြာကိုတော့ အားထားရမြဲပါ။ လူထုတိုက်ကို အစိုးရက ကြော်ငြာမပေးခဲ့ပါဘူး။ လူထုကတော့ ဆိုဗီယက်၊ တရုတ်နဲ့ အမေရိကန်ပြည်ကြားရေးဌာနတွေက ကြော်ငြာကိုလည်း လက်မခံပါ။ ဒါပေမယ့် အစိုးရကတော့ ရုရှားနဲ့ တရုတ်က ထောက်ပံ့မှုကို လူထုက ခံယူနေတယ်လို့  စွပ်စွဲခံခဲ့ရပါတယ်။ လူထုဦးလှက နိုင်ငံခြားကြော်ငြာတွေကိုသာမက နိုင်ငံခြားက ဂျပန်အားတိုးဆေး ဆိုတာမျိုး၊ ပဋိသန္ဓေတားဆေး ဆိုတာမျိုးတွေရော အရက်သေစာ ကြော်ငြာမျိုးတွေ လက်မခံခဲ့ပါဘူး။ အဲဒီကာလက ဘုရားပွဲတွေမှာ “ဂျင်ဝိုင်း” တွေ ခေတ်စားပါတယ်။ ဂျင်ဝိုင်းဦးစားပေးလုပ်တဲ့ ဘုရားပွဲကြော်ငြာတွေတောင် လက်မခံခဲ့ပါဘူး။

ဗိုလ်နေ၀င်း ၀ါသနာပါတဲ့ မြင်းပွဲကြော်ငြာတွေ၊ မြင်းတစ်င်္တေကိုလည်း ဦးစားမပေးပါဘူး။ မုဒိန်းမှုလိုဟာတွေ၊ သာဗိန္ဒလို ဘိုးတော်ယောင်ဆောင် လူရှုပ်တွေရဲ့ ဇာတ်လမ်းတွေကိုလည်း အကျယ်ချဲ့ပြီး အခန်းဆက်ဖော်ပြတာမျိုးတွေ မလုပ်ပါဘူး။

 ပြည်သူလူထုကို အသိပေးသင့်တဲ့ သတင်း၊ နိုင်ငံရေးအသိ၊ သိပ္ဗံအသိ၊ သမိုင်းအသိတိုးစေမယ့် သတင်းတွေ၊ ဆောင်းပါးတွေ၊ စာပေ ဆောင်းပါးတွေကိုပဲ ဦးစားပေးဖော်ပြပါတယ်။ ဒီလိုနဲ့ သိက္ခာအရှိဆုံး ဗမာသတင်းစာအဖြစ် လူထုသတင်းစာ တသက်လုံး ရပ်တည်ခဲ့ပါကြောင်း။

မောင်စွမ်းရည်၊ အောက်တိုဘာ ၂၆၊ ၂၀၁၃၊ နယူးယောက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts