ရှစ်လေးလုံးသည် မဆုံးသေး
မောင်စွမ်းရည်၊ သြဂုတ် ၅၊ ၂၀၁၃
ဒို့လူမျိုးဟာ –
မင်းဆိုးမင်းညစ်၊ စစ်အာဏာရှင်
ဘုရင် သမ္မတ၊ ဥက္ကဌတို့
ဖြုတ်ချသည်မှာ၊ စဉ်အလာဖြစ်
“ထုံး” ကျန်ရစ်ပြီ။ ။
မင်းဆိုးမင်းညစ်၊ သုတ်သင်ပစ်သည့်
“ရှစ်သုံးလုံး”လျှင်၊ သမိုင်းတွင်ခဲ့
ဘုရင်ရော ပလ္လင်ပါ၊ အာဏာဇာတ်သိမ်း
ယိမ်းနွဲ့ပါးဓား၊ ပြည်သူ့ဓားနှင့်
ဓားစွမ်း လူစွမ်း၊ သမိုင်းခန်းကို
မှတ်တမ်းဆိုထုံး၊ “ဂငယ်သုံးခု၊ ဥသျှစ်ထု” ဟု
ပြည်သူ့နှုတ်တွင်၊ ရာဇ၀င်စည်
ဗမာသင်ရိုး၊ သင်ခန်းစာ။ ။
“၈၈” မှာ “ဂငယ်လေးခု” ခွေးခေါင်းထု” ဟု
ပြည်သူ့မော်ကွန်း၊ တခေတ်ညွှန်း၍၊ ထွန်းသစ်ခဲ့ပြီ။
ဇာနည်အများ၊ အလုပ်သမား၊ လယ်သမား
စစ်သား ရဲသား၊ ကျောင်းသား ကျောင်းဆရာ
သံဃာအစ၊ သီလရှင်အဆုံး၊ ဗန်းခုံး သပိတ်
လမ်းလုံးပိတ်လျက်၊ လက်ချင်းဆက်ကြ
အသက်မမှု၊ မလုနေရာ၊ လူတိုင်းပါသည်
ကမ္ဘာကျော်သော အရေးတော်ပုံ။ ။
“ဆိုရှယ်လစ်” တဲ့၊ တခေတ်လိမ်ညာ
တပါတီခေတ်၊ စစ်တပ်ပါတီ၊ ဗမာပြည်ကို
နာဇီကျင့်သော်၊
ဇာနည်ကျင့်ထုံး၊ တပြည်လုံးက
စည်းလုံးဆင်နွှဲ၊ ပြည်သူ့ပွဲ
သူရဲကောင်းတို့ ဗမာပြည်။
ကမ္ဘာတည်မည့် အရေးတော်။ ။
စစ်အာဏာရှင် – အလိုမရှိ။
တပါတီစနစ် – အလိုမရှိ။
ဒီမိုကရေစီအရေး – ဒို့အရေး။
လူ့အခွင့်အရေး – ဒို့အရေး။
အရေးတော်ပုံ အောင်ပါစေ။ ။
ငါတို့တတွေ –
နေကုန်နေခန်း၊ လကုန်လခန်း
လမ်းမပေါ်ထွက်၊ လက်ချင်းချိတ်ဆက်
ချီတက်ကြွေးကြော်၊ ရဲဘော် ရဲဘက်
မတွဲကိုယ်ကျိုး၊ အားလုံးအကျိုး
ပြည်သူ့အကျိုး –
စစ်အစိုးရ ပြုတ်စေသား။
ရဲဘော်တို့ –
စစ်အစိုးရ၊ ပြုတ်ကျခဲ့ပြီ။
တပါတီစနစ်၊ ပျက်သုဉ်းရစ်ပြီ။
မဆလပါတီ၊ မြေမြှုတ်ခဲ့ပြီ။
ဒီမိုကရေစီစခန်း လမ်းပွင့်ခဲ့ပြီ။
သို့သော်၊ သို့သော် … အိုရဲဘော်တို့
ဒို့အရေးတော်ပုံ၊ လုံးဝဥသုံ
မပြည့်စုံသေး၊ မပြီးသေပေ။
ဘောင်းဘီကိုချွတ်၊ အရပ်ဝတ်ပေမယ့်
သေနတ်ချွတ်ဖို့ လိုသေးသည်။
အရေးတော်ပုံကြီး၊ ခရီးဆုံးအောင်
အားလုံးလက်တွဲ၊ ခိုင်မြဲညီညွတ်
မစွန့်လွှတ်လျှင်၊ လွတ်လပ်ဖို့ရေး၊ ဝေးပါသေး။ ။
ငါသာ အတတ်၊ ငါသာမြတ် – ဟု
ငါ့တပ် ငါအုပ်၊ ငါဗိုလ်ချုပ် – ဟု
ငါလုပ်တာမှ၊ ငါ – ငါကွ – ဟု
ငါက ရှေ့ဆုံး၊ “ငါကျင့်ထုံး” ဖြင့်
နောက်ဆုံး ငါသာ ကျန်ရစ်မည်။
“ငါ”တွေ စွန့်လွှတ်၊ ဒို့ညီညွတ်စို့၊
ဒို့ညီညွတ်ရေး၊ ဒို့အရေး
“ငါတွေ” ညီရေး၊ ဒို့အရေး။
ဒီမိုကရေစီရေး၊ ဒို့အရေး၊ အရေးတော်ပုံ အောင်စေသတည်း။
ထုလုံးမဆုံး၊ ဆက်ထုအုံးစို့ –
ထုတုန်း ထုဆဲ ထုစေသတည်း။ ။
မောင်စွမ်းရည်
(၂ သြဂုတ်၊ ၂၀၁၃)