Uncategorized
ဦးနန္ဒဝံသ (ကာရိုလိုင်းနား) – အိုဘားမားကဲယားနှင့် ဆရာတော်ဘုရား
အိုဘားမားကဲယားနှင့် ဆရာတော်ဘုရား
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဒီဇင်ဘာ ၁၈၊ ၂၀၁၃
နိုဝင်ဘာလလယ်ရဲ့နေ့  တစ်နေ့ 
၁ဝရက်ကြာမျှကျင်းပခဲ့တဲ့ ကာလီဖိုးနီးယားပြည်နယ်၊ အဇူဇာကျောင်းပဋ္ဌာန်းပွဲက ပြန်လာပြီးတဲ့ နောက် ကျောင်းရဲ့ ကထိန်ပွဲ၊ အခြားအခြား ဘာသာရေးကိစ္စတွေနဲ့  အလုပ်များနေခဲ့ပြီး ပင်းပန်းမှုတွေ ဖြေဖို့  ကုတင်ပေါ်လှဲရင်း မွန်ဒကာလေး နိုင်စိတ္တတစ်ယောက်သိမ်းပေးထားတဲ့ စာအိပ်ထုပ်ကြီးထဲက အရေးကြီးမယ်ထင်တဲ့ (ကျန်းမာရေး) ဆေးအာမခံကုမ္ပဏီက ပို့ လာတဲ့ စာအိပ်ထူကြီးကို ဖောက် ဖတ်လိုက်သည်။ အကြောင်းအရာက နောင်နှစ် ၂ဝ၁၄ခု၊ဇန်နဝါရီလကစပြီး သူတို့ ဆီမှာဆက်ပြီး ဆေးအာမခံထားရင် တစ်လကို ဒေါ်လာ ၄၂ဝကျော် လစဉ်ပေးရတော့မှာဖြစ်ကြောင်း အကြောင်း ကြားတဲ့စာ။ 
သတိနဲ့ ရှုမှတ်ပြီး လေ့ကျင့်ထားတဲ့ ဟန်ချက်ညီ ထွက်သက်ဝင်သက်တို့ အလိုလို အော်တို အလုပ်လုပ်နေရာက ခေတ္တရပ်သွားတော့သည်။ တပ်နေကြမျက်မှန်ကိုဖြုတ်ပြီး စာကြည့်မျက်မှန် အထူကိုပြောင်းတပ်လိုက်ပြီး စာကိုသေသေချာချာဖတ်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်မှုတ် ထုတ်လိုက်သည်။ စိတ်အတော်ကို လေးသွားသည်ကို သတိပြုမိသည်။  မနှစ်ခြိုက်စရာတွေ့ တော့ ပုထုဇဉ်တို့ သဘာဝ မေတ္တာစိတ်နေရာ ဒေါသသိပ်မပြင်းလှတောင် အားပျော့သောဒေါသက အစား ဝင်လာသည်။ ကိုယ်ကိုယ်တိုင် ဥပဒေကို သိပ်မသိသေးသော်လဲ မိမိထံကနေ ဈေးကြီးပေး၍ ဆေးအာမခံများ ဝယ်ရမလို ဖြစ်လာသောအခါ မိမိနေထိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ ဥပဒေသစ်တွေနဲ့ ဒီစနစ်၊ ဒီဥပဒေတွေရေးဆွဲသူတို့ ထံ စိတ်တင်းမာမှုက ရောက်သွားသည်။ တော်ပြီ။ ကိုယ့်နိုင်ငံကိုဘဲပြန်နေတာက ကောင်းမည်။ ကိုယ့်တိုင်းပြည်က ကိုယ်တို့ ရဟန်းတွေဘဝနှင့် ပိုကိုက်သည်လို့ တောင် စိတ်က ကူးသွားမိသည်။
အမေရိကန်နိုင်ငံကြီးတည်ထောင်လာသည်မှာ နှစ်ပေါင်း၂၅၀တောင် အတော်ကျော်ခဲ့ပြီ။ အမေရိကသည် ကမ္ဘာမှာ နံပါတ် ၁၊ ပထမ စသည့် မကြာမကြာ ခေါင်းဆောင်ကြီးများကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတဲ့ တိုင်းပြည်ကြီး။ အခုထိ တိုင်းသူပြည်သားတွေအပေါ်  သင့်တင့်ပြည့်စုံသော ကျန်းမာရေး အာမခံမျိုး မပေးနိုင်သေးကောင်းလားဆို့ တဲ့ အားမရတဲ့ စိတ်ဖြစ်သွားသည်။ အစစအရာရာ လုံးဝကြီး  ပြီးပြည့်စုံမှုရှိတဲ့နိုင်ငံမျိုးဆိုတာကတော့ မမျှော်မှန်းနိုင်၊ မတွေ့ နိုင်ပါချေ။ သို့ ရာတွင် အရေးကြီးတဲ့ ကျန်းမာရေးကိုတော့ တိုင်းသူပြည်သား အားလုံးတို့ အတွက် အာမခံကောင်းစေချင်ပါသည်။
ကျန်းမာရေးအာမခံဈေးတွေ ခုန်တက်သွားတော့ လက်ရှိအာမခံထားသူ နိုင်ငံသားတွေ နိုင်ငံရေးအကြောင်း၊ ကျန်းမာရေးဥပဒေသစ် အကြောင်းတွေ ပြောဆိုကြ၊ ကောင်းမကောင်းတွေ ငြင်းခုန်နေကြသည်ကို တီဗွီတွေမှာ တွေ့ လာရတော့သည်။ အိုဘာမားရဲ့ ဆန့် ကျင်ဘက် အမေရိကန် သမ္မတလောင်း အဟောင်း တစ်ယောက်ကဆိုရင် သူ့ မှာ ဆေးအာမခံ မရှိတော့ဘူးဆိုပြီး ပြောသံကြား လိုက်ရသည်။ နိုင်ငံရေး အကျိုးအမြတ်အတွက်  ပြောတာလားတော့ မသိ။ မိခင်မြေမှာ ၂၀၀၇ခုနှစ်က ဓာတ်ဆီဈေးနှုန်းတွေ တအားခုန်တက်သွားတော့ တိုင်းသူပြည်သားတွေကိုယ်စား သံဃာတော်တို့  ရွှေဝါရောင်တော်လှန် ရေးကြီး  စလိုက်သည်ကို သွားသတိရမိသည်။ ဒီမှာတော့ အဲဒီလို မဖြစ်နိုင်။ ဆေး၊ ဂက်စ်၊ အစားအစားစသည့် ဈေးအတက်အကျတွေဟာ ဤနိုင်ငံတွင် အစိုးရအပေါ်သာ အားလုံးမူ တည် သည်မဟုတ်ပေ။ 
ကြည့်လိုက်ပေါ့။ မိမိပုံမှန်ပေးနေရတဲ့ ၂၀၁၂ခုနှစ် ဆေးအာမခံက တစ်လဒေါ်လာ ၁၄၀ကျော်၊ ၂၀၁၃ ဆေးအာမခံက တစ်လ ဒေါ်လာ ၁၆၀ကျော်၊ ဒီနှစ် အိုဘာမားကဲယားဆိုပြီး ဆေးအာမခံဥပဒေ စလိုက်တော့မှ တစ်လ ဒေါ်လာ ၄၂၀ကျော်ဖြစ်သွားသည်။ မမြန်လွန်း မမြင့်လွန်းဘူးလား။ မိမိဒကာ(၃) ယောက်မိသားစုဆိုရင် ဆေးအာမခံ ဒေါ်လာ ၅၀၀မှ ၁၀၀၀ကျော်ဖြစ်သွားသည်။ သူတို့ က နောင်နှစ်မှာ အာမခံမရှိဘဲ နေတော့မယ်၊ ရောဂါဖြစ်လာရင် ကံဘဲပေါ့လို့ ပြောကြသည်။ 
ဆေးအာမခံဈေးတွေတက်လာတော့ ချက်ချင်း သက်ဆိုင်တယ်လို့ ထင်မိတဲ့သူတွေကို စိတ်တင်းသွားမိတာတော့ အမှန်။ မိမိထုတ်လိုက်တဲ့ ဥပဒေတစ်ခုခုကြောင့် ဆိုးကျိုးတစ်ခု တိုင်းသူပြည်သားအပေါ် သက်ရောက်လာလျှင် ခေါင်းဆောင်တာဝန်ဘဲ မဟုတ်ပါလား။ နောင်တော့လဲ သူတို့ ဥပဒေသည် ကောင်းကောင်း ကောင်းလာနိုင်ပါသည်။ အစမို့ အခုလိုဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ ရာတွင် လက်ရှိရိုက်ခတ်တဲ့ ဂယက်ကိုတော့ မိမိစိတ်တွင် မခံနိုင်ပါ။ လက်ရှိအခြေအနေနဲ့  ဆေးအာမခံကို လစဉ်ဝယ်လို့ ရပေမဲ့ ဒကာဒကာမတို့ ရဲ့ အလှူဝတ္ထုတွေကို ဒီလောက်ထိ အများကြီး လစဉ် မသုံးရက်နိုင်။
ကျန်းမာရေးအာမခံ(အိုဘားမားကဲယား)ဥပဒေဟာသမ္မတကြီးကောင်းတာလုပ်တယ်လို့ ထင်မိပေမဲ့လဲ ချက်ချင်းအမြန်ကြီး ကိုယ့်ဆီကငွေ အများကြီးလစဉ်ပေးရတော့မယ်ဆိုတော့ တင်း သည့်စိတ်က တားမရ။  ကိုယ့်မွေးမြေက ပြည်သူတွေ မီးပုံမှန်မလာဘဲ မီတာခတက်လာလို့ ဒေါပွတာကို အပြည့်အဝ သဘောပေါက်လိုက်ပါသည်။ အခုလဲ ဆေးအာမခံတက်လာတာ ဆိုင်တဲ့သူဆီ စိတ်ရောက်သွားတော့ စိတ်ကမကြည်။ နောက်တော့မှ အဇူဇာကျောင်းပဋ္ဌာန်းပွဲကရလာတဲ့ အလှူငွေလေးတွေ လွယ်အိပ်ထဲကနေ ဘီဒိုထဲတောင်မှ မသိမ်းရသေးဘူး ဆေးအာမခံကုမ္ပဏီကို ကိုယ့်မှာပိုက်ဆံတွေ ရလာတယ်လို့  ဘယ်သူကများ အသိသွားပေးပါလိမ့်လို့ ရယ်စရာလေးတွေးပြီး ပြုံးလိုက်တော့မှ တင်းနေတဲ့စိတ်က အတော်လေး အရှိန်ပေါ့သွားတော့သည်။ ဘဝအတွေ့ အကြုံတွေ ထဲမှာ သူများဆီက ကိုယ်လိုချင်တာကို ရရင်ရသလို ယူတတ်ကြတဲ့သူတွေ အများအပြား တွေ့ ခဲ့ရတော့ ကြောက်နေပြီ။ အခုလဲ ဆေးအာမခံကုမ္ပဏီတွေကိုလဲ အဲဒီလိုယူဆလိုက်သည်။ ဆေးအာမခံဥပဒေ သစ် အပြောင်းအလဲမှာ အမြတ်တွေထုတ်နေတာလားလို့ တွေးမိသည်။ သတင်းတွေဖတ်နေတော့ ဒီအဖြစ်တွေက အပုံကြီး။ 
အခြားမိမိရဲ့ မိတ်ဆွေတွေကတော့ ဒီဇင်ဘာလဆိုရင် ဘာတွေများလုပ်နေကြသည်မသိ။ ဖေ့စ်ဘုတ်မှာတော့ ဓာတ်ပုံလေးတွေ တွေ့ မိပါရဲ့။ မိမိကတော့ ဒီလရောက်ပြီဆိုရင် နောင်နှစ် ဂေါပက အဖွဲ့ ရဲ့ နှစ်ပတ်လည်အစည်းအဝေးအမှီ တနှစ်တာကာလအတွင်း ရသမျှဒါနဝတ္ထုလေးတွေကို စာရင်းတွက် တင်ပြဖို့ နဲ့  ရှေ့ နှစ်ခရီးဆက်ရမည့်လမ်းမှာ လုပ်သင့်တဲ့စီမံကိန်းလေးတွေ ချနေတာကိုလဲ လုပ်ရသည်။ ဆေးအာမခံကိစ္စလဲပါရဲ့။ အခုတော့ ဆေးအာမခံကိစ္စတွေ တက်လာလို့  အချို့ ကိစ္စလေး တွေကို အထူးမလိုအပ်ရင် လျှော့ပစ်မှဘဲလို့  စိတ်မှာပေါ်လာတော့သည်။
နောက်နေ့ များထိ ဆေးအာမခံဈေးတက်တဲ့ကိစ္စကြောင့် စိတ်တင်းနေမှုက လျှော့မကျသေး။ စိတ်ထဲက မပေးဘူးဟေ့ မင်းတို့ ဆေးအာမခံကုမ္ပဏီကို ဒေါ်လာ ၄၀၀ကျော်ကြီး၊ ငါဒီနှစ်ကုန်ရင် ဆေးအာမခံမရှိဘဲနေပစ်မယ်၊ ဆေးအာမခံမရှိတာ ငါတစ်ယောက်ထဲမှ မဟုတ်တာ အမေရိကန်သန်း ၃၀၀ ကျော်မှာ သန်း၄၀ လောက်က ဆေးအာမခံမရှိဘူးလို့  သတင်းတစ်ခုမှာ ဖတ်ဖူးတယ်။ မဝယ်ဘူး။ ကိုယ့်ရှိစုမဲ့စုလေး ထိပါးလာတော့မှာဆိုတော့လဲ အသေသာ ခံလိုက်ချင်တော့တယ်ဆိုတဲ့ သဘောက စိတ်မှာထင်ထင်ရှားရှား ပေါ်လာပြီထင့်ပ။ စိတ်ထဲမှာ ပေါက်ကွဲမှုတို့ ပြင်းထန်နေ၏။ ဟိုလူ့ ဆီဖုန်း ဆက်  ဒီလူ့ ဆီ ဖုန်းဆက် ဆေးအာမခံတွေ  ဈေးတက်မတက် လျှောက်မေးတော့မှ အာမခံရှိသူတွေက သူတို့ ဆီလဲ ဒီလိုဘဲတဲ့။ အဲဒါအိုးဘားမားလေတဲ့။ စီးပွားရေးနားမလည်ဘဲနဲ့ လုပ်တာအခုတော့ အားလုံးထိပြီတဲ့။ အစထဲက သူ့ ကိုမကြိုက်ဘူးတဲ့။ အရင်က နိုင်ငံရေးသမားတွေကို ကြိုက်၏ မကြိုက်၏သိပ်မပြောတတ်တဲ့သူလဲ သူ့ ဆီကငွေတွေ ပိုထွက်ရတော့မယ်ဆိုတော့ မကြိုက်တာတွေ ပြောပြီ။ ဆေးအာမခံ မရှိတဲ့လူတွေကြတော့လဲ ဘုန်းဘုန်းသာ အာမခံရှိထားလို့ ပူနေတာ တပည့်တော်တို့ မှာ တစ်အိမ်လုံး ဘာအာမခံမှမရှိတော့ ဘာမှကိုမှ မပူဘူးတဲ့။ ပြီးရောပေါ့။ ကိုယ်ပတ်ဝန်းကျင်အများစုက အဲဒီလို။
သူတို့ တွေအများစုက ဆေးအာမခံမရှိသလို ဒီအတွက်လဲ အပူအပင်တွေသိပ်မရှိကြ။ ကျောင်းမှာပွဲရှိရင် ဒိုးပတ်တီးပြီး ကလိုက်ရတဲ့အပျော်က ဘာအာမခံမှမလို ကျန်းကိုမာလို့ ဆိုသေး။ ဒိုးပတ်သံတွေကြောင့် ရောဂါသစ်လဲမလာရဲ၊ သူတို့ ရှိနေတဲ့ရောဂါတွေ ပြေးကုန်တယ်လို့  ယုံကြည် နေကြလေသလားမသိတော့။ စဉ်းစားလိုက်တော့ တ၇ားလက်လွတ်နေသူက ကိုယ်။ တန်ဖိုးမရှိတဲ့ ရုပ်ကို တန်းဖိုးတွေပေးပြီး ရှင်သန်နေချင်နေတာ ကိုယ်ဘဲပေါ့။ တန်ဖိုးရှိတာလေးတွေ ဆက်လုပ်ချင် နေသေးလို့ ပါလို့ ပြောလိုက်ရင်တော့ ဘယ်လိုများ ထင်သွားပါ့။ ဝမရှိဘဲ ဝိမလုပ်ပါ နဲ့ ပြောကြမှာလား။ သူတို့ က သဒ္ဓါတွေ စေတနာတွေရှိကြပါ၏။ သူတို့ သူတို့ တွေတောင်မှ အာမခံမရှိတာ အာမခံအကြောင်း ဘယ်မှာကောင်းကောင်း သိနိုင်ပ။ သဘောပေါက်မိပါ၏။ သာသနာအတွက် တတ်နိုင်သလောက်ပံ့ပိုးမှုပေးနေတာ၊ အစွမ်းကုန် ကိုယ့်ဘာသာတရားကို မြတ်နိုးနေတာတွေကိုဘဲ သူတို့ တွေကို လေးစားမိ၊ တန်ဖိုးထားမိပါ၏။ ကိုယ်နဲ့ ကိုယ့်ဘာသာကို ဒီနိုင်ငံ ဒီဒေသမှာ ဒီလိုလေးဖြစ်အောင် ပံ့ပိုးပေးနေကြတာကိုပင် ကိုယ့်မှာ မေတ္တာပို့ မကုန်နိုင်။ သူတို့ ထံ ဖုန်းဆက်မေးခြင်းသည် စိတ်၏ပြေရာပြေကြောင်းမျှနှင့် ဆေးအာမခံကိစ္စတွေ ဘယ်လောက်ထိ သိနေကြလဲလို့  သိရုံမျှသာ။ 
နောက်ဆုံးတော့ ဒီနိုင်ငံမှာ ကိုယ့်ကျန်းမာရေးအဆင်ပြေအောင်နေနိုင်ဖို့ ကတော့ စိတ်ချရတဲ့ အာမခံကိုဝယ်ပြီးတော့နေတဲ့ နည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်။ ဆေးအာမခံမရှိ၍ ဆေးရုံတက်ပြီး ဆေးကုသလိုက်ရတဲ့ ရဟန်းတော်တို့  ပြောပြလို့  သူတို့ ကို တောင်းတဲ့ဆေးကုသ စားရိတ်ကြွေးတွေကို ပေါင်းလိုက်ရင် ဒေါ်လာ၁သိန်းကျော် ၂သိန်းနီးပါးတောင်မှရှိနေကြောင်း သိရ သည်။ အိုဘားမားကဲယားရဲ့ ဝက်ဘ်ဆိုက်မှာ ဆေးရုံပေါ် ၃ရက်လောက်တက်လိုက်ရရင် ဒေါ်လာ ၃သောင်းလောက်ကုန်ကျပီး ခြေတောက်တစ်ဘက်ကျိုးလို့  ဆေးကုရရင် ဒေါ်လာ ၇၅၀၀လောက် ကုန် ကြောင်းဖော်ပြထားသည်။ နောက်စာပိုဒ်တစ်ပိုဒ်က This can sometimes lead people without coverage into deep debt or even into bankruptcy. ကျန်းမာရေးအာမခံမရှိတဲ့လူတွေဟာ တနေ့ နေ့ မှာ ကြွေးတွေထဲ နစ်ဝင်သွားနိုင်တယ်(သို့ မဟုတ်)လူမွဲစာရင်းဝင် ခံယူသွားရနိုင်ကြောင်း ဖော်ပြထားသည်။ အရင်ကမှ ဘာမှမရှိတဲ့ ရဟန်းတို့ ဘဝ လူမွဲစာရင်းဝင်သွားတာ ဂုဏ်မငယ်လှပေမဲ့  ကြွေးကင်းပါတယ် ဘုရားဆိုပြီး ရဟန်းဘောင်ရင်ကော့ပြီးဝင်လာသူတို့  ကြွေးတွေထဲ နစ်ဝင်နေရင် ဒုက္ခသံသရာထဲ ပိုဇောက်နက်တဲ့နေရာသို့  ရောက်သွားပေလိမ့်မည်ပေါ့။ 
အမေရိကနေလာသည့်နှစ်ပေါင်း ၁၅နှစ်တာကာလမှာ ၁၂နှစ်က ဆေး(ကျန်းမာရေး) အာမခံ မိမိမှာ လုံးဝမရှိခဲ့။ ကိုယ့်ကျန်းမာရေးကို ကြည့်ရှုပြီးသာ နေထိုင်စားသောက်ခဲ့ပါ၏။ ကျန်းမာရေးလဲ တစ်ခါမှ  အစစ်မခံဘူး။ ဆေးရုံလဲ တစ်ခါမှ မတက်ဘူးပါ။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကစ၍ ကျန်းမာရေး အာမခံဝယ်ပြီး နေခဲ့ပါ၏၊ အဓိကကတော့ မိမိရဲ့ကျန်းမာရေးထက် မိမိနာမည်နဲ့ ရှိနေတဲ့ ဒကာ ဒကာမတို့ အလှူတော်များ မိမိမှာကျန်းမာရေးမကောင်းလိုက်လို့ ဆေးရုံတက်ကုရသော် မပေးနိုင်ပါက ထိခိုက်သွားမှာစိုးရ၍၄င်း၊ ဆေးရုံတက် ဆေးကုသပြီး ကုသစရိတ်များ မပေးနိုင်ပါက တိုင်းသူပြည်သားတို့ အခွန်ငွေ၊ ဆေးရုံကအကြွေးတွေကို မိမိပြန်မဆပ်နိုင်ဘဲဖြစ်သွားမှာစိုးသော ကြောင့်၎င်း၊ ထိုအဓိက အကြောင်းများကြောင့် ဆေးအာမခံ မပြတ်ချင်ပါ။ စိတ်ထဲမှာ အာမခံမထား ဘူးဟေ့လို့ ဆိုပေမဲ့ တကယ်တော့ ကျန်းမာရေးမချို့ တန်ကောင်းရဲ့လို့ ရင်တမမနဲ့ တော့ မနေရဲ။ သူတို့ တွေသုံးတဲ့ အသုံးနဲ့ ဆိုရင် Peace of Mind-စိတ်ငြိမ်းချမ်းချင်ပါသည်။ အိုဇရာက ပြိုလာပြီလေ။
အဲဒါတွေကြောင့် ဆေးအာမခံ ဈေးချိုတဲ့နည်းကို ရနိုင်ဖို့  လက်ရှိဆေးအာမခံကုမ္ပဏီကို ဖုန်းဆက်ပြီး ၂၀၁၄မှာ ဒေါ်လာတစ်လ ၄၀၀ကျော် မပေးနိုင်တော့လို့  ဒီဇင်ဘာလကုန်ရင် မင်းတို့ ကုမ္ပဏီမှာ ငါဆေးအာမခံ မထားတော့ဘူးလို့  ပြောလိုက်တယ်။ အဲဒီတော့မှ မင်း အိုဘားမားကဲယားကို လျှောက်ကြည့်ပေါ့၊ အဲဒီကလက်ခံရင် လစဉ်ဒေါ်လာ ၄၀၀ကျော်ကနေ ဒေါ်လာ ၁၀၀ကျော်လောက်ဖြစ်သွားလိမ့်မယ်လို့ ပြောပြီး www.healthcare.gov ဝက်ဘ်ဆိုက်အမည်ကို ပေးသည်။ တကယ်လဲ သူတို့ ဆေးအာမခံကုမ္ပဏီကို အာမခံမဝယ်တော့ ဘူးလဲဆိုရော သူတို့ ရနှိုင်မဲ့ နည်းလမ်းနဲ့  မိမိအတွက်အဆင်ပြေနိုင်မဲ့နည်းလမ်းကို ပေးတော့တာဘဲ။
ဒီဇင်ဘာလဆန်းရဲ့ တစ်နေ့                                                                                  
အိုဘားမားကဲယားဝက်ဘ်ဆိုက် www.healthcare.govကို တက်ကြည့်သည်။ အကြိမ်ကြိမ်တက် ပေမဲ့ မရ။ စနစ်အသစ်မို့  ချို့ ယွင်းချက်ရှိနေကြောင်းသိရသည်။ ဖုန်းနဲ့ ဆက်ပြီး လျှောက်လိုက်သည်။ မေးတဲ့မေးခွန်းတွေထဲမှာ မိမိပြီးခဲ့တဲ့နှစ်က ဝင်ငွေ၊ အခွန်နှင့် ပတ်သက်တဲ့မေးခွန်းတွေကတော့ ဖြေရတာ အခက်ဆုံး။ ဒီအမေရိကန်နိုင်ငံက ကိုယ့်မိခင်နိုင်ငံလိုမဟုတ်။ ပုဂ္ဂလိကအနေနဲ့   အလှူက ရတာဘဲ ဖြစ်ဖြစ်၊ လက်ဆောင်ရတာဘဲဖြစ်ဖြစ်၊ အလုပ်လုပ်လို့  ရတာဘဲဖြစ်ဖြစ် ဝင်လာတဲ့ငွေကို ဝင်ငွေခွန် တင်ပြမှ သူတို့ ဥပဒေနဲ့ အညီ နေထိုင်သူဖြစ်သည်။ မိမိရသမျှ အလှူငွေများမှ အခွန်ဆောင်၍ ဒီနိုင်ငံကို နေထိုင်လာသည်မှာ (ဂ)နှစ်ပင်ပြည့်ခဲ့၍ ဘာလျှောက်လွှာတင်တင် အခွန်နဲ့ ပတ်သက်လာရင် တော့ အဖြေက ကောင်းနေ၏။ လျှောက်လွှာ တင်ပြီးတော့ ရမရ စောင့်ရုံသာ။
အချို့ အမေရိကန်တွေလဲ ကျန်းမာရေးအာမခံ မရှိကြတော့။ နောင်နှစ်ဈေးတက်မယ်လဲဆိုရော လက်ရှိနှစ် ကျန်တဲ့လတွေပါဖြုတ်လိုက်ပြီး ငွေကိုစုလိုက်ကြသည်။ မိမိကတော့ အိုဘားမားကဲယား ကနေ ဆေးအာမခံမရခဲ့ရင် ကြားထဲမှာ ဆေးအာမခံရှိအောင် အခြားဆေးအာမခံကုမ္ပဏီများကိုလဲ တစ်လဈေးနှုန်းဘယ်လောက်ရှိလဲလို့ စုံစမ်းထားလိုက်၏။ လက်ရှိဆေးအာမခံ ကုမ္ပဏီက အိုးဘားမား ကဲယားက လက်မခံရင် တစ်လဒေါ်လာ ၄၀၀ရာကျော်ဆိုတော့ သူတို့ ကို ဖြတ်လိုက်ရုံကလွဲ၍ အခြားနည်းမရှိ။ တကယ်ကတော့ မိမိစိတ်က ကားအာမခံဘဲဖြစ်ဖြစ်၊ အိမ်အာမခံဘဲဖြစ်ဖြစ်၊ ဆေးအာမခံဘဲဖြစ်ဖြစ် တော်တော်တန်တန်သာမာန်ဈေးတက်ရုံနဲ့ တော့ သူတို့ ကို မဖြတ်ခဲ့ပါ။ သူတို့ ကို ကျေးဇူးရှာပြီး တင်ခဲ့ပါ၏။ နောက်ဆုံး သူတို့ က ကိုယ်ဘက်မငဲ့တဲ့ အချိန်မှာ ပြတ်ပြတ်သာဖြတ်လိုက် တော့သည်။ 
ဒီလထဲတွင် ကားအာမခံကုမ္မဏီသည် ၆လအာမခံ ဒေါ်လာ ၃၆၀ပေးနေရတာ ၄နှစ်တာကြာ ပေမဲ့ ဈေးမကျ၍ ၆လအာမခံ ဒေါ်လာ ၂၄၀နှင့် ပို၍အာမခံကောင်းသောကုမ္ပဏီ သို့ ပြောင်းလိုက်သည်။ ကျန်းမာရေးဆေးအာမခံကိုလဲ နောက်ကုမ္ပဏီတစ်ခုက ဝယ်ဖို့ စိတ်ကူးလိုက်သည်။ အင်တာနက်တွင် Health Insurance ကို ရိုက်ပြီးရှာလိုက်သည်။ ဆေးအာမခံ နဲ့ ပတ်သက်လို့  နာမည်ကြီးအခြား ကုမ္ပဏီအသစ်ကိုတွေ့ သည်။ ဒီဇင်ဘာလ ၁၅ရက်စတဲ့ ဆေးခံစားခွင့်ရတာကိုယူရင် တစ်လဒေါ်လာ ၁၂၅ဒေါ်လာပေးရမည်ဖြစ်ကြောင်း ပြောသည်။  လျှောက်လိုက်သည်။ မိမိရဲ့ လျှောက်လွှာကို ချက်ချင်း လက်ခံပြီး လွယ်လွယ်နဲ.တော့ အတည်မပြု။ သူတို့ မရောင်းခင် ရောဂါရှိနေတဲ့လူတစ်ယောက် လာဝယ်တာမျိုး ဖြစ်မှာစိုးလို့  ထင်ရဲ့။ အရင်က ဆေးစစ်ချက် အထောက်အထား (Medical History) စာရွက်စာတန်းများ တင်ပြဖို့ တောင်းသည်။ အဲဒီမှာ အခက်တွေ့ သည်။ ။ ဆေးခန်းကို ၁၅နှစ်အတွင်း တစ်ခါမှ မပြဘူးသူအနေနဲ့ ဘယ်မှာသာ ဆေးစစ်ချက်များ ပေးနိုင်ပ။ သူတို့ ထံပြန်ဖုန်းဆက်မေးတော့ ခန္ဓာကိုယ်ရဲ့ အရပ်အမောင်း၊ အလေးချိန်၊ အခြေခံသွေးစစ်ဆေးချက်အချို့ သာဖြစ်ကြောင်း၊ ဆရာဝန်ကိုရှင်းပြရင်သိကြောင်း ပြောပြသည်။ ရောဂါဖြစ်မှသာဖြစ်ရော မိမိမှာ ဘာဓာတ် ညာဓာတ်တွေ များနေ၊နည်းနေကြောင်း မကြားမသိချင်ပါ။ သိ၍ ဆေးကုရပြီဆိုရင်လဲအစစ မလွယ်။ မြန်မာဆရာဝန် တစ်ယောက်ကတော့ တစ်နှစ်တစ်ကြိမ် ဆေးစစ်တာကောင်းတယ်၊ ဖြစ်မည့်ရောဂါကို ကြိုတင်ကာ ကွယ်နိုင်တာပေါ့လို့ အကြံပြုဘူးသည်။ ဒီတစ်ခါတော့ ရှောင်မရတော့၊၊ ဆေးစစ်ချက်မရှိက ဆေးအာမခံ ကုမ္ပဏီက ဆေးအာမခံရောင်းမည်မဟုတ်။ အာမခံလျှောက်လွှာ အတည်ပြုဖို့  ပြောသည့်အတိုင်း မိမိနေရာမှ နီးရာဆရာဝန်ထံ သွားစစ်လိုက်သည်။ 
မိမိလျှောက်လွှာတင်ဆဲတွင် မိသားတစ်စုမှ လစဉ်ဆေးအာမခံ လက်ရှိ ၅၀၀မှ လာမည့်နှစ် ၁၀၀၀ကျော်ဖြစ်တော့မှာဆို၍  သူတို့ အတွက်လဲ မိမိလျှောက်ထားတဲ့ဆေးအာမခံကုမ္ပဏီကို စုံးစမ်းပြီး ဈေးချိုက လျှောက်ပေးဖို့ ပြောရာ မိသားစု(၃)ယောက်လုံးက အရင်က ဆေးစစ်ချက်တွေရှိနေ၍ မိမိထက်အရင်တောင် အတည်ပြုပေးလိုက်သည်။ ဈေးကတော့ တစ်လ (၃)ယောက် ဒေါ်လာ ၃၂၀မျှသာ။ အရင်နဲ့ အကျိုးခံစားခွင့် သိပ်မကွာခြားပါ။ သူတို့ တွေ တစ်နှစ်အတွက် စိတ်ချမ်းသာ သွားတော့သည်။ အရင်က အာမခံမရှိ၍ သားဖြစ်သူ လက်ကျိုးတော့ ငွေအတော်လေးကုန်ကျသွား၍ စိုးရိမ်ပြီး အာမခံဝယ်တာလို့ ပြောကြသည်။          
ဒီဇင်ဘာပထမပတ်ရဲ့ တစ်နေ့ 
မိမိရဲ့ဆေးစစ်ချက်တွေ ရလာသည်။ ကံကောင်းသည်။ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ခန္ဓာကိုယ်ရဲ့ ချို့ တဲ့မှု ထူးထူးခြားခြား ဘာမှမတွေ့ ရ။ ဆေးကုမ္ပဏီအသစ်သို့ ဆေးစစ်ချက်များပို့ ပေးလိုက်သည်။ နှစ်ရက်အကြာမှာ အာမခံကို အတည်ပြုပေးလိုက်သည်။ တစ်လလျှင် ဒေါ်လာ ၁၂၅ဈေးဖြင့်သာ။ တစ်နှစ်အတွင်း ဆေးအာမခံ မပြတ်တော့၍ စိတ်အေးသွားပြီ။ ဆေးကုမ္ပဏီအသစ်ကို ပြောင်းလိုက်တော့ မှ ကုမ္ပဏီအဟောင်းက ဒီဇင်ဘာလ ၁၅ရက်ကစ ဆေးခံစားခွင့်ရမည့်ပလန်(Plan) ဝယ်လျှင် တစ်လကို ဒေါ်လာ ၂၀၀သာပေးရမည်ဆိုပြီး စာဖြင့် အကြောင်းကြားလာသည်။ နောက်ကျ သွားခဲ့ပြီ။ ဖုန်းဆက်ပြီး ဒီဇင်ဘာလ နောက်ဆုံးရက်ပြီးပါက နောက်ထပ်ဘဏ်မှ ငွေမထုတ်ဖို့ အကြောင်း ကြားလိုက်တော့သည်။ သူတို့ နှင့် ကိစ္စပြီးသွားပြီ။ 
ဒီဇင်ဘာဒုတိယပတ်ရဲ့ တစ်နေ့ 
အရင်က ဝင်ငွေအခွန်ဆောင်ထားခြင်းတို့ အထောက်အပံ့ဖြစ်ပြီ၊၊ အိုဘားမားကဲယားကလဲ မိမိကို အခွန်ဆောင်ထားတဲ့ထဲမှ ဆေးအတွက် အကျိုးခံစားခွင့်(Tax Credit)ပေးမည်ဖြစ်ကြောင်း  ဖုန်းဆက်လာသည်။ ကျန်းမာရေးအာမခံကို သူတို့ ရဲ့ ဝက်ဘ်ဆိုက် အရောင်းဌာန ကုမ္ပဏီတွေ ထံမှဝယ်လျှင် ခံစားခွင့်၊ ပိုကောင်းပြီး ဈေးသက်သာမည်ဖြစ်ကြောင်း ပြောပြသည်။ ပြီးတော့ လျှောက်လွှာနံပါတ်လေးပေးပြီး မိမိကိုယ်တိုင်  ဆေးအာမခံကုမ္ပဏီနှင့် ပလန်(Plan)များရွေးပြီးဝယ်ရန် ရှင်းပြသည်။ အခွန်ဆောင်ထားသည့် အကျိုးများကို သိရ၍၄င်း၊ ကျန်းမာရေးဆေးအာမခံ ဈေးနှုန်း သက်သာစွာဖြင့် ထားနိုင်တော့မှာဖြစ်၍၄င်း အရင်က စိတ်တွေတင်းနေရာကနေ လျှော့ကျသွားပြီး အေးချမ်းတဲ့စိတ်တွေဖြစ်ပေါ်လာသည်။ အမေရိကန်သမ္မတ အိုဘားမားကိုလဲ အရင်စိတ်တင်းနေရာက မေတ္တာတွေအထူးပို့ ပေးလိုက်သည်။ ခေါင်းဆောင်ကောင်းကြီးအဖြစ်မှတ်ချက်ပြုလိုက်သည်။ ဘာမှပြည့်ပြည့်စုံစုံအဆုံးထိ မသိသေးဘဲ အိုဘားမားကဲယား ဥပဒေနှင့် ဥပဒေရေးဆွဲသူတို့ ကို အပြစ်ကြိုတင်မိသည့် မိမိရဲ့ ဟာကွက်ကို သတိပြုမိပြီးတော့ မိမိကိုယ်ကိုလဲ…။ နောက်ပြီး ဒါတွေကို စိတ် မှာ မထည့်ထားချင်ပေမဲ့ နေရာဒေသလိုက်လို့  ထည့်ထားနေရတာကို တွေးပြီးတော့လဲ… ဟန်းတစ်ပါးအနေနဲ့ ဒီကိစ္စတွေကို ငြီးငွေ့  လာတော့သည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts