ပုဂံခေတ် ရေစင်တော်သွန်းကရား
ရန်ဝင်း (တောင်တံခါး)
မေ ၄၊ ၂၀၁၃
ဧတေသံ ပန ဘိက္ခူနံ သံမုခါသော ဇလံ ပါတေသိ ကတ္ခာန သက္ခိန္တု ၀သုဓာတံ
စာကြောင်းရေ ၂၈ – ၃၀၊ ပါဋ္ဌိဘာသာ
ရာဇကုမာရ်ကျောက်စာ၊ မြင်းကပါဂူပြောက်ကြီး၊ ပုဂံ
သက္ကရာဇ် ၄၇၄ – ၄၇၅
ထို (မထေရ်ဖြစ်သော) ရဟန်းတို့၏ ရှေ့မောက်၌ ကောင်းသော စိတ်နှလုံးရှိသော (ထိုမင်းကြီးသည်) မြေအပြင်ကို သက်သေပြု၍ ရေစက်သွန်းချတော်မူလေ၏။
ရေစင်တော်သွန်းတယ်။ ရေသွန်းတယ်။ ရေစင်တော်ချ တယ်လို့ ပုဂံခေတ် ကျောက်စာတွေမှာတွေ့ရပြီး ဒီကနေ့ခေတ် ရေစက်ချ တယ်ဆိုတဲ့ အလေ့အထိက ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးပါတဲ့အခန်းဏ္ဍဖြစ်ပါတယ်။
ရေစင်တော်သွန်းတယ်၊ ရေသွန်းတယ်၊ ရေစင်ချတယ်၊ ရေစက်ချတယ်ဆိုတာ မိမိအလှူကို မဟာပထ၀ီမြေကြီးနဲ့ သက်သေတည်တဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် အလှူဒါနပြုကြတဲ့အခါမှာ အိုး၊ ခွက်၊ ကရားထဲမှာ ရေကိုမြေကြီးပေါ် သွန်းချပါတယ်။
ရေစင်တော်ချတယ်ဆိုတဲ့ အလေ့အထက အိန္ဒိယပြည်မှာ စတင်လာပြီး မြန်မာပြည်ထဲကို ဗုဒ္ဓဘာသာနဲ့အတူတူ ပြန့်ပွားရောက်ရှိလာခဲ့တယ်လို့ ဆိုနိုင် ပါတယ်။ ဂေါတမဗုဒ္ဓ သက်တော်ထင်ရှားရှိနေတော်မူစဉ်အချိန်ကတည်းက ရေစင်တော်ချတဲ့အလေ့အထကို ကျင့်သုံးခဲ့တယ်လို့ စာပေတွေမှာတွေ့ရပေမယ့် ရှေးဟောင်းပစ္စည်းအထောက်အထားအနေနဲ့ အစောဆုံးတွေ့ရတာကတော့ အိန္ဒိယပြည် ဗာရဟွတ် (Bharhut) စေတီကြီးထဲက အနာထပိဏ်သူဌေးကြီးရဲ့ အလှူမှာ ရေစင်တော်သွန်းကရားကို ကိုင်ပြီး ရေစင်တော်သွန်းနေပုံ ကျောက်ဆစ်ရုပ်ကြွ ဖြစ်ပါတယ်။
ဗာရဟွတ် (Bharhut) စေတီကြီးက အိန္ဒိယပြည်အလယ်ပိုင်း၊ ဆက်တနာ ဒီစတြိတ် (Satna District) မဒရာ မရာဒ်ရှ် (Madhya Pradesh) ပြည်နယ်အတွင်း မှာ ရှိတာပါ။ ဗာရဟွတ် (Bharhut) စေတီကြီးကို ဘီစီ ၃ ရာစုအတွင်းမှာ အာသောကမင်းကြီး (King Asoka) က တည်ဆောက်ခဲ့ပါတယ်။ ဘီစီ ၂ ရာစု အတွင်း ဆွန်ဂါ (Sunga) မင်းဆက် ၀ဇ္ဇိပုတြာ ဒါနဗုတိ (Vatsiputra Dhanabhuti) လက်ထက်မှာ ကျောက်ဆစ်ရုပ်ကြွတွေကို ထပ်ဖြည့်ခဲ့တဲ့ အထောက် အထားတွေ ရှိပါတယ်။
|
Bharhut or Barhut (Hindi : Bharhut)
Satna District in Madhya Pradesh, Central India
|
|
ရေစင်တော်သွန်းကရားနဲ့ ရေစင်တော်ချနေတဲ့ အနာထပိဏ်သူဌေးကြီးရဲ့အလှူ
ကျောက်ဆစ်ရုပ်ကြွ၊ ဗာရဟွတ်စေတီကြီး၊ အိန္ဒိယပြည်
|
မြန်မာပြည်ထဲမှာတော့ ပုဂံမြို့ မြင်းကပါဂူပြောက်ကြီးဂူဘုရားထဲက သက္ကရာဇ် ၄၇၄ – ၄၇၅ ခုနှစ်ထိုး ရာဇကုမာရ်ကျောက်စာမှာ ရေစင်တော်သွန်းချတဲ့ အကြောင်းကို အစောဆုံးတွေ့ရပါတယ်။
ဓယကုပူရှာအာ ရိယ်သောန်ရုယ်ဧအ်
စာကြောင်းရေ ၃၃၊ မြန်မာဘာသာ
ရာဇကုမာရ်ကျောက်စာ၊ မြင်းကပါဂူပြောက်ကြီး၊ ပုဂံ
သက္ကရာဇ် ၄၇၄ – ၄၇၅
ရေစင်တော်သွန်းချရာမှာ အသုံးပြုခဲ့တ့ပစ္စည်းကို ကြာ (ကရား) လို့ ခေါ်ကြောင်းကို ကျောက်စာတွေမှာ တွေ့ရပါတယ်။
ကြာနှင့် ရိစင်တပ်ချ၏
စာကြောင်းရေ ၄၊
သက္ကရာဇင် ၆၅၉ ခုနှစ်ထိုး မင်းမတ်သတျာပိစည်း ကျောက်စာ၊ ပုဂံ
ပုံဂံခေတ်က ကြာ (ကရား) ရေစင်တော်သွန်းကရားတွေက ဒီကနေ့ သုံးနေကြတဲ့ မြေမီးဖုတ် ရေနွေးကရား သတ္တုကရားတွေလိုပဲ အလည်က ခပ်ဝိုင်းဝိုင်း၊ အောက်ခြေဖက်ကို ခပ်ရှူးရှူးပုံစံ၊ အိုးလုံးရဲ့ အလည်လောက်မှာ နှုတ်သီးရှည်နဲ့ အပေါ်ပိုင်းမှာ လည်တံ၊ လည်ပင်းရှည်ရှည် ပါလေ့ရှိပါတယ်။ လည်တံရှည်ရှည် အထက်မှာတော့ ပန်ကန်ပြားကိုမှောက်ပြီး ပိတ်ထားတဲ့ပုံစံမျိုး ပါပါတယ်။ အသေးစိတ်အခြယ်အလှယ်တွေမှာ ကွဲပြားကြပေမယ့် ပုဂံခေတ် မြေကရား၊ ကြေးကရားတွေရဲ့ပုံစံအခြေခံကတော့ အတူတူပါပဲ။ လည်တံရှည်ရဲ့ထိပ် အ၀ကနေ ရေထည့်ပြီး လည်တံကို ကိုင်လို့ ငှဲ့ချလိုက်တဲ့အခါ နှုတ်သီးဖျားက ရေထွက်လာတာပါပဲ။
ရေစင်တော်ချတဲ့အကြောင်းအရာကို ပုဂံခေတ်ခပ်စောစောပိုင်း ကျောက်စာတွေမှာတွေ့ရတဲ့တိုင်အောင် ရေသွန်းကရားနဲပတ်သက်တဲ့ အထောက်အ ထားကို တော့ အထက်မှာတင်ပြခဲ့တဲ့အတိုင်း သက္ကရာဇင် ၆၅၉ ခုနှစ်ထိုး မင်းမတ်သတျာပိစည်း ကျောက်စာ၊ ပုဂံမှာမှ စပြီးတွေ့ကြရပါတယ်။ အဲဒီအချိန် အတော်အတွင်းကရေးထိုးခဲ့တဲ့ ခေတ်ပြိုင်ကျောက်စာတွေမှာလည်း ရေသွးန်ကရားအကြောင်းကိုတွေ့လာရပါတယ်။
အဲဒီတွေ့ရတဲ့ကရားမျိုးတွေကို ရေစင်တော်ချတဲ့နေရာမှာ သုံးခဲ့ကြောင်း အထောက်အထားတွေရှိပါတယ်။ စလေမြို့ရှင် ပင်စာကြို ဘုရားအစု၊ ပုထိုးအမှတ် (၃) ထဲက နံရံဆေးရေးပန်းချီတွေမှာ တွေ့နိုင်ပါတယ်။
|
ဝေဿန္တရာဇာတ်တော်မှ သားတော် သမီးတော်တို့အား ပေးလှူခန်း
နံရံဆေးရေးပန်းချီ
ပုထိုးအမှတ် (၃)၊ ရှင်ပင်စာကြို ဘုရားအစု၊ စလေမြို့
|
|
ဝေဿန္တရာဇာတ်တော်မှ မဒီဒေ၀ီအား ပေးလှူခန်း
နံရံဆေးရးပန်းချီ
ပုထိုးအမှတ် (၃)၊ ရှင်ပင်စာကြို ဘုရားအစု၊ စလေမြို့
|
အဲဒီနံရံဆေးရေးပန်းချီတွေမှာ ထူးခြားတဲ့အချက်ကိုတွေ့ရတာကတော့ ရေစင်တော်သွန်းကရားထဲက ရေကို အလှူခံပုဂ္ဂိုလ်ရဲ့ လက်ဖ၀ါးတွေပေါ်ကို သွန်းချ နေပုံတွေပါပဲ။ ဆင်ဖြူတော်လှူခန်းမှာတော့ အလှူခံပုဂ္ဂိုလ်ကိုင်ထားတဲ့ ခွက်ငယ်ကလေးထဲကို ရေသွန်းချနေပုံကိုတွေ့ရပါတယ်။
|
ဝေဿန္တရာဇာတ်တော်မှ ဆင်ဖြူတော်အားပေးလှူခန်း
နံရံဆေးရးပန်းချီ
ပုထိုးအမှတ် (၃)၊ ရှင်ပင်စာကြို ဘုရားအစု၊ စလေမြို့
|
စလေမြို့ ရှင်ပင်စာကြို ဘုရားအစု၊ ပုထိုးအမှတ် (၃) နံရံဆေးရေးပန်းချီတွေက သက္ကရာဇင် ၅၀၀ ကျော်၊ သက္ကရာဇ် ၆၀၀ ကျော်အတွင်း ပုဂံခေတ်လက်ရာတွေ လို့ သုတေသနပြုတာတွေ ရှိပါတယ်။ ဒါကြောင့်ပဲ အဲဒီအချိန်ကာလအတွင်းမှာ ပုဂံဒေသအပါအ၀င် မြန်မာပြည်နေရာအနှံ့အပြား ရေစင်တော်သွန်းကရားတွေ ကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြလိမ့်မယ်လို့ သမိုင်းသုတေသီ ပညာရှင်ကြီးတွေက ယူဆကြပါတယ်။
စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်း၊ ပထမအင်းဝခေတ်အပါအ၀င် နောက်ပိုင်းခေတ်တွေနဲ့ ဒီကနေ့ခေတ်အထိ ရေစက်ချ တဲ့ အလေ့အထကို ဆက်လက်ကျင့်သုံးနေ ကြပေမယ့် အိုးပုံစံတွေ၊ ကရားပုံစံတွေက ပြောင်းလဲလာပါတယ်။ ဒါကြောင့်ပဲ ပုဂံခေတ် ရေစင်တော်သွန်းကရားပုံစံကို တွေ့ရတဲ့အရပ်ဒေသဆိုရင် ပုဂံနဲ့ အဆက်အသွယ်ရှိခဲ့ကြောင်း မှန်းဆကြည့်နိုင်ပါတယ်။
|
ပုဂံခေတ် ရေစင်တော်သွန်းကရားများ
တကောင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များမှ
|
|
ပုဂံခေတ် ရေစင်တော်သွန်းကရားဆွဲပုံ
ဟန်လင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များမှ
|
|
ပုဂံခေတ် ရေစင်တော်သွန်းကရားဆွဲပုံ
ဟန်လင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များမှ
ညောင်ကိုးပင်ကျောင်း၊ ဟန်လင်းမြို့ဟောင်း၊ ရွှေဘိုမြို့နယ်
ဓာတ်ပုံ၊ ရန်ဝင်း (တောင်တံခါး)
|
အေဒီ ၃ ရာစုက အေဒီ ၉ ရာစုလောက်အတွင်းမှာ ဖွံ့ဖြိုးစည်ပင်ခဲ့တဲ့ တကောင်း၊ ဟန်လင်း၊ သီရိခေတ္တရာ၊ ဗိဿနိုး၊ ပျူမြို့ ဟောင်းကြီးတွေမှာ တူးဖော်ရရှိခဲ့တဲ့ မြေအိုးပုံစံ အများအပြားထဲက ရေစင်တော်သွန်းကရားတွေကတော့ ပျူခေတ်နဲ့ မသက်ဆိုင်ပဲ ပုဂံခေတ်နဲ့သာ သက်ဆိုင်ကြောင်း သမိုင်းသုတေသီပညာရှင်ကြီးတွေရဲ့ အယူအဆကို မှတ်သားရပါတယ်။
ပုဂံမြို့ဟောင်း နန်းတော်ရာကုန်းကို ရှေးဟောင်းသုတေသနဌာနက တူးဖော်လေ့လာရာမှ ပုဂံခေတ်ထက် ပိုပြီးစောနိုင်စရာရှိတယ်လို့ ယူဆစရာ ရေစင်တော်သွန်းကရားတလုံးကို တွေ့ရတယ်လို့ဆိုပါတယ်။ အဲဒီရေစင်တော်သွန်းကရားရဲ့ပုံစံနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းအကြောင်း မှတ်တမ်းမှတ်ရာတွေကို တော့ မသိရှိရသေးပါ။
|
အလောင်းစည်သူမင်းကြီးရဲ့ကောင်းမှု ရွှေဂူကြီးဂူဘုရား
(အဝေးက နောက်ခံရှုခင်းမှာ သဗ္ဗညုဂူဘုရားကြီး)
ရှေ့ပိုင်းမှာ တူးဖော်လေ့လာနေဆဲ ပုဂံမြို့ဟောင်း နန်းတော်ရာကုန်း
|
ရာစုနှစ်ပေါင်းများစွာ ကာလကြာရှည်တဲ့အချိန်ကတည်းက ရှေးပျူမြို့ဟောင်းကြီးတွေ ပျက်သုဉ်းသွားခဲ့ပေမယ့် ပုဂံခေတ် ရေစင်တော်သွန်းကရားတွေ တွေ့ရတာကို ထောက်ထားပြီးတော့ ပုဂံခေတ်မှာလည်း အဲဒီမြို့ဟောင်းနေရာတွေက ဆက်လက် စည်ပင်နေခဲ့ဆဲပဲလို့ဆိုနိုင်ပါတယ်။
စာကိုး
၁။ ရေစင်တော်သွန်းအိုး၊ ဦးမြင့်အောင်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၄၊ အပိုင်း ၂၊ ဧပြီလ၊ ၁၉ ၆၉
၂။ ဗိဿနိုးမြို့ဟောင်းနှင့် သမိုင်းအမြင်၊ ဦးဘရှင်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၊ အပိုင်း ၃၊ စက်တင်ဘာလ၊ ၁၉ ၆၆
၃။ ဗိဿနိုးမြို့ဟောင်း၊ ဦးအောင်သော်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၊ အပိုင်း ၂၊ ဇွန်လ၊ ၁၉ ၆၆
၎။ ဟန်လင်းမြို့ဟောင်း၊ ဦးမြင့်အောင်၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၃၊ အပိုင်း ၃၊ ဇွန်လ၊ ၁၉ ၆၈
၅။ တကောင်းမြို့ဟောင်းတူးဖော်လေ့လာတွေ့ရှိချက်များ၊ ဦးသန်းဆွေ၊ တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၆၊ အပိုင်း ၄၊ ဇွန်လ၊ ၁၉ ၇၁
၆။ ရေစင်တော်သွန်းအိုး၊ တမ္ဗ၀တီဦးဝင်းမောင်၊ ဇွန်လ ၂၀၀၆
၇။ ဟန်လင်းမြို့ဟောင်း တူးဖော်လေ့လာတွေ့ရှိချက်များ၊ ညောင်ကိုးပင်ကျောင်း၊ ဟန်လင်းမြို့ဟောင်း၊ ရွှေဘိုမြို့နယ်၊ဓာတ်ပုံ ရန်ဝင်း (တောင်တံခါး) ဖေဖော်ဝါရီ ၂၀၁၃
၈။ ရွှေဂူကြီးဘုရား၊ ဓာတ်ပုံ culture-in-a-small-world.blogspot.com
၉ ။ http://en.wikipedia.org/wiki/Bharhut
၁၀။ http://www.photodharma.net/Guests/Kawasaki-Bharhut/Bharhut.htm