ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၀) – Mar Mar Aye


မာမာအေး
ဒီဇင်ဘာ ၁၊ ၂၀၁၂


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …  မာအေးတော့လေ သုံးပါတ်လေါက် ဆက်ပြီး ပိတောက်လမ်းဆိုနည်း ရေးလိုက်ရတာ လက်နာခေါင်းကိုက်၊ ပြောလိုက်ရတာလဲ အတော်ဟိုက်တာဘဲရှင်၊ ပြိုင်မယ့်သူတွေ လိုက်နိုင်အောင်တော့ ဆိုပေါက်တွေကို ဖြီပြပေးထားပါတယ်။
ဆိုတာကို ရေးပြရတာဟာ ဆိုပြရတာထက် ခက်ပါတယ်ရှင့်။ အထူးသဖြင့် စာမပါဘဲ ဆွဲခဲ့ရရင် အသံက (အယ်) နဲ့ (ဟယ်) ရဲ့ ကြားကအသံလေ – ရေးဘို့ အက္ခရာ စာလုံး မရှိဘူးမို့လား၊ ကွန်ပြူတာ အနားထါး သတင်းများတောင် မဖတ်အားတော့ ခုမှ ပြန်ဖတ်နေရတယ်။

အဲဒီတော့ ပြည်သူချစ်ခေါင်းဆောင် စုလေး အကြောင်းချည်း တွေ့နေဖတ်နေရသလိုဘဲ၊ နိုင်ငံတကါကခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ပုံတွေ သူပြောနေတာတွေ ကြားရတာ ဗမာမိခင်တယောက်အမြင်နဲ့ “ဒါမှငါ့သမီး” လို့ ရင်ထဲမှာ ၀မ်းသာ ချီးကြူးမိတာနဲ့အမျှ ကြီးကြီးဒေါ်ခင်ကြည်ကိုလဲ တ မိ၊ အဆိုတော်ကြီး ဘိလပ်ပြန်သန်းကိုလဲ သတိရမိပါတယ်။ ကြီးကြီးဒေါ်ခင်ကြည်ကို တမ်းတမိတာက အမေတယောက်လို ကိုယ်ချင်းစာမိလို့ပါ၊ ဗမာအမေတွေ အားလုံးဟာ ခုချိန်မှာ မာအေးလိုဘဲ ခံစားကြရမှာ ၀မ်းသာမှာ ဆိုတော့ အမေရင်းဆိုလဲ ပြောစရာ ဘာလိုမလဲနော်။ ပျော်ရွှင်အားရနေမှာဘဲလို့ သတိရလိုက်တာပါ။

ဘိလပ်ပြန်သန်း ခေါ်တဲ့ ဒေါ်သန်းအေး – ဒိုရာသန်းအေးကို သတိရတာက သူဟာ မြန်မာလိုခေါ်တာကိုဘဲ ကြားချင်တဲ့သူမို့ မာအေး သွားတွေ့ခွင့်ရတဲ့အခါက “ကြီးကြီး မသန်းအေး” လို့ ခေါ်ခိုင်းတာ၊ ‘စု’ မိသားစုလေးနဲ့ နီးရအောင် – အောက်စဖို့ကို ပြန်လာနေတာ၊ ငြိမ်းချမ်းရေးနိုဘယ်ဆု ရခဲ့တဲ့နှစ်က – စုကိုယ်စား သွားယူပေးခဲ့တာကိုး၊ ခုတော့ ‘စုလေး’ ကိုယ်တိုင် နိုဘယ်ဆုယူတဲ့ဆီ ရောက်နေပြီ ကြီးကြီးရေ ဆိုတာမျိုး သတိရတာပေါ့ရှင်၊ ဟိုအရင် တကြိမ်မှာတုန်းက စောင်းဆရာ ဦးထွန်းအောင်က စေါင်းတီး၊ ဆရာကြီး ဦးမြမောင်က မြမန်းဂီရိယိုးဒယားကို ဆိုပြိးတော့ အမျိုးသမီးတဦးက ထိုင်မသိမ်းနဲ့ စီးပုံ ဆောင်းပြီး ကပြခဲ့တာ ကြည့်ဖူးပါတယ်။

အခုတကြိမ် “စု” ကိုယ်တိုင်ရဲ့ အလှည့် ဆုယူဘို့အခါကျတော့ စောင်းတလက်ထဲ အပြတ်နွှဲသွားတာကို ခံစားကြည့်ရှုနိုင်ခဲ့ရတယ်။
စောင်းတီးဘို့နေရာအ၀ိုင်းလေးတခု၊ ပန်းတွေနဲ့ဝေအောင် ထိုးစိုက် အလှပြင်ထားတဲ့အပေါ်မှာ အသာအယာဝင်ထိုင် တီးခတ် ဖျော်ဖြေခဲ့သူဟာ “မောင်နေ၀ါ” ဟုတ်မှဟုတ်ရဲ့လား၊ လူက ငုံ့တီးနေရတာမို့ မျက်နှာကို ဘေးတခြမ်းစီကဘဲ သေချာကြည့်နိုင်တာက တကြောင်း၊ လူပုံကလဲ နည်းနည်း ပိုပြီး ပြည့်နေသယောင်ယောင် မြင်နေရလို့ပါ။ စောင်းသံစတော့ မြန်မာ့စောင်းတွေစမ်းတဲ့ သမားရိုးကျအသံစမ်းတာမျိုးနဲ့ မတူတဲ့ အသံတွဲလှလှလေးတွေ ပြေးလွှား ဆော့ကစားနေပုံမျိုး ဆိုတော့ သူ ဘာများတီးပြချင်လို့ပါလိမ့်မလဲ – စိတ်ထဲ အဲသလို ဖြစ်လါတယ်။ တကယ့် အတီး သီချင်းအလိုက် ကြားရတော့မှဘဲ အော် သူတီးပြတာဟာ ‘မေတ္တာရွှေစေါင်း’ သီချင်းပါလား လို့ သိလာရတော့တယ်။

(နော်ဝေ နိုဘယ်ဆုပေးပွဲတါင် တီးခဲ့သော မောင်နေ၀ါ၏ မေတ္တာရွှေစေါင်း လက်သံ ) xxx

မာအေး မောင်ထွေး နေ၀ါလေး လက်မကျရာပါဘဲကလား။ အရမ်းကို ၀မ်းသာသွားမိတာဘဲရှင်၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မာအေးရဲ့ လန်ဒန်ရောက် မိတ်ဆွေ ခလေးတယောက် မင်္ဂလာဆောင်မှာ စောင်းမင်္ဂလာ ပါစေချင်လို့ ဖိတ်တုန်းက စောင်းမတီးတော့လို့ပါလို့ တောင်းပန်ခဲ့တာမို့ ရွှေရင်ဆို့ ဖြစ်နေခဲ့ကြောင်းပါရှင်။ သူဟာ မာအေးတို့ဆရာ စေါင်းအလင်္ကါကျော်စွာကြီး ဦးဘသန်းရဲ့ တပည့်ငယ်မို့ မောင်အထွေးနေရာ ထားရတယ်။ သူ့မိခင်ကလဲ မာအေးတို့နဲ့ တကျောင်းထဲထွက်၊ မရမ်းခြံလို့ သိကြတဲ့ စံပြအမျိုးသမီး အထက်တန်းကျောင်းကဘဲ၊ ခုတော့ အထက (၁) ကမာရွတ်လေ။ သူ့အမေများရှိရင် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မာအေးတို့ ကျောင်းသူဟောင်းတွေ ဆရာကန်တော့ပွဲ ၁၈ ကြိမ်မြောက် ကျင်းပတဲ့အခါ တွေ့ဦးမှာ အသေအချာပေါ့ရှင်။ အဲဒီတော့ တူကလေးလိုလဲ ရင်းတော့တာပါဘဲ။

“မေတ္တာရွှေစေါင်း” ဆိုတဲ့ သီချင်းကို ကြားရတော့ ဆိုခဲ့တဲ့ တေးသံရှင် မမ လီလီကြာညွန့်ကို မြင်ယောင်လာတယ်။ သူဟာ ကရင်မျိုးနွယ်လို့ သိစေနိုင်တဲ့ ကြံ့ခိုင်တဲ့ မေးရိုးလေးထောင့်ဆန်ဆန်နဲ့ ဖြူဖြူထွားထွား၊ အားကစားသမားပုံမျိုးပါ။ အသံကတော့ နွဲ့နွဲ့လေးရယ်၊ ပဒေသာကုမ္မဏီထုတ် တွေးရခက်ကြီးဓါတ်ပြားဟာ အတော် ခေတ်စားခဲ့ပါတယ်။ အမေ ဒေါ်အောင်ကြည်ဆီမှာလဲ မဟာဂီတကို လိုက်စား သီဆိုပါသေးတယ်။ “မေတ္တာရွှေစေါင်း”ကတော့ သူ့အသံနဲ့ အလိုက်ဖက်ဆုံး မာစတါပိ(စ) ပါဘဲ။ မမရှင်နဲ့ ကျေးစေတမာန်လို တွဲနေတာမျိုး။ လီလီကြာညွန့်နဲ့ မေတ္တာရွှေစေါင်းဟါလဲ တွဲမြင်ရကြားရတယ်လို့ ဆိုရမှာပါရှင်။

မာအေးလဲ “မေတ္တာရွှေစေါင်း” ကို ပြန်ဆိုဖူးပါတယ်။ အမှတ်တရလေးတောင် မကပါဘူး။ အမှတ်တရ အကြီးကြီးကို ဖြစ်ခဲ့ဖူးတာပါ။ မာအေးတို့နိုင်ငံက တချိန်သောကါလရဲ့ စနေနေ့တနေ့မှာ ငွေစက္ကူ တရားမ၀င် ကျေညာခဲ့တဲ့နေ့ ရှိတယ်မို့လား – အင်း – သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဆိုရမလို ငိုရမလို စိတ်ထဲမှာ အိုနေတော့ – သီချင်းအဓိပ္ပါယ်ပေါက်အောင်မှ ဆိုဖြစ်ပါရဲ့လားလို့ပါ။ ဘာဆိုမိမှန်း ခုတောင် ပြန်တွေးလို့ မပေါ်ဘူးရှင့်။ မှန်သောသစ္စာပါ ချစ်ဆွေတို့ရယ်။ အိမ်ကလေး ချဲ့နေတဲ့တန်းလန်းမှာ ဆိုင်ရာ ဆောက်လျှပ်က တိုင်တွေ ဘာတွေ ထုတ်လုပ်တဲ့ သံချောင်းပါမစ် ချပေးတော့ ဘဏ်မှာရှိတာလေးထုတ်၊ သောကြာနေ့မို့ ပစ္စည်းထုတ်တဲ့သူတွေက များတော့ အချိန်မမီပြန်တာနဲ့ တနင်္လာမှပေါ့လို့ စိတ်လျှော့ထားခဲ့ရတယ်။
နောက်နေ့ စနေမှာ သူငယ်ချင်း စောင်းသိန်းဖေအဖွဲ့နဲ့ အဲဒီ “မေတ္တာရွှေစေါင်း” သီချင်း ရုပ်မြင်သံကြားရိုက်ဖို့ ပြည်လမ်း အသံလွှင့်ရုံကြီးကို လာမယ်လို့ ရက်ချိန်းပေးထားတော့ မနက်ဆယ်နာရီခွဲလေါက်မှာ ကေါက်ကက်ပြင်ဆင် မိတ်ကပ်တွေ  ဘာတွေ တင်ရပြီလေ၊ နေ့ (၁၁)နာရီ သတင်းချိန်လဲ ရောက်ရော – ရာတန်ကိစ္စတွေ ကျေညာပါလေရော …  ကိုယ့်ရှိတာလေး ချောပါရော၊ ရုပ်မြင်ရိုက်ဖို့ ဂတိမပျက်ချင်လို့ သွားရပေမယ့် ဘယ်လို ပျော်နိုင်ပါတော့မလဲ၊ ငါးကျပ်တန် တစ်ဆယ်တန်ဘဲ ကျန်တာကိုး။ ဒီအရွက်သေးသေးလေးတွေ ဘယ်သူက ကျစ်ကျစ်ပါအောင် စုမလဲရှင့်။
အဲဒီတုန်းက ရာတန်၊ ငါးဆယ်တန်တွေကို ကြောက်လို့ အစိတ်တန်လေးတွေချည်း ဘဏ်က တောင်းတောင်းပန်ပန် ထုတ်ခဲ့တာပါ၊ ဒါလဲ ပါသွားတယ် ဆိုတော့ ကိုယ်ဆိုတာ အချိုပေါ့သလား အမှတ်ရစရာကြီး ဖြစ်သွားတာပေါ့နော်။


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts