မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၆၄)

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၆၄)
ဒီဇင်ဘာ ၂၄၊ ၂၀၁၄ 
သရုပ်ဖော်ပန်းချီ – မင်းကျော်ခိုင်

● လှမြင့်ဝင်းအမှတ်တရ

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ မာအေးဆိုခဲ့တဲ့ နာမည်တူသီချင်းလေးနှစ်ပုဒ်၊ ‘အပျိုဖြန်း’ ဆိုတာရှိခဲ့တယ်၊ ရုပ်ရှင်မှာ ဆိုခဲ့တာချည်းဖြစ်တယ်။ ‘တင့်တင့် တို့’ အရွယ်  မဟုတ်ပါဘူးလို့ ရှင်းပြပြောပြခဲ့ပါတယ်။ အခြားသောတေးသံရှင်တွေဆိုခဲ့တဲ့ သီချင်းတွေမှာလည်း နာမည်တူတွေရှိကြတယ် ဆိုတာကို ဆက်ပြောဖို့တော့ စီစဉ်ထားတာပါဘဲ။ အဲဒါဒီကနေ့တော့ ပြောရမယ့်သူတယောက်အကြောင်းက ဖြစ်လာတာနဲ့ အဲဒီတေးသံရှင် အကြောင်းကို ပြောပြပါရစေရှင်။ မာအေးပြောပြလိုတဲ့သူကတော့ တေးသံရှင် ‘လှမြင့်ဝင်း’ ဆိုတဲ့နာမည်နဲ့ သီဆိုခဲ့တဲ့ ဂီတဝါသနာကြီးသူ မြန်မာသီချင်းဆိုရအောင်၊ သီချင်းနဲ့ စပြီးကိုယ်တိုင်ပွဲဝင်လာတဲ့သူ ဖြစ်ပါတယ်ရှင်။ ဂီတသားတချို့အတွက် အကာအရံတံတိုင်းလို သူနေ သွားပါတယ်။

လေလှိုင်းပေါ်က စာအုပ်မျက်နှာစာလို့ခေါ်ရမယ့် face Book မှာ ‘ကောင်းရာသုဂတိ’ ဆိုတာတွေတက်လာလို့ သိရတာပါလေ- အရိယာ မဖြစ်နိုင်သေးတဲ့ မာအေးစိတ်မှာတော့ ထိခိုက်မိတုန်းပါဘဲ။ သူတယောက် မကျန်းမာတာကို သိသိကြီးနဲ့ သူ့ကိုယ်တိုင်ရဲ့ ပြောထားတယ်ဆို တဲ့ စကားဆန္ဒအရ၊ ရန်ကုန်ရောက်တုန်းမှာ သွားရောက်သတင်းမမေးရဘဲနဲ့  တဆင့်မေတ္တာပို့ပါကြောင်း စကားအမှာပါးခဲ့ရတာနဲ့တင် ကျေနပ်ခဲ့ရပါတယ်။ သူလိုလူတယောက်အကြောင်းကိုတော့ မာအေးပြောပြသင့်တယ်လို့ ယူဆပါတယ်ရှင်။

ဂီတလောကမှာ ဘယ်သူမဆို ဝါသနာကစခဲ့ကြတဲ့သူက ၉၉ %ဖြစ်ပါတယ်၊  ဒီဘက်ခေတ်ကြီးရောက်မှသာ စီးပွားရေးလမ်းတိုတမျိုးဖြစ်လာပြီး ငွေထုပ်ပိုက်ဝင်လာတာတွေ ပေါ်ခဲ့တာပါရှင်။ ဂီတဝါသနာဆိုတာကလည်း အမျိုးမျိုးစိတ်တွေနဲ့ဆိုတော့ တယောက်နဲ့တယောက် ဂီတအပေါ်ချစ်တဲ့စိတ်ထား သဘောထားက မတူနိုင်ပါဘူး။ ဥပမာ မာအေးဆိုပါတော့၊ ဂီတအရာကို ဘာနဲ့မှ မလဲနိုင်ဘူးဆိုတာမျိုးပေါ့။ အနည်းအများတော့ ကွာကြတာပါဘဲ။ လှမြင့်ဝင်းကတော့ အစောကြီးထဲက ‘မြန်မာသီချင်းဆိုရအောင်’ လို့ကြွေးကြော်ပြီး၊ ကက်ဆက် ခွေလောကထဲဝင်လာခဲ့သူပါ။

သူ့မှာ မျိုးရိုးဂီတ ဗီဇပါဖို့ အကြောင်းရှိဟန်မတူပါဘူး။ သူ့ကို ‘ရွက်ဝါတေးသံသွင်း’ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှ ဖွင့်ထားစဉ်အခါက အဲဒီ ‘မြန်မာသီချင်းဆိုရအောင်’ ကက်ဆက်ခွေကြော်ငြာစာရွက်ပေါ်မှာ တွေ့ခဲ့တဲ့ ဓါတ်ပုံအရစပြီး မြင်ဖူးခဲ့ပါတယ်။ ဒီခေါင်းစဉ်ပေးထားတဲ့ သီချင်းဟာ အကိုတော် စန္ဒရားလှထွတ်ရဲ့ လက်ရာဖြစ်နေတာနဲ့  အသံကို အရင်ဆုံးနားဆင်မိတာပေါ့ရှင်။

ဘာဖြစ်လို့လဲဆိုတော့ စန္ဒရားလှထွတ်ဟာ- ကက်က်ခွေထုတ်တဲ့ ရောင်းတန်းဝင်လုပ်ငန်းကို သိပ်ကြီး စိတ်ဝင်စားတာမျိုးမရှိလို့ပါ၊ အတော် လည်းစောတဲ့ ကက်ဆက်ခေတ်လတ်လောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဒီဆရာကြီးက ရေးပေးတဲ့သူအပေါ် စိတ်ဝင်စားမိခဲ့တာပေါ့ရှင်။ ဗမာသံကောင်းကောင်းဆိုနိုင်တဲ့အချက် သူ့မှာ တွေ့ရပါတယ်။

နောင်တော့မှ သူဟာ ပလကလို့ အတိုကေါက်ခေါ်တဲ့ အစိုးရဌာနကြီးက- အင်ဂျင်နီယာ အကြီးတန်း အရာရှိကြီးတဦးဖြစ်ကြောင်း သိခဲ့ရ ပါတယ်။ သူ့ရဲ့ဝါသနာကြီးမှုကြောင့်၊ မာအေးရဲ့ ငယ်သူငယ်ချင်း စန္ဒရားမြဦးတို့၊ တေးသံရှင် ချိုဝေလွင်တို့တွေ ပါဝင်တဲ့လုပ်ငန်းထဲက ဂီတအမျိုးတွေပေါင်းပြီး၊ အသံလွှင့်စေတာမျိုးလည်း သူလုပ်နေတဲ့အကြောင်း၊ သူတာဝန်ကျရာ လုပ်ငန်းခွင်ရဲ့ သူ့အခန်းမှာ စန္ဒရားတလုံးအမြဲ ထားပြီး အနည်းအပါးလည်း တီးတတ် ခေါက်တတ်ရှိကြောင်း၊ တခါတရံ တယောထိုးလေ့ရှိကြောင်းတွေ ကြားရပါတယ်။

မာအေးရဲ့အကိုတွေလိုနေတဲ့ စန္ဒရားလှထွတ်၊ စန္ဒရားချစ်ဆွေတို့နဲ့လည်း အလွန်မတန် ရင်းကြ ခင်ကြ ညီအကိုတွေလိုဖြစ်နေကြတဲ့ သတင်းတွေကိုရတဲ့အခါမှ သူက ဒီအကိုတွေနဲ့အတူ မာအေးအသံသွင်းတဲ့နေရာတွေကို လိုက်လာတာကိုးရှင့်။ သူလည်း ဂီတဆက်နဲ့ မောင်တယောက်ဖြစ်သွားခဲ့တာပေါ့။ မာအေးအကိုတွေရှိတုန်းက သူနဲ့တွေ့နေကြပဲ။ မာအေး ပြည်ပရောက်မှ ဝေးခဲ့ကြတာပါ။ ကဲပါလေ- သူ့အသံလေး အမှတ်တရနားဆင်ကြပါဦး။ စန္ဒရားလှထွတ် စီဒီထုတ်ဖို့၊ သားဖြစ်တဲ့ အကယ်ဒမီဇော်မျိုးထွဋ်နဲ့အတူ အသံသွင်းထားတဲ့ သီချင်းသံတွေ- ကျန်ရစ်ခဲ့တာနဲ့ ‘လှမြင့်ဝင်း’ သီဆိုခဲ့ရတဲ့ သီချင်းခွေထဲက တပုဒ်ပါ။ အရင်ကတော့ ရုပ်ရှင်မင်းသား အဆိုတော် ဇော်ဝမ်းရဲ့ ရုပ်ရှင်သီချင်းတပုဒ်ဖြစ်ပါတယ်။

‘အကျည်းတန်အရုပ်ဆိုး’ တဲ့။

(အကျည်းတန်အရုပ်ဆိုးမှ)
ဖြူနီညိုပြာ စိမ်းဝါတွေခြယ်သောခါ၊ ရောင်စုံဖြာလှလိုက်တာ လူတွေဆိုကြတာ၊ အခြေမတူတာတွေ ပေါင်းစပ်ကာ တင်ပြခြင်းဟာ။ အလှအပ ရဲ့ အခြေခံပါ… ရေမြေတောင်တောတွေကို မျှော်ကြည့်စမ်းပါ။ အခြေမတူတာတွေ ပေါင်းစပ်ကာ ဖန်တီးလာ၊ ဒါသည်သာ အလှအပ တွေစုပေါင်းရာ၊ လောကရဲ့ သဘာဝအချင်းအရာ…. တသွေးတရောင်ကိုသာ ကြည့်နေရင်သာ ခဏသာကြာ နောင်ငြီးငွေ့လာ၊ အလင်း အမှောင် အပူနဲ့အအေးတို့ အဆင်းအရောင်မတူတာရွေးလို့ ပေါင်းစပ်မှ အလှဖြစ်ပေါ်လာ… တကိုယ်ရေသာ အထီးကျန်ဆန်လွန်းတာ မစိုပြေပါ ခြောက်သွေ့ကာ ကန္တာရပမာ ပီယာနိုတလက်နဲ့သာ အဖေါ်ပြုရင်းသာ ကျနော့်ဘဝက- တကယ်မလှသေးပါ….

ဒါကတော့ ‘အကယ်ဒမီ- စန္ဒ္ဒရားလှထွတ်၏ အကောင်းဆုံး ဂန္ထဝင်သီချင်းများ’ ခေါင်းစဉ်နဲ့ ထုတ်ခဲ့ဖူးတဲ့ လှမြင့်ဝင်း သီဆိုခဲ့တဲ့သီချင်းဖြစ်ပါတယ်၊

သူဟာ အင်ဂျင်နီယာကြီးတယောက်လို့ မာအေးပြောခဲ့ပါတယ်နော်။ ဂီတသမား အင်ဂျင်နီယာကြီး ဦးလှမြင့်ဝင်းတာဝန်ယူ ဆောက်လုပ်ခဲ့ တာတွေ ဘယ်လောက်ရှိမှာလည်း မာအေးမသိနိုင်ပါဘူး။ ဒါပေမယ့် သံလျင်မြစ်ကူးတံတားကြီးကိုတော့ သူတာဝန်ခံဆောက်လုပ်ခဲ့တာ တကယ်အသေအချာပါဘဲ။ သူ့လုပ်ငန်းခွင်ထဲက အဆောက်အဦလေးတခု ယာယီဆောက်ထားတဲ့ဆီမှာ- မာအေးရဲ့အကိုတော် စန္ဒ ရားလှထွတ်နဲ့ စန္ဒရားချစ်ဆွေတို့ကို အသံသွင်းဖို့ရာ မာအေးကိုယ်တိုင် အဲဒီကိုလိုက်ခေါ်ခဲ့ဖူးလို့ ဖြစ်ပါတယ်ရှင်။

မာအေးပြန်လာတဲ့အခါက အမျိုးသားဇာတ်ရုံမှာ လိုက်ကူဆိုပေးပါတယ်။ ထိပ်တင်ဝင်းသားလေး မင်္ဂလာပွဲမှာ မာအေးအခါပေးတော့ တယောလိုက်ထိုးခဲ့သေးတာတွေ သတိရနေပါတယ်. ခုတော့ အကိုဆရာတွေဆီလိုက်သွားခဲ့ပြီးလေ- မောင်ငယ်လှမြင့်ဝင်းရဲ့ ပထမသီချင်း ကို -ဆစ်ဒနီလူမျိုးစု မြန်မာအသံက မောင်ကြီးပန်တျာဆိုထားတာရှိလို့ သတိတရတင်ပေးလိုက်ပါတယ်။

‘မြန်မာသီချင်းဆိုရအောင်’  ပါရှင်
(မြန်ာသီချင်းဆိုရအောင်- ဦးပန်တျာ)

မြန်မာအတွေးနဲ့ မြန်မာအရေး၊ မြန်မာဓလေ့တွေကို ပေါ်လွင်အောင်၊ မြန်မာတေးဆိုရအောင်၊ ရှေးကတေးသံ အောင်မင်္ဂလာရှိလိုက်ပါဘိသနဲ့၊ ဆိုစမ်းကြည့်ပါ၊ နားထဲနားဝင်ပီယံ၊ အရိုးအခြေခံ၊ အဆန်းထွင်ပြန်၊ တိုးတက်ခဲ့တဲ့မြန်မာဟန်၊ ရာဇဝင်သမိုင်းကြောင်း တလျှောက်မှာကျန်…..

သီချင်းကြီး သီချင်းခံ မဟောင်းနိုင်မရိုးနိုင်သမျှ၊ ကာလပေါ် အသံတခေတ်ဆန်းလေပြန်၊ မြန်မာဆန်ဆန် အရိုးကို အရွက်မဖုံးအောင်၊ ကိုယ့် အမျိုးသားဟန်နဲ့ တေးသီဆိုဟန်၊ အရှေ့သံအနောက်သံ ဘယ်လိုပင်ဖွဲ့ကြပေမယ့် အရိုးအချင်ဆီစွဲတာက ကိုယ့်မြန်မာဟန်ပန်၊ နန်းတော်ရှေ့ဆရာတင်က အတွေးနဲ့ရေးခဲ့ပြန်၊ အင်္ဂလိပ်ဘင်သံ၊ ဗေတိုးပိုးလောက်နားထဲ မစွဲတာအမှန် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts