စာစုတို

ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ

ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၄

အင်တာနက်တနေရာမှာ ဆရာတာရာ့ပုံ တွေ့လိုက်ရင်းနဲ့ ကျွန်တော် ဆရာတာရာ့မျက်စိအကြောင်း တွေးမိပါတယ်။ သိကြတဲ့အတိုင်း ဆရာ့ မျက်စိက နဂိုကတည်းက ခပ်မှုန်မှုန် …။

ကျွန်တော်မှတ်မိသလောက် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဆရာ့မျက်စိ အတော်အခြေအနေဆိုးနေပြီ ထင်ပါတယ် …။

“ဆေးရောင်စုံ ဒဂုန်တာရာ” ဆရာ့အကြောင်း စာရေးဆရာတွေ ၀ိုင်းရေးကြတဲ့စာအုပ်က ဆောင်းပါးတပုဒ်မှာတော့ မှော်ဘီ ဘော်လုံးစက်ရုံ နားက ဆရာ့ ကျေးလက်မဲဇာကို အလည်သွားတော့ ဆရာ ငရုတ်သီးမှုန့်ပုလင်းနဲ့ ကော်ဖီမှုန့်ပုလင်း မှားဖွင့်တယ် ရေးထားတယ်။ လုံးဝ မမြင်ရတဲ့အဆင့်တော့ မဟုတ်သေး ….။ ကျွန်တော် မှတ်မိသလောက် ဆရာမြသန်းတင့် မျက်စိခွဲတာလည်း အဲဒီအချိန်လောက်ပဲ ထင် တယ်….။ အခြေအနေကောင်းတယ်….။ ဆရာမြ မျက်မှန်အထူကြီးက ပြန်ပါးသွားတယ်….။ ပြီးတော့ ဆရာ ဒဂုန်တာရာ့ကိုလည်း မျက်စိခွဲဖို့ ၀ိုင်းတိုက်တွန်းကြတဲ့အကြောင်း ကျွန်တော် ဆရာမြဆီကရော အခြားကရော ဖတ်ရ ကြားရ ပါတယ်….။

ဆရာက ခေါင်းမာတယ်….။ မခွဲ ….။

ကျွန်တော်အံ့သြတာက ဆရာတာရာ့စိတ်….။ “မျက်စိအဆုံး နားအရှုံး” တဲ့ ….။ အမြင်အာရုံဆိုတာ အင်မတန်အရေးကြီးတာ….။ မျက်စိ တစ်နာရီလောက်မှိတ်ပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်သွားကြည့်ပါလား ….။ ဘယ်လောက်ဆိုးတယ်ဆိုတာ သိလိမ့်မယ်….။ ကျွန်တော် အံ့သြတာကသိလျက်နဲ့ ဆရာ ဘာလို့ အမြင်အာရုံ အဆုံးရှုံးခံပြီး မခွဲဘဲ နောက်ဆုံးအဆင့်အထိ ခေါင်းမာသွားသလဲ ဆိုတာပါ….။

ခွဲစိတ်မှု မအောင်မြင်လဲ ဘာဖြစ်လဲ…..။ ကိုယ့်ဘက်က အရင်းပဲဟာ….။

လွန်ခဲ့တဲ့ သုံးလေးငါးနှစ်က ဆရာ့မြေး ဒေ၀ီလေးရေးတဲ့ ဆောင်းပါးတစ်စောင်မှာ ဆရာ မန္တလေးမှာ နောက်ဆုံးအနေနဲ့ မျက်စိစစ်ကြည့်တဲ့ အကြောင်း ရေးထားတယ်….။ ဆရာ့အတွက် မျှော်လင့်ချက်မရှိတော့ …..။ ဆရာဝန်ကြီးက ဆရာ့ကို … “ဘာမှလဲ မမြင်ရပဲနဲ့ ဒီမျက်မှန်ကြီး က ဘာလို့ တပ်ထားရတာလဲ” ဆိုပြီး “စ” တယ်….။

ဆရာ့မှာ အမြင်အာရုံ လုံးလုံးမရှိတော့ဘူးပေါ့။ (ကျွန်တော့်စိတ်ထင် မရှိတာ တော်တော်ကြာနေပြီ ထင်ပါတယ်)…. ဆရာကတော့ မခွဲရလို့ ၀မ်းသာနေတယ်…..။ အဲဒီအကြောင်း ကျွန်တော် ဖတ်ရတယ်….။

ကျွန်တော့်မှန်းခြေ ဆရာက ၂၀၁၃ မှာ ကွယ်လွန်တာဆိုတော့ အနည်းဆုံး အနှစ်နှစ်ဆယ်လောက် ဆရာ အမြင်အာရုံ လုံးဝဆုံးရှုံးခဲ့တယ် ထင်တယ်…..။ အတိအကျတော့ ကျွန်တော် မသိ….။

မှတ်မိသလောက်တော့ ၁၉၉၈ မှာ ဆရာမြအသုဘကို ဆရာလာတော့ ဆရာ ဘာမှမမြင်ရတော့ဘူး ထင်တယ်….။ ဆရာ့တူမ ဆရာမ သင်းမြစန္ဒီကိုလည်း ဒီနေရာမှာ ချီးကျူးရမယ်….။ ဆရာမက ဆရာ့ကို တသက်လုံးစောင့်ရှောက်လာတာ….။ ကျွန်တော်သာ ဆရာမ နေရာ မှာဆိုရင်တော့ ခံနိုင်မှာ မဟုတ်ဘူး …..။

ကိုယ်က ပြုစုစောင့်ရှောက်နေရတာ ….။ ဆရာသာ မျက်စိ လုံးဝကွယ်သွားရင် ၀န်အတော် “လေး” တော့မှာပဲ….။
ကျွန်တော်သာဆို ခံနိုင်မှာမဟုတ်….။
ဆရာ့ အဓိပ္ပါယ်မဲ့မှုကို ဆူပူအော်ဟစ်မိမှာပဲ …..။
အတင်း အမျိုးထဲက လူကြီး သူကြီးတွေ အားလုံးခေါ်ပြီး အတင်း မျက်စိခွဲဖို့ ဖျောင်းဖျခိုင်းမှာပဲ ….။
ဆရာကလည်း ခေါင်းမာတယ်….။ ဆရာမ သင်းမြစန္ဒီကလည်း အတော် သည်းခံနိုင်တယ် ပြောရမယ်….။
သြော်…
ဆရာက ဆရာပဲ ….
ဆရာမ သင်းမြစန္ဒီက ဆရာမ သင်းမြစန္ဒီပဲ….
ညိုထက်ညိုက ညိုထက်ညို ပဲ ….
ဘယ်တူမှာလဲ …… ။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts