လူမှုရှုခင်း ခေတ်ပြိုင်အတွေ့အကြုံ

ရောက်တတ်ရာရာ အတိုအစများ

မောင်ရင်ငတေ
ဒီဇင်ဘာ ၁၊ ၂၀၁၂

● ပြင်သစ်ကဖေးဘား
ကဖေးဆိုင်တွေ ဘားတွေ စားသောက်ဆိုင်တွေက နေရာတိုင်းနေရာတိုင်း ချောင်ကြိုချောင်ကြား လမ်းကြိုလမ်းကြားတွေမှာ ရှိနေမြင်တွေ့ နေကြဆိုတော့ သိပ်လည်းထူးခြားလှတာ မဟုတ်ပေဘူး၊ မောင်ရင်ငတေတို့ရဲ့ မွေးဌာနီမှာဆိုရင်တော့ ကော်ဖီဆိုင်လို့အမည်မတွင်ဘဲ လက်ဘက်ရည်ဆိုင် လို့သာ အမည်တွင်ပြီး လက်ဘက်ရည်ကိုသာ ပိုလို့အကြိုက်များကြပါတယ်။ မောင်ရင်ငတေတို့ ခပ်ငယ်ငယ်က တော့ မိဘများရဲ့ ဆုံးမတားမြစ်မှုတွေထဲမှာ လက်ဘက်ရည်ဆိုင် ထိုင်ခြင်းကလည်း ပြစ်မှုကြီးတခုအဖြစ် အဓိက ပါခဲ့ဖူးပါတယ်။ သို့ပေမဲ့လည်း ဒီခေတ်ဒီအခါမှာတော့ ဒီယဉ်ကျေးမှုက အမြစ်တွယ်နေပါပြီ၊ ခုခေတ်မှာ လူကြီးဖြစ်လာသူတွေကိုယ်တိုင်က ဒီယဉ်ကျေးမှုကို တခုတ်တရ ဖြစ်ခဲ့ကြသူတွေဆိုတော့ ဒီတားမြစ်ချက်ကြီးက အလိုအလျှောက်ကို ပျက်ပြယ်လို့သွားပါပြီ၊ ဥပဒေဆိုတာ ဇွတ်အတင်းသတ်မှတ်လို့ ကြာရှည်မရနိုင်ဘူး မဟုတ်ပါလား၊ ဥရောပမှာတော့ ကဖေးရယ် ဘားရယ်က တွဲလျှက်ရှိနေတာပါ၊ ကဖေးသောက်ချင်သူကသောက် အယ်ကိုဟောလ်ပါတာလေးမှ မှီဝဲချင်သူတွေကလည်း ပုံစံမျိုးစုံ တနေရာထဲမှာ မှီဝဲနိုင်ပါတယ်။ မောင်ရင်ငတေတို့ မွေးရပ်မြေ မှာတော့ ကဖေးဆိုင်နဲ့ ဘုံဆိုင်က အများကြီးကွာဟတာပါ၊ ဒီယဉ်ကျေးမှုက ဥရောပမြေမှာ အမြစ်တွယ်ခဲ့တာ ကြာခဲ့ပါပြီဆိုတာကတော့ အခုခေတ်ထိတည်ရှိနေသေးတဲ့ ဟိုးရှေးခေတ်ဟောင်း ကဖေးဆိုင်တွေက သက်သေပြနေပါတယ်။ တချို့ဆို နေရာလည်းမပြောင်း နာမည်လည်းမပြောင်း အရင်အတိုင်း ရှိနေဆဲပါခင်ဗျာ၊ အခုလက်ရှိ ရှိနေတဲ့ နာမည်ကြီးဆိုင်တွေ ဖြစ်ကြတဲ့ Boulevard Saint-Germain ဘူးလ်ဗား စဲန့်ဂျာမန်း လမ်းမကြီးပေါ်က Le café Procope,Le Café de Flore,Les Deux Magots တို့နဲ့ Boulevard Montparnasse ဘူးလ်ဗား မွန့်ပါးနပ်စ်မှာ တည်ရှိတဲ့ Le Select,La Rotonde,Le Dôme,La Coupole ဆိုတဲ့ဆိုင်တွေရဲ့ သက်တမ်းကအနည်းဆုံးနှစ် ရာဂဏန်းကျော်နေပါပြီ၊ မောင်ရင်ငတေသိသလောက် ကြားဖူးနားဝရှိတဲ့ ဆိုင်အမည်တွေပါ၊ တခြား နာမည်ကြီးဆိုင်တွေလည်း အများကြီးရှိသလို နှစ်ပေါင်းရာမကျော် နာမည်မကြီးပေမဲ့ သူအထွာနဲ့သူ ရှိနေတဲ့ဆိုင်ကလေးတွေလည်း မြောက်များစွာပါ၊ တခါတလေ လမ်းကြုံလို့ ဝင်ထိုင်ခဲ့ဖူးပေမဲ့ ဒီဆိုင် တွေရဲ့ သမိုင်းအကြောင်းမပြောပါနဲ့ ဆိုင်အမည်ဘယ်လိုခေါ်လဲလို့တောင် မသိခဲ့တာလည်း ရှိပါရဲ့၊ လူကြား ကောင်းအောင် သိချင်ဟန်ဆောင်ခဲ့ရတာတွေလည်း ရှိခဲ့တာပေါ့နော်၊

Café, Bar, Brasserie, Bristo, Restaurant ဆိုပြီးတဆိုင်ထဲမှာ အတူတွဲလျှက်တည်ရှိတာများပါတယ်။ သောက်ရုံဘဲသောက်မလား စားရောစားမလား လုပ်လို့ရတာတွေပါ၊ ကော်ဖီ လက်တသစ် လောက် ခွက်သေးသေးလေးတခွက်နဲ့ သုံးလေးနာရီကြာအောင် ထိုင်ပြီး စကားပြောကြတာပါ၊ တခွက်လောက်မှာသောက်ပြီး တသက်လောက်ကြာအောင် ‘အာ’ ကောင်းကြတာတွေကတော့ မောင်ရင်ငတေတို့ ရွှေပြည်သားတွေ လက်ဖျားခါလောက်ပါပေတယ်။ လမ်းဘေးပလက်ဖောင်းပေါ် ခင်းထားတဲ့ခုံတွေမှာ ထိုင်ရတာကို ပိုပြီးမက်မက်မောမော ရှိတတ်တာကလည်း မောင်ရင်ငတေ တို့တတွေနဲ့ သိပ်တူတာပေါ့ဗျာ၊ အခုဆို ဆိုင်အတွင်းမှာ ဆေးလိပ်သောက်လို့ မရတော့တဲ့အတွက် ဆိုင်အပြင် လမ်းဘေးထိုင်ရတာကို ကြိုက်နှစ်သက်သူတွေ ပိုများလာတာ အမှန်ပါဘဲခင်ဗျာ၊ စီးကရက်ဈေးတွေ တက်နေမြဲဖြစ်သလို စီးကရက်ကြိုက်သူ ပြင်သစ်မလေးတွေလည်း ပိုမိုများပြား လာကြောင်းပါ၊ ဒါပေမဲ့ ဘယ်နေရာ ဘယ်တိုင်းပြည်မှာမှ မရှိနိုင်ဘူးလို့ထင်မိတဲ့ ခွေးခြေခုံပုလေး တွေမှာထိုင်ပြီး ရေနွေးကြမ်းအိုး တခရားပြီးတခရား တပြားမှမပေးရဘဲ အလကားထပ်မှာ သောက်လို့ရတဲ့၊ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်တနံတလျှားက စုတ်ချာချာ ခနော်ခနဲ့ လက်ဘက်ရည်ဆိုင်တွေမှာ လွတ်လပ်ပေါ့ပါးစွာ ထိုင်ခဲ့ဖူးတဲ့ နေ့ရက်တွေကိုတော့ ခုထက်ထိတိုင် နေ့လည်ကြောင်တောင် အိပ်မက်တွေမှာ အကြိမ်တော်တော်များများ ပြန်မက်နေဆဲပါ၊ ပြင်သစ်မ ပြင်သစ်ထီးတွေရဲ့ လေကြောရှည်မှုကတော့ မောင်ရင်ငတေတောင်မှ တခါတခါ သည်းမခံ နိုင်လောက်အောင်ဘဲ ရှည်ကြပါတယ်။ သူတို့တတွေ ဒီလောက်ပြောနေကြတော့ သတင်းအပြင် အတင်းတွေ အဖျင်းတွေ မပါဘူးလို့ ဘယ်သူပြောနိုင်မှာလည်းနော်၊ ပြင်သစ်လူမျိုးဆိုတာက အင်မတန်မှကိုဘဲ လေကြောအတော်ရှည်တဲ့ လူစားမျိုးတွေပါလို့ မှတ်ချက်ချတဲ့သူများပါကြောင်း သူတို့ကိုယ်တိုင် ပြောကြပါတယ်။ လူဆယ်ယောက်လောက်များ တွေ့ဆုံကြတဲ့ပွဲဆိုရင်ဖြင့် လူစုံအောင် နှုတ်ဆက်ရတာကိုက တာဝန်တရပ်လိုပါ၊ ပြင်သစ် တွေရဲ့ တွေ့ဆုံလို့နှုတ်ဆက်တာက တခြားတခြားသော လူမျိုးတွေလို လက်ဆွဲနှုတ်ဆက်ရုံနဲ့ဘဲ မပြီးပါဘူး၊ ခင်မင်မှု အလေးထားမှု အပေါ်မူတည်ပြီး ပါးချင်းလည်းကပ်ရပါသေးတယ်။ ပါးချင်းကပ်မှု နှစ်ကြိမ်လား လေးကြိမ်လားဆိုတဲ့ အရေအတွက်တောင် ခွဲခြားထားကြ သေးသဗျ၊ ပြင်သစ်မငယ်ငယ်ချောချောလေးတွေ ဆိုရင်တော့ ဘာအကြောင်းလဲ၊ နှုတ်ဆက်အနမ်း ကြာချင်ကြာပလေ့စေပေါ့နော့်၊ သူတို့ တွေဟာ ပြန်ခါနီးလို့ ခွဲခွာခါနီးလို့ နှုတ်ဆက်ရင်များ ပိုလို့သာ ကြာကြပါသေးတယ်။

ဒီနာမည်ကြီးပါတယ်ဆိုတဲ့ ကဖေးဘားဆိုင်များ စားသောက်ဆိုင်များဟာ ပါရီမြို့ရဲ့နာမည်ကျော် Quartier latin လက်တင်ရပ်ကွက်နဲ့ တဆက်တစပ်တည်း တည်ရှိနေပြီး ခေတ်အဆက်ဆက် ပြင်သစ်လူမျိုး  စာပေလောကသားများ အနုပညာလောကသားများ အတွေးအ ခေါ်ပညာရှင်များ နိုင်ငံရေးပညာရှင်များ အသိပညာ အတတ်ပညာသမားများ အားလုံးသော နာမည်မကြီးသူများရော နာမည်ကျော် များရော ကျောင်းသားများရော အလွှာစုံ ကျင်လည်ကျက်စားခဲ့ရာ နေရာဖြစ်ခဲ့တာပါ၊ ၁၂၅၃ မှာစတင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ ပထမဦးဆုံးသော တက္ကသီလာ ဆော်ဘွန်း Le collège de Sorbonne တည်ရှိရာနဲ့ အလှမ်းမဝေးလှတဲ့ နေရာလည်း ဖြစ်ပါတယ်။

● Le café Procope
ပါရီရဲ့ ရှေးအကျဆုံး ကဖေးဆိုင်လို့ ဆိုကြတဲ့ ယခုထိတိုင်အောင်လည်း ရပ်တည်အောင်မြင်နေတဲ့ ဆိုင်တဆိုင်ပါ၊ ဒီဆိုင်ပိုင်ရှင်ကတော့ စစ္စလီကျွန်းသား အီတလီလူမျိုး ပါရီမြို့ကိုပြောင်းရွှေ့ အခြေစိုက်နေထိုင်သူ တဦးဖြစ်ပြီး ၁၆၈၆ ခုနှစ်မှာ ဒီဆိုင်ကို စတင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်တဲ့ ခင်ဗျာ၊ နှစ်ပေါင်း သုံးရာကျော်ပါပြီ၊ ဒီဆိုင်မှာတော့ နာမည်ကျော် အတွေးအခေါ်ပညာရှင် သမိုင်းဆရာ စာရေးဆရာ ပါရီမြို့သား Voltaire ဗော်တဲလရ် (၁၆၉၄ ၁၇၇၈) နဲ့ အပေါင်းအသင်းများ စတည်းချ သွားကြတဲ့နေရာ ဖြစ်ပါတယ်တဲ့၊ ခုခေတ်မှာတော့ ကဖေးဘားဆိုင်ဆိုတာထက် ဈေးအလွန်ကြီးတဲ့ စားသောက်ဆိုင်တဆိုင်ဖြစ်လို့နေပါပြီ၊ ဘူးလ်ဗား စဲန့်ဂျာမန်း လမ်းမကြီးပေါ် ဆက်လျှောက်သွားရင် ဝဲယာနှစ်ဘက်မှာ ကြည့်စရာဆိုင်တွေရော စားသောက်ဆိုင်တွေရော အများကြီး ရှိပါတယ်။ အဲဒီထဲမှာမှ Le Café de Flore နဲ့ Les Deux Magots ဆိုင်နှစ်ဆိုင်ကတော့ ကပ်လျှက်တည်ရှိ နေပါတယ်။ ဒီနေရာနဲ့ မနီးမဝေးမှာဘဲ နာမည်ကျော်ကြားတဲ့ မူလလက်ဦး စာအုပ်တိုက်တွေ စာအုပ်ဆိုင်တွေ သတင်းစာတိုက်တွေ ပုံနှိပ်စက်တွေ တည်ရှိခဲ့ပါတယ်။

● Le Café de Flore
၁၈၈၅ ခုနှစ်မှာစတင်ဖွင့်ခဲ့တဲ့ ဒီကဖေးဆိုင်ဟာ အခုထိတိုင်လူစည်ကားမြဲပါ၊ ကမ္ဘာစစ်ကြီးနှစ်ခုကြား ကာလတွေမှာတော့ နာမည်ကျော်ကြားထင်ရှားလာမယ့် စာပေ အနုပညာ အတွေးအခေါ်သမားများ စုဝေးရာနေရာတခုအဖြစ် ပိုမိုထင်ရှားလာပါတယ်။ ပါရီမြို့သားဖြစ်တဲ့ စာပေနိုဘယ်ဆုကို လက်မခံ ငြင်းပယ်ခဲ့တဲ့ ကွန်မြူနစ်ပါတီဝင်မဟုတ်တဲ့ ဖြစ်တည်မှုပဓာနဝါဒသမား မတ်စ်ဝါဒီသမား အရပ် ၅ ပေသာသာသာမြင့်တဲ့ Jean-Paul Sartre ယန်းပေါလ်ဆတ်ထ်(၁၉၀၅-၁၉၈၀)၊ သူ့ဇနီးဖြစ်သူ (ငယ်စဉ်ကာလထဲကတွဲလာသူ တရားဝင်လက်ထပ်တယ်လို့တော့ မပြောပါဘူး) နာမည်ကျော် အမျိုးသမီးရေးရာစာရေးဆရာမ ပါရီမြို့သူ Simone de Beauvoir ဆီမွန်ဒဘိုးဗွား (၁၉၀၈-၁၉၈၆)၊ အသက်အငယ်ဆုံး စာပေနိုဘယ်ဆုရှင် ပြင်သစ်-အယ်ဂျီးရီးယားနွယ်ဖွား နာမည်ကျော်မြန်မာသိ L’Estranger (Outsider) ဖန်တီးရှင် Albert Camus အဲလ်ဘဲလ် ကမူး (ကမျူး) (၁၉၁၃-၁၉၆၀)၊ စပိန်လူမျိုးပန်းချီဆရာကြီး Pablo Picasso ပါဘလို ပီကာဆို (၁၈၈၁-၁၉၇၃) စတဲ့ ဥရောပ အတွေးခေါ်ပညာရှင်များနဲ့ အနုပညာရှင်များအပြင် အမေရိကန်သားစာရေးဆရာ ပါရီရုပ်ပုံလွှာ မူရင်းရေးသူ Ernest Hemingway အားနက်စ် ဟဲမင်းဝေး (၁၈၉၉-၁၉၆၁) တို့ ကော်ဖီသောက်ရင်း ဝိုင်မော့ရင်း ဘီယာစုတ်ရင်း စကားများကြရင်း ဝင်ထွက်သွားလာကြ ထိုင်ခဲ့ကြတဲ့ဆိုင်များဖြစ်လို့ ပိုလို့ထင်ရှား လာတာဖြစ်ပါတယ်။ ယခုထိတိုင်အောင်လည်း ကမ္ဘာအရပ်ရပ်က လာရောက်သူ တိုးလ်ရစ်တွေကော ပြင်သစ်သားတွေကော နေစဉ်နဲ့အမျှ ဘယ်အချိန်ကြည့်ကြည့် လူပြတ်တယ် ရယ်လို့ကို မရှိပါဘူး၊ ယူရိုငွေကြေး ပြဿနာကြောင့် အရင်လောက် မသုံးနိုင်မဖြုန်းနိုင်တော့ဘူးလို့ ညည်းတွားနေကြပေမဲ့ ကော်ဖီတခွက် ဘီယာတခွက် ဝိုင်တခွက်လောက်တော့ နေ့စဉ်သောက်လို့ နေကြအုံးမှာပါ၊ ရှောင်လေဝေးဝေး မူးယစ်ဆေးလို့သာ ဆိုနေကြရပေမဲ့ ဆင်းရဲမွဲတေမှု အကြပ်အတည်းတွေရဲ့ ထွက်ပေါက်အဖြစ် နည်းနည်းလေးတော့ ရီဝေဝေ ခံစားနေမှသာ နေသာထိုင်သာ ရှိနေကြရအုံးမယ် မဟုတ်ပါလား၊

● Les Deux Magots
Le Café de Flore ဆိုင်နဲ့ ခေတ်ပြိုင်ကတော့ ကပ်ရပ်တည်ရှိတဲ့ဆိုင်ဖြစ်တဲ့ Les Deux Magots ဆိုင်ဖြစ်ပါတယ်။ ယခုလက်ရှိနေရာကို ပြောင်းရွှေ့ဖွင့်ခဲ့တာက ၁၈၇၃ ခုနှစ်မှာပါ၊ ၁၈၁၂  မှာ ဒီဆိုင် အမည်နဲ့ဘဲ စတင်ပြီး ဖွင့်ခဲ့တဲ့နေရာကလည်း အခုဆိုင်တည်ရာနဲ့ မနီးမဝေး အတွင်းလမ်းထဲမှာပါ၊ ဒီဆိုင်တွေနဲ့ ခေတ်ပြိုင်အခြားဆိုင်တွေလည်း ရှိအုံးမှာပါ၊ ပိုင်ရှင်တွေ ခေတ်အဆက်ဆက် ပြောင်းလဲ ခဲ့ပြီး အမည်မှေးမှိန် ပျောက်ကွယ်သွားခဲ့တာတွေလည်းရှိမှာပါ၊ အသေခြာပြောနိုင်တာ တခုကတော့ ပါရီကိုရောက်ရင်ဖြင့် လမ်းဘေးဖလက်ဖောင်းပေါ်မှာထိုင်ပြီး အိပ်ပရက်စ်စိုကော်ဖီပြင်းပြင်းခါးခါး တခွက်လောက်မှာသောက်ပြီး စီးကရက်လေးဖွာရင်း စကားဖောင်ဖွဲ့ရင်း ပါရီရဲ့မနက်ခင်းအလှ ပါရီရဲ့ညခင်းအလှတွေကို ခံစားကြရင်း မိမိတို့ နေစဉ်ခံစားရမှုတွေကို ရင်ဖွင့်ပြောချင်ကြတဲ့သူတွေ များလှပါတယ် ဆိုတာကိုပါ ခင်ဗျာ၊

Boulevard Montparnasse ဘူးလ်ဗား မွန့်ပါးနပ်စ်မှာတော့ ၁၉၁၀ ခုနှစ် နောက်ပိုင်းမှာ တပြိုင်တည်းလိုလိုဖွင့်ခဲ့ကြပြီး နာမည်ကျော်ကြားလူသိများလာကြတဲ့ La Rotonde, Le Dôme, La Coupole, Le Select ဆိုင်တွေ တဆိုင်နဲ့တဆိုင် သိပ်မကွာဝေးလှဘဲ တန်းစီလို့ ရှိကြပါတယ်။

● La Rotonde
အဲဒီဆိုင်တွေထဲမှာမှ ၁၉၁၀မှာ စဖွင့်ခဲ့တဲ့ လာရိုတွန်ဒ်ကဖေးက ပိုမိုလူသိများတယ်လို့ ထင်ပါတယ်။ သိပ်မကြာသေးခင် လွန်ခဲ့တဲ့တ နှစ်နီးပါးလောက်က ရွှေပြည်တော်ကနေ ခေတ်ပေါ်ကဗျာဆရာ တယောက် ပါရီမြို့ကို အလည်ရောက်ရှိလာပါတယ်။ ကဗျာဆရာတွေ ချဉ်ခြင်းတပ်တာတွေက ပါရီကဖေးတွေဆိုတာတယ်မှန်ပါလား၊ ဒီဆရာကလည်း သူဒီကိုရောက်လာတုန်းရောက်ရှိသခိုက်မှာ သွားလိုတဲ့နေရာတွေ သွားသင့်တဲ့နေရာတွေ စဉ်စားလိုက်တဲ့အခါမှာလည်း ဒီလိုကဖေးဆိုင်တွေက ရှေ့တန်းတနေရာကနေ ပါလာတာပြန်ဘဲခင်ဗျ၊ မောင်ရင်ငတေတို့ကတော့ အဲလောက်တော့ ချဉ်ခြင်းမတပ်မိပါဘူး၊ ကိုယ်ကဒီမှာ အခြေချနေနေတာကလည်း တကြောင်း နောက်ပြီးတော့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို ဒီဆိုင်မျိုးတွေကနှစ်ဆ ကျော်ကျော်လောက် ဈေးကြီးတာကိုး၊ ဧည့်သွားဧည့်လာတွေရှိမှ ကပ်သောက် သင့်တဲ့သူတွေနဲ့ကပ်သောက် ကိုယ်ကပြန်လည် ကျွေးမွေးနိုင်သူတွေကိုလည်း ကျွေးမွေးဧည့်ခံရတာ မဟုတ်လား၊ ရန်ကုန်ရွှေမြို့တော်ကြီးမှာ နေစဉ်တုန်းက ကိုယ့်ဘော်ဒါအရင်းတွေအကြား အမြဲလိုလို ဟာသလိုလို ပြောကြခဲ့တာရှိပါတယ်။ နယ်ကမိတ်ဆွေတွေ သူငယ်ချင်းတွေ ရန်ကုန်အလည်ရောက်လာရင် မောင်ရင်ငတေတို့က သွားပြီး ကြိုပို့လုပ်ကြပါတယ်။ သူတို့နယ်မှာ အကြောင်းကြောင်းတွေကြောင့်လုပ်လို့မရတာတွေကို ရန်ကုန် ရောက်တုန်းရောက်ခိုက်ဆိုပြီး သောက်ကြစားကြကဲကြတာမျိုးတွေ လုပ်လေ့လုပ်ချင်ကြပါတယ်။ သူတို့အများစု ကလည်း နယ်မှာစီးပွားရေးလုပ်ကြပြီး အနည်းနဲ့အများ အစဉ်ပြေ နေကြတာက တကြောင်း၊ နောက်ထုံးစံအတိုင်း ရန်ကုန်ရောက်တုန်း ကဲကြမဟေ့ဆိုပြီး ရသလောက် ဘတ်ငွေ တွေကိုင်ပြီး ရန်ကုန်မြို့တော်ကိုတက်လာကြတာမဟုတ်လား၊ အဲဒီလိုသူငယ်ချင်းမိတ်ဆွေတွေကို မောင်ရင်ငတေတို့လို့ ရန်ကုန်သားအမည်ခံထားသူတွေက နီးစပ်ရာအကောင်းဆုံး စားသောက်ဆိုင် တွေမှာ သူတို့ပါလာတဲ့ငွေနဲ့ ကိုယ်ကဧည့်ခံခြင်းပေါ့ဗျာ၊ ရန်ကုန်မှာ နေရတာကလည်း အိမ်တွေက ကျဉ်းကြပ်တယ်မဟုတ်လား၊ နယ်ကဆရာတွေကလည်း ရန်ကုန်ရောက်တုန်း လွတ်လွတ်လပ်လပ် ဇိမ်ခံချင်ကြတာလည်းပါတော့ သူတို့ကို အကောင်းဆုံး အစဉ်ပြေမဲ့ဟော်တယ်တွေကိုဘဲ စေတနာနဲ့ လမ်းညွှန်ခဲ့တာပေါ့၊ အဲသလိုဘဲ ပါရီရောက်လာတော့လည်း ရန်ကုန်စတိုင်လ်နဲ့ဘဲ ဧည့်ခံရတော့ တာပါဘဲ၊ ကျဉ်းတာ ကြပ်တာအခြေအနေပုံစံခြင်းက သွားတူနေတာကိုခင်ဗျ၊ မောင်ရင်ငတေတို့ ဒီမှာနေနေပေမဲ့ ဒီလိုနေရာမျိုး ဒီလိုဆိုင်မျိုးတွေကို မကြာခဏ ရောက်လေ့ရှိတာတော့ မဟုတ်ပါ၊ မောင်ရင်ငတေတို့ နေတဒူဝသွားနေလာနေကြ လမ်းကြောင်းပေါ်မကျလို့က တကြောင်း၊ ဒီဆိုင် လိုမျိုးတွေက ပါရီမြို့မှာ နေရာတကာ လက်ညိုးထိုးမလွဲရှိနေတာက တကြောင်း၊ သူဘာသာသူ ဆိုင်သမိုင်းကြောင်းနဲ့ ပြင်သစ်တွေရဲ့ အနုပညာသမိုင်းအရ ဒီဆိုင်က ဆက်စပ်မှုတွေ အများကြီး ရှိနေခဲ့ပေမဲ့ ကဖေးဆိုင်ထိုင်ရုံ ရေဆာပြေ ဘီယာတခွက်လောက်သောက်ရုံနဲ့တော့ မလာဖြစ်ပါဘူး၊ တချို့ဆိုင်တွေရဲ့ ကော်ဖီတခွက် ဘီယာတခွက် ဈေးနှုန်းတွေက  သိပ်အကြီးကြီးတော့ မဟုတ်ပေမဲ့ ပုံမှန်ရပ်ကွက်ထဲက ဆိုင်တွေထက်တော့ အနည်းဆုံး နှစ်ဆလောက်တော့ ပိုဈေးကြီးတာပါ၊

● Le café du Dôme
၁၈၉၈ မှာ စတင်ဖွင့်ခဲ့တဲ့ ကဖေး Le Dôme မှာတော့ နာမည်ကျော် ဆိုဗီယက်ပြည်ထောင်စု တည်ထောင်သူ Vladimir Ilyich Lenin လီနင် (၁၈၇၀-၁၉၂၄) ပြည်ပြေးဘဝနဲ့ ပါရီကိုရောက်ရှိ နေထိုင်စဉ်မှာ လာရောက်လေ့ရှိတယ်လို့ဆိုပါတယ်။
 
● Le Fouquet’s
နာမည်ကြီး ရှောင်လေဇီဇေ လမ်းမကြီးပေါ်မှာတည်ရှိတဲ့ ၁၈၉၉ ခုနှစ်မှာ စတင်ခဲ့တဲ့ Le Fouquet’s ဆိုင်ကိုတော့ ဖြတ်သွားဖူးတဲ့ အကြိမ်ပေါင်းမြောက်များစွာမှာ မသိခဲ့ဘဲ ဂရုမစိုက်မိခဲ့ဘဲ သွားလေသူ ကဗျာဆရာကြီး ဦးတင်မိုးနဲ့ကြုံဆုံခဲ့ရစဉ်က သူကမေးခဲ့လို့ ဒီရှောင်လေဇီဇေလမ်းမကြီးပေါ်မှာ အဲဒီဆိုင်ရှိတယ်ကွဆိုတော့မှ ဒီဆိုင်ရဲ့သမိုင်းကြောင်းကို သိခဲ့ရတာပါ၊ ဒီဆိုင်ကို အဓိကကျက်စား ခဲ့တဲ့သူတွေကတော့ ပြင်သစ်ရုပ်ရှင် ဖက်ရှင်လောကသား ရေပေါ်ဆီအလွှာ အများစုဖြစ်ပါတယ်။ ဆိုင်ရဲ့အဝင် အခင်းကြေးပြားတွေမှာ ရေးထွင်းထားတဲ့ အမည်တွေမှာတော့ The Lady ဒါရိုက်တာ Luc Besson (၁၉၅၉- ) တို့ ပြင်သစ်ရုပ်ရှင်ပြဇာတ်မင်းသားကြီး Alain Delon (၁၉၃၅- ) တို့ အဆိုတော် ရုပ်ရှင်မင်းသားကြီး Johnny Hallyday (၁၉၄၃- ) တို့လို လူကြီးလူကောင်း ငွေကြေး ကြွယ်ဝသူ သူဌေးကြီးတွေ ပါဝင်ပါတယ်။ ၂၀၀၇ မှာတုန်းကတော့ သမတဟောင်းကြီး နီကိုလာ ဆာကိုဇီရဲ့ အောင်ပွဲခံညစာစားပွဲကိုလည်း ဒီနေရာမှာလုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မောင်ရင်ငတေ ကတော့ အဲဒီဆိုင်မှာ ဆရာကြီးဦးတင်မိုးကို မပြုစုလိုက်ရပါဘူး၊ ဈေးကကြီးတော့ အိတ်ကပ်ထဲက ရှိတဲ့ဘတ်ဂျက်က ခွင့်မပြုဘူးလေဗျာ၊ ဆရာကြီကလည်း တခြားသော နာမည်ကျော်ကြား လူကြီးမင်းများလို ဒေါ်လာငွေမလျှံတော့ သူကိုယ်တိုင်လည်း သူ့ဘာသာဝယ် မစားနိုင်ပါဘူး၊ ရပါတယ်ကွာ ဒီဆိုင်ဒီနေရာမှာ ရှိတယ်ဆိုတာသိလို့ ပြောပြရုံ ပြောပြတာပါလို့ ပြောသွားပါတယ်။ ကဗျာကဝေ ဒီလိုဆရာကြီးလိုပုဂ္ဂိုလ်မျိုးကို တွေ့ဆုံခွင့်ရဖို့ကလည်း သက်ဆိုင်ရာ တာဝန်ရှိသော လူကြီးမင်းတွေရဲ့ ခွင့်ပြုမိန့်ရမှသာ မောင်ရင်ငတေတို့လို ပါမွှားအဆင့်က တွေ့ဆုံခွင့်ရနိုင်တာ ဆိုတော့ကာ နောက်ဆုံးအကြိမ် ရောက်လာတဲ့ အခိုက်မှာတော့ တွေ့ဆုံဖို့ ခွင့်ပြုမိန့်မရတော့လို့ ကျွေးချင်ပေမဲ့ ကျွေးမွေးပြုစုဖို့ အခွင့်မကြုံခဲ့ရတော့ပါဘူး ခင်ဗျာ၊

မောင်ရင်ငတေတို့ကတော့ ရပ်ကွက်ထဲက ကဖေးဆိုင်မှာ ကော်ဖီသောက်ရင် အများအားဖြင့် ကောင်တာမှာဘဲ မတ်တပ်ရပ်သောက်လေ့ရှိပါ တယ်။ မတ်တပ်ရပ်သောက်ရတာ ကြိုက်လွန်းလို့ မဟုတ်ရပါဘူး၊ ငွေကုန်သက်သာပါတယ်။ ဆိုင်ရှင်အတွက် ဝန်ဆောင်မှုမရှိလို့ ဈေးသက် သာတာပါ၊ ဒီလိုမျိုး သွားရင်းလာရင်း ကောင်တာအနီးမှာ ခဏတဖြုတ်မတ်တပ်ရပ် သောက်ရတာမျိုးကလည်း တခါတလေမှာတော့ အရသာတမျိုးပါဘဲ၊ ကော်ဖီတခွက်ရဲ့ဈေးနှုန်းကတော့ ပုံမှန်သာမန် ရပ်ကွက်တွင်းကဆိုင်တွေမှာ မတ်တပ်သောက် တယူရိုကနေ တယူရိုခွဲလောက်ကျသင့် ပြီး ထိုင်သောက်ရင်တော့ ဝန်ဆောင်ခအဖြစ်ပိုယူပါတယ်။ နေရာတိုင်းနေရာတိုင်းမှာလည်း Pourboire (Tip money) လို့ခေါ်တဲ့ အပိုဝန်ဆောင်ခလေးတွေပေးခြင်း ဓလေ့ကလည်း ဘယ်အချိန်ဘယ်အခါ ဘယ်သူတွေက တီထွင်ခဲ့လည်း မသိပါဘူး ပေးလေ့ပေးထ ရှိခဲ့တာကြာပါပြီ၊ တခါတလေများ မောင်ရင်ငတေတို့ Pourboire ပေးရမဲ့ လူဖြူစာပွဲထိုး ဆရာလေးတွေရဲ့ လုပ်အားခလစာတွေက မောင်ရင်ငတေရဲ့ နှစ်ဆလောက်ရကြတာဖြစ်လို့ ခပ်အားနာနာနဲ့ဘဲ ပေးခဲ့ရပါတယ်။ ကိုယ်ကလည်း များများမှ မပေးနိုင်တာမဟုတ်လား၊ မောင်ရင်ငတေရဲ့အမြင်အရ အရှေ့တိုင်းနဲ့အနောက်တိုင်း ဆိုင်ဖွဲ့စည်းပုံမှာ အဓိကကွာတယ်လို့ ထင်တာကတော့ ဒီကဆိုင်တွေအများစုဟာ တိုက်ခန်း တွေထဲမှာ ခပ်ကျဉ်းကျဉ်းဖွဲ့စည်းထားတာပါ၊ မြို့လယ်မို့လို့ကျဉ်းကြပ်တာလားဆို့တော့ မြို့ပြင်တွေ နယ်မြို့တွေမှာလည်းဘဲ ခပ်ကျဉ်းကျဉ်းပါဘဲ၊ ခြံဝန်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိတာက အတော့်ကို  နည်းပါးလှပါတယ်။

ဘယ်လိုဘဲ ဒီဆိုင်တွေအကြောင်းပြောပြော မောင်ရင်ငတေတို့ရဲ့ နေပူပူ ဖုန်ထူထူ အရပ်ဒေသက အဝစားနှစ်ကျပ်ခွဲတန် ဘဲဥဆီကျန်ရေကျန်ဟင်းနဲ့ လမ်းဘေးကားဂိတ်နား ကမ်းနား ဈေးနားက ထမင်းဆိုင် ယိုင်တိုင်တိုင်ကလေးတွေမှာ စားခဲ့ရတာတွေကို အခုထိတော့ မမေ့နိုင်သေးပါဘူးဗျာ၊ နောက်ပြီးတော့ အထူးသဖြင့်လို့ဆိုရမှာက ရန်ကုန်တက္ကသိုလ် မြကျွန်းညိုထဲက တခါတုန်းဆီက နှစ်နှစ်ချိုက်ချိုက်ထိုင်ခဲ့ဖူးတဲ့ ယခုအခါမှာ နေရာပြောင်းသွားခဲ့ရပြီဖြစ်သော တောင်ပိန္နဲပင် အုံ့ဆိုင်းဆိုင်းအောက်မှာ တည်ရှိခဲ့ဖူးတဲ့ ဦးချစ် လက်ဘက်ရည်ဆိုင်  နေရာဟောင်းလောက်တော့ ဘယ်လိုမှ မလွမ်းလောက်ပါဘူးဗျာ၊ (မူလလက်ဟောင်း ဦးချစ်ဆိုင်ရဲ့ ပုံကတော့ ဘယ် နေရာကမှ ရှာလို့မရတာကြောင့် မူလလက်ဟောင်း ပုံကောင်းကောင်းလေးများ သိမ်းဆဲထားကြတဲ့သူများရှိပါက မျှဝေပေးကြပါလို့ တောင်း ဆိုလိုက်ပါကြောင်း …..)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts