ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၉) – Mar Mar Aye


မာမာအေး
စက်တင်ဘာ ၂၉၊ ၂၀၁၂
Mar Mar Aye - Aung San Suu Kyi Continues Her Visit To The UK
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့ ကြာသပတေးနေ့က မာအေးရဲ့ အစီအစဉ်လေးကို နားထောင်ဖြစ်တယ် ဆိုရင် ဇွန်လထဲမှာ အင်္ဂလန်နိုင်ငံရောက် မြန်မာပြည်ပေါက်တွေက ညီမတော် ‘စုလေး’ကို ကြိုဆိုဂုဏ်ပြုပွဲကျင်းပတဲ့ လန်ဒန်မြို့ဆီ ရောက်ခဲ့ကြောင်း သိမှာပေါ့။ မာအေးကတော့ U.S ကို ပြန်ရောက်တော့မှ ကွန်ပြူတာမှာ သတင်းတွေ ပြန်ရှာဖတ်ကြည့်နေရပါတယ်။

မာအေးတို့နိုင်ငံထဲက စာစောင်တွေ ဂျာနယ်တွေနဲ့ အင်တာနက်ကွန်ယက်ကမ္ဘာမှာ ‘စု’ရယ် ‘မာအေး’ရယ် ‘ဇာဂနာ’စိန်ဂတုံးဟာသဆရာလေးရယ် သုံးဦးတွဲ ဓါတ်ပုံက အပြုံးတွေ ကူးစက် ပျံ့ပွား များမှများ ဆိုတော့ – ရွှေလည်မော့မော့ ပြန်ခဲ့တော့ ပြန်လာတော့နဲ့ အသံတွေ ကြားနေလာနေတာ တွေ့ရတာပေါ့ရှင်။

‘မလာချင်လို့ ဟုတ်ပါဘူး’ အဲဒီလိုဘဲ သူငယ်ချင်း တွံတေးရဲ့သီချင်းတပုဒ်ထဲကလို ဆိုထားနှင့်ဦးမယ်နော်၊ ဟိုတုန်းကလို ဆိုရင်ဖြင့် ဘာစေါင့်နေလိမ့်မလဲ၊ ခုဟာက အင်္ဂလန်ခရီး နှစ်ဆမက ရှည်လျားတဲ့ လေကြောင်းလမ်းမို့ ကျန်းမာရေး တည်ဆောက်နေရတယ်။ နောက် ကိစ္စနှစ်ခုလဲ ရှိသေးလို့ပါ။

တခုက ‘ပြောပြစရာတွေ တပုံကြီး’ ထားခဲ့ဘို့ စာမူရေး – အသံသွင်းရမယ်၊ မဟုတ်ရင် ပြန်လာတော့ ‘ဟုမ်းလက်(စ)’ဖြစ်မှာ စိုးရတယ်လေ။

နောက်တခုက ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး တည်တော်မူတဲ့ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့က စေတီတော်ကြီးမှာ ဗုဒ္ဓပူဇာမဟာပွဲကြီး ၀ှဲချီး ချိမ့်သဲ ဆင်နွှဲတဲ့အခါ သံသရာအကျိုး အသံဒါန မျိုးစေ့ချမယ်လို့ ဆုံးဖြတ် ဂတိပေးလှူထားလို့ပါရှင်။ အဲဒီဘုရားပွဲကြီးက နိုဝင်ဘာ နောက်ဆုံးပါတ် တန်ဆောင်မုန်းလပြည့်မှာ ကျင်းပမှာမို့ ဒီဇင်ဘာလထဲကျမှ လာနိုင်ပါလိမ့်မယ်။ အဲဒီအချိန်မှာတော့ ရာသီလေးလဲ အေးရော့မယ်ပေါ့နော်။

မာအေးရောက်တဲ့အခါ ချစ်ဆွေတို့နဲ့ တွေ့မှာပါ။ ဆရာကန်တော့ပွဲတို့ ဘာတို့ လုပ်မှာ။ မာအေး လွမ်းနေရတဲ့ မန္တလာမြေ၊ ဧရာဝတီကမ်းနဘေးက ပုဂံတရားစခန်းလေး မွေးရပ်မြေနဲ့ ကန့်ကေါ်စခန်း၊ ကိုကြီးကျော်နန်းလဲ ပါမှာပ၊ ဒါက ကျန်းမာရေးပြည့်စုံမှမို့လား။ ကိုယ့်အနုပညာသန္ဓေ အခြေခံခဲ့ရတဲ့ သဘင် ဂီတ ရုပ်ရှင် ကိုယ့်အမြင်တွေလဲ ပြောချိန်ရရင် ပြောဖို့ရာပါဘဲ၊ မရောက်ခင်က မြင်နေရတဲ့ မြန်မာ ကါလပေါ် ၀ိုင်းစုံကြီးတွေနဲ့ ဆိုဖို့တီးဖို့တွေလဲ ကြုံဦးမှာပါ။

နှစ်ကုန်ပိုင်းလောက် ကိုယ်ပြန်ရောက်မယ်ကြားတဲ့ ဂီတလောကသားတချို့ကလဲ ဆက်သွယ်ာကပါတယ်။ မာအေး ကျောခိုင်းထားရစ်တဲ့ ဂီတအဖွဲ့ကြီးမှာ မာအေးရဲ့ မေတ္တာတုံးတွေ မရှိတော့တဲ့အကြောင်းနဲ့ နောက်ဆုံးပေါ်ဂီတသစ်အလွှာတလွှာ ပေးဘို့ အရေးဆိုခံနေရကြောင်းတွေလဲ ပြောသွားကြပါတယ်။ ဒီ ဂီတအစည်းအရုံးဟာ ဘယ်တုန်းက စခဲ့တာလဲ၊ ဘာတွေ ဖြစ်ခဲ့ပြီလဲ ဆိုတာတွေကို မာအေး အစီအစဉ် အမြဲ နားထောင်ဖြစ်တဲ့သူမှ သိနိုင်မှာပါလေ။ ကိုယ်ခွင့်မလွှတ်နိုင်လို့ မပေါင်းချင်တော့တဲ့ ကွမ်းယာဘန်းကြီးကြောင့် ဘေးထွက်ထိုင်နေပေမယ့် ဂီတလောကနဲ့တော့ “ရေကိုခြားလျှင် အကြားမထင်”ဘဲပေါ့။ တခုတော့လဲ ကေါင်းပါတယ်၊ အပြင်လူအဖြစ်နဲ့ မြင်နိုင် ကြည့်နိုင် ပြောနိုင်မယ်မို့လား။

၁၉၈၈ အရေးအခင်းကြီးပြီးတဲ့နောက် အသင်းအဖွဲ့တွေ ပြန်လည်လျှောက်ထါး မှတ်ပုံတင်ခွင့်ပေးတဲ့အခါက “မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ်” အမည်နဲ့ ဂီတသမားတွေ ကိုယ်ထူကိုယ်ထု စုရုံးတည်ထောင်ခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ အတွင်းရေးမှူး (၁) နဲ့ အဖွဲ့ကမဟာဂီတ၊ ကါလပေါ်၊ စတီရီယို၊ ထုတ်လုပ်သူ၊ စက်မှု စတဲ့ အလွှာ (၅)လွှာနဲ့ ရွေးကေါက်ဖွဲ့စည်းပေးဘို့ အမိန့်ပေးစီစဉ်ခဲ့လို့ “ဂီတအစည်းအရုံး” ဆိုတာ ပေါ်ပေါက်လာပါတယ်။

အဲဒီလို ဂီတလောကမှာ အလွှာခွဲတာကိုက မလိုအပ်တာပါ။ ထုတ်လုပ်သူတို့ စက်မှုတို့က ဂီတပညာရှင်မှ မဟုတ်တာလေ။ ထုတ်လုပ်သူ ဆိုတာက နားဆင်သူနဲ့ တင်ဆက်သူတို့ကြားမှာ ငွေကြေးယူပြီး အဆက်အသွယ်လုပ်ပေးတဲ့မိတ်ဆွေတွေပါ။ စက်မှုကလဲ ဆိုတီးကေါင်းအောင် အသံလှလှ ကေါင်းကေါင်းထွက်လာအောင်၊ အသံချဲ့စရာတွေ တတ်ဆင်ပေးမယ်၊ ဇါတ်ခုံပေါ်မှာ ထူးဆန်းညီညွတ်စွာ တင်ဆက်နိုင်အောင် ပြင်ဆင်မွမ်းမံပေးမယ် ဆိုတဲ့ မိတ်ဆွေတွေပါ။ သူတို့တတွေဟာ တီးတတ်စရာ၊ ဆိုတတ်စရာ၊ ရေးတတ်စရာ ဘာမှ မလိုဘူးလေ၊ အဲဒါ ဂီတသမားလါး၊ အင်း …. ခု မာအေးက ဘေးလူအနေနဲ့ ခံစားပြီးပြောနေတာနော်၊ ‘စတီရီယို’တေးဂီတ ဆိုတာလဲ ခုထိ ဘယ်လိုပြောရမှန်းကို မသိဘူး။
“စတီရီယိုစနစ်” နဲ့ အသံသွင်းတာ၊ အသံဖမ်းတာနဲ့ ဆိုင်တဲ့ စကါးစုလေးပါ။ မြန်မာသံသီချင်းတွေ၊ ဆိုင်းတွေ ပတ်တွေနဲ့ ဆိုရတီးရတဲ့ သီချင်းတွေလဲ စတီရီယိုစနစ်နဲ့ဘဲ အသံသွင်းခဲ့တာ ကြာပေါ့။ “ခေတ်ပေါ်”တေးဂီတ ဆိုရင် လုံလောက်ပါတယ်။ (၁၉၆၃) ခုနှစ်မှာ ဂီတအဖွဲ့ကြီး နိုင်ငံတော်ကဖွဲ့ပေးတဲ့အခါတုန်းက “ခေတ်ပေါ်တေးဂီတကေါင်စီ”တဲ့။ ဒီခေတ်မှာပေါ်တဲ့ တေးဂီတတို့ရဲ့အဖွဲ့လို့ ဆိုတါပါ။ ဂီတတွေဟာ နိုင်ငံကြီးတည်ရှိခဲ့ချိန်ကစပြီး ခေတ်တွေ တခေတ်ပြီးတခေတ် ပြောင်းလွဲလာသလို သူလဲ တခေတ်ပြီးတခေတ်  ဆက်လိုက်လာနေခဲ့ရတာပါ။

မြန်မာတို့ရဲ့ဂီတ၊ မဟာဂီတဆိုတာကတော့ ရှင်းပါတယ်။ မြန်မာ့နန်းတွင်းက ပေါက်ဖွားလာတာပါ။ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန် စတဲ့ သီချင်းကြီးတွေ ဒွေးချိုး၊ လေးချိုး၊ ရတု၊ ရကန်၊ အဲ၊ အံ၊ အိုင်ချင်း၊ တေးထပ်၊ ဘောလယ်၊ ဒါတောင် ကျေးလက်က လူထုတေးသံတွေ ကျန်ပါသေးတယ်။

ကါလပေါ်ဆိုတာကတော့ ဘယ်ကါလ ဘယ်အခါက ပေါ်ပေါ် – ကါလာပေါ်ချည်းဘဲလို့ ပြောရင် မှန်နေမှာဘဲ၊ တက်တော့ “အဆို၊ အတီး၊ အရေး” ပညာရပ်သုံးမျိုးဘဲ ရှိတာပါ။ အလွှာအလိုက် ဆိုပြီး ခွဲလိုက်တော့၊ သူ့အလွှာ ငါ့အလွှာနဲ့ သွေးကွဲသွားတာ၊ ပထမဆုံး ရွေးကေါက်တဲ့အချိန်မှာကို သိသာနိုင်ပါတယ်။ ဂီတစံနစ်၊ ဂီတပုံစံတခု ပေါ်လာတိုင်း အသစ်တလွှာတိုးဘို့ လိုမလား – သောတရှင်တို့ ဆင်ချင်ကြည့်စမ်းပါ၊ မဟာဂီတမှာ ပုံစံမျိုးစုံ နှစ်ဆယ်မက ရှိတာ ဘယ်နှယ်လုပ်ပါ့မလဲ၊ ကြီးကြပ်ရေးကေါ်မရှင်က အလွှာတိုးခွင့် ပယ်ဖျက်ခွင့်မရှိတာကလဲ အမှန်ဘဲရှင့်။ အရင် အစိုးရမင်းများ တရားဝင် အမိန့်ချပေးခဲ့တဲ့ ကိစ္စ ဆိုတော့ နိုင်ငံတော်မှာ ပြန်တင်ပြတောင်းဆိုမှ ဖြစ်မှာပေါ့နော။

အခုတော့ ဟစ်(ပ)ဟော့(ပ)၊ ပန့်(ခ)၊ ဒီဂျေ၊ နယူးရော့(ခ)၊ မိုဒန်ရော့(ခ) ဆိုတဲ့ မြန်မာ့ဂီတမျိုးဆက်မဟုတ်တဲ့ ခေတ်သစ်ဂီတလွှာက တမျိုး၊ လတ်တလေါ မြန်မာသံတေးသီချင်းတွေကို ကိုယ်စားပြုတဲ့ ခေတ်ဆန်းဂီတအလွှာ ဆိုတာကတမျိုး၊ နှစ်လွှာကြီးများတောင် တိုးခိုင်းနေကြပါသတဲ့ရှင်။ ဧရာဝတီ အင်တာနက်သတင်းမှာ ဖတ်ရပါတယ်။

တနိုင်ငံလုံးရှိ လူဦးရေရဲ့ အပုံတပုံတောင် မရှိတဲ့ ကိုယ့်ဂီတလောကလေးမှာ ခဏတက်တဲ့ ရေပွက်ပမာ ကျော်ကြားလာတာကို အရင်းအနှီးလုပ် – ခြေရှုပ်လိုတဲ့ကြားကေါင်များ မရွေးမိကြစေသားလို့ ဆုတောင်းရပုံပေါ်တယ်၊ ပြန်ရွေးကြမှာ ဒီလထဲဘဲ ဆိုလို့ပါရှင်။ လူတွေတော့ ညီစေချင်တယ်၊ ‘ဤ’ ကို ‘ကျွဲ’ လို့တော့ မဖတ်စေချင်ပါဘူးရှင်ရယ်။

*(ဤနှင့်ကျွဲ – ရေး = နိုင်မြန်မာ)
လူညီလျှင် ဤကိုပင်ကျွဲလုပ်ကြပေတယ်၊ လူညီလျှင် ‘ဤ’ ကိုပင် ‘ကျွဲ’ လုပ်ချင်ကြတယ်၊ ကျွဲလုပ်ပြီးတော့ စီးကြတယ်၊ ကြံကြံဖန်ဖန် လူတွေနှယ် ကြံကြံဖန်ဖန်ကွယ် xx အာဂတနဲ့ သဘာဝနဲ့ ဇကါချလို့ နှိုင်းယှဉ်မယ်၊ စကါးတတ်က ပရမတ္ထ အလွယ်မှတ်လို့ ပြောနေတယ်၊ စရိုက်မှားက အမိုက်စားလို့ ဇမ်းတင်တယ်၊ လူတွေကို ဒီလိုရီချင်တယ်၊ မျက်စေ့ရွာလည် xx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော် 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts