မိုးမခကို ပေးတဲ့စာ

တန်ဖိုး အချိန်နှင့် သိနားလည် လက်ခံမှု (Win Nyunt)

တန်ဖိုး အချိန်နှင့် သိနားလည် လက်ခံမှု

ဝင်းညွန့်၊ စက်တင်ဘာ ၂၉ ၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း မြန်မာမိသားစု များနှင့် တွေ့ဆုံပွဲနဲ့ ပါတ်သက်ပြီး ဒီစာကိုရေးမိပါတယ်။ ဒီတွေ့ဆုံပွဲကို တွေ့ချင်၊ မြင်ချင်၊ အားပေးချင်သူများ၊ လေးစားတန်ဘိုးထားစွာဖြင့် ဂုဏ်ပြုလိုသူများ များစွာရှိသလို သွားချင်ပေမဲ့ မသွားနိုင်တဲ့သူများလည်း များစွာရှိမှာပါ။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအပြင် အကြောင်းအမျိုးမျိုးရှိကြမှာပါ။ ဒါပေမဲ့ တချို့ကြတော့ သွားဖို့စိတ်ကူးမရှိတာ၊ သွားဖြစ်ရင်လည်းသွားမယ်၊ မသွားဖြစ်ရင်လည်း မသွားဘူးဆိုတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီလိုလူတွေ ကျွန်တော်ရေးတဲ့စာလေးဖတ်ပြီး စဉ်းစားစရာလေးရကြပါစေဆိုတဲ့ မေတ္တာစိတ် နဲ့ နိဗ္ဗာန်ဆော်လုပ်လိုက်ပါရစေ။

လူတိုင်းလူတိုင်းဟာ လောဘသားတွေပါ Black Friday လိုမျိုး အကျိုးအမြတ် တခုခုရမယ်ဆိုရင် ဒီပွဲကို သူ့ထက်ငါ အရင်ရောက်အောင် လာကြမှာပါ။ ခုတော့ ငွေ ( သို့) ပစ္စည်းဥစ္စာ ဘာတခုမှမရဘူး၊ လမ်းစရိတ်၊ စားစရိတ်ပါကုန်ရအုန်းမယ်၊ နောက်ပြီး သီဆို ကခုန်တဲ့ပွဲလည်း မဟုတ်ဘူး၊ ဒါ့အပြင် အဆက်အသွယ်နဲ့ သတင်းအချက်အလက် ရနိုင်မယ့်ပွဲလည်း မဟုတ်ပြန်ဘူး ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ စွမ်းဆောင်မှုတွေအတွက် ၀မ်းသာကြည်နူး တန်ဖိုးထားစွာနဲ့ အားပေး ထောက်ခံ တွေ့ဆုံ ဂုဏ်ပြုတဲ့ပွဲဖြစ်လိုပါပဲ၊ ဒါပေမဲ့ လာတဲ့လူတိုင်းရသွားမှာက အသေအချာပါ။ အဲဒါကတော့  တန်ဖိုးမဖြတ်နိုင်တဲ့   နိုင်ငံသားတဦးရဲ့ “ တာဝန်ကျေခဲ့တယ် “ ဆိုတဲ့စိတ်ကျေနပ်မှုပါပဲ။

တန်ဖိုးဆိုတာ ကာလ၊ ဒေသ၊ ပယောဂ ပေါ်မူတည်ပြီး အမြဲပဲ ပြောင်းလဲနေတာပါ၊ လွန့်ခဲ့တဲ့ နှစ်ပေါင်းများစွာက တန်ဖိုးထားမခံရတဲ့ ပစ္စည်းနဲ့ အတွေးအခေါ်တွေဟာ ဒီကနေ့ တန်ဖိုးမဖြတ်နိုင်တာ အများကြီးပါ၊ ဒီတော့ ဒီနေ့ ဒီမိုကရေစီ Icon လို့ သတ်မှတ်ခြင်းခံရသူ ကမ္ဘာ့ခေါင်းဆောင်တွေက လေးစားတန်ဖိုးထားပြီး သူတို့ရဲ့ Hero အဖြစ်ဂုဏ်ပြုခံရသူ၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိမိတို့ရဲ့နိုင်ငံသားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ယူ ၀မ်းမြောက်စွာနဲ့ ဂုဏ်ပြုတွေ့ဆုံရတာ အင်မတန်ကြီးမားတဲ့ အခွင့်ထူးကြီးကိုရတာပါလို့ ပြောပါရစေ။ နောက်တခုက နောင်တချိန်မှာ ကိုယ့်ရဲ့သား၊မြေးတွေကို ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြန်ပြောပြတိုင်း  စိတ်အားရှိစွာနဲ့ ပြောပြနိုင်မှာပါ။ အကယ်၍ သွားနိုင်လျှက်နဲ့ မသွားဖြစ်ခဲ့ရင် လူငယ်တွေက မေးလာတဲ့အခါ ကိုယ့်စိတ်လုံခြုံစွာနဲ့ပြောပြနိုင်ပါ့မလား။

တန်ဖိုးရှိတဲ့အရာဆိုတာ အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးဖြတ်မရအောင် တန်ဖိုးကြီး မှာမို့ ကိုယ့်ရဲ့ သိနားလည်လက်ခံမှု့နဲ့ ချိတ်ဆက်နိုင်ကြ ပါစေလို့ စေတနာအမှန်နဲ့ သတိလေး ပေးလိုက်ပါရစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts