ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” Mar Mar Aye – 444

မာမာအေး
နိုဝင်ဘာ ၃၊ ၂၀၁၂m

 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …  အရင်တပတ်က မာအေးတို့ ဂီတလောကရဲ့ သက်တော်ရှည် အနုပညာသမားကြီး စည်သူဘွဲ့ရ ဗိုလ်ကလေးတင့်အောင်ကိုယ်တိုင် ပါဝင် တီးခတ်ထားတဲ့ ဂီတတူရိယာအကြောင်းလေး ပြောချင်တာနဲ့ ချစ်ဆွေတို့ကို အတီးသံ ဂရုစိုက် နားထောင်ပေးကြပါလို့ ကြိုမှာထားခဲ့ပါတယ်နော်။
အဲဒီနေ့က မာအေးဆိုနေတဲ့  ဆရာရွှေတိုင်ညွန့်ရဲ့ ‘၀ိစိတြ’ သီချင်းရဲ့နိဒါန်း – ခြေဆင်းပိုဒ်မှာ ဆိုသံနောက်ကနေလိုက် ရှေ့သွားဘို့ အသံကို ဖြူးပေကးလိုက်နဲ့ ဂျင်တင်တင် သံကြိုးခတ်တဲ့ အသံမျိုးလေးကို သတိထားမိလိမ့်မယ် ထင်ပါတယ်ရှင်။ အဲဒါဟာ အကိုလေး ခေါ် ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် ရုပ်မြင်သံကြား အတွက် အသံသွင်း ရိုက်ကူးတဲ့ အခါက အတူပါဝင် ရိုက်ကူး တီးခတ်ပြခဲ့တဲ့ “ဂစ်တာမယ်ဒလင်သံ” လို့ ပြောကြပါစို့တော့။

မာအေးနှယ် … မယ်ဒလင်ဆိုလဲ မယ်ဒလင်၊ ဂစ်တာဆိုလဲဂစ်တာလို့ ပြောတာမဟုတ်ဘူးလို့ ပြဿနာရှာတော်မမူလိုက်ပါနဲ့။ ဂစ်တာတော့ ဂစ်တာပါဘဲ။ ဒီကနေ့ လူငယ်တိုင်းလိုလို တဒေါင်ဒေါင် ခေါက်နေတဲ့ ဂစ်တာမျိုးပေါ့ရှင်။ ဒါပေမယ့် ဂစ်တာလက်တန်ကို မူလထက် တထွာလောက် တိုထား လျှော့ထားတဲ့ ဂစ်တာမျိုး၊ လက်တန်တိုလေး ဖြစ်နေပါတယ်။ တူရိယာပစ္စည်း ထုတ်လုပ်သူတွေကို အကူအညီ တောင်းပြီး သီးသန့် မှာကြား ပြုလုပ်ခိုင်းတဲ့ ပစ္စည်းပါ။ ဂစ်တာကြိုး (၆)ကြိုးကိုလဲ မူလ တပ်ဆင့် အသံညှိထားသလို ဘာမှ မပြင်ဆင်ပါဘူး။ Keys တွေကို E,B,G,D,A နဲ့ E အတိုင်းဘဲ ထားပါတယ်။ သုံးနေကျ ဂစ်တာရိုးရိုးတွေလို ကြိုးနဲ့သိုင်းထားပြီး တီးခတ်ရတာမျိုး မဟုတ်ဖဲ၊ မြန်မာဂစ်တာတွေလိုပဲ ပေါင်ပေါ်မှာတင်ပြီး ဘိနဲ့ အသံကွက်တွေကို ဖိရွှေ့ရှာဖွေ တီးခတ်ရတာမျိုးလဲ မဟုတ်ဖဲနဲ့ မယ်ဒလင် တူရိယာကို ရင်ခွင်ပိုက်ပြီး လက်ချည်းသက်သက် မယ်ဒလင်တီးသလို ခတ်တီးရတာကြောင့်မို့ မာအေးက “မယ်ဒလင်ဂစ်တာသံ” လို့ တပေါင်းထဲ မြင်ရသလို ခံစားရသလို နာမည်တတ်လိုက်တာပါနော်။
ဒီထက်ရှင်းရှင်း မြင်လို သိလိုကြမယ် ဆိုရင်တော့ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်တွေကြားမှာ မာအေး အရုပ်တွေလဲ ပေါ်နေလောက်ပြီဘဲလေ၊ ‘၀ိစိတြ’ သီချင်းလေး ဂီတလုင်မောင်ကိုကိုအဖွဲ့နဲ့ ရိုက်ကူးထားတာလေး အသံပြန်လွှင့်ပေးပါ လို့ တောင်းဆိုကြရင်၊ ပြန်မြင်ရမှာ အသေအချာပေါ့ရှင်။ ဒါဆို အာရုံထဲေ၀၀ါးမနေတော့ဘူးပေါ့။ ဒါဟာလဲ မရှိသေးတဲ့ ဂစ်တာပုံ တူရိယာ ပစ္စည်းကို မယ်ဒလင်သဖွယ် တီးနိုင်တဲ့ တူရိယာတမျိုး ထွင်လိုက်တာ မဟုတ်ဖူးလားရှင့်။ ဂစ်တာ ဆိုတာက လက်ကွက်ကြဲတော့ တကယ့် မယ်ဒလင်တီးတဲ့သူတွေ လက်ပူး အလူး အလှိမ့်တွေ သိတ်လုပ်လို့ မရနိုင်ဘူး ထင်ပါတယ်။ တီထွင်ခြင်း အမြတ်တော့ ရတာပါဘဲ။

မာအေးချစ်တဲ့ အဆွေတော်တို့၊ မာအေး ရှင်တို့တွေကို ပြောပြလာခဲ့တာ  ဒီနေ့ အစီအစဉ် နံပတ် (၄၄၄) လေးသုံးလုံး ရောက်နေပြီရှင့်။ ဖဲသမားစကါးအလိုက် ခတ်မိုက်မိုက် ပြောမယ် ဆိုရင် ‘၀ိုက်’ကျနေတယ်ပေါ့ရှင်။ အဲဒီ ‘၀ိုက်’ ဆိုတာ ဘာလဲ၊ ဘယ်လိုအရင်းခံကြောင့် ‘၀ိုက်’လို့ ခေါ်ရတာလဲ၊ မသဲကွဲသော်လဲ မာအေးတို့ဆီက ဇါတ်သမား၊ ဂီတသမား၊ ရုပ်ရှင်သမားတို့ကြားမှာ နံပါတ်တူ သုံးလုံး၊ အပွင့်မတူ သုံးချပ် လက်ထဲရောက်တာနဲ့ ဗျတ်ကနဲ ‘၀ိုက်’လို့ အော်ပြီး လက်ဝါးပေါ်မှာ ရိုက်ချလိုက်တာတွေ၊ ၀င်းလက် ပျော်ရွှင် ငွေတိမ်စင် မျက်နှာပေးတွေကိုတော့ တစေ အမြဲ မြင်နေရဆဲပါဘဲ။ အခုဆို ဂဏန်း သုံးလုံးတူ တွေ့ပြီလေ။ လေးသုံးလုံး မြင်တော့ စကါးခွင်က ဖဲချပ်တွေဆီ လှည့်ချည်ဥိးမှ လို့ စိတ်နှိုးဆွလေရဲ့။ “ပြောရေးရှိက ပြောသရှင်၊ ဆိုရေးရှိက ဆိုမယ်ရှင်” လို့ အမေကြည်ကြည်ဋ္ဌေး သီချင်းလေးထဲက စာကို ငှားပြောရဦးမယ်။

အထက်အညာပိုင်းမှာ အကိုလေး တင့်အောင်တို့ အရွယ်အိုလေါက်ရောက်ရင် ဘိုးတော် လို့ ခေါ်ကြလိမ့်မယ်ပေါ့ရှင်။ ၀တ်ဖြူစင်ကြယ်နဲ့ ဘိုးတော်မျိုးတော့ ဘယ်ဟုတ်မှာလဲ။ အောက်ပြေက အဖိုးအရွယ်တွေကို အဲဒီလို ဘိုးတော်လို့ နာမ်စား သုံးတာ ကြားခဲ့ဖူးပါတယ်။ မိန်းမအရွယ်ကြီးသူတွေကိုလဲ ဘွားတော်လို့ ခေါ်ရိုး ရှိသေးတယ်။ အဲ ထားပါတော့လေ … မာအေးတို့ ဘိုးတော်ကြီးကို မာအေးက “တီထွင်ဖန်တီး ကြံတွေးရှင်” လို့ ပြောခဲ့တာ မှန်တဲ့အကြောင်းတခု ပရု(ဖ)လုပ်ရဦးမယ်၊  လေးသုံးလုံးကျတဲ့နေ့မို့ ဖဲကမ္ဘာက စွဲတာလေး ပြောပါ့မယ်လေ။

မာအေးတို့ဆီမှာ ‘ဖဲ’ ကစားတိုကို လောင်းကစားပုဒ်မမှာ အကြုံးဝင်တယ်လို့ ပညတ်ထားတဲ့အတွက် တိုးတိုး လျှို့ဝှက် ရိုက်ချက်ပြင်းပြင်းတွေ ရှိတာလဲ သဘင် ဂီတ ရုပ်ရှင်ကလူတွေ သိတာပါဘဲ၊ လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်ကစားတတ်ပါတယ်။
သူဋ္ဌေးဖြစ် ခွေးဖြစ် စီးပွားမကျန်ရစ်တဲ့အောင် လုပ်ဆောင်တာမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် လူစုနေစရာမလိုတဲ့ လူသိုက်တွေဖြစ်ကြလို့ နားရင်းရိုက်တတ်ကြတယ်။ ရေလမ်းခရီးဆိုတာ ပျင်းစရာ အကြာကြီး သင်္ဘောစီးသွားတာမျိုးမို့ ဖဲရိုက်အချိန်ဖြုန်း အပျင်းဖြေတာလဲ တကြောင်းပါဘဲ။ အမြဲစွဲတဲ့သူတွေလဲ ရှိတာပေါ့ရှင်။ စိတ်မရှည်တတ် မကစားတတ်တဲ့ လူငယ်ပိုင်းက ချက်ချင်း အနိုင်အရှုံး ပြလို့ရတဲ့ ကိုးမီးတို့၊ နှစ်ဆယ့်တစ်ပေါက်ခေါ် ဘန်လတ်တို့ ဘူကြီးတို့ကို စကိုင်တာဘဲ။ လူလတ်တွေက အတွေ့အကြုံအရ တွေးခေါ် စဉ်းစား၊ ဥာဏ်ကစားတာ သာတဲ့၊ ရုပ်နဲ့ကစားတာ ပါတဲ့ ‘တချပ်မှောက်’ ဖဲကစားနည်းမျိုးကို ကြိုက်တယ်။ လူကြီးပိုင်းကတော့ ၁၀ ချပ် ပိုကါဒေါင်းမှာလား၊ ဆယ့်သုံးချပ် ပိုကါကိုင်ဒေါင်း ဆိုတာ ကစားမှာလား မေးရုံဘဲ၊ ဒါထက်ပိုပြီး အချိန်ဆွဲချင်ရင် ‘ဟိုလီးဝုဒ်’ ခေါ်တဲ့ အမှတ်ပေး ကစားနည်းမျိုး ကစားတတ်ပါတယ်။ တ၀ိုင်းမှာ လူငါးယောက် ထိုင်တတ်တယ်။ ဒီအလေ့အထ ရှိတာတွေကို ဖဲကစားဖူးသူတိုင်း၊ ၀ိုင်းစတဲ့အချိန်မှာ ဥပဒေတရပ်လို လိုက်နာရအောင်လို့ ဖဲမှားပစ်ရင် ဘယ်သို့ဘယ်ပုံ ဖြေရှင်းမယ် ဆိုတာမျိုး ပြောထား သဘောတူထားတဲ့ စည်းကမ်းအတိုင်း ကစားသွားကြတော့တာပါဘဲ။

မာအေး ဒီလောက်ပြောပြနိုင်တာကို ထောက်ရင် သူလဲ ကစားခဲ့လောက်မှာပါဘဲ လို့ သဘောပေါက်နေတယ် မဟုတ်လား သောတရှင်၊ မာအေး ဆိုတာ ကိုယ့်လေါကမှာ ‘ခင်မောင်အေး’လို နေလာတာ သတိရလိုက်ပါနော၊ မူလ ဘ၀ မိန်းမမို့လို့ အဋ္ဌာရဿ (၁၈)ရပ်မှာ တခုဘဲ လတ်မယ်၊ သံယောဇဉ်ကြီးတဲ့ အမေ့ အသဲနှလုံးမျိုး ရှိနေတာကြောင့် ယောက်ျားစင်စစ် ဘယ်တော့မှ မဖြစ်ဆိုတဲ့ အကြောင်းပါဘဲ။

မာအေး အဖေ နှဲဆရာ ကိုအေးက သမီးလေးလက်တွဲ လောကထဲ ဆွဲသွင်းခဲ့တာမှာ စကါးမကြွယ်ရှာတော့ – ဖဲလဲသိ၊ အရက်လဲသိ၊ အမှားလဲသိအောင် အညာမခံရအောင် သူကိုယ်တိုင်ကျောင်းသွားခဲ့လို့ပါ။ မာအေးက လာဘ်ကေါင်းတယ် ဆိုပြီး ခေါ်ခေါ်သွားလို့ မေမေနဲ့ တကျက်ကျက်တွေပါ – တွေးမြင်လာတယ်။ အဲဒီကိစ္စတွေ အရေးမယူခင်တုန်းက မာအေးရဲ့ နာမည်ကျော် တေးတပိုဒ်ကို ပျော်ရွှင်သူတိုင်း စာကပ်ဆိုကြတယ်ရှင့်။ “ကစားမယ်၊ ကစားမယ် ဖဲထုတ်ယူပါ ကစားမယ်” တဲ့။ ပျော်ပွဲစားထွက်ရင်လဲ “ကစားမယ်၊ ကစားမယ် ဖဲထုတ်ယူပါ ကစားမယ်” ဆိုတဲ့ အသံက လွှမ်းမိုးခဲ့ဖူးပါတယ်။

ကဲ ဘိုးတော်ကြီးထွင်တဲ့ကိစ္စဆီ မရောက်ချည်တော့ပြန်ဘူး။ မာအေး မေတ္တာပို့တာလေးတော့ ခံယူပါနော်။

*(နိုင်မြန်မာရေး – မေတ္တာပို့သီချင်း)


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts