ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၈) – Mar Mar Aye



မာမာအေး
ဇူလိုင် ၁၊ ၂၀၁၂

“—သူတို့တတွေဟာ ကတာလား လှုပ်တာလား မာအေးကတော့ လှုပ်တာလို့ မြင်မိပါတယ်ရှင်။
ဦးခေါင်းကနေပြီးတော့ ခြေဖျားထိ ပစ္စည်း ရှိသမျှ အားလုံး ပြုတ်ကျကုန်မတတ် လှုပ်တတ်လိုက်ကြတာ အံ့ရော – အံ့ရော—”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … နှစ်သစ်ရောက်လာတဲ့ အခါမို့ ကြည်လင်ချမ်းမြေ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတော်မူကြပါစေလို့ မေတ္တာစကား ထပ်ပြီး ပါးလိုက်ပါတယ်ရှင်။
ရှင်တို့တတွေကို ချစ်တဲ့ မာအေးတော့ ချိန်သားမကိုက် စိတ်အိုက်အိုက် ဖြစ်နေပါတယ်။ အကြိုနေ့ကို ဘာကြောင့်ပြင်မှန်း မသိတာကလဲ အီလယ်လယ်။
တသက်လုံး သင်္ကြန်ကြိုတာ (၁၃)ရက် ဧပြီကနေ (၁၂)ရက် ဧပြီး ပြောင်းတာကို ခလေးတွေနဲ့ ငြင်းတော့မှ ဇေတဝန်ကျောင်းက ပြက္ခဒိန်ခေါ်ပြလို့ သိတာမို့ပေါ့ရှင်။
ဒီတော့လဲ အတာအိုးတွေဘာတွေ ထူးမရှာနိုင်တော့ဘဲ ဖလ်ပန်းစိုက်အိုးနဲ့ အိမ်စိုက် အောင်သပြေထိုးပြီး ဘိုးတော်သိကြား အကြိုထောက်ခဲ့ရတယ်။

မာအေးတို့နေတဲ့ အမေရိကန်ရွာကလေးရောက် ဗမာပြည်ပေါက်တွေက သင်္ကြန်ပွဲ ဆင်နွှဲမယ့် သတင်းရသားပါဘဲ။
အစတုန်းက ကီဝီငှက်တို့ပျော်ရာ – နယူးဇီလန် ပြန်သွာဖို့ ခန့်မှန်းတာနဲ့ ဖိတ်ကြားလာတဲ့ သင်္ကြန် ကိစ္စ “စ” ထားခဲ့ပါတယ်။
သင်္ကြန်နံ့ထုံတဲ့ ဓမ္မရက္ခိတကျောင်းမှာ ကျင်းပတဲ့ “သက်ကြီးပူဇော်ပွဲ” က ဗုဒ္ဓယဉ်ကျေးမှု စာပေကဗျာ ခလေးတို့ ရွတ်တဲ့ သံသာသာကြောင့် စိုးနှောင့်ဗျာပါ – ဖြစ်မလာသေးတဲ့ ဝေဒနာကို ဓမ္မနုဿတိ…သတိ..သတိ ဥပုသ်နဲ့ ညှိ ငြိမ်းပါဘိ ငြိမ်းပါဘိပေါ့ရှင်။

ဖြစ်ပြီးရင်တော့ အပျက်ဝင် ဆိုတာတရား သဘောဘဲလေ။ ကိုယ့်ရဲ့ဝမ်းမနာသားတွေက အမေ မကင်းနိုင်တဲ့ ဗမာသတင်း၊ ဗမာသီချင်းတွေ ကြားနိုင်ရအောင် ဆိုပြီး နည်းသစ်ယူလာ ကွန်ပြူတာမှာ ထည့်လေတော့ – ကိုယ့်တိုင်ပြည် – မန္တလေးမြို့က သင်္ကြန် ကိုယ်တည့်တည့် မှန်ပါလေရော….။ အောင်းမျယ့်လေး ဝမ်းသာရမလား – ဝမ်းနည်းရမလား မိသိန်းကြည်နဲ့ မြင်ရချက် မသက်သာပါလား။

လွမ်းသလေမန်းမြေတမိတော့ – ကမ်းခြေမှာစမ်းရေစတွေနဲ့ ဖျန်းလေကတသုံသုံ ကိုယ်ပြိုင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသား လူငယ်များ ပြိုင်ခဲ့ကြရတဲ့ မြန်မာ့ကဗျာလေးချိုးထဲက အစတပုဒ်ပါ။

အိမ်မှာတယောက်ထဲ “အိမ်သတိရနာ” ပေါ်တဲ့အခါ – ဒါလေးထထဟစ်တော့ မန္တလေးတောင်ကြီးနောက်ခံနဲ့ ကျုံးမြို့ရိုးနဲ့ တို့အဖိုး နေခဲ့တဲ့ မန္တလာမြေ၊
ခုထိ မကွဲမပျက် ဂီတခရီး ဆက်နေတဲ့ မြို့မဂီတအသင်းကြီး ရှိနေတဲ့ မန္တလာမြေ၊
တနေ့လုံး ထိုင်ကြည့် မင်္ဂလာကျက်သရေအပြည့် ငြိမ်းချမ်းတည်ကြည် ထာဝရ မမရီရှိသည့် မန္တလာမြေ ဆိုတာကလဲ ဒီနေ့လိုဟာတွေကိုတော့ ဘယ်နှယ့်လုပ် လွမ်းရမှာလဲ အရပ်ကတို့ရယ်။
မာအေးကြည့်တုန်း စင်ပေါ်မှာတွေ့ရတဲ့ မိန်းခလေးသုံးယောက် တယောက်မှ ထမီ မပါဘူး။ ဟူးဟူး…ပေါင်တိုပေါင်ကပ် စကပ်ခေါ်တဲ့ ဂါဝန်တော့ဝတ်။ စကပ်ဝတ်မှတော့ အပေါ်အင်္ကျီဟာ အဲဒါနဲ့ လိုက်ဖို့လိုမယ် ဆိုတာ နားလည်ပေးရမှာပေါ့ရှင်။
ဘယ်သူထွင်ပေးတဲ့ ပုံစံဒီဇိုင်းလဲ မသိပါဘူး။ လက်တဖက်ထဲပါတဲ့ အင်္ကျီနဲ့ လက်ဖေါင်းနှစ်ဖက်နဲ့ ဘာလူမျိုးအတွက် ချုပ်ပေးတာလဲ မသိနိုင်တဲ့ အင်္ကျီနဲ့။
နောက်တယောက်က ရွှေလုံးလို့ လူသိများတဲ့ လူရွှင်တော်မထက် ဝတဲ့တယောက်၊ ရယ်ရတာပေါ့ရှင်။
ဒါလောက်ပူတဲ့ မန္တလေးမှာ လက်အိပ်အရှည် ခြေအိပ်အရှည်တွေ ဝတ်လို့ သင်္ကြန်ဆိုပြီး ကြည်ရတာ မအေးဘဲနဲ့ အိုက်လာတာဘဲရှင်။

သူတို့တတွေဟာ ကတာလား လှုပ်တာလား မာအေးကတော့ လှုပ်တာလို့ မြင်မိပါတယ်ရှင်။
ဦးခေါင်းကနေပြီးတော့ ခြေဖျားထိ ပစ္စည်း ရှိသမျှ အားလုံး ပြုတ်ကျကုန်မတတ် လှုပ်တတ်လိုက်ကြတာ အံ့ရော – အံ့ရော။
တကယ်ပြောတာပါ မာအေးလဲ ဒီဖက် မရောက်ခင် စင်ပေါ်မှာရှိနေတာဘဲ သီချင်းရဲ့အနေအရ ခြေရွှေ့တာလောက်တော့ လုပ်ခဲ့တာပေါ့နော်။
အခု ကိုယ့်ပရိသဒ်က တမျှော် တမျှော် ကိုယ်လူတွေက တခေါ်ခေါ်နဲ့ဆိုတော့ ပြန်ခဲ့ရင် သီချင်းဆိုပြရမှာလား ဘာပြရမှာလဲ ကြိုမေးရတော့မလိုလိုဘဲရှင်။
စင်ပေါ်နဲ့ စင်အောက် ဟိန်းဟောက်တဲ့ အသံမျိုးနဲ့ နှုတ်ဆက်တာလဲ တမျိုးကြီးဘဲ။ ပရိသဒ်ရဲ့ လက်ခုပ် – ကိုယ်ကတောင်းရတဲ့ သရုပ်က အမှန်ရတာဟုတ်လို့လား။
အိုး…ဂီတလောကများ ကျမဘယ်လိုပြောရပါ့မလဲ။ မမကြောက်ကြောက်၊ မမရှက်ရှက် ပြောရက်တော့ဘူး လို့ဘဲ ထားလိုက်ပါပြီ။ ကိုယ်ပျိုးထားတဲ့ဆီဘဲ ပြန်သွားဆက်တော့မယ်နော်။

သောတရှင်တို့ကို အရင်တပါတ်က ပြေတာ မာအေးနဲ့ ဆရာတူ ဂီတ မောင်ကလေး စိန်စတင်းနဲ့ အာယားမ ဆိုင်းဝိုင်း ပြောင်းရမယ့် ပြဿနာကြောင့် ပြန်တွဲဖြစ်လာတဲ့ အကြောင်းဆီကို ရောက်သွားပြီထင်ပါရဲ့။
သူလူပျိုပေါက်ကလေးမှာ သူ့ရဲ့လက်သံကို ဆရာတော် အရှင်ရေဝတာဘိဝံသရဲ့ အိမ်တော်ရာ ကျောင်းတိုက်မှာ ကြားရတဲ့အခါ အားရဝမ်းသာ ချီးမွမ်းမိခဲ့တယ်။ မာအေးတင် မဟုတ်ပါဘူး။
ဂီတာဦးစိမ်းမောင်ဆိုတဲ့ ဂီတဝိဇ္ဇာ – အဆိုတော်ကြီးကလဲ “နောက်ပေါက်တွေထဲမှာ လိုက်မမီတဲ့ပါရမီရှင်ကလေးဘဲ” လို့ပြောခဲ့တယ်။ “ဘုရာပေးတဲ့လက် အစစ်ဗျို့” လို့ ဂီတစာဆိုကြီးရန်နိုင်စိန်ကလဲ ပြောသွားပါတယ်။
ဆရာစေါင်းဦးဘသန်း ပြောသွားတဲ့ စိန်စတင်းဘာတွေ ကေါင်းတာလဲ ဆိုတာပြောရင်းတော့ – ကိုယ့်တပည့်မို့ ပြောတာလို့ ထင်နိုင်စရာရှိလို့ မပြောတော့ပါဘူးရှင်။
အဲဒီလို ဂီတပညာရှင်ကြီးတွေက ပြောကြတာကို ကိုယ်တိုင်ကြားခဲ့ရတဲ့ – နိုင်ငံကျော် စာရေးဆရာ သတင်းစာ ဆရာကြီး “ဦးသိန်းဖေမြင့်” ကလဲ ၁၉၆၅ ခုနှစ်က “တို့ဗမာသီချင်း (၃၅)နှစ်မြောက်နဲ့ ဝိုင်အမ်ဘီ သခင်တင် အထိမ်းအမှတ်ပွဲ” အတွက် ဆိုင်းဝိုင်းကြီးနဲ့ ဖျော်ဖြေဘို့ရာ သူ့အိမ်ကို စိန်စတင်းတို့ လာပြီး ပတ္တလားနဲ့ သီချင်းတိုက်တဲ့ အတွေ့အကြုံ ရေးသားခဲ့ရှာတယ်။

အဲဒီတုန်းက တို့ဗမာ သီချင်းတိုက်ခဲ့ကြတဲ့ ဆရာကြီးသခင်ဘသေါင်း ခေတ်ဟောင်း အဆိုတော် ရုပ်ရှင်မင်းသါး ဒါရိုက်တာ ဦးချင်းစိန်ခေါ် ရွှေညာမောင်တို့နဲ့ တလိုင်းမ – မမြကျင်ခေါ်တဲ့ အဆိုတော်ကြီးတို့ အကြောင်းတွေလဲ ရေးသားထားတာ ဖတ်ဖူးပါတယ်။
ဆရာသိန်းဖေမြင့်ရဲ့ “သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ်” လို့ နာမည်ပေးထားတဲ့ စာအုပ်မှာ ရှာကြည့်ပါရှင်။
ခုတော့ “မမငယ်လေဝင်းဝင်း” အစချီ မယ်ဘွဲ့ ပတ်ပျိုးကလေးထဲက ဒုတိယ အပိုဒ်ကို မောင်းစိန်စတင်း ဆိုင်းနဲ့တီးထားတဲ့ လက်သံ မာအေးမှာ နားဝင်ပီယံ ဖြစ်လွန်းလို့ ခွဲဝေ နားဆင်ရအောင်လားရှင်။

စိန်စတင်းဆိုင်းလက်သံ (ပပငယ်လေး ဝင်းဝင်းပတ်ပျိုး – ဒုပိုဒ်)

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts