ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၅) – Mar Mar Aye


 သတင်းကျွတ် (သို့) သန်တူလ
မာမာအေး
ဇန်န၀ါရီ ၂၀၊ ၂၀၁၃

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


သောတရှင်တို့ရေ …   မာအေး စာရေးရာ စာဖတ်ရာ စားပွဲလေးရဲ့ ရှေ့က မှန်ပြူတင်းဆီကို မျက်လွှာအညောင်းပြေ မော်ကြည့်မိလေတိုင်း၊ ပန်းချီ ဒီဇိုင်းတမျှ သိတ်ကိုလှပတဲ့ သဘာဝကါးချပ်တွေကို တခါနဲ့တခါ မထပ်၊ ရင်မှာထင်ဟတ်ခံစားရတတ်ပါတယ်ရှင်။

ဒီကနေ့ ရွှေပြူတင်းက လေညှင်းလို့ ကြွေဆင်းလာတဲ့၊ အ၀ါမှာအညိုနှော တသောသောရှပ်တိုက်၊ မောဟိုက်လိမ့်လူး၊ ဝေမူးနေမယ့် ရော်ရွက်ရင့်တို့ ကစင့်ကလျား ပြေးလွှားနေပုံ ရောင်စုံစုတ်ချက်၊ ဘယ်ရာသီစက်လေလဲ … ဒီသီချင်းလေးနဲ့တော့ ကိုက်နေပေါ့လို့၊ နာမည်မေ့နေတဲ့ ကိုယ့်သီချင်းလေးတပုဒ်ကို သွား သတိရလိုက်တယ်၊

(သည်နွေဦးမှ) သည်နွေဦး … ရွှေရည်လူးပြန်ပြီ၊ မြူးကြွဟန်ချီ xxx  သစ်ရွက်ရော်ရည် ဣန္ဒနီဝယ် သိင်္ဂီသွေး ဆေးစုံခြယ်လို့၊ စပယ်ရုံ ငုံကင်း၊ ၀င်းဖန့်ဖန့် သင်းပျံ့ကါကြည်၊ ၀ါတော့မလို နီမြန်းသည်ပန်းရွှေဖီ …၊ လေမှာလှုပ်ရှား ပြေးလွှားလို့ ကစားနေကြသည် xxx

မာအေးက သီချင်းတပုဒ်ကို ကြားရရင်၊ ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်သူတွေနဲ့ အတူ အသံသွင်းဖြစ်ကြတယ် ဆိုတာတွေကိုပါ၊ အများအားဖြင့် ပြန်ပြီး  သတိရလာတတ်တယ်လို့ ပြောခဲ့ဖူးတယ်မို့လားဟု အခု ဒီသီချင်းလေး သတိရပြန်တော့လဲ အတိတ်တွေက တရေးရေး ပေါ်ပြန်တာပေါ့ရှင်။

ရေးတဲ့သူက ကိုသက်ဦးရှင့်၊ တိုးနိုင်ဓါတ်ပြားကုမ္မဏီကေါင်းစားစဉ်က နိုင်ငံခြားစံချိန်မှီ LONG PLAY ခေါ်တဲ့ ဓါတ်ပြား အကြီးစား (၂) ချပ် ထုတ်ဖို့ သီချင်းအပုဒ် (၂၀) အသံသွင်းတုန်းက ပန်းသာစတူဒီအိုမှာ ဆိုခဲ့တဲ့ သီချင်းလေးဘဲ၊ အလင်္ကါကျော်စွာ ဆရာကြီး ဦးဘသန်းရဲ့ စောင်းတော်သံ နဲ့ မှော်ဘီဝင်းသန်းထွန်းရဲ့ ၀ါးပတ္တလျားလက်သံ ဟန်အထားတွေက အပျံစားပေမို့ မေ့လို့မှ မရတာလေ၊ သီချင်းနာမည်ကျမှ စဉ်းစားတာလဲ မရတာနဲ့ သီချင်းအစ ‘သည်နွေဦး’ကိုဘဲ ယာယီ နာမည်ပေးထားခဲ့ရတယ်ရှင်၊ ကိုယ်ပြန်တဲ့အခါ ရှာရင် တွေ့မှာပါဘဲ၊ သစ်ပင်သစ်ရိပ်ကပြတဲ့ သည်လက္ခဏါတွေဟာ ကိုယ့်နိုင်ငံမှာ နွေရဲ့ အရာတွေဘဲပေါ့၊ သည်မှာတော့ နွေလို့ ပြောနိုင်တဲ့အသွင် လက္ခဏါ မဖြစ်နိုင်ပါဘူး၊ ဒီအချိန်ဟာ FALL လို့ ခေါ်တဲ့ ရွက်ကြွေရာသီရောက်နေပါတယ်။

ပြက္ခဒိန်ထဲမယ် ၀ါတွင်းသုံးလ လွန်မြောက်လို့ ရဟန်းတော်များ သီလကျင့်သုံး ဆောက်တည်နေထိုင် ၀ါဆိုချိန်က ထွက်မြောက်တဲ့ ၀ါလကင်းလွတ် သတင်းကျွတ်လ တဲ့၊ မြန်မာတို့ရဲ့ တစ်ဆယ့်နှစ်လမှာ သတ္တမမြောက်လ ဖြစ်ပါတယ်။ သတင်းကျွတ်လို့ လူတို့နှုတ်ဖျားမှာ ရေပန်းမစား၊ မခေါ်ငြားစဉ်အခါက၊ ရှေးရှေးတုန်းက ဆိုရင် “သန်တူ”လ လို့ ခေါ်ခဲ့ကြတာ တဲ့။ သန် ရဲ့ အနက်အဓိပ္ပါယ်က ကေါက်စပါး တဲ့။ တူ ရဲ့ အနက်ကတော့ ခတ်များများရယ် – ပေါက်၊ ပွား၊ ထောင်၊ ထ၊ ထွက်၊ မတ် လို့ အနက်ယူတာ ဆိုတော့ “သန်တူ”ဆိုတာ ကေါက်စပါးပင်များ ပေါက်ပွားထွက်ထ ထောင်မတ်လာသောလ ဖြစ်သွားတာပေါ့။ သတင်းကျွတ်လလို့ အခုတော့ သုံးနေတာပါ၊ ၀ါထွက်လ ဖြစ်ဖြစ် ၀ါကျွတ်လဖြစ်ဖြစ် အတူတူပါဘဲ၊ မြန်မာတို့ရဲ့ ပြက္ခဒိန်အရ သတ္တမမြောက်လ၊ တူရာသီ၊ သတင်းကျွတ်လမှာ မီးထွန်းပွဲ ဆွမ်းတော်ကြီးတင်လှူပွဲတွေ ဆင်နွှဲကြတာ ကိုသိုလ်လဲ ရတယ်၊ ပျော်လဲ ပျော်ခဲ့ရဖူးပါတယ်။ လူကြီးမိဘတွေ ဆရာသမားတွေကိုလဲ သွားကန်တော့ရတယ်။ အဲဒီအချိန်မှာ သတိအရဆုံးသူကို ပြောပါ ဆိုရင် မာအေးက အဖွား လို့ ပြောတော့မှာဘဲ။ ငယ်ငယ်ထဲက အဖွားပြောလာတဲ့ အနန္တကျေးဇူးရှင် မိခင်နတ်သါးဆီ တရားအဟောသွားတဲ့ မြတ်စွာမုနိတုမရှိကို သင်္ကဿနဂိုပြည် ပြန်ပို့ကြတဲ့ သိကြား ဗြဟ္မာ နတ်ဒေ၀တာများက ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းတွေ ဖန်ဆင်းလိုက်ပါကြတာကိုပါ မျက်စေ့ထဲ မြင်အောင် ပူဇော်ကြည့်၊ ကြည်နူးပီတိပိုရရှိမယ် ဆိုတဲ့ စကါးကိုပါ ပြန်ကြားမိလို့လေ အခုနေ အဖွားသာရှိနေရင် သွားကန်တော့ရင်းနဲ့ ဒီသီချင်းဆိုဖြစ်တုန်းက အဖွား ပြောထားတဲ့အတိုင်း သီဆိုပူဇော်တာပေါ့ အဖွားရယ် လို့ ပြောဖြစ်မှာ၊ သီချင်းနာမည်ကိုက ‘သတင်းကျွတ်’ တဲ့ သောတရှင်တို့ရဲ့၊ ရေးတဲ့သူက ကိုထူးအောင် ဖြစ်ပါတယ်။ သူဟာ အသံတိတ်ရုပ်ရှင်ခေတ်ကို မှီဖူးတဲ့ ဂီတသမား တယောက် လို့ ထင်မိပါတယ်။ ဆရာ အေ၀မ်းခင်မောင် အဖွဲ့မှာ စည်းတီး ၀ါးတီး လိုက်ရင်း တခါတလေ သီချင်းဆိုတာလဲ တွေ့ရပါတယ်။ ငွေစက္ကူ ဒုက္ခပေးလို့ ချို့တဲ့လာတဲ့ ဂီတအုပ်စုကို ဖြည့်စွမ်းပေးဘို့ မေတ္တာနဲ့ ဆိုပေးရတုန်းက ဒီသီချင်းကို ရေးပေးခဲ့တာပါ။ ကုသိုလ်ပေးတဲ့ သီချင်းလေးပေါ့ရှင်။

* (သီတင်းကျွတ်) ဘဂ၀ါဘုရား သိကြား နတ်ဗြဟ္မာ ၀န်းခံရံကါ၊ ညီးလျှံဝင်းပြောင် မီးတန်ဆောင်နဲ့ ကိုးပါးဂုဏ်တော် ဦးညွတ်ပူဇော် ဖူးမြော်ကန်တော့ကါ လိုက်ပါရှာရ (ရွှေစေါင်းတန်းတွေ ငွေစောင်းတန်းတွေ)၂ xx ပတ္တမြားစေါင်းတန်းတွေ ရောင်ရှိန်လျှမ်းပါဘိ၊ သည်ချိန်ခါ ၀ံတိသာ ပြည်သင်္ကဿမြန်း ကြွတော်မူလာ xx ရှေးဘ၀က ဘုရားမြတ်ရဲ့ မယ်တော် ဖြစ်ဖူးတာ အနတ္တကျေးဇူးတော်တွေ ထောက်မျှော်လို့သာ ၀ါဆိုလ မြတ်ချိန်ခါ  ၀ံတိသာ နတ်နန်း မြန်းကြွတော်မူသွားတာ xx မယ်တော်နတ်သားအမှူးထား၍သာ နတ်ဗြဟ္မာအပေါင်း သောင်းသောင်းဖျဖျ စုံညီလှစွာ၊ ၀ါတွင်း သုံးလတိုင်ကြာ၊ အဘိဓမ္မာ အမြိုက်ဆေး တိုက်ကျွေးပြီးချိန်မှာ၊ ကြာညိုဝင်းဖန့် သင်းပျံ့တဲ့ တူရာသီရောက်လာ၊ သင်္ကဿနဂိုပြည်ကိုသာ၊ ဆင်းသက်တော်မူခဲ့တာ လူနတ်ဗြဟ္မာ သဒ္ဓါညွတ်နူး ၀ါကျွတ်ဦးပွဲတော်ပမာ xx

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။
စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts